မင်းဂုဏ်ယူသင့်တယ်။
Vol. 39 Ch. 465
ဟွမ်ရှောင်ယုက ရူးသွပ်စွာ ရယ်မောလျက် လျှို့ဝှက်အဆောင်ရတနာကို ထုတ်ယူလိုက်၏။ ၎င်းလျှို့ဝှက်သင်္ကေတသည် စတုရန်းပုံသဏ္ဍန် ဖြစ်ပြီး မျက်နှာစာတွင် ရွှေရောင်ရူရ်များ ရိုက်နှိပ်ထားသည်။
နောက်ဘက်ခြမ်းသည် နှင်းဖြူရောင် ကြည်လင်နေပြီး လျှို့ဝှက်ဆန်းကြယ်သော အမိန့်တစ်ခု ပါရှိ၏။
“ ဝှစ် ... ။ ”
ထိုလျှို့ဝှက်သင်္ကေတ လွင့်ပျံလာသောအခါတွင် အနက်ရောင်အလင်း နှင့် အဖြူရောင်အလင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
“ ဝရူး ... ။ ”
ကောင်းကင်နှင့် မြေကြီးကြားပြင်းစွာ တုန်ခါလျက် ပရမ်းပတာ ဖြစ်ကုန်၏။ အဝေးမှ ကြည့်နေသူများအားလုံး ထိတ်လန့်သွားသည်။
ဖော်မပြနိုင်သည့် ကြောက်လန့်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် သိမ်ငယ်အရေးမပါသော ခံစားချက်များ ရရှိလာခဲ့၏။
“ ဒါ ... ။ ”
အဆုံးတွင် အဖြူ-အမည်း နတ်အလင်းများ ပေါင်းစပ်ကာ ကောင်းကင်နှင့် မြေကြီးကြားတွင် အသွင်အပြင်များ တဖြည်းဖြည်းပေါ်လာသည်။
အနက်ရောင်၀တ်ရုံ၊ ကျယ်ပြန့်သော ခါးပတ်ကြီး၊ မိုးမခမုတ်ဆိတ်မွေးနှင့် ခေါင်းပေါ်၌ သရဖူတစ်ခု ဆောင်းထားသည့် အဘိုးအိုတစ်ဦး ဖြစ်ချေသည်။
အရပ်ရှည်ပြီး ခံ့ညားထည်ဝါသော အသွင်အပြင်နှင့် မျက်ဝန်း၌အကန့်အသတ်မဲ့ ကြယ်ရောင်များ တောက်ပနေ၏။
အလင်းများက ရေတံခွန်များကဲ့သို့ ဝန်းရံထားကာ ဦးခေါင်းနောက်တွင် အနက်နှင့် အဖြူရောင် အလင်းတန်းများ ရစ်ဝိုင်းနေသည့် အလင်းစက်ဝိုင်းတစ်ခုရှိသည်။
ထိုအလင်းစက်ဝိုင်းသည် ဖြည်းညှင်းစွာ လှည့်လာသည်နှင့် ရောင်ဝါသည် အဆုံးစွန်ထိ မြင့်တက်လာခဲ့၏။
လေဟာနယ်အတွင်း ရပ်နေဟန်သည် ကောင်းကင်ဘုံကိုးပါးမှ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သော ကျက်သရေများ ဖြာထွက်နေတော့သည်။
“ ဧကရာဇ် ဝိညာဉ် ... ။ ”
ကျန်းဖူနှင့် ချီကျန့်စုကဲ့သို့သော ရှေးခေတ်နတ်ဆိုးများအားလုံး အမူအရာများ လုံးဝပြောင်းလဲသွားခဲ့သည်။
“ ကောင်းကင်ဘုံ အပြစ်ခုနစ်ပါး နတ်ဆိုးဧကရာဇ်။ ”
ကူချန်နင်တစ်ယောက် အေးစက်သော လေကိုရှူရှိုက်လျက် ကြောက်ရွံ့ထိတ်လန့်လာ တော့၏။
လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းတွင် နတ်ဆိုးဟွမ်မျိုးနွယ်ဘိုးဘေးသည် နံပါတ်တစ် နတ်ဆိုးစွမ်းအားရှင်အဖြစ် လူသိများခဲ့သည်။ အမည်မှာ အပြစ်ခုနစ်ပါးဧကရာဇ် ဖြစ်၏။
မိုပြာဧကရာဇ် ကိုးပါးအနက် ထိပ်ဆုံးသုံးနေရာတွင် ရပ်တည်နိုင်သည်။ သူ၏ တန်ခိုးတော်သည် တိုက်ကြီးတစ်ခုလုံးအပေါ် တုန်လှုပ်စေခဲ့၏။
အမှောင်တားမြစ်စွမ်းအားများ ဖုံးလွှမ်းလာခဲ့ပြီးနောက် နှစ်ပေါင်း(၃၀၀၀၀)တွင် မိုပြာတိုက်ကြီးတွင် ထိုအဆင့်ပုဂ္ဂိုလ်တစ်ဦးမျှ ထွက်ပေါ်လာခြင်းမရှိခဲ့ချေ။
အများစုသည် ဧကရာဇ်အဆင့် တန်ခိုးရှင်များရှိကြောင်းကို မသိကြသည်အထိ ထိုသူများမှာ ဒဏ္ဍာရီဆန်သွားခဲ့သည်။
“ ဘိုးဘေးရဲ့ မထိုက်တန်တဲ့ သားစဉ်မြေးဆက် ဟွမ်ရှောင်ယုဟာ စိတ်ပျက်စရာ အခြေအနေတစ်ခုမှာ ပိတ်မိနေပါတယ် ... ။ ”
ဟွမ်ရှောင်ယုက လေထဲတွင် ဒူးထောက်လိုက်ပြီး အရှက်တရားများဖြင့် ခေါင်းငုံ့သွားခဲ့၏။
“ ဒါ ဘယ်ခေတ်လဲ ... ။ ”
အနက်ရောင် ၀တ်စုံဝတ်အဘိုးအိုက ပတ်ဝန်းကျင်ကိုလှည့်ကြည့်ကာ အေးချမ်းသော အသံဖြင့် မေးမြန်းလိုက်သည်။
“ အမှောင်တားမြစ်စွမ်းအားကြောင့် ဒီတိုက်ကြီးဟာ အနှစ်(၃၀၀၀၀) ကမောက်ကမ ဖြစ်နေခဲ့ရပါတယ်။ ”
ဟွမ်ရှောင်ယုက လေးလေးစားစား ပြန်ဖြေ၏။
“ ဒါဆို ကြာနေပြီပဲ ... ။ ”
အနက်ရောင်ဝတ်ရုံနှင့် အဖိုးအိုက သက်ပြင်းချ၏။ ထို့နောက် ဒူးထောက်နေသော ဟွမ်ရှောင်ယုထံ ပြန်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ တစ်ချိန်က နတ်ဆိုးဟွမ်မျိုးနွယ်ကို စည်းမျဉ်းတစ်ခု ငါချမှတ်ခဲ့တယ် ... မျိုးနွယ်ဝင် အားလုံးက ကောင်းကင်၊မြေကြီး၊ နတ်ဘုရားနဲ့ ဘိုးဘေးကိုတောင် ဒူးထောက်စရာမလိုဘူး ...
... အခု မင်းဒူးတွေ ဘယ်လောက်တောင် အားပျော့သွားလဲ နှစ်ပေါင်း(၃၀၀၀၀)ကြာပြီးတဲ့ နောက်မှာတော့ ငါ့နတ်ဆိုးဟွမ်မျိုးနွယ်ဟာ ကျောရိုးမဲ့ကုန်ပြီပဲ။ ”
အဖိုးအိုအသံသည် ကောင်းကင်နှင့် မြေကြီးကြားပျံ့လွင့်ကာ လူတိုင်း၏ စိတ်နှလုံး အပေါ် တုန်လှုပ်သွားစေသည်။
အသက်ရှုကြပ်လျက် ဒူးထောက် လုနီးပါးပင်ဖြစ်လာ၏။ အနက်ဝတ် အဖိုးအို၏ ရောင်ဝါသည် လေးလံလွန်းပေသည်။
သူ့ စကားများနှင့် လုပ်ဆောင်ချက်သည် နိယာမများဖြင့်ပေါင်းစပ်ပြီး နားမလည်နိုင်သော စွမ်းအားတစ်ခု ပါရှိနေ၏။
ဟွမ်ရှောင်ယုခမျာ ခန္ဓာကိုယ် တောင့်တင်းလာကာ ရှက်ရွံ့မှုများဖြင့် ချက်ချင်း မတ်တပ်ထရပ်လိုက်တော့သည်။
“ ဘိုးဘေးကို မြင်ပြီး ... ငါအရမ်း စိတ်လှုပ်ရှားသွားလို့ပါ အပြစ်မမြင်ဖို့အတွက် မျှော်လင့်ပါတယ်။ ”
အနက်ဝတ် အဖိုးအိုက ခေါင်းယမ်းကာ သူ့ကိုလျစ်လျူရှုလျက် လူအုပ်ကြီးထံဝေ့ကြည့် လိုက်လေသည်။
အကြည့်ခံရသူတိုင်း အကြောချင်များ တောင့်တင်းသွားကာ မသိစိတ်ဖြင့် ခေါင်းငုံ့ပြီး ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့မှုများ ဝင်ရောက်လာ၏။
ဤသည်မှာ နယ်ပယ်ကွာခြားမှု၏ ဖိနှိပ်ချုပ်ချယ်ခြင်းပေပင်။ ပုရွက်ဆိတ်သည် နဂါးဖြင့် တွေ့ဆုံနေသကဲ့သို့ ခွန်အားမဲ့လွန်း နေခြင်းဖြစ်သည်။
အဆုံးတွင် အနက်ဝတ် အဘိုးအို အကြည့်သည် စုရီထံ ရောက်ရှိလာသောအခါ အနည်းငယ် စိတ်ဝင်စားသွား၏။
ဤလူငယ်သည် အခြားသူများနှင့်မတူဘဲ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အမြွက်မျှမရှိခဲ့ဘဲ ငြိမ်သက်လျက်ရှိနေချေပြီ။
“ ဘိုးဘေး၊ ဒီကောင်က ... ငါ့ကို စိတ်ပျက်လက်ပျက် အခြေအနေအထိ တွန်းပို့ နေတာပါ ကျေးဇူးပြုပြီး သုတ်သင်ပေးပါ။ ”
ဟွမ်ရှောင်ယုက ဝင်ရောက် ပြောကြားလိုက်သည်။ အဝေးမှ ကြည့်နေသည့် ဝမ်ရှင်းကျောက်နှင့်အဖွဲ့မှာ အသက်ရှူရန်ပင် မေ့လျော့သွားချေပြီ။
“ ဟွမ်ရှောင်ယု ... မင်းရဲ့ဝှက်ဖဲကို အရမ်းအစွမ်းထက်လိမ့်မယ်လို့ ... ငါထင်ခဲ့တာ အခုတော့ ဝိညာဉ်အကြွင်းအကျန်လေးပဲ။ ”
စုရီအသံတွင် စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အစောပိုင်းတိုက်ပွဲတွင် ဟွမ်ရှောင်ယုထံမှ စွမ်းအားကို ခံစားမိခဲ့သဖြင့် ချန်ထားခဲ့ခြင်းဖြစ်၏။ သို့သော် ဧကရာဇ်အဆင့် ဝိညာဉ်အကြွင်းအကျန်မျှသာ ဖြစ်နေချေပြီ။
ဧကရာဇ်နယ်ပယ်သည် ကမ္ဘာကိုငုံ့ကြည့်နိုင်သော နတ်ဘုရားတစ်ပါး နှင့်တူသည်။ ယခုမူ စုရီ၏စကားများသည် ဟွမ်မိသားစုဧကရာဇ်ကို လုံးဝအလေးအနက် မထားကြောင်း ပြသနေ၏။
“ စုရီ ... မင်းသေရတော့မှာတောင် ငါ့ဘိုးဘေးကို မရိုသေလုပ်ဝံ့သလား မင်းက လုံးဝရူးသွပ်နေတာပဲ။ ”
ဟွမ်ရှောင်ယုမှ အော်ငေါက်၏။ အနက်ရောင်ဝတ် အဘိုးအိုက ကြယ်တာရာများ ကဲ့သို့ တောက်ပနေသော မျက်ဝန်းများဖြင့် စုရီထံကြည့်လေသည်။ အဆုံးတွင် သက်ပြင်းချကာ၊
“ ဒီကမ္ဘာကြီးမှာ အနှစ်သုံးသောင်း အနိမ့်အမြင့် အတက်အကျလှိုင်းကြီးတွေကြောင့် ကြယ်စုစည်းခြင်းအဆင့်က ပုရွက်ဆိတ် တစ်ကောင်က ငါ့ကိုတောင် မထီမဲ့မြင် ပြုဝံ့လာနေပြီ။ ”
-ဟု ညည်းတွားလိုက်၏။
စကားလုံးတိုင်းသည် ရိုးရှင်းပုံ ပေါက်သော်လည်း စုရီ၏စိတ်ဝိညာဉ်အပေါ် တိုက်ရိုက်ဝင်ရောက်လာသည်။
“ ဘရူး ... ။ ”
အသိစိတ်ပင်လယ်ထဲတွင် ငရဲဘုံကိုးဓားသည် ထိုအသံမှလာသောဖိအားကို ရောင်ဝါဖြင့် ပြန်လည်ချေဖျက်ပေးတော့၏။
“ ဟားဟားဟား ... အကြွင်းအကျန် ဆန္ဒတစ်ခုက ငါ့ရှေ့မှာ ဧကရာဇ်တစ်ပါးလို မောက်မာဝံ့သလား။ ”
ဧကရာဇ် တန်ခိုးသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို ထိတ်လန့်စေနိုင်၏။ သို့သော် သူဟူသည် မည်သူနည်း။ အရိုင်းမြေ ကိုးပါး၏ အရှင်သခင် စုရွှမ်ကြွယ်ပေပင်။
ဧကရာဇ်တိုင်း ဒူးထောက်ခစားရသော တည်ရှိမှုဖြစ်၏။ ထို့ကြောင့် သူ့မျက်လုံးများတွင် အနက်ရောင်ဝတ် ဤအဖိုးအို၏ အပြုအမူသည် အလွန်ရယ်စရာကောင်းနေသည်။
လူတိုင်း အသက်ရှူကြပ်ကုန်၏။ ၎င်းတို့နှင့်မတူဘဲ အနက်ဝတ် အဖိုးအိုခမျာ မျက်ဝန်းများ အနည်းငယ်မှေးစင်းသွားကာ အမူအရာ လေးနက်သွားသည်။
“ မင်းမှန်တယ် ငါကအကြွင်းအကျန် စိတ်ဆန္ဒတစ်ခုပဲ ... ဒါပေမယ့် မင်းလိုလူတွေကို လက်ဖျားလေးနဲ့ သတ်နိုင်တယ် အချိန်မဖြုန်းနဲ့ မင်းရဲ့ဝှက်ဖဲကို ထုတ်ပါ။ ”
“ ဟမ့် ... ငါ့ရဲ့ဝှက်ဖဲကို ကြည့်ချင်လား မင်းအရည်အချင်း မပြည့်သေးဘူး ဒီဓားနဲ့တင် မင်းကိုသတ်ဖို့ လုံလောက်နေပြီ။ ”
“ တကယ်လား ဒါဆို ငါစမ်းကြည့်မယ်။ ”
အနက်ရောင် ၀တ်စုံဝတ် အဘိုးအိုက သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ စုရီထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ကောင်းကင်နှင့် မြေကြီးသည် ပရမ်းပတာဖြစ်လာပြီး ဝိညာဉ်စွမ်းအင်များ ဆူပွက်ကုန်၏။
“ ရွှပ် ... ။ ”
ထိုကဲ့သို့သော ရောင်ဝါသည် အဝေးမှရပ်ကြည့်နေသူများ၏ ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။
ဤလက်ချောင်းသည်သာ သူတို့အပေါ် ညွှန်ပြခဲ့မည်ဆိုသော် ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ချက်ချင်းကြေမွှသွားပေလိမ့်မည်။
စုရီသည်ပင် ခန္ဓာကိုယ်ထဲ၌ စူးရှသော နာကျင်မှုများ ခံစားလိုက်ရပြီး သွေးလည်ပတ်မှု တုံ့ဆိုင်းလုနီးပါး ဖြစ်သွား၏။ သို့သော် ပြုံးကာ အမှောင်နတ်ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ ချွင် ... ။ ”
ရုတ်တရက် ကြည်လင်ပြတ်သားသော ဓားမြည်သံ ထွက်ပေါ်လာပြီး လက်ချောင်းခမျာ ရုတ်ချည်းနှစ်ပိုင်းကွဲသွားတော့၏။ စာရွက်ကို ဖြတ်လိုက်ကဲ့သို့ လွယ်ကူလွန်းနေသည်။
“ ဒါ ... ။ ”
လူတိုင်း အံ့ဩသွားစဉ် ဝတ်ရုံနက် အဘိုးအိုအမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားပြီးနောက်၊
“ ဒါက ဘယ်လိုစွမ်အားမျိုးလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ မင်းကို ကြက်တစ်ကောင်လို သတ်နိုင်တဲ့ စွမ်းအားမျိုးပဲ။ ”
ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီးနောက် စုရီသည် အနက်ရောင်ဝတ်လုံ ဝတ်ထားသည့် အဘိုးအိုထံ လေထဲ လျှောက်လှမ်းသွားခဲ့သည်။
ကြယ်စုစည်းခြင်း အဆင့်မျှသာ ဖြစ်သော်လည်း သူ့အသွင်သည် ကောင်းကင်မှ ငုံ့ကြည့်နေသော ကြီးစိုးမှုအရိပ်အယောင်မျိုး ပေါ်လွင်နေစေ၏။
“ ဟမ့် ... ။ ”
အနက်ရောင် ၀တ်စုံဝတ် အဘိုးအိုက အေးစက်စွာ ဟစ်အော်ကာ လက်နှစ်ဖက်ဖြင့် တံဆိပ်တစ်ခု ဖန်တီးတော့၏။
နတ်ဆိုးမီးလျှံများစွာ တောက်လောင်နေသည့် သံကြိုးတစ်ချောင်း ကမ္ဘာကြီးပေါ် ဆင်းသက်လာခဲ့သည်။
ဖြာထွက်နေသော ရောင်ဝါသည် အဝေးမှကြည့်နေကြသူများ၏ နှလုံးသားကိုပင် တုန်လှုပ်ခြောက်ခြားသွားစေ၏။
“ အဆုံးသတ်ဖို့ အချိန်တန်ပြီ။ ”
စုရီက လေထဲ လျှောက်လှမ်းနေလျက်မှ ဓားဖြင့်ခုတ်ပိုင်းချလိုက်၏။ ဆယ်ပေရှည်သော ဓားအလင်းတစ်လက် ပြိုးပြက်သွားသည်။
“ ထောင်း ... ထောင်း ... ထောင်း ... ။ ”
ကောင်းကင်မှ ကျဆင်းလာသော အနက်ရောင်မီးလျှံသံကြိုးခမျာ ကြိုးတစ်စကဲ့သို့ တစ်ထောင်းထောင်း ပြတ်တောက်သွား၏။
“ ဂျိန်း ... ။ ”
အဆုံးတွင် ပေါက်ကွဲသံများသည် အလင်းမှုန်များအဖြစ် ရွာချသွားလေသည်။ အနက်၀တ်အဘိုးအိုက မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်ပြီး၊
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
-ဟု ရေရွတ်လိုက်တော့၏။
သူ့အသံတွင် သံသယစိတ်များ ဖုံးကွယ်ထားခြင်း မရှိချေ။ စုရီက တုန်ရီနေသော ဓားကိုသိမ်းလိုက်ကာ၊
“ ငါ့ဓားအောက်မှာ သေရတာ မင်းဂုဏ်ယူသင့်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
အနက်ဝတ်အဘိုးအိုသည် စုရီထံ ပြန်မော့ကြည့်ကာ တုန့်ပြန်စကားပြောရန် ပြင်လိုက်သော်လည်း ထက်ခြမ်းကွဲပြီး ချက်ချင်း လွင့်ပါးသွားတော့၏။ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။
***