မြူအတွင်းမှ ထူးဆန်းသော တစ်စုံတစ်ရာ။
Vol. 39 Ch. 466
ပတ်ဝန်းကျင်တစ်ခုလုံး လေတိုးသံမှတပါး တိတ်ဆိတ်သွားသည်။ ဧကရာဇ်နယ်ပယ်သည် နတ်ဘုရားတစ်ပါးနှင့်တူ၏။
မိုးပြာတိုက်ကြီးတွင် ဒဏ္ဍာရီတစ်ခုပေပင်။ ၎င်းသည်ကျင့်ကြံမှုလမ်း၏ အမြင့်မြတ်ဆုံးသော တည်ရှိမှုဖြစ်၏။
စုရီကဲ့သို့သော ကြယ်စုစည်းခြင်းအဆင့် တစ်စုံတစ်ယောက်သည် ဓားတစ်ချက်တည်းနှင့် ခုတ်ပိုင်းသွားခဲ့သည်။
တစ်ဖက်တွင် ဆန္ဒအကြွင်းအကျန်မျှသာ ဖြစ်သော်ငြားလည်း ဧကရာဇ်နယ်ပယ်အောက်ရှိ မည်သူ့ကိုမဆို ဖိအားပေးရန် လုံလောက်ချေပြီ။
ယင်းသည် သူတို့၏ ခန့်မှန်းချက်များနှင့် စိတ်ကူးများကို လုံးဝပြောင်းပြန်လှန်ပစ်ခဲ့သည်။ သူတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ရသော် ယုံနိုင်မည်မဟုတ်ချေ။
ဟွမ်ရှောင်ယုက မှင်သပ်နေ၏။ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အနက်ဝတ်လူကြီး ထက်ခြမ်းကွဲသွားသည်ကို ငေးကြည့်နေသည်။
“ မဖြစ်နိုင်ဘူး၊ ဒါ ... လုံးဝမဖြစ်နိုင်ဘူး၊ ဘယ်လိုနည်းနဲ့မှ ... ဘိုးဘေးက မင်းလက်မှာ ရှုံးနိမ့်သွားနိုင်စရာ အကြောင်းမရှိဘူး။ ”
နတ်ဆိုးဟွမ်မျိုးရိုးမှ ဆင်းသက်သူတိုင်း ရက်စက်ကြမ်းကြုတ်ကာ ရူးသွပ်မှုများ ရှိချေ၏။ ဤတစ်ကြိမ်တွင် သူ့အတွက် စိတ်ဝိညာဉ် ပြိုကျ တော့မည့် လက္ခဏာများ ပြသလာသည်။
စုရီက လေထဲတွင် ရပ်နေကာ ထိုအမူအရာကို ငြိမ်သက်စွာကြည့်နေတော့၏။ စာနာသနားမှုလုံးဝ မရှိခဲ့ချေ။ ဟွမ်ရှောင်ယု ကဲ့သို့သော လူများသည် ဤကမ္ဘာကြီး၌ မရှိသင့်သည်မှာ သဘာဝပေပင်။
“ စုရီ ... မင်းရဲ့ရန်သူဖြစ်လာဖို့ ငါမရွေးချယ်ခဲ့ဘူးဆိုရင် ဒီလိုအကျိုးဆက်တွေ ဖြစ်မလာဘူး မဟုတ်လား။ ”
ဟွမ်ရှောင်ယုမှ စုရီထံမော့ကြည့်ပြီး မေးလိုက်သည်။ စုရီက ခေါင်းခါပြတော့၏။
“ မှားတယ် ... ငါ့မျက်စိထဲမှာ မင်းက ငါ့ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ အရည်အချင်း ပြည့်မီခဲ့ဘူး။ ”
“ ဟား ဟား ဟား ... ဒီစကားကို ငါတို့စတွေ့တုန်းက မင်းပြောလာရင် ငါ့အတွက် ရယ်စရာဖြစ်လာမှာ သေချာတယ်။ ”
“ မင်း နောက်ဆုံးစကား ပြောပြီးရင် မင်းကိုငါလိုက်ပို့ရမယ့် အချိန်ရောက်ပြီ။ ”
“ မင်းမှားတယ် ... ငါ့ဘဝရဲ့ သေခြင်းတရားဟာ ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ် ... မင်းငါ့ကိုသတ်ချင်နေရင်တောင် အခွင့်အရေး မရှိစေရဘူး။ ”
စကားဆုံးသည်နှင့် ဟွမ်ရှောင်ယု ခန္ဓာကိုယ်အက်ကွဲကာ အနက်ရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာ၏။
“ စုရီ ... ဒီလျှို့ဝှက်နယ်မြေကနေ မင်းထွက်သွားတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးက မင်းရဲ့ရန်သူဖြစ်လာလိမ့်မယ်။ ”
အဆုံးတွင် ထိုအသံကို ချန်ထားပြီး ပြာမှုန်များအဖြစ်သို့ ပြောင်းလဲလွင့်ပျံသွားသည်။ မြင်ကွင်းသည် ကြည့်ရှုသူများ၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့၏။
စုရီက ကောချင်ကို လှည့်ကြည့်သည်။ အံ့အားသင့်နေသေးသော ကောချင်တစ်ယောက် ထိုအကြည့်ကို သတိပြုမိသောအခါ ချက်ချင်း ခုန်ထွက်လာပြီး ရှင်းလင်းရေးလုပ်တော့၏။
ပြီးသွားသောအခါတွင် စုရီသည် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့သဖြင့် အနားယူရန် တိတ်ဆိတ်သော တောင်ကုန်း တစ်ခုထံ ဦးတည်လိုက်သည်။
ဤတိုက်ပွဲသည် ပျင်းစရာကောင်းခဲ့၏။ တာအိုအုတ်မြစ်များ ပြိုင်ဆိုင်ခြင်းမျိုးမဟုတ်ဘဲ ရတနာများ ယှဉ်ပြိုင်ခြင်းဖြစ်နေသည်။
အဆုံးတွင် ရန်သူတိုင်းကို သတ်နိုင်ခဲ့သော်ငြား အဆင့်ချိုးဖြတ်နိုင်ခြင်း မရှိခဲ့ချေ။
“ အခုတော့ ကြယ်စုစည်းခြင်း အဆင့်နဲ့ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ငါတွေ့ခွင့်ရခဲ့ပြီ။ ”
ကျန်းဖူက ထွက်ခွာသွားသော စုရီနောက်ကျောကို ကြည့်ကာ ရေရွတ်လိုက်၏။ သူသည် အရိုးနတ်မိစ္ဆာဧကရာဇ်၏ အမွေခံဖြစ်သည်။
သူ့အရည်အချင်းသည် ကောင်းကင်ကို လွန်ကဲစွာစိန်ခေါ်နိုင်သော ဘီလူးတစ်ကောင် ချေ၏။ အသိပညာနှင့် အတွေ့အကြုံအားလုံး ပေါင်းလျှင်ပင် ဤစုရီကို ယှဉ်နိုင်စရာ မရှိကြောင်း သိရှိလိုက်သည်။
“ ဧကရာဇ်နယ်ပယ် အကြွင်းအကျန် ဝိညာဉ်တစ်ခုက ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူကိုတောင် ခြိမ်းခြောက်ဖို့ လုံလောက်တယ် ...
... ဒါပေမယ့် ဒီကောင်လေးက ဓားတစ်ချက်တည်းနဲ့ လွယ်လွယ်လေး သတ်ပစ် လိုက်တာလား မယုံနိုင်စရာပါပဲ။ ”
သူမတို့နှစ်ယောက် ပေါင်းလျှင်ပင် စုရီကိုရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း ချီကျန့်စု တစ်ယောက် နားလည်လိုက်ချေပြီ။
“ အခု သူနဲ့ပူးပေါင်းရင် ငါတို့ကို ငြိစွန်းမယ်လို့ မင်းထင်နေသေးလား ချန်လု။ ”
ကျန့်လီက ချန်လုထံ လှည့်ကြည့်ပြီး မေးလိုက်လေသည်။ ချန်လုမှ သက်ပြင်းချကာ ခေါင်းရမ်းပြ၏။
“ ဒီလို အရည်အချင်းမျိုးနဲ့ ... မင်းပူးပေါင်းချင်ရင်တောင် သူက လက်ခံမယ်လို့ ထင်နေသေးတာလား။ ”
လူတိုင်းတိတ်ဆိတ်သွားသည်။ စုရီသည် သူတို့အားလုံးကို လက်တစ်ဖက်တည်းဖြင့် သတ်နိုင်ရန် လုံလောက်သော အစွမ်းရှိ၏။ ထို့ကြောင့် မဟာမိတ် မလိုအပ်သည်မှာ သဘာဝပေပင်။
“ သွားရအောင် အခုတော့ သူ့လက်ကနေ အသက်ရှင်လျက် လွတ်မြောက်လာတာ ... ငါတို့ ဘယ်လောက် ... ကံကောင်းလဲဆိုတာ ငါနားလည်ပြီ။ ”
မိန်ယန်ပိုင်က ရေရွတ်လျက် ခဏမျှ ဆုတ်ခွာရန်ပြင်လေသည်။ ဖုန်တုနှင့် ချင်းယွင်မှ ခေါင်းညိတ်လိုက်ကြသည်။
စုရီသည် သူတို့၏ ရတနာများကို လုယက်လိုက်ချိန်၌ အရှက်တရားကြောင့် ပြန်၍ ကလဲ့စားချေရန် စဉ်းစားခဲ့၏။
ယခုမူ ဟွမ်ရှောင်ယုတို့သေဆုံးသည့် မြင်ကွင်းသည် အမြင်မှန်ရရှိစေသည်။ သူတို့၏ ကံကောင်းခြင်းအတွက်ပင် ဝမ်းမြောက်လာ၏။
“ နင့်ရဲ့ဘိုးဘေးအဖြစ် ... စုရီကို ကြေငြာချင်နေရင်တောင် သူ လက်မခံတော့မှာ ငါကြောက်မိတယ်။ ”
သော်ခိုမှ ရုတ်တရက် သတိရကာ ချင်ယွင်ထံလှည့်ကြည့်၏။ သူ့ဘေးရှိချင်းယွင်မှာ မျက်နှာနီရဲပြီး စကားမဆိုတော့ချေ။
ညအချိန်ရောက်သောအခါ စုရီက ဘူးသီးခြောက်ထဲမှ ဝိုင်အချို့ထုတ်သောက်ပြီး ကြိမ်ကုလားထိုင်တွင် ပျင်းရိစွာ အနားယူနေသည်။
သူသည် သဘာဝအတိုင်း အမှောင် တားမြစ်စွမ်းအားကို ကြောက်ရွံ့ခြင်းမရှိချေ။ သို့သော် ယနေ့တိုက်ပွဲတွင် ငရဲဘုံကိုးပါးဓားကို သုံးခဲ့ရသဖြင့် စိတ်စွမ်းအင် ကုန်ဆုံးထား၏။
သည့်ပြင် ရုပ်ခန္ဓာ၌လည်း ဒဏ်ရာအချို့ ရရှိခဲ့သောကြောင့် အားနည်းသော အခြေအနေ ဖြစ်နေသည်။
မဟုတ်သော် အမှောင်တားမြစ်စွမ်းအား ပါးလျချိန်ကို စောင့်စရာမလိုဘဲ ဝင်ရောက်နိုင် ပေမည်။
နောက်နှစ်ရက် ကုန်လွန်ပြီးနောက် စုရီတစ်ယောက် လက်နှစ်ဖက်နောက်ပို့ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။
ကြောက်မက်ဖွယ်ရာ အနက်ရောင် မြူမှုန်များသည် လေနှင့်အတူ တဝဲလည်လည် တောင်ကြီးအနှံ့ရွေ့လျားနေသည်။
“ ဒီနေရာက တကယ့်ကို မရိုးရှင်းဘူး။ ”
သံသရာတောင်တန်းသည် အလွန်ခမ်းနားထည်ဝါသည်။ ကောင်းကင်ကို ထောက်ပံ့ထားသော ထောက်တိုင်ကဲ့သို့ ရွှေရောင်ဖြစ်၏။
တစ်ချိန်က မိုးပြာတိုက်ကြီးတွင် ကြီးမားသော ပထမတန်းစား နတ်ဆိုးဂိုဏ်းကြီး ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုချေ။
နှစ်ပေါင်း သုံးသောင်းအတွင်း အမှောင်တားမြစ်စွမ်းအား၏ အဆက်မပြတ် တိုက်စားခြင်းကို တွန်းလှန်ထား၏။
ဤအရာက ထိုအရပ်ဒေသတွင် အလွန်အစွမ်းထက်သော အင်အားအချို့ကို ဝှက်ထားကြောင်း သဘောပေါက်စေသည်။
၎င်းသည် အမှောင်တားမြစ်စွမ်းအားများ အပေါ် အချိန်များစွာ ပြိုင်ဆိုင်အံတုပေးနေခြင်း ဖြစ်၏။
“ အဲဒီမှာ ဘယ်လိုကံကြမ္မာမျိုး ပုန်းအောင်းနေနိုင်မလဲ။ ”
ဝမ်ရှင်းကျောက်က တောင်ထိပ်ထံ မျှော်ကြည့်ကာ ညည်းတွားလိုက်တော့သည်။ စုရီမှ ပြုံးပြီး၊
“ သိချင်လား ... သွားကြည့်ရအောင်။ ”
-ဟု ပြောကြားလိုက်၏။
စုရီရည်ရွယ်ချက်သည် အမှောင် တားမြစ်စွမ်းအား၏ လျှို့ဝှက်ချက်များအပေါ် ရှာဖွေရန်ဖြစ်သည်။ များမကြာခင် တောင်တံခါး ရှေ့သို့ ပြန်၍ရောက်ရှိလာ၏။
အတွင်း၌ အမှောင်တားမြစ်စွမ်းအား ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်ကို သိရှိလိုက်ကြသည်။
အနားတွင် စောင့်မျှော်နေသော လူတိုင်းသည် အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်လေသည်။
စုရီက တံခါးကိုဖြတ်ကျော်လိုက်သည်နှင့် ပျက်စီးနေသော တောင်တက်လမ်းကို မြင်လိုက် ရ၏။
လမ်းတစ်လျှောက် မည်းမှောင်ပြီး သွေ့ခြောက်နေသော သွေးကွက်များရှိနေသည်။ စုရီမှ တောင်ပေါ်မော့ကြည့်ကာ၊
“ ငါ့အနားမှာပဲနေ ... ။ ”
-ဟု မှာကြားလိုက်၏။
“ ဆရာစု ဒီလမ်းက တစ်ခုခုမှားနေလို့လား။ ”
ကောချင်မှ သတိကြီးစွာ မေးမြန်းလာသည်။
“ အင်း ... ဂိုဏ်းကြီးတစ်ခုရဲ့ အထွတ်အထိပ်ဒေသတိုင်းမှာ ဝင်္ကပါတွေကို ခင်းကျင်းထားတတ်တယ် ဒါက အန္တရာယ် ကြီးကြီးမားမား ပေးဖို့မဟုတ်ပေမယ့် ပိတ်မိပြီးအချိန်ကုန်စေလိမ့်မယ်။ ”
ထို့နောက် လက်က်ဝှေ့ရမ်းပြလိုက်ရာ ကြည်လင်သော အလင်းရောင်များ ပျံ့နှံ့သွားပြီး ဝင်္ကပါလှိုင်းများ ထွက်ပေါ်လာ၏။
“ တွေ့လား ... ဒါက ပုံရိပ်ယောင်ပဲ ... မင်းမသိဘဲဝင်မယ်ဆိုရင် လမ်းတစ်လျှောက်လုံး ပိတ်မိသွားလိမ့်မယ် ...
... ဂိုဏ်းကို ကျူးကျော်လာမဲ့သူတွေ အခက်တွေ့ကုန်ပြီး ဆုတ်ခွာသွားစေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလိုလုပ်ထားကြတာ။ ”
စုရီက ရှင်းပြလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်အပေါ် ဝေ့ဝဲကြည့်လိုက်ကာ၊
“ ဒါပေမယ့် အမှောင်တားမြစ်စွမ်းအားရဲ့ တားမြစ်မှုအောက်မှာ ... အနှစ်သုံးသောင်းနီးပါး ဖိနှိပ်ခံခဲ့ရတဲ့အတွက် ဒီဝင်္ကပါက အလွန် အားနည်းသွားပါပြီ။ ”
လျှောက်လှမ်းနေလျက်မှ မျက်စိရှေ့ရှိ မြင်ကွင်းများ ချက်ချင်းပြောင်းလဲလာတော့၏။ မြင်ကွင်းတဆုံး မြူခိုးများဖုံးလွှမ်းနေသည်။
စိတ်ဝိညာဉ်တစ်ခုလုံး တင်းကြပ်သွားပြီး မသက်မသာ ဖြစ်လာတော့၏။ လမ်းတလျှောက် အလှည့်အပြောင်းများလှသဖြင့် လူတိုင်းသည် စုရီအနား ကပ်လိုက်လာရသည်။
“ ငါတို့ရှေ့က ဝင်သွားတဲ့လူတွေ ... ဒီပုံရိပ်ယောင်ဝင်္ကပါအတွင်းမှာ ပိတ်မိမယ်လို့ ထင်လား။ ”
ကောချင်မှ မကူညီနိုင်ဘဲ မေးလိုက်၏။ အမျိုးသမီးနှစ်ယောက်က ပြန်မဖြေချေ။ စုရီထံ အလိုလို မော့ကြည့်သည်။
“ သူတို့ ပိတ်မိနေဖို့ မဖြစ်နိုင်ပါဘူး ... ဒီပုံရိပ်ယောင်ဝင်္ကပါမှာ လမ်းကြောင်းသုံးသွယ် ပါ၀င်ပြီး အရမ်းအားနည်းသွားပြီ ...
... ဝိညာဉ်ထင်ရှားခြင်းအဆင့် ဒါမှမဟုတ် ဝင်္ကပါကျွမ်းကျင်တဲ့ လူတိုင်း အန္တရာယ်ကင်းတဲ့ လမ်းကြောင်းကို အလွယ်တကူ သိရှိနိုင်မှာပါ။ ”
တောင်တက်လမ်းသည် အနည်းဆုံး ပုံရိပ်ယောင်ဝင်္ကပါ ဆယ့်ရှစ်လွှာဖြင့် ဖုံးအုပ်ထား ချေပြီ။ အများစုသည် အန္တရာယ်မရှိသော်လည်း ဖြတ်သန်းသွားလာရ အနည်းငယ် ခက်ခဲ၏။
အချိန်များ ကုန်လွန်ပြီးနောက် ရုတ်တရက် မြူများအတွင်း ထူးဆန်းသော အော်မြည်သံကို ကြားလိုက်ရလေသည်။
“ မိန်ယန်ပိုင် ... မိန်းကလေးသော်ခို ဘယ်ရောက်သွားလဲ ... ဒီလမ်းက ငါတို့လာခဲ့တဲ့ လမ်းပဲမဟုတ်လား။ ”
“ ဟမ့် ... မင်းတို့ကို ငါစောစောက ... ပြောခဲ့တယ် မဟုတ်လား ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို မရောက်သေးလို့ ငါလာမှ မြင်နိုင်ဘူးလို့ ...
... ဒါကြောင့် သံသရာတောင်ကို ပတ်နေရရင်တောင် မင်းတို့ငါ့ကို အပြစ်တင်လို့ မရဘူး။ ”
ထိုအသံများတွင် ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း၊ အားကိုးရာမဲ့ခြင်း စသည့် ခံစားချက်များ ရောနှောနေသည်။
“ သွားကြည့်ရအောင်။ ”
တစ်ဖက်အသံသည် ဖုန်တုနှင့်အဖွဲ့ ဖြစ်ကြောင်း မှတ်မိသွားပြီး စုရီတစ်ယောက် စိတ်ဝင်စားလာတော့၏။
***