စမ်းသပ်ဝင်္ကပါ ... ။
Vol. 39 Ch. 467
လူများစွာအတွက် ဤမြူများသည် မမြင်နိုင်အောင် အတားအဆီးဖြစ်သော်လည်း စုရီအတွက် ရှင်းလင်းနေ၏။
များမကြာခင် မိန်ယန်ပိုင်နှင့်အဖွဲ့သည် တဝဲလည်လည်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေ ကြသည်ကို မြင်လိုက်ရသည်။
စုရီနှင့်အဖွဲ့ မြူများအတွင်း ချဉ်းကပ်လာနေသည်ကို ဝါးတဝါးမြင်သောအခါ၊
“ ဘယ်သူလဲ ... ။ ”
-ဟု မေးမြန်းလာကြလေသည်။
ထို့နောက် စုရီအသွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ လူတိုင်းမှာ အေးခဲကုန်၏။ ချင်းယွင်က သတိဝင်လာပြီး အံကြိတ်လျက်၊
“ တာအိုစု ... မင်းငါတို့ကို ကူညီပေးနိုင်မလား။ ”
-ဟု မေးမြန်းလိုက်သည်။
သူ့အသံသည် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ စိတ်ပျက်အားငယ်ဟန် ပါရှိနေ၏။ စုရီတစ်ယောက် အံ့အားသင့် သွားလေသည်။
ဤလူများသည် ရတနာများ လုယက်ခံရခြင်းကြောင့် သူ့အပေါ် ရန်သူအဖြစ် မှတ်ယူသင့်၏။ ယခုမူ လွတ်မြောက်ရန်သာ စိတ်ကူးရှိနေပုံပေပင်။
“ စောစောက ... မင်းတို့ပြောနေသံ ကြားလိုက်တယ် သော်ခိုဆိုတဲ့ကောင်မလေး ပျောက်သွားတာလား။ ”
“ ဟုတ်တယ် ... ။ ”
မိန်ယန်ပိုင်က အမြန်ပြန်ဖြေ၏။
“ လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်လာပြီး သူ့ကို မတွေ့ရတော့ဘူး။ ”
သော်ခိုပျောက်ဆုံးမှုသည် အလွန်ထူးဆန်းကာ နားမလည်နိုင်ခဲ့သဖြင့် သူတို့အားလုံး စိတ်ရှုပ်ထွေးနေခဲ့၏။
“ သူ ... ပျောက်သွားတာက ဒီပုံရိပ်ယောင်ဝင်္ကပါထဲ လမ်းပျောက်သွားတာပါ အန္တရာယ်မရှိပါဘူး ဒါပေမယ့် ...
... မင်းပြောတဲ့ ထူးဆန်းတဲ့အသံကို စိတ်ဝင်စားတယ် ဒါကို ငါလည်းကြားတယ် သက်ရှိတစ်ကောင်များ ဖြစ်နိုင်မလား။ ”
အမှောင်တားမြစ်စွမ်းအားသည် သံသရာတောင်ကို နှစ်ပေါင်းသုံးသောင်းနီးပါး ဖုံးလွှမ်းထားခဲ့သည်။
မည်သို့သော သတ္တဝါသည် ထိုတားမြစ်စွမ်းအားကို အံတုကာ ဤမျှတိုင် ရှင်သန်နေထိုင်နိုင်မည်နည်း။ ရုတ်တရက် စုရီမှသတိရသွားပြီး ဖုန်တုထံကြည့်ကာ၊
“ အံ့သြဖို့ကောင်းတာက မင်းတို့တွေ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအားကနေ လွတ်မြောက်လာသူတွေ မဟုတ်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ အမှန်အတိုင်းပြောရမယ်ဆိုရင် ငါတို့အားလုံးက ရှေးဟောင်းအမှောင်တားမြစ် စွမ်းအားကနေ လွတ်မြောက်ခဲ့ပေမယ့် ဒီအခြေအနေက တကယ့်ကို ကွဲပြားပါတယ်။ ”
ဖုန်တုက သက်ပြင်းချကာ ဝန်ခံလိုက်သည်။ ထိုစဉ်မြူခိုးများအတွင်း ထူးဆန်းသော အသံက ထပ်မံထွက်ပေါ်လာပြန်၏။
“ ..... ။ ”
ယင်းသည် ရူးသွပ်နေသော တစ်စုံတစ်ရာသည် ကယောင်ကတမ်း ရေရွတ် နေသလိုမျိုး ဖြစ်၏။
“ မကောင်းတော့ဘူး၊ အဲဒါ စောစောကအသံပဲ။ ”
“ ဟမ့် ... ။ ”
မိန်ယန်ပိုင်နှင့်အဖွဲ့မှာ အမူအရာများ သိသိသာသာ ပြောင်းလဲသွား၏။ ထိုအချိန်တွင် စုရီသည် ရုတ်တရက် ကောချင်နောက်သို့ ရောက်ရှိလာပြီး မြူအတွင်းသို့ဓားဖြင့် ထိုးချလိုက်သည်။
“ စွပ် ... ။ ”
“ ဖောက် ... ။ ”
မူလက မြူအမှုန်အမွှားမျှသာဖြစ်သည့် လေထုသည် ဓားဖြင့်ထိုးဖောက်လိုက်သောအခါ တစ်စုံတစ်ခု ရှိနေသကဲ့သို့ ဓားဖျားသည် နစ်ဝင်ရပ်တန့်သွားသည်။
မြူမှုန်များအတွင်း သွေးများဖျန်းခနဲ ထွက်လာပြီး ထူးဆန်းစွာ အော်ဟစ်နေသံများ ရုတ်ခြည်းရပ်တန့် ပျောက်ကွယ်သွားခဲ့၏။
ကောချင်တစ်ယောက် ခြေလက်များ တုန်ယင်သွားချေပြီ။ ဖမ်းဆီးခံရလုနီးပါးဖြစ်၏။ ကျန်သူများသည်လည်း ထိုနည်းလည်းကောင်း ပေပင်။
“ စိတ်ဝင်စားစရာပဲ ... ။ ”
စုရီသာလျှင် အံ့ဩစွာနှင့်မြူအတွင်းသို့ မျှော်ကြည့်ပြီး သွေးစက်များကို လက်ဖဝါးဖြင့် ခံယူလိုက်တော့၏။
သွေးစက်သည် ရွှေရောင်ဖြစ်ပြီး ကြည်လင်ပြတ်သားကာ လျှို့ဝှက်ဆန်းကြယ် လွန်းသည့် တာအိုများပါရှိလေသည်။
ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ဤသွေးစက်သည် လက်ဖဝါးပေါ်၌ အသက်ရှိ နေသကဲ့သို့ ရုန်းကန်နေခြင်းပေပင်။
စုရီ၏ ခွန်အားဖြင့်ပင် ဤသွေးစက်ကို နှိမ်နင်းရန် တောင်မြစ်လက်ဝါး ဟုခေါ်သော ချိပ်ပိတ်နည်း အသုံးပြုလိုက်ရသည်။
“ ဒါဟာ ... မွေးရာပါနတ်အဆင့် သွေးစက်ဖြစ်ပုံရတယ် ...။ ”
ယင်းသည် အံ့သြဖွယ်ကောင်းသည်။ ဤတောင်တန်းပေါ်၌ မွေးရာပါနတ်အဆင့် တစ်စုံတစ်ရာရှိနေသော် အမှောင်တားမြစ် စွမ်းအင်ကို ခံနိုင်ရည်ရှိရပေမည်။
မွေးရာပါ နတ်အဆင့်တစ်စုံတစ်ရာသည် ကမ္ဘာမူလမှ ပေါက်ဖွားလာသော ရတနာများ ဖြစ်ပြီး ရရှိရန်ခဲယဉ်းသည်။
ထိုကဲ့သို့သော ရတနာများသည် သံသရာဘုံကျောင်း၏ လက်ထဲတွင် ရှိနေပါက၊ အမှောင်တားမြစ်စွမ်းအင် သက်ရောက်မှု အတွက် စိုးရိမ်စရာ မလိုချေ။
ဆိုလိုသည်မှာ သံသရာတောင်တန်းရှိ ဤမွေးရာပါ နတ်အဆင့် တစ်စုံတစ်ရာသည် မူလက မရှိဟု အဓိပ္ပါယ်ရ၏။
“ စိတ်ဝင်စားစရာပဲ ဒီနေရာဟာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖုံးကွယ်ထား ပုံရတယ်။ ”
ထိုလျှို့ဝှက်ချက်ကို သူ နားမလည် သော်လည်း ဤရှာဖွေတွေ့ရှိမှုသည် စုရီ၏ စူးစမ်းလိုစိတ်အပေါ် နှိုးဆွပေးသည်။
“ အစ်ကိုစု၊ အဲဒါဘာလဲ ... ။ ”
ဝမ်ရှင်းကျောက်မှ မေးသည်။ အခြားလူများသည်လည်း စုရီထံ လှည့်ကြည့် လာကြ၏။
“ မသေချာသေးဘူး၊ ဒါပေမယ့် မကြာခင်သိရမှာပါ။ ”
သည့်နောက် စုရီက မိန်ယန်ပိုင်နှင့် အခြားသူများကို ကြည့်ကာ၊
“ မင်းတို့ရဲ့ခွန်အားနဲ့ ဒီကနေထွက်သွားသင့်တယ်။ ”
-ဟု အကြံပြုလိုက်၏။
“ ငါတို့ဒီမှာ ပိတ်မိနေတယ် ထွက်သွားချင်တာတောင် မလုပ်နိုင်ဘူး။ ”
စုရီက ကျောက်စိမ်းပြား အလွတ်တစ်ချပ်ယူကာ လမ်းကြောင်းမြေပုံကို နတ်အာရုံဖြင့် ရေးထိုးပေးလိုက်သည်။
မိန်ယန်ပိုင်က ရတနာတစ်ခုကို တွေ့ရှိသွားသကဲ့သို့ လက်နှစ်ဖက်ဖြင့် ခံယူကာ၊
“ ကျေးဇူးတင်ပါတယ် တာအိုစု ... မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု ဦးညွှတ်တော့၏။
ဖုန်တု၊ ချင်ယွင်နှင့် နင်းလီတို့သည်လည်း အတူတကွ ဦးညွှတ်လာသည်။ စုရီမှ ခေါင်းညိတ် ပြလိုက်၏။
“ သွားကြရအောင် ... ။”
စုရီက နောက်ထပ် မနှောင့်နှေးတော့ဘဲ ဝမ်ရှင်းကျောက်တို့နှင့်အတူ ဆက်လျှောက်လှမ်း လာခဲ့သည်။ ထိုစဉ် ချင်းယွင်မှ ရုတ်တရက် ချီတုံချတုံဖြင့်၊
“ တာအိုစု ငါတောင်းဆိုစရာရှိတယ် လမ်းခရီးမှာ သော်ခိုနဲ့တွေ့ရင် ကျေးဇူးပြုပြီး သူ့ကိုကူညီနိုင်မလား။ ”
ချစ်စရာကောင်းပြီး ချောမောလှပသော မိန်းကလေးတစ်ယောက် ပုံရိပ်သည် စုရီစိတ်ထဲ ထွက်ပေါ်လာ၏။
“ ဒီလိုအခြေအနေမျိုး ကြုံလာရင် သူတစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။ ”
“ ကျေးဇူးတင်ပါတယ် တာအိုစု။ ”
များမကြာခင်မှာပင် စုရီနှင့်အဖွဲ့သည် မြူခိုးများအောက် ပျောက်ကွယ်သွားလေသည်။ မိန်ယန်ပိုင်နှင့် အခြားသူများသည် စုရီပေးသော ကျောက်စိမ်းပြားကိုယူကာ အပြင်ဘက်သို့ ဦးတည်လိုက်ကြတော့သည်။
တစ်နာရီအကြာတွင် စုရီနှင့်အဖွဲ့သည် မြူအတွင်းမှ ဘေးကင်းစွာ ထွက်ရှိလာခဲ့၏။ မြူအပြင်တွင် အဆောက်အဦးများ ပြိုကျနေသော အပျက်အစီးမြေကြီး ဖြစ်သည်။
မြင်လေရာ နေရာတိုင်းတွင် မြက်ပင်များ မရှိတော့ဘဲ မြင်ကွင်းတစ်ခုလုံး လူဆိတ်ညံကာ ညှိုးနွမ်းနေ၏။
“ ဒီမှာ ကြောက်စရာကောင်းတဲ့ တိုက်ပွဲဖြစ်ခဲ့တာလား။ ”
ဝမ်ရှင်းကျောက်မှ အံ့သြသွားသည်။
“ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်ရအောင် ဒီလိုယို့ယွင်းနေတဲ့ ဒေသကြီးကနေ ဘယ်လို အခွင့်အလမ်းမျိုး ရနိုင်မှာမို့လဲ။ ”
ကောချင်က ခေါင်းယမ်းကာ မှတ်ချက်ပေးသည်။
“ ဒါပေမယ့် ... ဒီတောင်ကြီးပေါ်မှာ အခွင့်အရေးကြီးတစ်ခု ရှိနေတယ်ဆိုတာ သေချာတယ်။ ”
စုရီက ပြောပြီး အပျက်အစီးများဆီသို့ လျှောက်လှမ်းသွား၏။ အပျက်အစီးများအဆုံး၌ တောင်ထိပ်သို့ ဦးတည်သော လမ်းတစ်လမ်း ရှိသည်။
ဆယ်ပေအကျယ်ရှိပြီး အနက်ရောင် ကျောက်ပြားများ ခင်းထား၏။ စုရီနှင့် အဖွဲ့တို့ ရောက်ရှိလာသောအခါ လှေကားထစ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ကို မြင်လိုက်ရသည်။
ချန်လု၊ လီဟန်ထောင်၊ ကျန့်လီနှင့် ယွီဝမ်ရှတို့ကဲ့သို့သော ခေတ်ပြိုင်ပါရမီရှင်များ အားလုံးသည် အဆင့်အလိုက် ပြန့်ကျဲနေ၏။
သူတို့အသီးသီးသည် ရတနာများကို အစွမ်းကုန်သုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြသော်လည်း ရန်သူကို မမြင်နိုင်ချေ။
“ ဒါ ... ။ ”
ဝမ်းရှင်းကျောက်နှင့် အဖွဲ့မှာ အံ့အားသင့်သွားကြလေသည်။
“ ဒါ စမ်းသပ် ကျောက်လှေကားပဲ လှေကားတိုင်းမှာ ဝင်္ကပါ လွှမ်းခြုံထားတယ် ကျောက်လှေကားမြင့်သွားလေလေ ... ပိုမို အားကောင်းလာလေပဲ ...
... ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် ဂိုဏ်းကြီးတွေကသာ အမွေခံတပည့်တွေကို သူတို့ရဲ့ကျင့်ကြံမှုနဲ့ တိုက်ပွဲဝင် စွမ်းအားကို တိုးတက်စေဖို့ ဒီလိုစမ်းသပ်ကွင်းထဲ ဝင်ခွင့်ပေးကြတယ်။ ”
ထိုအရာကိုကြားပြီးနောက် ဝမ်ရှင်းကျောက်နှင့်အဖွဲ့သည် စမ်းကြည့်ရန် စိတ်အားထက်သန်လာ၏။
ပြင်ပကမ္ဘာတွင် ဤသို့သော စမ်းသပ်ကွင်းမျိုး မရှိချေ။ ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း(၃)သောင်းက ထိပ်တန်း ဂိုဏ်းကြီးများ၏ တပည့်များသည်သာ ဤအခွင့်အရေးကို ရပေမည်။
“ ဒီနေရာက မင်းတို့ရဲ့ခွန်အားနဲ့ ကျင့်ကြံမှုအပေါ် မြှင့်တင်ဖို့ တကယ်ကောင်းတဲ့ နေရာပဲ ... အန္တရာယ်လည်း မရှိပါဘူး စမ်းကြည့်သင့်တယ်။ ”
“ အစ်ကိုစု၊ မင်းကော။ ”
“ မင်းလိုပဲ ငါလည်း ဒီစမ်းသပ်မှုအဆင့်တွေကို တက်ချင်ပါတယ် ဒါပေမယ့် ငါ့ပန်းတိုင်က တောင်ထိပ်ကို ရောက်ဖို့ပဲ ... သွားမြန်မြန် မင်းတို့ ဘယ်လောက်သန်မာလဲဆိုတာ ငါကြည့်ချင်တယ်။ ”
ထိုဝါကျသည် ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်ကို ပြိုင်ဆိုင်လိုစိတ်များ ဖြစ်ပေါ်လာ စေသည်။
“ အစ်မရှစ်ချန် ငါတို့ပြိုင်ပွဲတစ်ခု လုပ်ရအောင် ဘယ်လိုလဲ။ ”
“ ကောင်းပြီ။ ”
ယွီရှစ်ချန်က ဝမ်ရှင်းကျောက်စကားကို အလွဘ်တကူ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ အမူအရာသည် လောကကို စိတ်ဝင်စားခြင်း မရှိသော နတ်သမီးကဲ့သို့ ငြိမ်သက်နေ၏။
ကောချင်က သူတို့ နှစ်ယောက်ကို လျစ်လျူရှုထားသည်။ သူ့လမ်းသည် ဘေးကင်း နိုင်ရန် ဖြစ်၏။ ထို့နောက် သုံးယောက်သား လှေကားထစ်များအပေါ် ခုန်တက်လိုက်၏။
စုရီက လက်ကိုနောက်ပို့လျက် ခဏမျှ ငြိမ်သက်စွာ ကြည့်နေလိုက်သည်။ ထို့နောက် လက်ဖဝါးကိုဖွင့်ကြည့်ကာ ရွှေသွေးတစ်စက်ထံ ငုံ့ကြည့်၏။
“ စမ်းသပ်လှေကားထစ်တွေမှာ ပြဿနာလုပ်ဝံ့ရင် မင်းငါစုရီကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့။ ”
ထိုသို့ပြောပြီးသည်နှင့် ရွှေသွေးစက်ကို ပြန်သိမ်းကာ ပထမအဆင့်ကျောက်လှေကားထံ လှမ်းတက်လိုက်တော့သည်။
***