ဆင့်ကဲပြောင်းလဲခြင်း
Vol. 131 Ch. 1801
ကောင်းကင်ဘုံနယ်မြေတွင်း၌ လေများ တိုက်ခတ်နေ၏။ ထိုလေများက သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင်များကို သယ်ဆောင်သည်။ လေက သင့်မျက်နှာပေါ်သို့ တိုက်ခတ်လာလျှင်ပင် ခံစားချက် ကောင်းမွန်မှု ရစေကာ သက်တောင့်သက်သာ ဖြစ်စေလိမ့်မည်ပင်။
သို့ပေမည့် သင်၏စိတ်အခြေအနေက ရှုပ်ထွေးနေပါက သည်လေထဲ၌ ကောင်းကင်ဘုံစွမ်းအင် မည်မျှများများ ပါဝင်ပါစေ သင့်ကို သက်တောင့်သက်သာ ခံစားရအောင် မလုပ်နိုင်တော့ပေ။
ချင်းရွှေသည် ထရပ်ကာ ဝမ်လင်း၏နောက်ကျောကို ကြည့်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက စကားမဆိုတော့ဘဲ သက်ပြင်းချကာ ထွက်လာခဲ့သည်။ သူသည် တတိယစိတ်ဝိညာဉ်နှင့် ဝမ်လင်းတို့ကြား ပတ်သတ်မှုကို သိထားပေ၏။ သူက ဝမ်လင်း ရုန်းကန်နေရသည်ကိုလည်း နားလည်သည်။
ချင်းရွှေထွက်သွားပြီးနောက်မှာပင် ဝမ်လင်းက နေရာတွင်သာ ထိုင်နေလျက် ကောင်းကင်ထက်သို့ စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲရှိ ရုန်းကန်မှုက မပျောက်ကွယ်သွားပေ။
တတိယစိတ်ဝိညာဉ်ကသာ ဝမ်လင်းအတွက် သူနှင့် မသက်ဆိုင်သူ ဖြစ်နေပါက သူသည် ၎င်းကို ချိပ်ပိတ်ပစ်ဖို့၊ဖျက်စီးပစ်ဖို့ တွေဝေနေမည် မဟုတ်ပေ။ ထိုမှသာ စိတ်ဝိညာဉ်သုံးခုပေါင်းစပ်ပြီးနောက် အစိတ်အပိုင်းခုနစ်ခုကို စုပ်ယူခြင်းကနေ တားဆီးနိုင်ပေမည်။
သို့ပေမည့် တတိယစိတ်ဝိညာဉ်က သူ့တပည့် ရွှယ်ချင်း ဖြစ်နေ၏။ သူက သူ့ကိုယ်ပိုင်တပည့်ကို အတင်းအကြပ် သတ်ရပါက သူ့စိတ်နှလုံး ကိုက်ခဲရလိမ့်မည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ ကောင်းကင်ထက်မှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ သူက ခုထိ မည်သို့လုပ်ရမည်ကို မဆုံးဖြတ်နိုင်သေးပေ။ သို့သော် သူ့စိတ်ထဲ၌မူ အဖြေတစ်ခုခု ရှိနေလေပြီ။
သို့ပေမည့် တတိယစိတ်ဝိညာဉ်သည် သူ့တပည့်ဖြစ်နေသည်ဟူသော အချက်အပြင် ဝမ်လင်းကို ကသိကအောက် ဖြစ်စေသော မေးခွန်းနှစ်ခု ရှိနေသေးသည်။ ဤသည်က မူလတုန်းက ရှင်းလင်းနေသော အမှန်တရားကို ထပ်မံ၍ ဝေဝါးသွားစေသည်။
“ရှေ့ဖြစ်ဟောသူဟာ ကောင်းကင်ဘုံတာအိုရဲ့ အစိတ်အပိုင်းပဲ။ ရှေ့ဖြစ်ဟောသူနဲ့ တိုက်ပွဲအတွင်း ငါဟာ သူ့ပြန်လည်မွေးဖွားခြင်းထဲကို ဝင်ရောက်ခဲ့ပြီး အဲ့အချိန်အစတုန်းက သူဟာ ခုနစ်ခုမြောက်အစိတ်အပိုင်းကို ဝါးမြိုခဲ့တာ ငါ တွေ့မြင်ခဲ့တယ်…”
“ဒါပေမဲ့ ငါ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခုအဖြစ် ပျက်စီးသွားတဲ့အချိန်မှာလည်း ငါဟာ ခုနစ်ခုမြောက်အစိတ်အပိုင်းကို တွေ့မြင်ခဲ့တယ်…”
ဝမ်လင်းသည် မျက်လုံးမှိတ်ကာ စတင်စဉ်းစားကြည့်၏။
“ငါဟာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ပျောက်ကွယ်သွားတဲ့ ခုနစ်ခုမြောက်အစိတ်အပိုင်းကိုလည်း တွေ့မြင်ခဲ့တယ်။ အကြိမ်ရေတစ်ခုခု ပြန်မွေးဖွားပြီးတဲ့နောက် ၎င်းဟာ ရှေ့ဖြစ်ဟောသူရဲ့ ဝါးမြိုတာ ခံလိုက်ရတဲ့ပုံပဲ…”
“ခုနစ်ခုမြောက်စိတ်ဝိညာဉ်ဟာ ခရမ်းရောင် ရှိပြီး ဒေါသနဲ့ ရူးသွပ်မှုကို ကိုယ်စားပြုတယ်။ သူဟာ ရှေ့ဖြစ်ဟောသူရဲ့ ဝါးမြိုတာ ခံလိုက်ရတာ။ သူတို့ဟာ တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားသင့်တယ်။ ဒါပေမဲ့ မြေနိမ့်သားရဲက ရှေ့ဖြစ်ဟောသူကို ဝါးမြိုခဲ့တဲ့အချိန်မှာ ငါဟာ ခုနစ်ခုမြောက်အစိတ်အပိုင်းကို လုံးဝ အာရုံမခံမိဘူး…”
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်သည်။
“ငါ့ခံစားချက်သာ မှားခဲ့ရင် ကိစ္စမရှိဘူး။တကယ်လို့ ငါသာ မှန်ခဲ့ရင် ခုနစ်ခုမြောက်စိတ်ဝိဉာဉ်အပိုင်းအစဟာ ကောင်းကင်ဘုံတာအိုထဲမှာ မရှိခဲ့င် အဲ့အစိတ်အပိုင်းဟာ ဘယ်ရောက်သွားလဲ။ သူက ဘယ်သူဖြစ်မလဲ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်နေမိ၏။
“အစောပိုင်းတုန်းက ကောင်းကင်ဘုံတာအိုဟာ ဗိုလ်ချုပ်လေးယောက်နဲ့ တစ္ဆေအိုကြီးကျန့်တို့ကိုလည်း မဝါးမြိုနိုင်ခဲ့ဘူး။ ဒါ့ကြောင့် ဒီကောင်းကင်ဘုံတာအိုဟာ မပြီးပြည့်စုံသေးဘူးလို့ ငါ သံသယ ရှိခဲ့တယ်။ ငါ့ခန့်မှန်းချက်သာ မှန်ခဲ့ရင် ကောင်းကင်ဘုံတာအိုဟာ တကယ်ပဲ မပြည့်စုံသေးဘူး…”
“အစိတ်အပိုင်းတစ်ခုက ပျောက်နေတုန်းပဲ။ ဒီပျောက်ကွယ်နေတဲ့အစိတ်အပိုင်းဟာ ခုနစ်ခုမြောက်အစိတ်အပိုင်း ဖြစ်နိုင်တယ်။ နောက်ထပ် မသေသေးတဲ့ ရှေ့ဖြစ်ဟောသူရဲ့ ကိုယ်ပွား တစ်ယောက်ယောက်များ ကျန်နေသေးတာလား…”
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွား၏။
“မီးခိုးရောင်ရှေ့ဖြစ်ဟောသူနဲ့ ပတ်သတ်လို့ ငါ မေ့တော့မလို့ပဲ…” ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ “သူ မဟုတ်တာလည်း ဖြစ်နိုင်တယ်…”
တောင်ပေါ်၌ ဝမ်လင်းသည် အချိန်အကြာကြီး စဉ်းစားနေသည်။ ပထမမေးခွန်းက သူ့ကို ကသိကအောက် ဖြစ်စေပြီး အဖြေမရစေပေ။ သို့ပေမည့် ဒုတိယမေးခွန်းက ဝမ်လင်းကို ပို၍ ဒုက္ခပေးကာ သူ့စိတ်အတွေးများကို ရှုပ်ထွေးစေသည်။
“ငါ အစိတ်အပိုင်းခုနစ်ခုထဲမှာ ခြောက်ခုကို သိတယ်။ ချင်းရွှေ၊ စစ်ထူ၊ လောဘကြီး၊ ချင်းလင်၊ မူပင်းမေ၊ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်…။ ချင်းရွှေနဲ့ စစ်ထူတို့ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ အစိတ်အပိုင်း ဖြစ်နေတာကို ငါ မအံ့အောဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ကံကြမ္မာဝိညာဉ်တွေဟာ နတ်ဘုရားပြစ်ဒဏ်အတွင်းမှာ ငါ ရှာမတွေ့ခဲ့လို့ပဲ…”
“ဒါပေမဲ့ ကျန်တဲ့လေးယောက်ရဲ့ ကံကြမ္မာစိတ်ဝိညာဉ်တွေကို နတ်ဘုရားပြစ်ဒဏ်ထဲမှာ ငါ တွေ့ခဲ့တယ်။ ဒါဟာ အစိတ်အပိုင်းခုနစ်ခုကို ရှာဖွေခဲ့တဲ့ ငါ့ရဲ့ နည်းလမ်းပဲ။ ဒါပေမဲ့ ခုချိန်မှာ ဒီနည်းလမ်းဟာ ရှေ့နောက်မညီ ဖြစ်နေတဲ့ပုံပဲ…” ဝမ်လင်းက သူ့မေးစေ့ကို ပွတ်ကာ စဉ်းစားနေ၏။
“နတ်ဘုရားပြစ်ဒဏ်အတွင်းမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာစိတ်ဝိညာဉ် ရှိနေတယ်ဆိုတဟာ သူတို့က ဒီလှိုဏ်ဂူလောကထဲကလူတွေလို့ အဓိပ္ပာယ်ရတယ် မလား။ ဒီလူတွေက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ အစိတ်အပိုင်းတွေ ဘယ်လိုလုပ် ဖြစ်နိုင်ကြမှာလဲ…။ အဲ့မှာ ပြဿနာ ရှိနေပြီ….”
ဝမ်လင်းသည် ကောင်းကင်ဘုံနယ်မြေ၏ ညကောင်းကင်ကို မော့ကြည့်ကာ စဉ်းစားနေ၏။ သူက သူ့မျက်ခုံးနှစ်ခုကြား၊ သူ၏ခန္ဓာကိုယ်တွင်းရှိ မြေနိမ့်သားရဲထံသို့ လက်ညွှန်လိုက်သည်။
“ငါ ဒီအချက်ကို အဖြေမရဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ အလွန်အရေးကြီးတယ်လို့ ငါ ရေးတေးတေး ခံစားမိနေတယ်။ ဒါက စိတ်ဝိညာဉ်သုံးခုပေါင်းစပ်ခြင်းကို ဖြေရှင်းနိုင်တဲ့ အဖြေပါ ဖြစ်ကောင်းဖြစ်နိုင်နေသေးတယ်…”
“ငါ ပုံရိပ်ယောင်အတွင်းမှာ မြင်ခဲ့တဲ့အရာတွေက အကုန်လုံး အမှန်မဟုတ်ဘူးဆိုရင်တော့ ရှင်းပြချက် မလိုတော့ဘူး…”
“ငါ မြင်ခဲ့တဲ့အရာတွေက အမှန်သာ ဖြစ်ခဲ့ရင် ချင်းလင်နဲ့ သူတို့ဟာ တကယ်ပဲ အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခုစီ ဖြစ်ခဲ့ရင် နတ်ဘုရားပြစ်ဒဏ်အတွင်းမှာ သူတို့ရဲ့ ကံကြမ္မာစိတ်ဝိညာဉ်တွေ ဘာကြောင့် ရှိနေရတာလဲကို ရှင်းပြလို့ မရပြန်တော့ဘူး…”
ဝမ်လင်း၏မျက်လုံးသည် တဖြည်းဖြည်းနီလာ၏။ သူက နားမလည်နိုင် ဖြစ်နေလေ၏။
ဝမ်လင်းနှင့် သိပ်မဝေးသောနေရာတွင် မဟာအင်ပါယာရွှမ်လောက မျက်လုံးဖွင့်လာ၏။ သူက ဝမ်လင်းကို စောင့်ကြည့်နေခြင်းပင်။ ဟင်္သာပြဒါးဂြိုဟ်၏ အိပ်မက် ဖြစ်စေ၊ တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်း၌ ဖြစ်စေ သူသည် အကုန်လုံးကို စောင့်ကြည့်နေ၏။
“သူက လည်နေတာပဲ။ အချိန်တိုအတွင်း ဒါကို အဖြေရှာနိုင်အုံးမှာ မဟုတ်ဘူး။ အမှန်တော့ ဒီကိစ္စဟာ တကယ်ပဲ ရိုးရှင်းလှတယ်…” ရွှမ်လောက သူ့ညာလက်ကို ပင့်မြှောက်ပြီး ဝမ်လင်းထံ လက်ညွှန်လိုက်သည်။
ထိုသို့ဖြင့် သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ရွှမ်လော၏ တည်ရှိမှုကို သတိမပြုမိပေ။ သို့ပေမည့် ထိုအခိုက်တွင် သူ့စိတ်ထဲ၌ ဖျတ်ခနဲလင်းလက်သွား၏။ သူက ထူးဆန်းသောအတွေးတစ်ခုကို တွေးမိသွားပြီ။
“ဆင့်ကဲပြောင်းလဲခြင်း…ဒါဟာ ဆင့်ကဲပြောင်းလဲခြင်းပဲ…” ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးက တောက်ပလာသည်။ သည်အခိုက်၌ သူ့စိတ်မှာ အလွန်ရှင်းလင်းနေပေပြီ။
“ချင်းလင်ဖြစ်ဖြစ်၊ လောဘကြီး၊ မူပင်းမေ၊ ဒါမှမဟုတ် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ် ဘယ်သူပဲ ဖြစ်ဖြစ် စစချင်းမှာတော့ သူတို့ဟာ ချင်းရွှေနဲ့ စစ်ထူနန်တို့လို့ပဲ ကံကြမ္မာစိတ်ဝိညာဉ် မရှိခဲ့ကြလောက်ဘူး…”
“ဒါပေမဲ့ သူတို့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ အကြိမ်ကြိမ် ဝင်ရောက်သွားတဲ့နောက် ထူးဆန်းမှုတစ်ခု ဖြစ်လာခဲ့တာ။ သူတို့ဟာ အမှန်တကယ် တသီးတသန့် ဖြစ်လာခဲ့ပြီး ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ အစိတ်အပိုင်းတွေနဲ့ လုံးဝ ကွဲထွက်လာခဲ့တာ။ သူတို့ဟာ ဇစ်မြစ်တူပေမယ့်လည်း ဆန်းကြယ်တဲ့ပြောင်းလဲမှုမျိုးစုံ ဖြစ်ပျက်ခဲ့တဲ့နောက် သူတို့ဟာ ဒီလှိုဏ်ဂူလောကရဲ့ ဒေသခံတွေ ဖြစ်လာခဲ့ကြတာပဲ…”
“သူတို့ဟာ ထပ်ခါထပ်ခါ ပြန်မွေးဖွားခဲ့ကြတယ်။ အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြတယ်။ ဒီလောကနဲ့ ထပ်ခါထပ်ခါ ပေါင်းစပ်ခဲ့ကြတယ်။ ခုတော့ သူတို့ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနဲ့ လုံးဝ ကွဲထွက်လာခဲ့ပြီ…”
“ဒါဟာ ဖန်တီးမှုစွမ်းအားပဲ။ ဒါဟာ ကောင်းကင်ဘုံတာအိုရဲ့ ပင်မစွမ်းအားနဲ့ အတော်လေး နီးစပ်နေပြီ။ ဒါဟာ ဆင့်ကဲပြောင်းလဲခြင်းပဲ…”
ဝမ်လင်းသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့ထံမှ ရုတ်တရက် ပေါ်လာသော ထိုအတွေးက သူ၏စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားပေးလိုက်ပြီပင်။
“ချင်းရွှေနဲ့ စစ်ထူနန်တို့နှစ်ယောက်ကြတော့ သူတို့ဟာ ဆင့်ကဲပြောင်းလဲခြင်းကြောင့် လုံးဝမမှီခိုဘဲ တစ်သီးတသန့်ဖြစ်တည်မှုအဖြစ် လုံးလုံးလျာလျာ ပြောင်းမသွားခဲ့ဘူး။ နောက်နှစ်ပေါင်း သောင်းချီ ကုန်လွန်တဲ့နောက် သူတို့ နောက်ထပ် ပြန်လည်မွေးဖွားခြင်းစက်ဝန်းတွေ ထပ်ဖြတ်သန်းပြီးရင် သူတို့လည်း ကောင်းကင်ဘုံတာအိုရဲ့ ဆန်းကြယ်တဲ့ဒီစွမ်းအားကြောင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကနေ လုံးဝ ကွဲထွက်သွားနိုင်တာ ဖြစ်လောက်တယ်…”
ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းလိုက်၏။
ကောင်းကင်ဘုံတာအိုအတွင်းမှာ ရှိတဲ့ ဆင့်ကဲပြောင်းလဲစေနိုင်တဲ့ စွမ်းအားဟာ အစိတ်အပိုင်းခုနစ်ခုကို ပြောင်းလဲစေခဲ့တယ်။ ဒါ့ကြောင့် ဒီစွမ်းအားဟာ “စိတ်ဝိညာဉ်သုံးခုကိုလည်း အလားတူ ပြောင်းလဲစေနိုင်မှာ ဖြစ်တယ်။ ငါသာ အဲ့စွမ်းအားကို ထိန်းချုပ်နိုင်ရင် တတိယစိတ်ဝိညာဉ်ကို အမှီအခိုကင်းအောင် လုပ်နိုင်ပြီ။ တတိယစိတ်ဝိညာဉ် အမှီအခိုကင်းသွားတာနဲ့ စိတ်ဝိညာဉ်သုံးခုဟာ ပေါင်းစပ်ခြင်းဟာ အသုံးမဝင်တော့ဘူး…”
“ဒီစိတ်ဝိညာဉ်သုံးခု မပေါင်းစပ်နိုင်ရင် အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အဲ့စွမ်းအားဟာ ဘယ်လိုစွမ်းအားမျိုးလဲ…”
ဝမ်လင်း၏စိတ်သည် ရှင်းလင်းနေပြီ ဖြစ်သော်လည်း သူက ကောင်းကင်ဘုံတာအို၏ ပင်မစွမ်းအားက မည်သည့်အရာဖြစ်သည်ကို စိတ်ကူးမကြည့်နိုင် ဖြစ်နေသည်။
သူ့ကောင်းကင်ဘုံတာအိုသည် မပြည့်စုံသေးပေ။ သို့မဟုတ် သူက သူ ထိန်းချုပ်ထားသော ကောင်းကင်ဘုံတာအိုကို အသေအချာ နားမလည်သေးပေ။ သည်ကောင်းကင်ဘုံတာအိုကြောင့် ဒီလှိုဏ်ဂူလောက၌ သက်ရှိများ ပေါ်လာကာ ဥပဒေသများနှင့် စည်းမျဉ်းများအားလုံးသည် ဖြစ်ပေါ်လာခဲ့သည်။
သူ့စိတ်ထဲ၌ ရှင်းလင်းမှုက တဖြည်းဖြည်း ပျောက်ကွယ်လာပြန်၏။ အကွာအဝေးတစ်ခုမှ ရွှမ်လောက သက်ပြင်းချလိုက်သည်။
“ကောင်းကင်ဘုံတာအို…သူ မဆိုနဲ့အုံး။ ငါတောင်မှ ကောင်းကင်ဘုံတာအိုရဲ့ ဆန်းပြားမှုကို သိပ်နားမလည်ဘူး။ ငါ မဟာအင်ပါယာ ဖြစ်လာတဲ့အချိန်မှာ ကံကောင်းထောက်မပြီး ငါ ဒီကောင်းကင်ဘုံတာအိုနဲ့ ပတ်သတ်လို့ နောက်ထပ် နည်းနည်း ပိုနားလည်လာခဲ့တာ။ ဒါပေမဲ့ ဒါကို အပြည့်အဝ ဖြတ်မြင်နိုင်ဖို့ ငါ့ကျင့်ကြံမှုအဆင့်ဟာ ခြေတစ်လှမ်း လိုနေသေးတယ်…” ရွှမ်လော၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်၏။
“နေကိုးစင်း(မဟာအင်ပါယာကိုးယောက်) ဟာ ရှေ့ဆက်ဖို့ လမ်းကို ရှာဖွေနေကြတာ။ ဒါပေမဲ့ ဘယ်သူကမျှ ဒါကို မရှာနိုင်ကြသေးဘူး။ ငါတို့ဟာ စဉ်းစားဖို့အချိန်ရအောင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်ကြရသေးတယ်။ ပထမဦးဆုံး ကောင်းကင်ဘုံတာအိုဟာ ရှေးပဝေသဏီနတ်ဘုရားနယ်မြေက ဖြစ်ပေါ်လာခဲ့တာပဲ။ ဒါပေမဲ့ ဆန်းကြယ်လှတဲ့ ရှေးပဝေသဏီနတ်ဘုရားနယ်မြေက အရင် ပေါ်လာခဲ့တာလား။ ဒါမှမဟုတ် လူတွေကပဲ ကောင်းကင်ဘုံတာအိုကို အပြည့်အဝ နားလည်ခဲ့တာလား…။ အား…”
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လက်ညှိုးကို ကြည့်၏။ သူ့လက်ညှိုးပတ်လည်၌ ဖြည်းဖြည်းချင်း လှည့်ပတ်နေသော အနက်ရောင်စက်ဝန်းတစ်ခုရှိကာ ၎င်းက ကောင်းကင်ဘုံတာအို၏ အော်ရာကို ထုတ်လွှတ်နေသည်။
နံနက်ခင်းအစောပိုင်း၌ အလင်းရောင် သမ်းလာခဲ့ပြီ။ ညအချိန် ကုန်လွန်သွားလေပြီ။ နေအလင်း ကမ္ဘာပေါ် ပက်ဖြန်းလာသည့်အခါ ဝမ်လင်းက တွေးတောနေခြင်းကို ရပ်တန့်ကာ အသက်ဝဝရှိုက်သွင်းလိုက်သည်။ သူက ထရပ်၍ ရှုပ်ထွေးဟန်ဖြင့် အပေါ်သို့ မော့ကြည့်သည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
သည်အခိုက်တွင် သူ့ပုံရိပ်က မြင့်တက်လာသော နေမင်းနှင့် တုပြိုင်ကာ ကောင်းကင်ကို ချိုးဖျက်ပြီး ငွေရောင်မြစ်ထံမှ ထိုးထွက်လာသည်ဟု ထင်ရလေ၏။ သူသည် အလုံးစုံကောင်းကင်ထံသို့ တရကြမ်း ဦးတည်တော့သည်။
လှိုင်းဂယက်များထကာ ဝမ်လင်းက လေဟာနယ်နှင့် ပေါင်းစပ်ပြီး ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ၌ သူက အလုံးစုံကောင်းကင်သို့ ရောက်နှင့်နေပြီးပင်။ ခြေတစ်လှမ်းဖြင့် သူက ကြယ်အဖွဲ့အစည်းတစ်ခုကို ဖြတ်သန်းလိုက်ခြင်းတည်း။
သူ ပေါ်လာသည့်နောက် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ခြင်း မပြုဘဲ မျက်လုံးမှိတ်လိုက်၏။ ရွှယ်ချင်းက သူ့တပည့် ဖြစ်၏။ သူတို့ကြား၌ ကံမ္မ ချိတ်ဆက်မှု ရှိထားသည်။ ထိုချိတ်ဆက်မှုဖြင့် သူက ရွှယ်ချင်း၏တည်ရှိမှုကို နတ်ဘုရားအာရုံမပါဘဲ ခံစားမိနိုင်သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက အရှေ့အရပ်သို့ ဦးတည်လိုက်ပြီး သူ၏အကြည့်မှာ ပို၍ ရှုပ်ထွေးလာသည်။ သူက အရှေ့ဘက်ရှိ ဂြိုဟ်တစ်ခုပေါ်၌ ရွှယ်ချင်း ရှိနေသည်ကို အာရုံခံမိသည်။
“တပည့်…မင်းက ငါ့ကို တကယ်ပဲ စောင့်နေတာလား…” ဝမ်လင်းက သက်ပြင်းချကာ အရှေ့အရပ်သို့ လှမ်း၏။ သူ၏ခန္ဓာကိုယ်က လေဟာနယ်နှင့် ပေါင်းစပ်သွားရင်း ပျောက်ကွယ်သွားလေသည်။
သည်အခိုက်အတန့်တွင် အလုံးစုံကောင်းကင်၌ ဗိုလ်ချုပ်လေးယောက်က ရှေ့သို့ဆက် ပျံသန်းနေသည်။ ဧရာမမြူသားရဲက ခေါင်းယမ်းကာ ဆက်လက် ရှာဖွေနေသည်။ ၎င်း၏မျက်လုံးတို့က သဲလွန်စတစ်ခုခုကို တွေ့သည့်အလား တောက်ပနေ၏။
တစ္ဆေအိုကြီးကျန့်ကလည်း ထိုလေးယောက်နောက်သို့ လိုက်လာနေပြီး သူ့မျက်လုံးမှာ တောက်ပသွား၏။ သူက မြူသားရဲ၏အကြည့်က မည်သို့ဆိုလိုသည်ကို နားလည်သည်။
အလားတူပင် အလုံးစုံကောင်းကင်၌ ခုနစ်ရောင်စုံတာအိုသခင်က ဆင့်ခေါ်ခြင်းမြစ်နယ်စပ်ကနေ ဝင်ရောက်လာခဲ့သည်။ သူက ဆင့်ခေါ်ခြင်းမြစ်၌ မည်သည်ကိုမျှ မတွေ့ခဲ့သည့်အတွက် အလုံးစုံကောင်းကင်တွင် အသေအချာ ရှာဖွေမှုကို စတင်သည်။