အမဲလိုက်ပွဲ
Vol. 131 Ch. 1805
တတိယစိတ်ဝိညာဉ် ပေါ်လာသည့်အခိုက်တွင် တာအိုသခင်အိပ်မက်ပြာနှင့် တတိယကိုယ်လုပ်တော်တို့ကလွဲ၍ လူတိုင်း၏ အကြည့်သည် ဝမ်လင်း၏ညာလက်ထံ စုဝေးသည်။ အထူးသဖြင့် ခုနစ်ရောင်စုံတာအိုသခင်၊ တစ္ဆေအိုကြီးကျန့်နှင့် ဗိုလ်ချုပ်လေးယောက်တို့၏ မျက်လုံးထဲ၌ သိသာထင်ရှားသော လိုချင်လောဘများ ပြည့်နေသည်။
“ဒါဟာ အမဲလိုက်ပွဲပဲ။ သင်တို့ဟာ မုဆိုးဖြစ်နိုင်သလို ငါလည်း မုဆိုး ဖြစ်သွားနိုင်တယ်။ သင်တို့ ငါ့ကို သတ်ပြီး တတိယစိတ်ဝိညာဉ်ကို ရယူနိုင်တယ်။ ဒါပေမဲ့ ဒီ့အတွက် ငါ့နောက်လိုက်လာမယ့် လူတိုင်းဟာ သေရမှာ ကြိုပြင်ဆင်ထားသင့်တယ်…”
“သင်တို့အားလုံးဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ သွေးမျိုးဆက် ပိုင်ဆိုင်ထားကြတဲ့အတွက် သင်တို့ကိုယ်သင်တို့ အင်မောတယ်တွေလို့ ထင်ထားကြမှာပဲ။ ဒါပေမဲ့ ဒီအမဲလိုက်ပွဲမှာ သင်တို့ သေရင် ငါရှင်မယ်။ ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ကောင်းကင်ဘုံသားဆိုတဲ့လူတွေကို များများစားစား မသတ်ရသေးဘူး။ အခု ဒီရက်စက်တဲ့ကစားပွဲကို စလိုက်ကြစို့…”
ဝမ်လင်း၏တည်ငြိမ်သောအသံမှာ အေးစိမ့်နေ၏။ သူက ဘေးပတ်လည်သို့ ကြည့်ကာ အေးစက်စက် ပြုံးသည်။
သူက လူတိုင်း၏ရှေ့တွင် ညာလက်ကို ဆုပ်လိုက်ရာ တတိယစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ပျောက်ကွယ်သွားတော့သည်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို တံခါးထံသို့ ဝေ့ယမ်းလိုက်၏။
“လှိုဏ်ဂူလောကရှိ တံခါး…ပွင့်ဟတော့…”
တတိယစိတ်ဝိညာဉ် ပိုင်ဆိုင်ထားသည့် မည်သူမဆို လှိုဏ်ဂူဗဟိုချက်ကို ဖွင့်လှစ်နိုင်ပေမည်။ သည်လူများကြား၌ ဝမ်လင်းသည်သာ ထိုသို့ လုပ်နိုင်သည်။ သူက သည်နေရာရှိ လူများထံမှ သတ်ဖြတ်လိုစိတ်ကို စိတ်မပူပေ။ သူက ထွက်သွားဖို့လည်း စိတ်ကူးမရှိပါ။ သူက လှိုဏ်ဂူလောက၏ ဗဟိုချက်၌ သည်လှိုဏ်ဂူလောကတွင် သူ့နောက်ဆုံး သတ်ဖြတ်မှုကို စတင်တော့မည် ဖြစ်သည်။
ဝမ်လင်းသည် ထိုသတ်ဖြတ်ပွဲအတွက် သူ လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်ပေမည်။
သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီးနောက် တံခါးအတွင်းမှ ကျယ်လောင်စွာ တုန်ဟည်းသံ ထွက်ပေါ်လာ၏။
ထိုတံခါး ဖြည်းဖြည်းချင်း ပွင့်ဟလာနေရင်း မုန်တိုင်းက ပိုပြင်းထန်လာကာ အဆုံးအဆမဲ့ ဝမ်းနည်းစွာ အော်ငြီးသံများ ထွက်ပေါ်လာသည်။ ထိုအော်ဟစ်သံများက ကြားရသူတိုင်းကို မင်သက်မိစေလိမ့်မည်။
လူတိုင်းသည် နောက်ဆုတ်ရလေ၏။ ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့သည်ပင် တံခါးပွင့်လာချိန်၌ နောက်ဆုတ်ရသည်သာ။
ဝမ်လင်းတစ်ယောက်သာ တံခါးအပြင်ဘက်တွင် ရပ်နေ၏။
သည်အခိုက်တွင် တံခါးသည် ပေထောင်ချီ ပွင့်ဟလာလေပြီ။ သို့ပေမည့် ၎င်းမှာ သုံးဆယ်ရာခိုင်နှုန်းသာ ပွင့်ဟသေးသည်။
ဝမ်လင်းက အေးစက်စက်ပြုံး၍ ရှေ့သို့ ခြေလှမ်းကာ လူတိုင်းရှေ့မှာပင် တံခါးချပ်နှစ်ခုကြားသို့ ခြေလှမ်း၏။ သူ ဝင်ရောက်လိုက်သည့်အခိုက်၌ သူက လူတိုင်းကို စူးရဲစွာ ဝေ့ကြည့်သည်။ သူ၏အကြည့်က ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန်တို့ထံ၌ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
“သင်တို့ကို ငါ အထဲမှာ စောင့်နေမယ်…” ဝမ်လင်း၏ စကားသံ ဟိန်းထွက်၏။ သူက တဝက်ပွင့်နေသော တံခါးအတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း ပျောက်ကွယ်သွားသည်နှင့် မုန်တိုင်းက ပို၍ ပြင်းထန်လာသလို မြည်ဟိန်းလာ၏။ ထိုမုန်တိုင်းက ၎င်း၏အထွတ်အထိပ်သို့ ရောက်လာသည့်အလား လူတိုင်းသည် နောက်သို့ ထပ်ဆုတ်ရပြန်သည်။
“သေချင်နေတာပဲ…” ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်လာ၏။ သူက ဝမ်လင်းကို သတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဖြစ်၏။
တစ္ဆေအိုကြီးကျန့်လည်း ရှိသေး၏။ သူ့ပတ်လည်ရှိ အရိပ်က ဝမ်လင်းပျောက်ကွယ်သွားသော တံခါးထံသို့ စိုက်ကြည့်သည်။ သူ့မျက်လုံးထဲ၌လည်း အေးစက်မှု ဖြတ်ပြေးသွားသည်။
သူတို့နှစ်ယောက်သည် ဝမ်လင်း၏စကားများကို စိတ်ထဲ အလေးမထားပေ။ သို့ပေမည့် ကျန်သည့်သူများကမူ သူတို့၏စိတ်နှလုံးတွင်း၌ အေးခနဲ ခံစားမိကုန်သည်။ အထူးသဖြင့် ဗိုလ်ချုပ်လေးယောက်နှင့် ကိုယ်လုပ်တော်များပင်။
အချိန် ကုန်လာသည်။ ဝမ်လင်း ဝင်ရောက်သွားပြီးနောက် တံခါးက လုံးဝ ပွင့်ဟလာသည်။ ထိုအခိုက်တွင် မုန်တိုင်းက အရူးအမူး သောင်းကြမ်းသဖြင့် လူတိုင်းသည် နောက်သို့ ပေထောင်သောင်းချီ ဆုတ်လိုက်ရပြန်သည်။ သို့ပေမည့် သည်အခိုက်၌ မုန်တိုင်းက ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ထိုအခါ တံခါးက လူတိုင်း၏ရှေ့၌ ရှင်းရှင်းလင်းလင်း ပေါ်လာ၏။ ဦးဆုံး ပြေးဝင်လာသူမှာ ခုနစ်ရောင်စုံတာအိုသခင်ပင်။
သူက ဖျတ်ခနဲ တံခါးဝတွင် ပေါ်လာပြီးနောက် အတွင်းသို့ ခြေလှမ်းဝင်၏။ သည့်နောက်တွင် တစ္ဆေအိုကြီးကျန့် လိုက်လာသည်။ သူက တတိယစိတ်ဝိညာဉ်ကို ခုနစ်ရောင်စုံတာအိုသခင် ယူဆောင်မည်ကို လုံးဝ ခွင့်မပြုနိုင်ပေ။ သည်အခိုက်၌ သူတို့နှစ်ယောက်လုံးက တံခါးအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပြီပင်။
တတိယမြောက် ဝင်လာသူမှာ အုပ်စိုးသူပင်။ သူက အရိပ်တစ်ခုအဖြစ်သို့ ပြောင်း၍ တံခါးနား ရောက်လာ၏။ သူက တံခါးအပြင်ဘက်၌ ခဏတာ တုံ့ဆိုင်းနေပြီးနောက် အံတင်းတင်းကြိတ်ပြီး လှမ်းဝင်သွားတော့သည်။ သူတို့သုံးယောက်နောက်တွင် လိုက်ဝင်လာသူမှာ တာအိုသခင်အိပ်မက်ပြာပင်။ အစကတည်းက သူသည် တည်ငြိမ်နေ၏။ သည်အခိုက်၌ သူက တံခါးရှေ့သို့ ဖြည်းဖြည်းချင်း ရောက်လာပြီး သက်ပြင်းချကာ အတွင်းသို့ လှမ်းဝင်သည်။
ခဏတာ ငြိမ်သက်ကုန်ပြီးနောက် ကျန်သည့်သူများကလည်း သူတို့စိတ်ကို ပြင်ဆင်ကာ ဝင်ရောက်လာကြသည်။ ဝင်ရောက်သူတိုင်းက မတူညီသော ရည်ရွယ်ချက်များ ရှိနေပေ၏။
သို့ပေမည့် အများစုက ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်မည်ဟု မထင်ကြပေ။
သူတို့က ဒီတံခါးထံကနေ ဒီလှိုဏ်ဂူလောကသို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။ ခုချိန်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် သည်တံခါးအတွင်း ထပ်မံ ဝင်ရောက်ရလေပြီ။ ဤသည်မှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခု၊ သို့မဟုတ် မူလအစမှတ်နှင့် ဆင်တူပေသည်။
နောက်ဆုံး ဝင်ရောက်လာသူမှာ ဒြပ်စင်ငါးခုဂြိုဟ်မှ လူများကို ဦးဆောင်လာသော အဘိုးအိုမာ ဖြစ်၏။ သူတို့က ဝင်ရောက်ရပေမည်။ သက်ပြင်းချကာ သူတို့ ဝင်ရောက်လာ၏။
တံခါးအတွင်းသို့ လူတိုင်း ပျောက်ကွယ်သွားချိန်၌ လေဟာနယ်အတွင်းမှ မဟာအင်ပါယာရွှမ်လော ပေါ်လာ၏။ သူက တံခါးကို ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် လိုက်ဝင်သည်။
“ဒီကောင်လေးရဲ့ စမ်းသပ်မှုဟာ ဒီနေရာမှာ အဆုံးသပ်သင့်တယ်…”
လှိုဏ်ဂူလောကမှာ မြူများဖြင့် ဖုံးနေဆဲပင်။ သို့ပေမည့် ကြယ်အဖွဲ့အစည်းအနှံ့ တုန်ဟည်းသံများကမူ တဖြည်းဖြည်း တည်ငြိမ်ကာ ပျောက်ကွယ်သွားကြပြီ။
အလုံးစုံကောင်းကင်၌ လှိုဏ်ဂူလောက ဗဟိုချက်ထံသို့ ဦးတည်သော တံခါးက ပွင့်ဟနေလျက်ပင်။ အရည်အချင်း ပြည့်မှီသော လူတိုင်း ဝင်ရောက်နိုင်သည့်အလား။
သို့ပေမည့် သည်တံခါးကနေ ဝင်ရောက်မည့်သူမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ သွေးမျိုးဆက် ပိုင်ဆိုင်ထားရမည် ဖြစ်၏။ ထိုသို့မဟုတ်ပါက တာအိုသခင်အိပ်မက်ပြာကဲ့သို့ စိတ်ဝိညာဉ်ကို ငှားယမ်းရမည်။
သည်ပြောင်းလဲမှုကို သတိပြုမိသော ကျင့်ကြံသူတိုင်းက သည်တံခါးထံမှ ပထမဆုံးထွက်လာမည့်သူကို ငြိမ်သက်စွာ စောင့်နေကြ၏။
သည်နေရာနှင့် ပတ်သတ်၍ လျှို့ဝှက်ချက်အနည်းငယ်ကို သိထားသော စစ်ထူနန်နှင့် ချင်းရွှေတို့သည် ကောင်းကင်ဘုံနယ်မြေ၌ စောင့်နေကြ၏။
သူတို့က ပထမဆုံး ထွက်လာသူမှာ ခုနစ်ရောင်စုံတာအိုသခင်မှန်း သိသည်။ ဝမ်လင်းသာ ဖြစ်ပါက အရာအားလုံးသည် အဆုံးသပ်လှသွားပြီ ဖြစ်သည်။
သည်ကိစ္စမှာ ဒီလှိုဏ်ဂူလောကတစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်လိမ့်မည်။ သေရေးရှင်ရေး ကိစ္စတစ်ခု ဖြစ်သည်။ လှိုဏ်ဂူလောကသည် ခုနစ်ရေရာင်စုံကောင်းကင်ဘုံအုပ်စိုးသူအသစ်၏ အပိုင် ဖြစ်လာမလား၊ သို့မဟုတ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာမည်လား။
မည်သို့ပင်ဖြစ်စေ လှိုဏ်ဂူလောကရှိ သေမျိုးများသည် သူတို့၏ နေ့စဉ်ဘဝ၌ ရှင်သန်နေအုံးမည် ဖြစ်ကာ မည်သို့ဖြစ်ပျက်နေသည်ကို သိလိမ့်မည် မဟုတ်ပေ။
တံခါးအတွင်း၌ ဝမ်လင်းရှေ့ရှိ လောကသည် သည်နေရာတွင် ဖြစ်ပွားခဲ့သော အတိတ်က စစ်ပွဲကြောင့် အပျက်အစီးပုံ ဖြစ်နေလေပြီ။
သူက လှမ်းကြည့်သည့်အခါ အပျက်အစီးပုံများကြား၌ ဧရာမမီးပြင်းဖိုတစ်ခု ရှိနေ၏။ ထိုမီးပြင်းဖိုကို အနက်ရောင်အခိုးအငွေ့အမျှင်တန်းများက ဝန်းရံထားပြီး သည်လောကနှင့် ချိတ်ဆက်နေပုံ ရသည်။
ဝမ်လင်း၏ ကိုယ်တွင်း၌ တတိယစိတ်ဝိညာဉ် ရှိနေ၏။ ၎င်းမှာ ရွှယ်ချင်း ချိပ်ပိတ်ထားခြင်းပင်။ ထို့အတွက် ၎င်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ မဝင်ရောက်နိုင်တော့ပေ။ ထိုစိတ်ဝိညာဉ်ကြောင့် ဝမ်လင်းသည် ဒီလှိုဏ်ဂူလောက၏ ဗဟိုချက်အကြောင်း တခြားသူတိုင်းထက် ပိုသိသည်။
သူက အသက်ဝဝရှိုက်သွင်းကာ မီးပြင်းဖိုထံ လှမ်းကြည့်သည်။
“ဒီနေရာဟာ လှိုဏ်ဂူဗဟိုချက်ပဲ။ ဒါ့အပြင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားရောက်နိုင်မယ့် တံခါးဆိုလည်း ဟုတ်တယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ရှေ့သို့ လှမ်းသည်။ အလင်းတန်းအလား သူ မြန်ဆန်စွာ ရွှေ့လျားနေ၏။
သူ့အောက်ရှိ အပျက်အစီးပုံများကြား၌ သူက သည်နေရာမှာ လှပသောနယ်မြေတစ်ခု ဖြစ်ခဲ့မည်ကို ရေးတေးတေးခံစားမိသည်။ ဒီနေရာမှာ အစစ်အမှန်လှိုဏ်ဂူ ဖြစ်ပေသည်။ သို့မဟုတ် သည်လှိုဏ်ဂူလောက၏ ဗဟိုချက်ဟုလည်း ပြောနိုင်သည်။
သို့ပေမည့် အရာအားလုံးမှာ ပျက်စီးနေပြီ ဖြစ်သည်။ ဝမ်လင်းသည် ထိုအပျက်အစီးပုံများကို ကြည့်ကာ အောက်မေ့ဟန် ပေါ်သည်။ သူက သည်ခံစားချက်သည် သူ့ထံမှ မဟုတ်ဘဲ တတိယစိတ်ဝိညာဉ်ထံမှ ဖြစ်ပေါ်လာသည်ကို သိသည်။
ဝမ်လင်းသည် သည်နေရာရှိ အပျက်အစီးပုံများကြား ပျံသန်းနေရင်း ငြိမ်သက်စွာ စဉ်းစားနေ၏။ ဒီနေရာရှိ အတားအဆီးများသည် ကျိုးပျက်နေကာ ဆက်လက် မတည်ရှိတော့ပေ။ သို့ပေမည့် သူ စတင် ပျံသန်းလာပြီးနောက် ခဏအကြာတွင် ဝမ်လင်းက ရပ်လိုက်၏။ သူက အောက်သို့ ငုံ့ကြည့်ကာ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်သည်။
“ဒီအတားအဆီးတွေဟာ ပျက်စီးနေပေမဲ့ တချို့အစိတ်အပိုင်းတွေကတော့ အကောင်းတိုင်း ရှိနေသေးတယ်။ ဒါတွေကို အတားအဆီးအသစ်တွေအဖြစ် ပြန်ဖွဲ့စည်းလို့ ရနိုင်တယ်…”
ဝမ်လင်းက အောက်သို့ ငုံ့ကြည့်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူ့မျက်လုံးထဲတွင် သွေးစင်းကြောင်းများ ပေါ်လာသည်။
သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေနေရင်း မမြင်ရသော အတားအဆီးများက အောက်ဘက်ရှိ အပျက်အစီးပုံများပေါ်သို့ ကျရောက်သည်။ ထိုအခါ ၎င်းတို့ထံမှ တစ္ဆေအလင်းများစွာ ထွက်ပေါ်လာသည်။
အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက် တစ္ဆေအလင်းက တောက်ပလွန်းလာ၏။ ယင်းက ဝမ်လင်းကို ထွေးခြုံသည်။ သူ့မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပိုပေါ်လာသည်။ ထို့နောက် သူ မျက်လုံးမှိတ်လိုက်သည်။ သူ မျက်လုံး ပြန်ဖွင့်လာသည့်အခါ သွေးစင်းကြောင်းများက သူ့ရှေ့တွင် ပေါ်လာသည်။
ထိုသွေးစင်းကြောင်းများသည် ချက်ခြင်းပင် ဝမ်လင်းကို ကျော်၍ ချဲ့ကားလာကာ သည်နေရာရှိ အပျက်အစီးပုံများကို လုံးဝ ဖုံးအုပ်သွားသည်။
အဝေးမှ ကြည့်ပါက တုန်လှုပ်ဖွယ် မြင်ကွင်းပင်။ သွေးစင်းကြောင်းများသည် လက်မောင်းလုံးခန့် ထူထဲကာ တုန်လှုပ်ဖွယ်ကောင်းလှသည်။
ဝမ်လင်း၏ အသက်ရှုသံက အနည်းငယ် ကြမ်းလာ၏။ ခဏအကြာတွင် သူက လက်ဝေ့ယမ်းသည်။ သွေးစင်းကြောင်းများသည် တိတ်တဆိတ်ပင် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ထိုအတားအဆီးအစီအရင်က ပြည့်စုံသွားလေပြီ။
မြေပြင်ထက်မှ ထွက်ပေါ်နေသော တစ္ဆေအလင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝမ်လင်းက ဝင်ပေါက်သို့ လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ သူက အနက်ရောင်အခိုးငွေ့များ ဝန်းရံထားသော မီးပြင်းဖိုနားသို့ ရောက်လာသည်။ ထို့နောက် သူသည် ၎င်းအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။