← Chapters

အဖျက်အစီးလောကသုံးရာ

Vol. 131 Ch. 1806

အဖျက်အစီးလောကသုံးရာ

Vol. 131 Ch. 1806

ဝမ်လင်း ပျောက်ကွယ်သွားသည့်အခိုက်တွင် မီးပြင်းဖို ပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များသည် မြန်ဆန်စွာ စတင် လှည့်ပတ်ကာ မြည်ဟည်းလာသည်။

အနက်ရောင်လှိုင်းဂယက်များသည် ထိုမီးပြင်းဖိုထံမှ ပျံ့နှံ့လာကာ ဒီနေရာရှိ လောကသည် ပုံပျက်ယွင်းလာ၏။ မရေမတွက်နိုင်သော အရိပ်များ ပေါ်လာသည့်နှယ်။

ထိုမီးပြင်းဖိုရှေ့၌ မျက်နှာတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာ၏။ ယင်းမျက်နှာက ဝေဝါးသော်လည်း လူတစ်ယောက်သည် ၎င်းမှာ ဝမ်လင်း၏မျက်နှာဖြစ်မှန်း အဝေးကကြည့်လျှင်ပင် မြင်နိုင်သည်။

ထိုမီးပြင်းဖိုက သည်လှိုဏ်ဂူ၏ ဗဟိုချက် ဖြစ်၏။ ၎င်းက ထူးဆန်းလွန်းက ဝင်ရောက်သူတိုင်း၏ မျက်နှာသည် မီးပြင်းဖိုပေါ်တွင် ပေါ်လာမည်ပင်။ ၎င်းထံ၌ စိတ်ဝိညာဉ်ချိပ်တံဆိပ်တစ်ခု ရှိနေသည့်အလား။

သူ မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လာသည့်နောက် သူ့ရှေ့တွင် ပေါ်လာသည်မှာ နက်မှောင်သောလောကတစ်ခု ဖြစ်၏။ ၎င်းက အဆုံးအဆမဲ့ဟန် ထင်ရသော်လည်း ခြေတစ်လှမ်းဖြင့်ပင် သူ့အတွက် ဖြတ်သန်းသွားနိုင်သည်။

သည်လောက၌ ရှိနေသော တစ်ခုတည်းသောအရာမှာ အဝါရောင်ပန်းပွင့်ကြီးတစ်ပွင့် ဖြစ်၏။ မြေပြင်ထု၌ ၎င်း၏ အမြစ်ရှိကာ ကောင်းကင်၌ ၎င်း၏အရွက်များ ရှိ၏။ ဖူးပွင့်နေသော ပန်းက ၎င်း၏ကိုယ်ပိုင်လောကပင်။

ထိုပန်းက အလွန်ရိုးရှင်းကာ ရိုးတံငါးခုသာ ရှိသည်။ မည်သည့် ရနံ့မှ မရှိပေ။ သို့သော် သင်သည် ထိုပန်းကို ကြည့်ပါက  ၎င်းသည် မတည်ရှိသည့်အလား ပုံရိပ်တစ်ခုလိုသာ ထင်မြင်လိမ့်မည်။

ပန်းပွင့်ပေါ်၌ သိသိသာသာ ဖြစ်နေသော နှင်းရည်စက်အချို့ ရှိနေ၏။ တိတိပပဆို အရည်စက် သုံးရာပင်။

ထိုနှင်းရည်စက်သုံးရာက တောက်ပနေပြီး သည်မြင်ကွင်းကို အိပ်မက်တစ်ခုနှယ် ဖြစ်စေသည်။

ဝမ်လင်းက နေရာတွင် ရပ်နေ၏။ ပန်းပွင့်က သူ့ရှေ့တွင် ရှိသည်။ သူက ၎င်းကို တည်ငြိမ်စွာ ကြည့်သည်။ သူ့ထံ၌ တတိယစိတ်ဝိညာဉ် ပိုင်ဆိုင်ထား၏။ သူက ၎င်းကို အပြည့်အဝ မပေါင်းစပ်ထားသော်လည်း သည်လှိုဏ်ဂူဗဟိုချက်အပါအဝင် တချို့မှတ်ဉာဏ်များကို လက်ခံရရှိထားသည်ပင်။

“ဒါဟာ အဖျက်အစီးလောကသုံးရာ ဖြစ်ရမယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

တတိယစိတ်ဝိညာည်၏ မှတ်ဉာဏ်ထဲ၌ ဤသည်မှာ လှိုဏ်ဂူလောက၏ ဗဟိုချက်၊ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ တံခါးပိတ်ကျင့်ကြံတတ်သော နေရာပင်။ အတင်းအကြပ် ချိုးဝင်လာပါက သည်နေရာ၏ အကာအကွယ်ရတနာများသည် အသက်ဝင်လာကာ လူအများ ဝင်ရောက်ခြင်းကို ဟန့်တားလိမ့်မည်။

သို့ပေမည့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ သေဆုံးမှု၊ လျန်တောက်ဖေ ကျူးကျော်လာမှု၊ တာအိုခုနစ်ခုကလန်၏ တပည့်အချို့က ကိုယ်လုပ်တော်များနှင့်အတူ သစ္စာဖောက်မှုတို့ကြောင့် သည်နေရာရှိ အကာအကွယ်များသည် ဖျက်စီးခံရပြီး ဖြစ်သလို တချို့မှာလည်း ပြောင်းလဲကုန်ပြီ ဖြစ်သည်။

ဝမ်လင်းက တတိယစိတ်ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များနှင့် သည်နေရာမှာ မတူဘဲ ပြောင်းလဲသွားမည်ကို စိတ်ပူခဲ့၏။ သို့သော် သူက သည်ပန်းပွင့်နှင့် နှင်းရည်စက်သုံးရာကို တွေ့မြင်သည့်အခါတွင်တော့ စိတ်အေးသွားတော့သည်။

“ကြည့်ရတာ ဒီပထမပန်းပွင့်ဟာ တတိယစိတ်ဝိညာဉ်ရဲ့ မှတ်ဉာဏ်ထဲကနဲ့ အတူတူပဲ၊ ဒီနေရာမှာ ဘာမှ မပြောင်းလဲသွားခဲ့တဲ့ပုံပဲ…”

အဖျက်အစီးလောကသုံးရာ။ ဝမ်လင်းသည် ဤလောကသုံးရာအကြောင်း တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များထံမှ သိထားပြီးပင်။ ခုနစ်ရောင်စုံတာအိုသခင်သည် သည်လှိုဏ်ဂူလောကကို ဖန်တီးဖို့ စကြိုးစားခဲ့ချိန်က သူသည် အကြိမ်သုံးရာ ကျရှုံးခဲ့ရ၏။

ထိုသို့ ကျရှုံးခဲ့သော်လည်း လောကများသည် ဖန်တီးခံရဆဲပင်။ ယင်းတို့က  မပြည့်စုံဘဲ ဒြပ်စင်များစွာ လိုအပ်မှု ရှိနေသော်လည်း တည်ရှိနေသည်က အမှန်ပင်။ ယင်းတို့ကို ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက အသုံးမပြုခဲ့ပေ။ သူ သုံးရာတစ်ကြိမ်မြောက် ဖန်တီးလိုက်သော လောကမှာ ဒီလှိုဏ်ဂူလောက ဖြစ်လေ၏။

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သည်ကျရှုံးမှု သုံးရာကို စွန့်ပစ်ဖို့ ဆန္ဒမရှိသည့်အတွက် ယင်တးတို့ကို ဒီနေရာအား ကာကွယ်ရန် သန့်စင်ခဲ့ကာ နှင်းရည်စက်သုံးရာအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ခြင်းပင်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အသက်ရှင်နေသေးပါက သူ့နတ်ဘုရားအာရုံဖြင့် သည်အဖျက်အစီးလောကသုံးရာထံ ပျံ့လွင့်စေနိုင်ကာ သည်လောကများ၏ ဥပဒေအချို့ကိုပါ ပြောင်းလဲနိုင်လိမ့်မည်ပင်။

နှင်းရည်စက်တစ်စက်စီတိုင်း၌ ၎င်း၏ကိုယ်ပိုင်လောက ပါဝင်သည်။

“ဒီအဖျက်အစီးလောကသုံးရာဟာ ဆက်ရှိနေမှတော့ ငါ့အစီအစဉ်ကို အနည်းငယ် ပြောင်းဖို့ပဲ လိုတော့တယ်။ ဒါဟာ ပထမဆုံး အမဲလိုက်မယ့်နေရာ ဖြစ်ပြီ…”

“ခုလက်ရှိ ငါဟာ ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေအိုကြီးကျန့်တို့ကို အမဲ မလိုက်နိုင်သေးဘူး။ ဒါပေမဲ့ ကျန်တဲ့လူတွေကိုတော့ ဒီလောကသုံးရာ အကူအညီနဲ့ဆို သူတို့ထဲက တချို့ကို သတ်ဖို့ ယုံကြည်မှု ရှိတယ်…”

“ငါ ပိုသတ်လေလေ ကျန်နဲ့ စိတ်ဝိညာဉ်နှစ်ခုနဲ့ ရင်ဆိုင်ဖို့ ငါ့စွမ်းအားက ပိုကြီးမားလာလေပဲ…”  ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သည်လှိုဏ်ဂူအတွင်းရှိ လျှို့ဝှက်ချက်မှာ တတိယစိတ်ဝိညာဉ်အတွင်း၌ ရှိနေသည်။

ထိုလျှို့ဝှက်ချက်ကို အပြင်လူများ မသိနိုင်ပေ။ မှတ်ဉာဏ်များ မပိုင်ဆိုင်ထားသော ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့ မဆိုနှင့် ဗိုလ်ချုပ်လေးယောက်နှင့် ကိုယ်လုပ်တော်များသည်လည်း ထိုလျှို့ဝှက်ချက်ကို မသိကြပေ။ ၎င်းမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဒီလှိုဏ်ဂူလောကထဲ၌ ချန်ထားခဲ့သော ဝှက်ဖဲဖြစ်၏။

လျန်တောက်ဖေ ပေါ်လာသည်က ရုတ်တရက် ဆန်လွန်းခြင်း၊ ဒဏ်ရာအပြင်းအထန် ရထားခြင်းတို့ကြောင့်သာ မဟုတ်ပါက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် လျန်တောက်ဖေကို ဝါးမြိုဖို့ ကောင်းကင်ဘုံတာအိုကို ဆင့်ခေါ်ရန် လိုမည် မဟုတ်ပေ။ အတိတ်တုန်းက ထိုစစ်ပွဲ၏ ရလဒ်သည်လည်း လုံးဝ ကွဲပြားသွားခဲ့မည်ပင်။

သည်လျှို့ဝှက်ချက်ကြောင့်လည်း ဝမ်လင်းက သည်နေရာတွင် အမဲလိုက်ရန် ယုံကြည်ချက် ရှိနေခြင်းပင်။ ထို့အပြင် သည်လျှို့ဝှက်ချက်ကို သုံး၍ သူက ဒီနေရာ၌ လုံလောက်အောင် သတ်ဖြတ်ရမည်။

“အဖျက်အစီးလောကသုံးရာ။ စိတ်ဝင်စားစရာပဲ…”  ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူက ရှေ့သို့ လှမ်းသည်။ သူသည် ပန်းပွင့်နား ရောက်လာပြီးနောက် နှင်းရည်စက်တစ်စက်ထဲသို့ ဝင်ရောက်လိုက်သည်။

ဝမ်လင်းက ထိုအရည်စက်ထဲသို့ ပျောက်ကွယ်သွားပြီးနောက် ထိုအရည်စက်ထံမှ ထွက်ပေါ်လာသော လှိုင်းဂယက်များသည် တဖြည်းဖြည်း ပြန်တည်ငြိမ်သွား၏။

ထိုနှင်းရည်စက်မှာ မကြီးမားလှပါ။ သို့သော် အတွင်း၌ တခြားလောကတစ်ခု ရှိနေ၏။ သူက တချို့အကြံဉာဏ်များ ရှိထားသော်လည်း အရာအားလုံးကို တွေ့မြင်ရသည့်နောက် တုန်လှုပ်မိသွားဆဲပင်။

ဝမ်လင်းသည် ကြယ်အဖွဲ့အစည်းတစ်ခုအတွင်း ရောက်လာခဲ့ပေပြီ။

ထိုကြယ်အဖွဲ့အစည်းက တောက်ပကာ ဂြိုဟ်အစုအဝေးများ ပြည့်နေ၏။ သို့သော် ယင်းတို့၌ အလင်း၏အရိပ်အယောင် လုံးဝ ရှိမနေပေ။ ဝမ်လင်းက သည်ကြယ်အဖွဲ့အစည်းအနှံ့ သူ့နတ်ဘုရားအာရုံကို တဖြည်းဖြည်း ဖြန့်ကျက်သည်။

ဒီလောက၏ အရွယ်အစားမှာ တောက်ပသောလေဟာနယ်နှင့် ညီမျှနေပေ၏။ ဂြိုဟ်များစွာ ရှိမနေပေ။ စုစုပေါင်းမှ ဂြိုဟ်ကိုးလုံးသာ ရှိသည်။ သို့သော် ယင်းတို့ထံမှ မည်သည့်အသက်ဓာတ်မှ ထွက်ပေါ်မနေပေ။

တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်ကြောင့် ဝမ်လင်းက သည်အဖျက်အစီးလောကသုံးခုကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစားသုံးခုခွဲထားသည်ကို သိနေ၏။ ပထမအမျိုးအစားမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ခေါ်ဆောင်လာသော ကောင်းကင်ဘုံသားရဲများကို သိုလှောင်သိမ်းဆည်းထားခြင်းတည်း။ နှစ်ပေါင်းများစွာ လွန်လာသည့်နောက် ယင်းသားရဲများသည် သေရင်သေ၊ သို့မဟုတ် ဆင့်ကဲပြောင်းလဲကာ အလွန်အစွမ်းထက်လာခဲ့ကြတော့သည်။

ဒုတိယအမျိုးအစားမှာ သူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ဖမ်းလာသော သေမျိုးအုပ်စု ဖြစ်၏။ သူက ၎င်းတို့ကို ဒီနေရာတွင် မျိုးပွားစေပြီး အချိန်ကြာမြင့်စွာ စောင့်ကြည့်လေ့လာရန်ပင်။ သူက ထိုနည်းလမ်းကို သုံး၍ ကောင်းကင်ဘုံတာအို၏ လျှို့ဝှက်ချက်ကို သင်ယူနိုင်ရန်ပင်။

တတိယအမျိုးအစားကမူ သည်လောကများ၌ လူများ၊ သားရဲများ၊ သက်ရှိများ လုံးဝ ရှိမနေပေ။ သည်လောက၏ ဥပဒေသများကိုပါ ချမှတ်ထားခြင်း မရှိပေ။ ရန်သူက ချိုးဖျက် ဝင်ရောက်လာသည်နှင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သူ့ရန်သူအပေါ် အခြေခံ၍ ဥပဒေသကို ချမှတ်မည်ပင်။

အဖျက်အစီးလောက တတိယအမျိုးအစားကို နှစ်ပိုင်းခွဲထားသည်။ပထမတစ်ပိုင်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက မည်သည့်ဥပဒေသများကိုမှ မချမှတ်နိုင်သော နေရာ ဖြစ်ပြီး တခြားတစ်ပိုင်းကတော့ သူ ဥပဒေသများ ချမှတ်မည့်နေရာ ဖြစ်သည်။

လူတစ်ယောက်သည် လျန်တောက်ဖေကဲ့သို့ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ် မပိုင်ဆိုင်ထားဘဲ သူ့လောက် အစွမ်းမထက်ပါက သည်အဖျက်အစီးလောကသုံးရာကို ချိုးဖျက်နိုင်ဖို့ လွန်စွာ အားထုတ်ရလိမ့်မည်။ အနည်းငယ် ဂရုမစိုက်မိသည်နှင့် သည်နေရာ၌ သူတို့ သေသွားနိုင်သည်။

ဝမ်လင်း၏ ဒီလောကသုံးရာအကြောင်း နားလည်မှုက မပြည့်စုံသေးပေ။ အကြောင်းမှာ သူက တတိယစိတ်ဝိညာဉ်နှင့် အပြည့်အဝ မပေါင်းစပ်ထားခြင်းကြောင့် ဖြစ်၏။ သူက သည်အဖျက်အစီးလောကသုံးရာအကြောင်း ခုနစ်ဆယ်၊ရှစ်ဆယ် ရာခိုင်နှုန်းလောက်သာ သိထားသည်။

သည်အခိုက်၌ သူက ဘေးပတ်လည်သို့ ကြည့်၏။ သူ့မျက်လုံးသည် အရောင်တောက်လာသည်။

“ဒါဟာ အဖျက်အစီးလောကရဲ့ တတိယအမျိုးအစား ဖြစ်လိမ့်မယ်။ ဒါဟာ အဲ့အမျိုးအစားရဲ့ ပထမပိုင်းလား၊ ဒုတိယပိုင်းလားတော့ ငါ မသိဘူး…”  ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ အကွာအဝေးတစ်ခုထံ အလွန်မြန်သောနှုန်းဖြင့် ဦးတည်ဝင်လာသည်။

သူ၏ပုံရိပ်က ဂြိုဟ်ကိုးလုံးအတွင်းရှိ ကောင်းကင်ထက်၌ ပေါ်လာ၏။ သူက ယင်းတို့ကို မြန်ဆန်စွာ ဖြတ်သန်းရွှေ့လျားသည်။ သူက တစ်ခုခုကို ရှာဖွေသည့်အလား။ သို့သော် အဆုံးသပ်၌ သူသည် မည်သည့်အရာကိုမျှ မတွေ့သေးပေ။

အချိန် ကုန်လာသည်။ ဝမ်လင်းသည် နာရီဝက် ကြိုစောရောက်နေခဲ့ပြီး ဒီနေရာတွင် အတားအဆီးများ ချမှတ်ခဲ့ရာ၌ ကုန်ဆုံးခဲ့ရသော အချိန်နှင့်ဆို သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။

ကိုးခုမြောက်ဂြိုဟ်ပေါ်တွင် ရပ်ကာ ဝမ်လင်းက မျက်မှောင်ကြုတ်နေ၏။

“တတိယစိတ်ဝိညာဉ်ဟာ ဥပဒေသတွေကို ထုတ်နိုင်တဲ့ မှတ်ဉာဏ် လုံးဝ ရှိမနေဘူး။ ကြည့်ရတာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကတော့ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဒီအဖျက်အစီးလောက၊တတိယအမျိုးအစားရဲ့ ဥပဒေသတွေကို ပြောင်းလဲနိုင်တဲ့ ပုံပဲ…”

ခဏအကြာတွင် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၏။ သူက သည်ဧရိယာကို ထပ်ခါထပ်ခါ ခြုံလွှမ်းသည်။ ထို့နောက် သူ့မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

သူက လေဟာနယ်တခွင် ပျံ့နှံ့နေသော မမြင်ရသည့် လှိုင်းဂယက်များကို ခံစားမိ၏။ ထိုလှိုင်းဂယက်များသည် ကောင်းစွာ ပုန်းကွယ်နေကာ ထောက်လှမ်းမိဖို့ ခက်လှသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာပြီး လှိုင်းဂယက်ပေါ်သို့ ကျရောက်နေသည်။ နာရီဝက်က ကုန်ဆုံးတော့မည် ဖြစ်၏။ သူက ထိုလှိုင်းဂယက်သည် ငါးခုမြောက်ဂြိုဟ်ထံမှ ထွက်ပေါ်လာနေသည်ကို အာရုံရသည်။

ဝမ်လင်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ ငါးခုမြောက်ဂြိုဟ်ပေါ်တွင် ဖြစ်ပြီး သူက တောင်ထိပ်တစ်ခုထံ ဦးတည်သည်။

ထိုတောင်သည် တောင်ကတုံးပြောင် ဖြစ်နေကာ ဓားတစ်လက်က တိမ်စိုင်များကြား ထွင်းဖောက်နေသည်နှင့် ဆင်တူ၏။ ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာသည်။ သူ ခံစားမိခဲ့သော လှိုင်းဂယက်က ဤတောင်မှ ထွက်ပေါ်လာခြင်းပင်။

“ဒီနေရာ ဖြစ်နိုင်လား…”  ဝမ်လင်း၏နတ်ဘုရားအာရုံက သည်တောင်ပေါ် ခပ်နှိပ်ထား၏။ သို့ပေမည့် သူမည်မျှ စစ်ဆေးကြည့်ပါစေ ထိုတောင်မှာ လုံးဝ သာမန်သာ ဖြစ်နေသည်။

“ငါ ကြိုးစားကြည့်လိုက်ရင် သိမှာပဲ။ ငါဟာ ဒီလောကကို ရောက်လာတဲ့ ပထမဆုံးသူ ဖြစ်တယ်။ ငါဟာ ကောင်းကင်ဘုံသွေးမျိုးဆက်ပိုင်ဆိုင်တဲ့သူအားလုံးကို ဖိနှိပ်တဲ့ ဥပဒေသ ဒီမှာ ထုတ်ပြန်တယ်…”  ဝမ်လင်းက ထိုတောင်ထံသို့ ဤသို့ဆို၏။ သူ့နတ်ဘုရားအာရုံ သတင်းစကား ပို့လွှတ်လိုက်သည့်အခါ ဒီလောကသည် တုန်ဟည်းကာ ဒီဂြိုဟ်သည် ပျက်စီးတော့မည့်အလား ပြင်းထန်စွာ တုန်ခါသည်။

ပုန်းကွယ်နေသော ဥပဒေသတစ်ခု ပေါ်လာသည့်အလား။ သို့သော် ၎င်းက ပေါ်လာမည့်ရုံ ရှိသေး ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး အရာအားလုံးသည် ပြန်တည်ငြိမ်သွားသည်။

ဝမ်လင်းသည် နေရာတွင် လွင့်မြောကာ မျက်မှောင်ကြုတ်နေဆဲပင်။

“ဒီအဖျက်အစီးလောကမှာ ဥပဒေသတစ်ခု ဖြစ်ပေါ်နိုင်တဲ့ စွမ်းအား မရှိဘူးလား။ အဲ့ဒါဆိုရင် ဒါကို တခြားတစ်ခုခုအဖြစ် ပြောင်းလဲကြည့်လိုက်မယ်…”

ဝမ်လင်း ဥပဒေသ ချမှတ်နေစဉ် တံခါးပတ်လည်ရှိ မုန်တိုင်းသည် ပျောက်ကွယ်ကာ လှိုဏ်ဂူဗဟိုချက်ထံသို့ တံခါးမှာ လုံးဝ ပွင့်ဟသွားလေပြီ။ ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့က အလျင်စလို ရောက်လာကြ၏။ အပြင်ဘက်ရှိ ကျန်သည့်သူများမှာလည်း တဖြည်းဖြည်း လိုက်ဝင်လာသည်။

ခုနစ်ရောင်စုံတာအိုသခင်က ဦးဆုံး ဝင်လာသူ ဖြစ်ကာ သူက ဘေးပတ်လည်သို့ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။ သူသည် အပျက်အစီးပုံကို ဖြတ်၍ မီးပြင်းဖိုထံ ပျံသန်းလာသည်။ သူသည် ထိုမီးပြင်းဖိုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

သူ့နောက်တွင် တစ္ဆေအိုကြီးကျန့်လည်း မီးပြင်းဖိုအတွင်း ပျောက်ကွယ်သွားသည်။

မီးပြင်းဖို၏ ဘယ်ဘက်နှင့် ညာဘက်တွင် တာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့၏ မျက်နှာများ ပေါ်လာသည်။ သူတို့၏ မျက်နှာများကို အနက်ရောင်အခိုးငွေ့များက ခြုံလွှမ်းထားပြီး အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသည်။

တတိယဝင်ရောက်လာသူမှာ အုပ်စိုးသူပင်။ သူက အပျက်အစီးပုံသို့ ဖြတ်သန်းရန် ခြေလှမ်းစဉ် သူ့အမူအရာက ပြောင်းလဲသွား၏။ သူက ရပ်လိုက်သည်။ သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ သူက သူ့ကိုယ်သူ မမြင်ရအောင် ကွယ်ဝှက်ထားလိုက်သည်။

သူ၏နောက်တွင် တာအိုသခင်အိပ်မက်ပြာ ရောက်လာ၏။ သူက အောက်ဘက်ရှိ အပျက်အစီးပုံကို ကြည့်ကာ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ရုတ်တရက် သူက ပြုံး၍ မီးပြင်းဖိုသို့ ဝင်ရောက်ရန် ရှေ့သို့ ဦးတည်လာသည်။ သို့သော် သူ့အောက်ရှိ အပျက်အစီးပုံမှာ မည်သို့မျှ ပြောင်းလဲမသွားပေ။

တခြားတစ်ဖက်တွင် ပုန်းနေသော အုပ်စိုးသူက မျက်မှောင် မကြုတ်မိဘဲ မနေနိုင် ဖြစ်သွားရ၏။

All Chapters