ဥပဒေသများ ထုတ်ပြန်နိုင်ခြင်း
Vol. 131 Ch. 1807
ဗိုလ်ချုပ်လေးယောက်နှင့် တာအိုခုနစ်ခုကလန်မှ တပည့်များလည်း သိပ်မကြာခင် ဝင်ရောက်လာကြသည်။ ကောင်းကင်ဘုံကိုယ်လုပ်တော်များလည်း ဝင်ရောက်လာ၏။ သူတို့ ဝင်ရောက်လာသည်နှင့် သူတို့ထံတွင် စိတ်ရှုပ်ထွေးဟန် အမူအရာများ ရှိလို့နေသည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ လာသော ကောင်းကင်ဘုံသားများထဲမှ တစ်ယောက်က သက်ပြင်းချကာ ရှေ့ဆက်လာသည်။ သူက ဒီနေရာရှိ မည်သည့်အတားအဆီးကိုမျှ အသက်မဝင်စေဘဲ မီးပြင်းဖိုနား နီးကပ်လာသည်။
သူ၏နောက်တွင် လူတိုင်းက အောက်ဘက်ရှိ အပျက်အစီးပုံကို ကြည့်ကြ၏။ သူတို့ထဲမှ အချို့က မျက်မှောင်ကြုတ်ကာ ရပ်တန့်သွားသည်။
လူအချို့က ကောင်းကင်ဘုံသားနောက်သို့ လိုက်ပါလာပြီး အပျက်အစီးပုံသို့ ဝင်ရောက်သွားကြ၏။ သို့ပေမည့် သူတို့ ဝင်ရောက်လိုက်သည်နှင့် သူတို့၏အမူအရာများ ပြောင်းလဲကုန်သည်။ အနီရောင်လိုင်းများ ပေါ်လာကာ တောက်ပသော အနီရောင်အလင်းကို ပေးစွမ်း၍ အတွင်း၌ သူတို့အား ပိတ်လှောင်စေတော့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟိန်းကာ သွေးစင်းကြောင်းများသည် အပျက်အစီးများ၏ အထက်၌ ပေါ်လာ၍ အရံအတားတစ်ခုကို ဖြစ်စေသည်။ အတွင်းရှိ လူများက နာကျင်စွာ အော်ဟစ်လိုက်ရပြီး မြန်ဆန်စွာ နောက်ဆုတ်ကြသည်။
ထိုရုပ်တရက် ပြောင်းလဲမှုက ဘေးကင်းကင်း ဖြတ်ကျော်သွားသော ကောင်းကင်ဘုံသားကို မင်သက်သွားစေ၏။ သူက လှည့်ကြည့်လိုက်ရာ သူ့အမြင်ကို ပိတ်ဆို့ထားသော သွေးစင်းကြောင်းများကို တွေ့မြင်သည်။ ယင်းတို့က သူ့အား ထိတ်လန့်စေ၏။ သူက တုံ့ဆိုင်းသွားပြီးနောက် ခပ်မြန်မြန်ပင် မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လိုက်သည်။
ပုန်းကွယ်နေသော အုပ်စိုးသူ၏ မျက်လုံးတို့က လက်ခနဲ ဖြစ်သွားကာ သူက နှာခေါင်းရှုံ့သည်။
တာအိုခုနစ်ခုကလန်မှ အဘိုးအိုတစ်ယောက်က ကံကောင်းထောက်မကာ ဘေးကင်းကင်းဖြင့် မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့၏။ သူက အဘိုးအိုတစ်ယောက် ဖြစ်ပြီး သူ၏ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားခြင်း မရှိပေ။ သူက သူ့ရှေ့ရှိ နှင်းရည်စက်သုံးရာနှင့်အတူ ပန်းပွင့်ကို တွေ့မြင်သည်။
သူ့ရှေ့ရှိ ဝင်ရောက်သွားသော သုံးယောက်က ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်၏။ သူက ထိုပန်းပွင့်ကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် နှင်းရည်စက်တစ်စက်ကို ကောက်ယူကာ တဖြည်းဖြည်းချင်း ဝင်ရောက်သည်။
ထိုအဘိုးအို ထိုနှင်းရည်စက်အတွင်း ဝင်ရောက်ရုံ ရှိသေး တောင်ထိပ်ပေါ်၌ ထိုင်နေသော ဝမ်လင်းက ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်သည်။
“ပထမဆုံးတစ်ယောက်တော့ ရောက်လာပြီ။ ကံမကောင်းစွာနဲ့ သူ့ကျင့်ကြံမှုအဆင့်က မမြင့်မားတာပဲ။ ဒီလိုကျင့်ကြံမှုအဆင့်နဲ့ သူက ဒီကိုလာခဲ့ရဲတာဟာ အစောပိုင်းတုန်းက ငါ့ သတိပေးချက်ကို လစ်လျူရှုတဲ့ သဘောပဲ။ သူဟာ သေချင်နေတာပဲ။ ငါ ဒီနေရာမှာ ထုတ်ပြန်ထားတဲ့ ဥပဒေသနဲ့ သူ့ကို တွေ့ကြုံစေခိုင်းလိုက်မယ်…”
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်သည့်အခါ သူက ကောင်းကင်ထက်တွင် ပေါ်လာသော ဝဲကတော့တစ်ခုကို တွေ့ရှိသည်။
ထိုဝဲကတော့ မြန်ဆန်စွာ လှည့်ပတ်ရင်း ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုပုံရိပ် လုံးဝ ပေါ်လာသည့်အခါ ဝဲကတော့သည် ပျောက်ကွယ်သွားတော့သည်။
ထိုပုံရိပ်မှာ တာအိုခုနစ်ခုကလန်မှ ကံကောင်းသွားသော အဘိုးအိုပင်။ သူက ပေါ်လာရုံ ရှိသေး သတိအပြည့်ထားကာ နတ်ဘုရားအာရုံကို ဖြန့်ကျက်၏။ သို့ပေမည့် သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူက ဝမ်လင်းကို ရှာမတွေ့နိုင်ပေ။
သူက မျက်မှောင်ကြုတ်ကာ ချီတုံချတုံ ဖြစ်နေသည်။ သူက ခြေတစ်လှမ်းလှမ်း၍ ပျံသန်းရန် ဟန်ပြင်လိုက်သည်။ သို့ပေမည့် သူ ခြေလှမ်းလိုက်သည့်အခါ သူ့အမူအရာသည် ပြောင်းလဲသွားသည်။ သူက မည်သည့်အရာကိုမျှ ခြေချမိခြင်း မရှိဘဲ မြန်ဆန်စွာ အောက်သို့ ပြုတ်ကျသွားသည်။
သည် ရုတ်တရက် ပြောင်းလဲမှုက ထိုအဘိုးအိုကို လုံးဝ မင်သက်သွားမိစေသည်။ခဏအကြာတွင် သူက ကြောက်ကြောက်လန့်လန့် ပြုတ်ကျလာကာ သူ၏ ပျံသန်းနိုင်သည့်စွမ်းရည်မှာလည်း ဆုံးရှုံးသွားသည်။ သူ၏ ကျင့်ကြံမှုကို အပြည့်အဝ ပေါက်ကွဲစေလျှင်ပင် သူသည် သူ့ခန္ဓာကိုယ် ပြုတ်ကျနေခြင်းကို မရပ်တန့်ဘဲ ရှိသည်။
တောင်ထိပ်ပေါ်၌ ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။
“ဒါက တကယ်ပဲ သက်ရောက်မှု ရှိတယ်။ ဒီအဖျက်အစီးလောကတွေဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကံမကောင်းစွာနဲ့ ဥပဒေသ တော်တော်များများကို ကြိုးစားပြီးတဲ့နောက်မှာ ပျံသန်းနိုင်တဲ့ စွမ်းရည်ကို ရပ်တန့်စေတဲ့ ဥပဒေသတစ်ခုပဲ အလုပ်ဖြစ်နေတာ။ ဒါဟာ ရတနာတွေအပေါ်မှာလည်း သက်ရောက်မှု မရှိဘူး။ ပစ်မှတ်ရဲ့ ကျင့်ကြံမှုအဆင့် ပေါ်မူတည်ပြီး သူတို့ပေါ် သက်ရောက်မှုကလည်း ကွာခြားလိမ့်မယ်…”
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သွေးအလင်း ဖျတ်ခနဲလင်းလက်သွားသည်။ သွေးဓားသည် ပျံသန်းသွားကာ ထိုအဘိုးအိုထံ ပျောက်ကွယ်သွား၏။
သွေးဓားက မြန်လွန်းသဖြင့် ချက်ခြင်းလိုလိုပင် အောက်ဘက်ရှိ ထိုအဘိုးအိုထံ၌ ပေါ်လာသည်။ ယင်းအဘိုးအိုမှာ ထိတ်လန့်တကြား ဖြစ်နေ၏။ သူက ပြုတ်ကျနေရင်း သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာနေသည်။
သူက ကြောက်ရွှံ့မှုကို အတင်းဖိနှိပ်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကျာပွတ်တစ်ခု ပေါ်လာသည်။ ထိုကျာပွတ်က သူ့ခြေထောက်ထံ ပျံသန်းသွားပြီး သူ့အား အထက်သို့ ပင့်တင်ပေးသည်။
ထိုအဘိုးအို၏ မျက်နှာသည် သေလောက်အောင် ဖြူရောနေ၏။ ခုချိန်ထိပင် သူက သူ ဘာကြောင့် ပျံသန်းနိုင်ခြင်း မရှိသည်ကို နားမလည်နိုင် ဖြစ်ရသည်။ သို့ပေမည့် သူ ဒီအကြောင်းကို များများ မတွေးနိုင်ခင်မှာပင် သွေးအလင်း ဖျတ်ခနဲ ပေါ်လာ၏။ ကျာပွတ်က သူ့ကို ပင့်ပေးထားရုံ ရှိသေး သွေးဓားက သူ့မျက်ခုံးနှစ်ခုကြားသို့ ထွင်းဖောက်သွားလေပြီ။
ထိုအဘိုးအိုက သွေးအန်ကာ သွေးများစွာ သူ့မျက်ခုံးနှစ်ခုကြားမှ ပန်းထွက်လာ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ချက်ခြင်း ပျက်စီးသွားသည်။ သွေးဓားကြောင့် သူ့မူလစိတ်ဝိညာဉ်သည်ပင် တစစီဖြစ်သွား၏။ သူက နေရာတွင်ပင် သေဆုံးသွားရသည်။
သူ သေဆုံးသွားချိန်၌ ဝမ်လင်းက ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွန်၏။ တတိယစိတ်ဝိညာဉ် ပျံသန်းထွက်လာကာ ထိုချိပ်ဟန်ကို ဝန်းရံသည်။
“အဲ့ဒီအသွေးအသားနဲ့ စိတ်ဝိညာဉ်ကို စတေးပြီး ဒီခန္ဓကိုယ်နဲ့ ပေါင်းစပ်စေမယ်…”
ဝမ်လင်း၏စကားသံ ပဲ့တင်ထပ်သည့်အခါ ထိုပျက်စီးသွားသောအဘိုးအို၏ဘေး၌ အနက်ရောင်လက်တစ်ဖက် ပေါ်လာသည်။ ထိုလက်က အနက်ရောင်အခိုးငွေ့များ ခြုံလွှမ်းထားပြီး အဘိုးအိုထံ ဆန့်တန်းလာသည်။ ၎င်းက အဘိုးအိုထံမှ အသွေးအသားနှင့် စိတ်ဝိညာဉ်တို့ကို ဖမ်းဆုပ်ကာ လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
သွေးဓားသည် ဝမ်လင်းနား ပြန်ရောက်လာကာ ဓားဟိန်းသံကို ပေးစွမ်းသည်။ ဝမ်လင်းက သူ့လက်နှစ်ဖက်ကို အောက်သို့ နှိမ့်၍ တတိယစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထံ ပြန်ဝင်ရောက်စေသည်။ သူ၏မျက်လုံးထဲ၌ အေးစက်မှု လင်းလက်သွားသည်။
“အတားအဆီးအစီအရင်က လူသုံးယောက်ကိုပဲ သတ်နိုင်တယ်လို့ ငါ အာရုံခံမိတယ်။ အခု ဒီလူနဲ့ဆိုရင်တောင် လုံလောက်ဖို့ အလှမ်းဝေးနေသေးတယ်…”
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ့နတ်ဘုရားအာရုံသည် ကောင်းကင်ထက်တွင် ပြည့်နှက်ကာ နောက်ထပ် ဝင်လာမည့်သူကို စောင့်နေတော့သည်။
“ခုနစ်ရက်အတွင်း ဘယ်သူမှ ဒီလောကထဲ မဝင်လာခဲ့ရင် ငါ နောက်ထပ်လောကတစ်ခုကို ရွှေ့ဖို့ လိုပြီ…”
သည်အခိုက်တွင် လူတိုင်းက ပထမဆုံးပန်းပွင့်နှင့် နှင်းရည်စက်သုံးရာထံသို့ ရောက်လာကြပြီး ဖြစ်၏။ ဝမ်လင်းက သည်လောကသို့ ဝင်ရောက်လာမည့် နောက်ထပ်တစ်ယောက်ကို စောင့်နေသည်။
အချိန် ဖြည်းဖြည်းချင်း ကုန်နေသည်။ ဖျတ်ခနဲအတွင်း ငါးရက်တာ ကုန်လွန်သွားသည်။ သည်ငါးရက်အတွင်း ဝမ်လင်းက စောင့်ဆိုင်းနေပြီး သူ့၏အချိန်ကို တတိယစိတ်ဝိညာဉ်၌ နစ်မြုပ်စေကာ ပိုများသော မှတ်ဉာဏ်များ ရအောင် စုပ်ယူနေသည်။
တစ်ချိန်တည်းမှာ သူက သတိမပြတ် ထားရှိသည်။ ဒုတိယမြောက် ဝင်ရောက်လာသူက ခုနစ်ရောင်စုံတာအိုသခင် သို့မဟုတ် တစ္ဆေအိုကြီးကျန့်တို့ ဖြစ်နေပါက သူသည် ချက်ခြင်း ထွက်ခွာမည် ဖြစ်၏။ ထို့ကြောင့်လည်း သူက ဒီနေရာတွင် ပျံသန်း၍မရဟူသော ဥပဒေသကို ချမှတ်ထားခြင်းပင်။ သည်အရာက သူ့ကို ထွက်သွားနိုင်ဖို့ လုံလောက်သောအချိန်ကို ပေးနိုင်သည်။
“ကံမကောင်းစွာနဲ့ ငါဟာ ကောင်းကင်ဘုံသွေးမျိုးဆက်ကို ချုပ်ချယ်လို့ မရတာပဲ။ ဒါမှမဟုတ် ငါဟာ သူတို့နဲ့ တိုက်ခိုက်ဖို့ ကြိုးစားရမလား။ ဒါပေမဲ့ အဖျက်အစီးလောကသုံးရာလုံးဟာ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ တကယ်တော့ ဒီလောကတွေဟာ အပျက်အစီးလောကတွေလေ…” ဝမ်လင်းက သက်ပြင်းချလိုက်၏။
ငါးရက်ကြာပြီးနောက် ခြောက်ရက်မြောက် နေ့လယ်ခင်းချိန် ရောက်လာပြီ။ ဝမ်လင်းက ရုတ်တရက် မော့ကြည့်ကာ ဒီကြယ်အဖွဲ့အစည်း၏အရှေ့ပိုင်းတွင် ဝဲကတော့တစ်ခုပေါ်လာသည်ကို မြင်သည်။
“တစ်ယောက်ယောက်တော့ ရောက်လာပြီ။ ဘယ်သူ ဖြစ်မလဲ…” ဝမ်လင်းက ထရပ်ကာ ရှေ့သို့ လှမ်းသည်။
ပျံသန်းခြင်းကို တားဆီးထားသော ဥပဒေသ ဒီနေရာ၌ ရှိသော်လည်း ၎င်းမှာ အချိန်အကန့်အသတ် ရှိပေ၏။ ဝမ်လင်းက သည်အချိန်အကန့်ကို ကျော်လွန်သွားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုဥပဒေသသည် သူ့အပေါ်သို့ မသက်ရောက်နိုင်တော့ပေ။
ဝမ်လင်းသည် ဝဲကတော့ထံမှ လှမ်းထွက်လာကာ သူ၏ရှေ့၌ သွေးဓားသည် တုန်ခါနေသည်။ ၎င်းက သွေးကို တောင့်တနေသည့်အလား။ သို့ပေမည့် ယင်းဓားသည် မည်သည့်အသံတစ်သံကိုမျှ မထွက်စေပေ။ ဝမ်လင်းသည် ဝဲကတော့ထံ စိုက်ကြည့်ကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ သူနှင့် သွေးဓားတို့သည် ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် ကြိုပြင်ဆင်ထားပြီး ဖြစ်၏။ ခုနစ်ရောင်စုံ တာအိုသခင် သို့မဟုတ် တစ္ဆေအိုကြီးကျန့်တို့သာ ဖြစ်နေပါက သူသည် ချက်ခြင်း ထွက်သွားမည်ပင်။
ထိုဝဲကတော့သည် တုန်ယင်လာကာ မြန်ဆန်စွာ အရှိန်မြင့်လာ၏။ ချက်ခြင်းပင် ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ သို့သော် ဝိုးတဝါးပုံရိပ်သုံးခုသည် ပေါ်လာနေသည်။
ထိုပုံရိပ်သုံးခုက ဝဲကတေ့အတွင်း၌ တိုက်ခိုက် မခံရနိုင်ပေ။ ဝဲကတော့ ပျောက်ကွယ်သွားမှ တိုက်ခိုက်ဖို့ အကောင်းဆုံး အခိုက်အတန့် ဖြစ်၏။ သို့ပေမည့် ဝမ်လင်းသည် တိုက်ခိုက်ဖို့ အလျင်မလိုပေ။ သူက အနီးကပ်သာ ကြည့်နေသည်။
ထိုသုံးယောက်ပေါ်လာသည့်အခါ ဝမ်လင်းသည် တချို့ထင်မြင်ချက်များ ရှိပြီးပင်။ ထိသူတို့မှာ ခုနစ်ရောင်စုံတာအိုသခင် သို့မဟုတ် တစ္ဆေအိုကြီးကျန့်တို့ မဖြစ်နိုင်ပေ။ သို့သော် သူက သတိထားနေဆဲ ဖြစ်ကာ ထိုသုံးယောက် ရှင်းရှင်းလင်းလင်း ပေါ်လာမည့်အခါကို စောင့်နေသည်။
သိပ်မကြာခင်တွင် ထိုဝဲကတော့သည် ပျောက်ကွယ်သွား၏။ ဝဲကတော့အတွင်းရှိ လူသုံးယောက်မှ ပို ထင်ရှားလာသည်။ ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် လှစ်ခနဲ ပေါ်ကာ သူက ထိုသုံးယောက်ကို သေချာ တွေ့လိုက်ရပြီ။
ထိုသုံးယောက်သည် လှိုဏ်ဂူလောကမှ လူများနှင့် မတူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏တာအိုဝတ်ရုံများက အစောပိုင်းတုန်းက အဘိုးအိုနှင့် အတူတူပင်။ သူတို့သည် တာအိုခုနစ်ခုကလန်မှ လူများ ဖြစ်သည်မှာ သိသာသည်။
သူတို့၏ကျင့်ကြံမှုအဆင့်များက မတူပေ။ တစ်ယောက်က နိဗ္ဗာနလေဟာနယ် အစောပိုင်းအဆင့်တွင် ရှိပြီး ကျန်နှစ်ယောက်က ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်တွင်သာ ရှိကြသေးသည်။
ထိုဝဲကတော့ ပျောက်ကွယ်ကာ ထိုသုံးယောက် ရှင်းရှင်းလင်းလင်း ပေါ်လာသည်နှင့် ဝမ်လင်းက တိုက်ခိုက်လာသည်။ သွေးဓားသည် ရှေ့သို့ ပျံသန်းလာသလို ဝမ်လင်းကလည်း နီးကပ်လာ၏။
ချိန်ကိုက်သား ကောင်းလှသည်။ ထိုသုံးယောက် သူတို့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရရုံပဲရှိသေး၊ သူတို့နတ်ဘုရားအာရုံကို မဖြန့်ကျက်နိုင်ခင်မှာပင် ဒုတိယအဆင့်ရှိ ကောင်းကင်ဘုံသားနှစ်ယောက်ထဲမှ တစ်ယောက်၏ ဦးခေါင်းသည် သူ့ခန္ဓာကိုယ်နှင့် လွတ်ကင်းသွားကာ သွေးဓားက ဖြတ်သန်းသွားလေပြီ။
သူနှင့်ကလန်တူ နောက်တစ်ယောက်မှာလည်း သွေးများ ပန်းထွက်သွား၏။ သို့ပေမည့် သူက ချက်ခြင်း အလန့်တကြား နောက်ဆုတ်လိုက်စဉ် သူ၏အမြင်၌ အဖြူရောင်ပုံရိပ်တစ်ခုက ကြီးစိုးသွားသည်။ ဝမ်လင်း၏ လက်ချောင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာကာ သူ၏ခန္ဓာကိုယ် ပျက်စီးသွားတော့၏။
အဖြစ်အပျက်သည် မြန်လွန်းလှ၏။ စက္ကန့်ပိုင်းအတွင်း သုံးယောက်ထဲမှ နှစ်ယောက်သည် သေဆုံးသွားရပြီပင်။ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူသည် တုံ့နှေးမနေဘဲ နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာ သူက သူ့နောက်သို့ လက်ဆန့်ထုတ်ကာ အမွှေးတိုင်တစ်ချောင်းကို ဖမ်းယူသည်။ သူက ၎င်းကို မီးငြှိရန် ဟန်ပြင်သည်။
သို့ပေမည့် ထိုအခိုက်တွင် သူသည် အော်လိုက်မိသည်။ သူ အမွှေးတိုင်ကို မီးမငြှိနိုင်ခင်မှာပင် ရုတ်တရက် အောက်သို့ ပြုတ်ကျသွားသည်။ သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားတော့သည်။
သွေးအလင်း လင်းလက်ပြီးနောက် ဝမ်လင်းက ချိပ်ဟန်တစ်ခု ဖြစ်စေပြီး ထိုလူ့ပေါ်သို့ ရိုက်ချလိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သွား၏။ ထိုနိဗ္ဗာနလေဟာနယ်အဆင့် ကောင်းကင်ဘုံသားသည် အရင်ဆုံး သွေးဓား၏ ထွင်းဖောက်ခြင်း ခံရပြီးနောက်တွင် ဝမ်လင်း၏ချိပ်ဟန်ဖြင့် ထိမှန်ခြင်း ခံရသည်။ သူက သွေးအန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွားတော့သည်။
ထိုလူသုံးယောက်ကို သတ်ဖို့ အသက်သုံးရှိုက်စာပင် မကြာလိုက်ပေ။ ဝမ်လင်းသည် ထွက်ခွာတော့ရန် ဟန်ပြင်သည်။ သို့ပေမည့် သူက ရုတ်တရက် ရပ်ကာ သူ့နောက်သို့ လှည့်ကြည့်သည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ထပ်မံ ပေါ်လာသည်။
“တစ်ယောက်ယောက် ဒီကို ထပ်လာနေပြန်ပြီ…”
ကီလိုမီတာထောင်ချီ ဝေးသောနေရာ၌ ဝဲကတော့တစ်ခုပေါ်လာ၏။ ပုံရိပ်တစ်ခုသည် ဝေဝါးနေသေးသည်။ သို့သော် ထိုပုံရိပ်မှာ အမျိုးသားတစ်ယောက်မဟုတ်ဘဲ အမျိုးသမီးတစ်ယောက် ဖြစ်မည့်ပုံပင်။