ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ
Vol. 1 Ch. 4
"စစ်သေနာပတိချုပ်ကြီး အခြေအနေဘယ်လိုရှိလဲ?" နဉ်ရှောင်ယောင်းသည် သူမရှေ့မှ လူကို အလုံခြုံဆုံးမေးခွန်းကို ရွေးမေးလိုက်သည်။ ဒီစစ်သေနာပတိချုပ်ကြီး ညှဉ်းပန်းနှိပ်စက်ခံနေရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ဒီစကားများမှ သူမ၏ ရည်ရွယ်ချက်ကို ဘယ်သူမှ မသိနိုင်ပေ။
အတော်လေးငယ်ရွယ်သော နန်းတွင်းအပျိုတော်တစ်ဦးသည် နဉ်ရှောင်ယောင်းနှင့် အနီးဆုံးတွင် ရပ်နေသည်။ မေးခွန်းကို ကြားသောအခါ သူမက ရိုသေစွာဖြင့် "အရှင်မင်းကြီး၊ လိုကျစ်ကွေ့ကို ကွပ်မျက်ကွင်းဆီ ပို့လိုက်ပါပြီ" ဟု ပြန်ဖြေလိုက်သည်။
နဉ်ရှောင်ယောင်းသည် သူမ၏ လက်ချောင်းများကို အောက်မှ ထိုင်ခုံကူရှင်ထဲသို့ စိုက်ဝင်သွားစေသည်။ ဤစကားများက သတင်းအချက်အလက် နှစ်ခုကို ဖော်ပြနေသည်။ တစ်၊ ဒီစစ်သေနာပတိချုပ်၏ အမည်မှာ လိုကျစ်ကွေ့ ဖြစ်ပြီး နှစ်၊ စစ်သေနာပတိချုပ် လိုသည် ကွပ်မျက်ကွင်းသို့ ရောက်နေပြီဖြစ်သည်။
"အဲ့ဒီ ငတုံးမက စကားတွေ အများကြီးပြောနေတုန်းပဲ!" ကြောင်ဝါဝတုတ်ကြီးက အော်လိုက်သည်။ "အဲ့ဒီ ရှဲ့အဘိုးကြီးက စစ်သေနာပတိချုပ်ကြီးကို တစ်စစီလှီးဖြတ်သတ်ခြင်းနဲ့ သေဒဏ်ပေးထားတာ။ အခုချိန်ဆို သူ့မှာ အသားတောင် ကျန်ချင်မှကျန်တော့မှာ!"
နဉ်ရှောင်ယောင်းသည် သူမ၏ ထိုင်ခုံမှ ခုန်ထလိုက်သည်။
မကောင်းတော့ဘူး၊ သူ တစ်ခုခုလုပ်ရမယ်။ အဲ့ဒီ အမတ်ချုပ်ကြီးဆိုတဲ့ အဘိုးကြီးက မယ်တော်ကြီးနဲ့ တစ်မိသားစုတည်းဖြစ်လို့ သူက အကူအညီမဖြစ်ဘူး။ ဒီလိုဆိုရင် သူသတ်ချင်တဲ့လူက၊ နဉ်ရှောင်ယောင်းက ယုတ္တိနည်းကျကျ ယုံကြည်လိုက်သည်၊ ရန်သူရဲ့ရန်သူဖြစ်ပြီး မိတ်ဆွေဖြစ်နိုင်တဲ့သူပဲ ဖြစ်ရမယ်။
"ငါ ကွပ်မျက်ကွင်းကို သွားချင်တယ်!" နဉ်ရှောင်ယောင်းက သူမ၏ ရည်ရွယ်ချက်ကို ကျယ်လောင်စွာ ကြေညာလိုက်သည်။ အခန်းထဲရှိ လူများသာမက သစ်ပင်ပေါ်ရှိ ကြောင်များပါ အံ့အားသင့်သွားကြသည်။ ဒီလူ ဘာဖြစ်နေတာလဲ?
ဘယ်သူမှ ပြန်မဖြေတာကို မြင်သောအခါ နဉ်ရှောင်ယောင်းသည် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ဘယ်သူမှ လိုက်မလာရင်တော့ လမ်းမှာ တစ်ယောက်ယောက်ကို လမ်းညွှန်မေးလိုက်ရုံပဲ။ သို့သော် နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများအားလုံးက သူမ၏ လမ်းကို ပိတ်ဆို့ရန် ပြေးလာကြသည်။
သူမနှင့် အရင်စကားပြောခဲ့သော အပျိုတော်က "အရှင်မင်းကြီး၊ ကွပ်မျက်ကွင်းဟာ သွေးထွက်သံယိုဖြစ်တဲ့ နေရာပါ။ အရှင်မင်းကြီးရဲ့ နဂါးကိုယ်တော်က အဖိုးတန်လွန်းပါတယ်၊ အဲ့ဒီကို ဘယ်လိုသွားလို့ဖြစ်မှာလဲ?" ဟု ပြောလိုက်သည်။
နဉ်ရှောင်ယောင်းက "ငါ သွေးမကြောက်ဘူး" ဟု ပြန်ဖြေလိုက်သည်။ ကမ္ဘာပျက်ကပ်က လာတဲ့လူတစ်ယောက်က သွေးကို ဘယ်လိုကြောက်မှာလဲ? ဇွန်ဘီတွေ ပြေးလွှားနေတုန်းက သွေးတင်မကဘူး၊ အူတွေပါ နေရာအနှံ့ ပျံ့ကျဲနေတာ မဟုတ်လား?
အပျိုတော်သည် သူမ၏ လက်များကို ဖြန့်ကားလိုက်ပြီး သူမ၏ အသံသည် တင်းမာလာသည်။ "အရှင်မင်းကြီး၊ မယ်တော်ကြီးရဲ့ ထပ်ခါတလဲလဲ သတိပေးစကားတွေကို မေ့သွားပြီလား?"
"မြှောင်" ပြတင်းပေါက်အပြင်ဘက်က ကြောင်နက်ကြီးက ထပ်ပြောလိုက်သည်။ "သူ့လို ဧကရာဇ်မျိုးက သွားသေလိုက်တာပဲ ကောင်းတယ်၊ သေလိုက်၊ သေလိုက်!"
"... ..." နဉ်ရှောင်ယောင်း ဆိတ်ဆိတ်နေလိုက်သည်။
"အရှင်မင်းကြီး တကယ်ပဲ နန်းတော်က ထွက်ချင်တယ်ဆိုရင် မယ်တော်ကြီးကို မေးကြည့်ပါလား?" အပျိုတော်က အကြံပြုလိုက်သည်။
နဉ်ရှောင်ယောင်း စကားတွေ အများကြီးမပြောတော့ဘူး။ မယ်တော်ကြီးရဲ့ လူတွေက ဘယ်လိုလုပ် သူမအသုံးဝင်မှာလဲ? သူမ လက်ကိုမြှောက်ပြီး အပျိုတော်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။ နောက်ဆုံးတော့ သူမက ဆင့်ကဲပြောင်းလဲထားတဲ့ မျိုးစိတ်တစ်ခုပဲလေ။ တိုက်ပွဲဝင်ဖို့ ရဲဘော်ရဲဘက်တွေမရှိဘဲ နဉ်ရှောင်ယောင်းရဲ့ တွန်းအားက အပျိုတော်ကို တံခါးအပြင်ဘက် လွင့်စင်သွားအောင် လုပ်နိုင်ခဲ့တယ်။ လူတိုင်း အံ့အားသင့်သွားကြသည်။ အရှင်မင်းကြီးက သိုင်းပညာ လေ့ကျင့်ဖူးတယ်လို့ မပြောထားဘူးမလား? သူတို့ မှင်သက်နေတုန်း နဉ်ရှောင်ယောင်း အခန်းထဲက ပြေးထွက်သွားပြီး သူမရှေ့က မြင်ကွင်းကြောင့် မှင်သက်သွားပြန်သည်။
ယခုသည် ဧပြီလ၏ နေ့ခင်းအချိန်ဖြစ်ပြီး တောင်ဇလပ်ပန်းများနှင့် ချာမေပန်းများ [ချာမေပန်း (茶糜花) – Rubus coronarius မျိုးစိတ် ပန်းတစ်မျိုးဖြစ်ပြီး မျိုးရင်းတူ ပန်းအမျိုးအစားများစွာ ပါဝင်သည်] ပွင့်လန်းနေချိန်ဖြစ်ကာ လေထုထဲတွင် သူတို့၏ သင်းပျံ့သောရနံ့များဖြင့် ပြည့်နှက်နေသည်။ သူမ၏ အမြင်အာရုံရှေ့တွင် ပျံ့နှံ့နေသော အဆုံးမရှိသော ပန်းခြံသည် တောင်ဇလပ်ပန်းများဖြင့် ပြည့်နှက်နေပြီး သူမဘေးရှိ သစ်ပင်တစ်ပင်တွင် ချာမေပန်းများ အပြည့်ပွင့်နေသည်။ ပန်းခြံတစ်ခုလုံးသည် ချာမေပန်း၏ ပြင်းထန်သော ရနံ့ဖြင့် ဖုံးလွှမ်းနေသည်။ နဉ်ရှောင်ယောင်းသည် မိုးကောင်းကင်က မီးခိုးရောင်ဖြစ်ပြီး မြေကြီးက ခြောက်သွေ့နေသော ကမ္ဘာတွင် မွေးဖွားခဲ့သည်။ လူသားမျိုးနွယ်၏ နောက်ဆုံးခေတ်တွင် ဇွန်ဘီများ ရိုင်းစိုင်းစွာ ပြေးလွှားနေသောကြောင့် သူမရှေ့မှ ကမ္ဘာသည် သူမ မမြင်ဖူးခဲ့သော အရာဖြစ်သည်။
"ဘုရား...ဘုရားရေ" နဉ်ရှောင်ယောင်းသည် ပန်းခြံများကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်ကာ ငိုချင်စိတ်ပေါက်လာသည်။ တကယ်ပဲ၊ ဒါမှ လူသားတွေနေထိုင်သင့်တဲ့ ကမ္ဘာမျိုးပေါ့!
"အရှင်မင်းကြီး!" အမျိုးသမီးတစ်ဦး၏ အသံက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ခြေလှမ်းရပ်ပေးဖို့ တောင်းပန်ပါတယ်!"
နဉ်ရှောင်ယောင်း အော်သံကြောင့် သတိပြန်ဝင်လာသည်။ စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်စီမှ မိန်းမစိုးအများအပြား သူမထံ ပြေးလာနေသည်ကို တွေ့ရှိလိုက်သည်။ ဒီကမ္ဘာကို ရောက်ရောက်ချင်း သွေးထွက်သံယို တိုက်ပွဲတစ်ခု မစတင်ချင်သောကြောင့် နဉ်ရှောင်ယောင်းသည် လက်ရန်းကို ကျော်ခွလိုက်သည်။ စင်္ကြံလမ်းသည် မြေပြင်မှ နှစ်မီတာခန့် မြင့်သော်လည်း နဉ်ရှောင်ယောင်းအတွက်မူ မြေညီလမ်းပေါ် လျှောက်နေသကဲ့သို့ပင်ဖြစ်သည်။
"အား၊ အရှင်မင်းကြီး!"
"အမြန်ဆုံး မယ်တော်ကြီးဆီ သတင်းပို့!"
"အရှင်မင်းကြီး ထွက်ပြေးသွားပြီ-"
သူမ၏ နောက်မှ အော်သံများသည် ပရမ်းပတာဖြစ်သွားသည်။ ဆူညံသံများ ပိုကျယ်လေ၊ နဉ်ရှောင်ယောင်း ပိုမြန်မြန်ပြေးလေဖြစ်သည်။ သူမ လူကို အရင်ကယ်ပြီး ကျန်တာကို နောက်မှ စဉ်းစားလို့ရသည်။ လူတစ်စုက သူမ၏ ပန်းခြံတံခါးမှ ပြေးဝင်လာသည်။ သူတို့က သူမ၏ လမ်းကို ပိတ်ဆို့ရန် စီစဉ်နေပုံရသောကြောင့် နဉ်ရှောင်ယောင်းသည် လှည့်ကာ နံရံထောင့်သို့ ပြေးသွားပြီး တောက်တဲ့တစ်ကောင်လို လက်နှင့်ခြေထောက်ကိုသုံး၍ တွယ်တက်သွားသည်။ လူတိုင်း၏ မျက်စိရှေ့တွင် ယုံနင်မင်းဆက်၏ [ယုံနင်မင်းဆက် (雍宁) – ယုံ "သဟဇာတဖြစ်ခြင်း"၊ နင် "ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း"] အသစ်စက်စက် ဧကရာဇ်သည် နံရံကို ကျော်ခုန်ပြီး ထွက်ပြေးလွတ်မြောက်သွားတော့သည်…
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၅ ။ မင်းသာ ယောက်ျားအစစ်ဆိုရင် ငါနဲ့လိုက်ခဲ့
နဉ်ရှောင်ယောင်း မြေပေါ်သို့ ရောက်သည်နှင့် လမ်းရှာရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်စဉ် အသံများ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က 'စစ်သေနာပတိချုပ်အတွက် တရားမျှတမှု' ဟု ကျယ်လောင်စွာ အော်ဟစ်နေသည်။ ထိုအသံသည် အစောပိုင်းက သူမ၏ အခန်းထဲသို့ ပြေးဝင်လာပြီး သူမကို သတိလစ်သွားစေခဲ့သော လူနှင့် အသံတူနေသည်။ နဉ်ရှောင်ယောင်း ခဏရပ်စဉ်းစားပြီးနောက် ထိုအသံပိုင်ရှင်သည် မဟာမိတ်ကောင်းတစ်ဦး ဖြစ်နိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။
......
နန်းတွင်းအစောင့်တပ်က ဖန်းထန်ကို မြေပြင်ပေါ် ဒူးထောက်ခိုင်းထားသည်။ ထိုအချိန်တွင် သူ၏ စစ်တပ်မှ ရဲဘော်ရဲဘက်များသည် ဝမ်းနည်းကြေကွဲခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်းများဖြင့် ပြည့်နှက်နေသော်လည်း တစ်ဖက်တွင် ရပ်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။ ခုနက ဖန်းထန်သည် ဧကရာဇ်၏ အိပ်ဆောင်သို့ အတင်းဝင်ရောက်ပြီး အရှင်မင်းကြီးကို လန့်ဖျပ်သတိလစ်သွားအောင် လုပ်ခဲ့သည်။ သူ သေရတော့မည်ကို သိသောကြောင့် ပါးစပ်ဖွင့်အော်ဟစ်လိုက်သည်။
"ငါတို့ စစ်သေနာပတိချုပ်ကြီးနောက်ကိုလိုက်ပြီး မြောက်ပိုင်း ဟူလူမျိုးတွေကို 'ညကျီးကန်းတောင်ကြား' မှာ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ စစ်သေနာပတိချုပ်ကြီးက မြှားခြောက်စင်းထိမှန်ခဲ့ပေမယ့် ရှေ့တန်းကနေ မဆုတ်ခွာဘဲ တိုက်ပွဲဝင်ခဲ့တယ်! မြောက်ပိုင်း ဟူလူမျိုးတွေကို အနိုင်ယူပြီးတဲ့နောက် ငါတို့ သံချပ်ကာတွေတောင် မချွတ်ရသေးခင် မြို့တော်ကို ပြန်ခေါ်ခံရတယ်။ မင်းတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်တစ်ချောင်းတောင်မလှုပ်ဘဲ ထိုင်နေကြတဲ့လူတွေက အခုကျမှ ဘာလုပ်နေကြတာလဲ?! စစ်သေနာပတိချုပ်ကြီးက မြောက်ပိုင်းအရိုင်းအစိုင်းတွေနဲ့ လျှို့ဝှက်ဆက်သွယ်ပြီး နိုင်ငံကို သစ္စာဖောက်တယ်ဟုတ်လား? ထွီ!"
"သူ့ပါးစပ်ကို ပိတ်စမ်း!" နန်းတွင်းအစောင့်တပ်မှ တပ်မှူးတစ်ဦးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ နန်းတွင်းအစောင့်နှစ်ဦးက ဖန်းထန်၏ ပါးစပ်ကို ပိတ်ရန် အဝတ်စတစ်စဖြင့် ရှေ့သို့တိုးလာသည်။ ဖန်းထန် အရှက်ရတော့မည်ကို မြင်နေရသော သံချပ်ကာဝတ် အရာရှိအချို့မှာ ကူကယ်ရာမဲ့ ရပ်ကြည့်နေရုံသာ တတ်နိုင်ကြသည်။ သူတို့ လက်သီးကိုသုံးနိုင်သည်၊ သို့သော် မြို့တော်ရှိ သူတို့၏ မိသားစုများအတွက်ရော? သူ့ကို ကူညီရင်း သေသွားလျှင် ကိစ္စမရှိ၊ သို့သော် သူတို့၏ မိသားစုများကိုပါ ဒုက္ခထဲ ဆွဲခေါ်နိုင်ပါ့မလား?
ထိုအချိန်မှာပင် နဉ်ရှောင်ယောင်းသည် ဖန်းထန်၏ရှေ့တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။
"အရှင်မင်းကြီး?" နန်းတွင်းအစောင့်တပ်မှူးက နဉ်ရှောင်ယောင်းကို မှတ်မိသွားသည်။ သူမ တစ်ယောက်တည်း ရောက်လာသည်ကို မြင်သောအခါ သူ ခဏတာ အံ့အားသင့်သွားသည်။ အရှင်မင်းကြီးက ဘာလို့ တစ်ယောက်တည်း ဒီကို ပြေးလာရတာလဲ?
ကျန်နန်းတွင်းအစောင့်များက သူတို့၏ တပ်မှူးက 'အရှင်မင်းကြီး' ဟု ပြောသည်ကို ကြားသောအခါ အားလုံး မြေပြင်ပေါ် အလျင်အမြန် ဒူးထောက်လိုက်ကြသည်။ နဉ်ရှောင်ယောင်းက သူတို့ကို ဂရုမစိုက်နိုင်။ သူမက လက်တစ်ဖက်ကိုဆန့်ကာ ဖန်းထန်ကို ဆွဲထူပြီး "စစ်သေနာပတိချုပ်က အပြစ်ကင်းစင်တယ်လား?" ဟု မေးလိုက်သည်။
နဉ်ရှောင်ယောင်း၏ ရုတ်တရက်ပေါ်လာမှုက ဖန်းထန်ကိုလည်း လန့်သွားစေသည်။ သို့သော် စစ်သေနာပတိချုပ်လော့နှင့် ပတ်သက်သော မေးခွန်းများကို ကြားသည်နှင့် သူ အလျင်အမြန် စကားပြောလိုက်သည်။ "အရှင်မင်းကြီး၊ စစ်သေနာပတိချုပ်ကြီးကို မတရားစွပ်စွဲခံရတာပါ။ ကျွန်တော်မျိုး..." သူက ခဏရပ်ပြီး သူ၏ ခန္ဓာကိုယ်ကို စမ်းလိုက်ရာ သူ၏ ဝတ်ရုံထဲမှ အဝတ်ထုပ်တစ်ထုပ်ကို ထုတ်ယူပြီး နဉ်ရှောင်ယောင်းအတွက် ဖြည်ပြလိုက်သည်။ အတွင်းထဲတွင် ချိတ်ပါသော သွေးစွန်းနေသည့် မြှားခြောက်စင်း ရှိနေသည်။
"အရှင်မင်းကြီး၊ ဒါတွေက စစ်သေနာပတိချုပ်ကြီးရဲ့ ခန္ဓာကိုယ်ကနေ ထုတ်ယူထားတဲ့ မြှားသွားတွေပါ" ဖန်းထန်က မျက်လုံးနီနီဖြင့် ပြောလိုက်သည်။ "စစ်သေနာပတိချုပ်ကြီးက ဒဏ်ရာတွေကနေ သက်သာသေးတာ မဟုတ်ပါဘူး။ အရှင်မင်းကြီး၊ စစ်သေနာပတိချုပ်ကြီးက နိုင်ငံကို သစ္စာဖောက်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်မျိုး အရှင်မင်းကြီးကို တောင်းပန်ပါတယ်..."
"တော်ပြီ၊ ဘာမှပြောစရာမလိုတော့ဘူး" နဉ်ရှောင်ယောင်းက ဖန်းထန်၏ ပခုံးကို ပုတ်လိုက်သည်။ "လမ်းပြ၊ ငါတို့ စစ်သေနာပတိချုပ်ကို သွားကယ်မယ်။"
ဖန်းထန်နှင့် အခင်းဖြစ်ပွားရာရှိ လူတိုင်း နဉ်ရှောင်ယောင်း၏ စကားကြောင့် မှင်သက်သွားကြသည်။ သူတို့ နားကြားမှားတာလား? အမတ်ချုပ်ကြီးက ပြုစုပျိုးထောင်ခဲ့တဲ့ ဧကရာဇ်က စစ်သေနာပတိချုပ်ကို ကယ်ချင်တယ်လို့ ပြောတယ်ဟုတ်လား?
"မင်းသာ ယောကျ်ားအစစ်ဆိုရင် ငါနဲ့လိုက်ခဲ့" နဉ်ရှောင်ယောင်းက အရပ်ပုသော်လည်း ကျောကို မတ်မတ်ရပ်ထားသည်။ "တခြားနည်းလမ်းမရှိရင်တော့ အကြမ်းနည်းသုံးကြတာပေါ့။ မင်း သတ္တိရှိလား?"
ဖန်းထန် စကားမပြောနိုင်ခင်မှာပင် အရပ်ရှည်ပြီး သန်မာသော ဗိုလ်ချုပ်တစ်ဦးက နဉ်ရှောင်ယောင်းထံ ပြေးလာပြီး ကျယ်လောင်စွာ "အရှင်မင်းကြီး တကယ်ပြောတာလား?" ဟု မေးလိုက်သည်။
နဉ်ရှောင်ယောင်းက "ငါကိုယ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို တိုင်တည်ပြီးကျိန်ဆိုရဲတယ်" ဟု ပြန်ဖြေလိုက်သည်။
ဗိုလ်ချုပ်အချို့ အချင်းချင်း မျက်လုံးချင်းဆုံလိုက်ကြသည်။ အခွင့်အရေးရှိလျှင် စစ်သေနာပတိချုပ်ကို ကယ်တင်မည်မှာ သေချာသည်၊ သို့သော် ဒါက အဲ့ဒီ အမတ်ချုပ်ကြီး ရှဲ့ရဲ့ ထောင်ချောက်တစ်ခုဆိုရင်ရော? ဧကရာဇ်က သူတို့ကို ကွပ်မျက်ကွင်းထဲသို့ လှည့်စားခေါ်ဆောင်ပြီး စစ်မြေပြင်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ စွပ်စွဲကာ အတူတကွ သတ်ပစ်ဖို့ ကြံစည်နေတာဆိုရင်ရော?
တစ်ချိန်တည်းမှာပင် မျက်စိလျင်သော နဉ်ရှောင်ယောင်းသည် နန်းတွင်းအစောင့်တပ်မှူးက လက်အောက်ငယ်သားတစ်ဦးကို လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။ မယ်တော်ကြီးဆီ သတင်းပို့ခိုင်းလိုက်တာ ဖြစ်နိုင်လောက်သည်။ သူမက ဘေးနားရှိ နန်းတွင်းအစောင့်တစ်ဦးထံမှ ဓားတစ်ချောင်းကို ဆွဲယူပြီး ပစ်လိုက်သည်။
"အား!" မယ်တော်ကြီးဆီ သွားနေသော နန်းတွင်းအစောင့်သည် ခေါင်းကိုထိမှန်ကာ မြေပေါ်သို့ လဲကျသွားသည်။
"... ..." လူတိုင်း စကားမပြောနိုင်ဖြစ်သွားကြသည်။ အရှင်မင်းကြီးက သိုင်းပညာ လေ့ကျင့်ဖူးတယ်လို့ ဘယ်သူမှ မကြားဖူးဘူး!
နန်းတွင်းအစောင့်ကို မြေပေါ်လဲကျအောင် လုပ်ပြီးနောက် နဉ်ရှောင်ယောင်းက စိတ်မရှည်စွာ "မင်းတို့ သွားမှာလား၊ မသွားဘူးလား? မသွားရင် ငါတစ်ယောက်တည်း သွားမယ်" ဟု မေးလိုက်သည်။ နဉ်ရှောင်ယောင်းသည် သူမ၏ ယခင်ကမ္ဘာတွင် ရှေ့တန်းတိုက်ပွဲဝင်ရန် လုံလောက်သော ခွန်အားမရှိခဲ့။ သို့သော် ခုနက အပျိုတော်နှင့် အဲ့ဒီနန်းတွင်းအစောင့်ကို ကြည့်ရသည်မှာ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်က ဒီကမ္ဘာအတွက် မဆိုးလှပေ။ အဆိုးဆုံးအခြေအနေတွင် သူမ လိုကျစ်ကွေ့အမည်ရှိ ထိုစစ်သေနာပတိချုပ်ကို ကယ်တင်ရန် နောက်ပိုင်းတိုက်ပွဲတွင် အစွမ်းကုန် ကြိုးစားရလိမ့်မည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးနောက်ကို လိုက်ပါ့မယ်" ဖန်းထန်က မျက်နှာကိုသုတ်ပြီး နဉ်ရှောင်ယောင်းကို အလေးအနက်ထား ပြောလိုက်သည်။ ဒါက အဲ့ဒီအမတ်ချုပ်ကြီးရဲ့ အကြံအစည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ စစ်သေနာပတိချုပ်ကို ကယ်တင်ဖို့ အခွင့်အရေးရှိသရွေ့ သူ ကြိုးစားကြည့်ချင်သည်။
"ဒါဆို သွားကြစို့" နဉ်ရှောင်ယောင်းက လက်ဝှေ့ယမ်းပြီး အနီးအနားရှိ တံခါးပေါက်ဆီသို့ ပြေးသွားလိုက်သည်။ အပေါ်တွင် ကင်းမျှော်စင်တစ်ခု ရှိသောကြောင့် နန်းတော်ထဲမှ ထွက်ပေါက်တစ်ခုဖြစ်နိုင်သည်။
***