← Chapters

မင်းကိုယ်တိုင်လည်း သိပ်မညံ့ပါဘူး

Vol. 020 Ch. 1929

မင်းကိုယ်တိုင်လည်း သိပ်မညံ့ပါဘူး

Vol. 020 Ch. 1929

သုံးယောက်အတူတူတဲ့လား...

လူတိုင်းသည် ရီဖူရှင်းအား တိတ်တဆိတ်ကြည့်နေသည်။ ရီဖူရှင်းသည် နောက်ဆုံးအနိုင်ရသူဖြစ်လိမ့်မည်ဟု အစောပိုင်းကထဲက တစ်စုံတစ်ဦးမှကြိုတင်ဟောကိန်းထုတ်ခဲ့ပြီး သူ့အားမြင့်မားစွာမျှော်မှန်းထားခဲ့သော်လည်း ကျန်သူသုံးယောက်ထဲတွင်ရော မည်သူကများ မကောင်းဆိုးဝါးလိုအားကောင်းသည့် ပါရမီရှင်မဟုတ်သနည်း။

ဝူရှန်မြို့သခင်လေး လျှိုချင်၊ ပိုင်ယွင်ကုန်းမြေ၏ ပိုင်ကလန်မှ ပိုင်ကုနှင့် သွေးဘုရင်မ...

အလွန်အားကောင်းလှသော ကျင့်ကြံသူသုံးဦးဖြစ်ကြသည်။ လျှိုချင်သည် သူ၏စစ်တုရင်အရုပ်ကိုးရုပ်ကို ဆုံးရှုံးခဲ့သည်မှာလည်း သူ၏ပြိုင်ဘက်သည် အလွန်တော်၍ဖြစ်သည်။ ပိုင်ကုသည်လည်း ရီဖူရှင်းကဲ့သို့ သူ၏စစ်တုရင်အရုပ် ၃၆ရုပ်လုံးကို ထိန်းထားနိုင်ခဲ့သည်။

သူတို့သုံးဦးသည် ရီဖူရှင်းထက် အားနည်းမည့်ပုံမပေါ်ပေ။ သို့သော် ရီဖူရှင်းသည် သူတို့သုံးဦးအား အဖွဲ့ဖွဲ့၍ သူ့ကိုအတူတကွရင်ဆိုင်ရန် တောင်းဆိုလိုက်သည်။ ထိုသည်မှာ မည်မျှမောက်မာလိုက်သနည်း။

ရီဖူရှင်း၏တောင်းဆိုချက်ကိုကြားပြီးနောက် သူတို့သုံးဦးလုံး ခေတ္တအံအားသင့်သွားကြသည်။ သူတို့စိတ်ရှုပ်သွားပုံရသည်။ အစောပိုင်းက ရီဖူရှင်းသည် သူတို့ကြားမှ အောင်နိုင်သူကိုဆုံးဖြတ်ရန် ပြောခဲ့သည်။ ထိုသည်က လက်ခံနိုင်ဖွယ်ပင်ဖြစ်သည်။ သို့သော် ယခုမူ သူတို့အား အဖွဲ့ဖွဲ့၍ သူ့ကိုတိုက်ခိုက်ရန်တောင်းဆိုနေသည်။ ထိုသည်က ရူးကြောင်ကြောင်ကိစ္စရပ်သာမဟုတ်တော့ပဲ အလွန်မာနကြီးပြီးစိတ်ကြီးဝင်မှုပင်ဖြစ်သည်။

"မင်းအနေနဲ့ ဖယ်ထုတ်ခံရမယ်ဆိုတာကို သိလို့ ပိုပြီးသူရဲကောင်းဆန်ချင်တာ ဟုတ်တယ်မလား" ပိုင်ကုကအသာအယာမေးလိုက်သည်။ သူတို့သုံးဦးအနေဖြင့် ရီဖူရှင်းအား ပထမဆုံးဖယ်ထုတ်ပစ်ရန် သဘောတူညီမှုအချို့ရရှိခဲ့သည်။ သို့ဖြစ်၍ ရီဖူရှင်းထိုသို့ပြောခြင်းမှာ သူရှုံးနိမ့်မည်ကိုသိ၍ ပြောခြင်းလားဟု သူတို့သိချင်နေကြသည်။

ထိုသည်မှာ သေချာသလောက်နီးပါးဖြစ်သည်။

ထို့နောက် သူတို့သည် ရီဖူရှင်အား ပထမဆုံးဖယ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့အပြင် စစ်တုရင်ခုံအစီအရင်၌ အဆိုးရွားဆုံးရလဒ်သည် ဖယ်ထုတ်ခံရခြင်းသာဖြစ်သည်။ အလွန်အမင်းစိတ်ကြီးဝင်နေလျှင်ပင် ပြင်းထန်သည့်အခြားအကျိုးဆက်မရှိပေ။

ရီဖူရှင်းသည် ပိုင်ကုအားငဲ့ကြည့်လိုက်သည်။ သူသည် လက်မြှောက်လိုက်ပြီးနောက် ချက်ချင်းပင် စစ်တုရင်အရုပ်များသည် သူ၏ရှေ့တွင်စတင်ပျံဝဲ‌လာသည်။ စစ်တုရင်အရုပ်ပေါင်း ကိုးရုပ်ရှိသည်။ စစ်တုရင်အရုပ်တစ်ရုပ်စီတိုင်းတွင် မြည်ဟည်းနေသည့် ဓားအသိပါဝင်သည်။ ဓားအသိအပြင် ကြောက်မက်ဖွယ် ယင်ဓာတ်အရှိန်အဝါသည် စစ်တုရင်ရုပ်၏အပြင်ဘက်သို့ စိမ့်ထွက်နေပြီး ပတ်ဝန်းကျင်ရှိလေထုကို အေးခဲအောင်လုပ်နေပုံရသည်။

"မင်းက အဲ့လိုပြောမှတော့ ​အဲ့လိုပဲထားပါတော့" ထိုသို့ရီဖူရှင်းပြောပြီးနောက်  စစ်တုရင်ရုပ်ကိုးရုပ်သည် လွင့်ပျံသွားပြီး တစ်ချိန်တည်းမှာပင် ပိုင်ကု၏နေရာဆီသို့ပစ်လွှတ်လိုက်သည့် ဓားအသိကိုးစင်းပုံစံပြောင်းလဲသွားသည်။

ဘေးမှကြည့်ရှူနေသူများ၏မျက်နှာပေါ်တွင် အံ့ဩသည့်အရိပ်အယောင်များပေါ်လာသည်။ ရီဖူရှင်းအနေနှင့် ပိုင်ကုကိုတိုက်ခိုက်ရန် စစ်တုရင်အရုပ်ကိုးရုပ်ကိုသာ ထုတ်လွှတ်လိုက်သည်လား။

ပိုင်ကုသည် ရီဖူရှင်းအားကြည့်လိုက်သည်။ သူ၏ပတ်လည်ရှိ စစ်တုရင်ရုပ် ၃၆ ရုပ်လုံးသည် လှုပ်ရှားရန်စတင်လိုက်သည်။  ရေခဲစွမ်းအားသည်သူ၏ပတ်ဝန်းကျင်ရှိ‌နေရာတစ်ခုလုံးအားဖုံးလွှမ်းထားသည်။ ဓားအသိကိုးစင်းသည် ချက်ချင်းပင်ရောက်လာသည်။  ကြောက်မက်ဖွယ်လျှပ်စီးကြောင်းတစ်ခုကထိုးဖောက်ဝင်သွားသဖြင့် ဓားအသိသည် သူ၏ရေခဲပိုင်နက်ကိုထိုးဖောက်သွားသည်။ သူ၏ပိုင်နက်ထဲသို့ဝင်ရောက်ပြီးနောက် ဓားအသိသည် ပိုင်ကု၏ခန္ဓာကိုယ်ဆီသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာသည်။

ရေခဲစွမ်းအားသည် အားကောင်းလာပြီး ပိုင်ကု၏ရှေ့၌ စစ်တုရင်အရုပ်များသည် လှည့်ပတ်ကာ ကခုန်နေစဉ် ဧရာမနတ်ရေခဲနဂါးသည် ရီဖူရှင်း၏စစ်တုရင်အရုပ်များထံဦးတည်ပြီး ရေခဲစွမ်းအားပမာဏများစွာပြည့်နေသော အေးခဲသည့်‌‌ေလကိုရှူထုတ်လွှတ်လိုက်သည်။

ထိုသို့ဖြစ်သွားသောကြောင့် စစ်တုရင်အရုပ်ကိုးရုပ်၏ဓားအသိသည် ပို၍အေးစက်သောအရှိန်အဝါရှိသည့် ဖြောင့်တန်းသော ဓားအလင်းတန်းအဖြစ်သို့ ပြောင်းသွားသည်။ အရှိန်အဝါက ပတ်ဝန်းကျင်မှရေခဲစွမ်းအားများကို အေးခဲသွားစေသည်။ ဧရာမရေခဲနဂါးကြီးမှုတ်ထုတ်လိုက်သောလေများသည်လည်း ထိုနေရာ၌ပင် အေးခဲသွားလေသည်။ ရေခဲနဂါးကြီး၏လှုပ်ရှားမှုသည်ပင် စတင်၍နှေးကွေးလာသည်။

လူများသည် အံ့အားသင့်သွားပုံရသည်။ သို့သော် သူတို့အံအားသင့်မဆုံးမှီမှာပင် ဓားအလင်းတန်းသည် ဧရာမရေခဲနဂါး၏ခန္ဓာကိုယ်အားဖြတ်သွားကာ တဖြည်းဖြည်း အဆုံးတိုင်ပြိုကွဲသွားစေသည်။ စစ်တုရင်ရုပ် ၃၆ရုပ်သည်လည်း ဖျက်ဆီးခံလိုက်ရသည်။

ဗန်း...ချွန်ထက်သောဓားအဖြစ်ပြောင်းသွားသော စစ်တုရင်ရုပ်များသည် ပိုင်ကု၏ရှေ့တွင် ပျံဝဲနေပြီး တိုက်ခိုက်မှုများရပ်သွားသည်။

ပိုင်ကုသည် စူးစိုက်ကြည့်နေဆဲဖြစ်သည်။ သူသည် ပျံဝဲနေသည့် စစ်တုရင်အရုပ်များကို ကြည့်နေပြီး အားကောင်းသည့်ရေခဲစွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

ထိုအခိုက်တွင် ယခင်က သူ၏ယုံကြည်မှုအားလုံးသည် ပျောက်ကွယ်သွားသည်။

ထိုအခိုက်တွင် စစ်တုရင်ရုပ်ကိုးရုပ်သည် သူ၏ အရုပ် ၃၆ရုပ်ကို ချက်ချင်းဖျက်စီးပစ်နိုင်သည့် ဓားတစ်စင်းအဖြစ်ပြောင်းသွားသည်။ ထိုသည်က  တခဏအတွင်းလုံးဝရှုံးနိမ့်သွားမှုဖြစ်သည်။

အစောပိုင်းကသူ၏စကားသံများကို နားထဲတွင်ကြားယောင်လာသည်။ ယခုအခါ ထိုစကားများကိုကြားယောင်ပြီးအနည်းငယ်နာကျင်လာသည်။

ရီဖူရှင်းက သူပိုပြီးသူရဲကောင်းဆန်စွာရှုံးနိမ့်စေရန် မောက်မာဟန်ဆောင်နေသည်တဲ့လား။

မဟုတ်ပေ။ အမှန်တရားမှာ ပိုင်ကုသည် တစ်ချက်လေးမျှပင် ထိအောင်မတိုက်နိုင်ခဲ့ပေ။

အခြားသောကျင့်ကြံသူအားလုံးသည်လည်း သူ့အား အာရုံစိုက်နေကြသည်။ ပိုင်ယွင်ကုန်းမြေ ပိုင်ကလန်မှ ပါရမီရှင်ပိုင်ကုသည် ဤပြိုင်ပွဲတွင် လုံးဝရှုံးနိမ့်သွားခဲ့သည်။ အလွန်မာနကြီးပြီး မောက်မာသောစိတ်ထားရှိသည့်ပိုင်ကုသည် သူကဲ့သို့ချောမောခန့်ညားသည့် အဖြူရောင်ဆံပင်နှင့်ရန်ဟောင်ကို ရင်ဆိုင်ရချိန်တွင် တခဏအတွင်း၌ပင် ရှုံးနိမ့်ခဲ့ရသည်။

အဖြူရောင်ဆံပင်နှင့်ရန်ဟောင်သည် စစ်တုရင်ရုပ်တစ်ရုပ်မျှပင်မရှုံးခဲ့ပေ။

သူတို့သုံးဦး အတူတူတိုက်ခိုက်ရန် တောင်းဆိုလောက်အောင်ထိ သူရဲတင်းခဲ့သည်မှာ အံ့ဩဖွယ်မဟုတ်တော့ပေ။

သူပြသခဲ့သည့်အင်အားအရ သူအ‌နေနှင့် ထိုကဲ့သို့တောင်းဆိုခွင့်ရှိသည်မှာ ‌အသေအချာပင်ဖြစ်သည်။ သူသည် စစ်တုရင်ရုပ်ကိုးရုပ်ကိုသာသုံး၍ ပိုင်ကုအား  ဖြေရှင်းနိုင်ခဲ့သည်။ ထို့သို့ဆိုလျှင် ဝူရှန်းမြို့တော်သခင်လေးလျှိုချင်နှင့် သွေးဘုရင်မတို့အား ရင်ဆိုင်လျှင် မည်သို့ဖြစ်ပေမည်နည်း။

တထပ်တည်းပင်ဖြစ်လာမည်လော။ စစ်တုရင်အရုပ်ကိုးရုပ်ဖြင့်ပင် လုံလောက်သည်လား။

ထိုသို့သောအတွေးများ သူတို့တွေးမိသွားကြသောအခါ သူတို့၏မျက်နှာတွင် ထူးဆန်းသည့်အရိပ်အယောင်များပေါ်လာသည်။ သူတို့သည် လျှိုချင်နှင့် သွေးဘုရင်မတို့အား ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် ရီဖူရှင်းအားတည့်တည့်စိုက်‌ကြည့်နေသည်ကို သူတို့အားလုံးမြင်နေရသည်။ သူတို့နှစ်ယောက်သည်လည်း ရီဖူရှင်း၏တိုက်ခိုက်မှုကြောင့် အံအားသင့်သွားသည်မှာထင်ရှားသည်။

သူတို့၏ထင်မြင်ချက်အရ ပိုင်ကုသည် သူတို့နှစ်ဦးထက် အဆင့်မနိမ့်ပေ။ သို့သော်လည်း သူသည် ရီဖူရှင်းအားရင်ဆိုင်သည့်အခါ ချက်ချင်းရှုံးနိမ့်ခဲ့သည်။ သူတို့သည်လည်း ရီဖူရှင်း၏နောက်ထပ်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပါမည်လား။

မကြာမှီ သူတို့တွေ့ရမည်ဖြစ်သည်။ ရီဖူရှင်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် စစ်တုရင်ရုပ် ၁၈ ရုပ်သည် လေထဲသို့ခုန်တက်လာသည်။ ထို့‌နောက် စစ်တုရင်အရုပ်ကိုးရုပ်စီပါရှိသည့် အပိုင်းနှစ်ပိုင်းကွဲသွားသည်။

ထိုမြင်ကွင်းသည် စစ်တုရင်ခုံအပြင်ဘက်ရှိ လူများကို အံ့အားသင့်သွားစေသည်။ သူသည် အခြားနှစ်ယောက်ကို တစ်ပြိုင်နက်တည်းတိုက်ခိုက်မည်လား။

အစောပိုင်းက သူပြောထားသကဲ့သို့ အခြားအင်အားကြီးကျင့်ကြံသူသုံးဦးအား သူတစ်ယောက်တည်း တိုက်ခိုက်ပေတော့မည်။

စစ်တုရင်ရုပ် ၁၈ ရုပ်သည် လှည့်ပတ်ကာ ပျံဝဲနေသည်။ ၎င်းတို့သည် အစောပိုင်းက ပိုင်ကုအားတိုက်ခိုက်ခဲ့သည့် ဓားအသိအသွင် ပြောင်းလဲသွားသည်။ အနည်းငယ်မျှပင် ခြားနားမှုမရှိပေ။ လုံလောက်အောင်သန်မာမှုရှိလျှင် စွမ်းအင်တစ်ခုတည်းကပင် ထောင်သောင်းချီသော စွမ်းအားများကိုဖျက်ဆီးရန် လုံလောက်ပေသည်။ ရီဖူရှင်းအတွက်မည်သည့်ပြောင်းလဲမှုမှ လုပ်ရန်မလိုအပ်ခဲ့ပေ။

ဂျိန်း...ကြောက်မက်ဖွယ်မိုးခြိမ်းသံသည် ကောင်းကင်၌မြည်ဟီးသွားသည်။ လျှိုချင်က ဟိန်းဟောက်လိုက်ခြင်းဖြစ်သည်။ သူ၏လက်ချောင်းများသည် ကောင်းကင်ဆီသို့ညွှန်လိုက်ပြီးနောက် ပုဆိန်သဏ္ဍာန်မိုးကြိုးသည် အောက်သို့ကျဆင်းလာကာ ဓားပုံရိပ်ယောင်ကို ဖြိုခွင်းရန်ထိပ်တိုက်တွေ့ဆုံသည်။

အခြားဦးတည်ရာတစ်ဖက်၌ သွေးဘုရင်မ၏ လှပပြီးဆွဲဆောင်မှုရှိသောခန္ဓာကိုယ်သည် သူမ ကခုန်လိုက်သဖြင့် လှုပ်ရှားသွားသည်။ ကြက်သွေးရောင်နှင်းဆီပန်းများထွက်ပေါ်လာပြီး သူမထံသို့ပျံသန်းလာသော ဓားအပါအဝင်အရာအားလုံးကို ဝါးမြိုရန် သွေးပင်လယ်တစ်ခုကိုဖန်တီးလိုက်သည်။

ဓားများသည် တိုက်ခိုက်မှုနှစ်ခုကို တစ်ပြိုင်တည်းနီးပါး ထိုးဖောက်ဝင်ရောက်ခဲ့သည်။ လူအုပ်ကြီးသည် လမ်းကြောင်းတလျှောက်တွင် မယုံနိုင်အောင်တောက်ပပြီး လှပသောနတ်အလင်းကိုချန်ထားခဲ့သည့် ဖြောင့်တန်းသောအလင်းတန်းအဖြစ်ဖြင့် တိုက်ပွဲပုဆိန်နှင့် ကြက်သွေးရောင်နှင်းဆီပန်းများအား ဖြတ်သန်းသွားသည့် ဓားအလင်းတန်းများကိုသာ မြင်လိုက်နိုင်သည်။

ဓားအလင်းတန်းဖြတ်သန်းသွားပြီးနောက် စစ်တုရင်အရုပ်များသည် တစ်ခုပြီးတစ်ခု ဖုန်အဖြစ်သို့ပြောင်းလဲသွားသည်။ ဓားသွားအဖြစ်သို့ ပြောင်းလဲသွားသည့် စစ်တုရင်ရုပ် ၁၈ရုပ်သာ ကျန်ရှိတော့သည်။ လျှိုချင်နှင့် သွေးဘုရင်မတို့သည် မျက်နှာပျက်သွားသည်။ အကြောင်းရင်းမှာ သူတို့သည် အမှားလုပ်မိခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းကိုခံစားလိုက်ရ၍မဟုတ်ဘဲ ပြင်းထန်သော

ရှုံးနိမ့်မှုကို ခံစားလိုက်ရ၍ဖြစ်သည်။

သူတို့အားလုံးသည် မယုံနိုင်အောင်မောက်မာသူများဖြစ်ကြသည်။ အစောပိုင်းတွင် ထိုကျင့်ကြံသူ၏  ထူးခြားအားကောင်းသည့်သွင်ပြင်ကြောင့် သူတို့အနေဖြင့် သူ့အားရှောင်ရှားရန် တိုက်ပွဲများစွာကိုကျော်ဖြတ်နိုင်ခဲ့သည်။ သူတို့၏စိတ်ထဲ၌ အချို့သောအတွေးများရှိထားပြီးဖြစ်သည်။ သို့သော်ယခုတွင် သူတို့အနေနှင့် ဤတိုက်ပွဲသို့ဝင်ရောက်လာခဲ့ပြီး ဤကဲ့သို့သော ရှုံးနိမ့်မှုကိုရင်ဆိုင်ရဆဲဖြစ်သည်။

ထိုသည်က သူတို့၏မိမိကိုယ်ကိုယုံကြည်မှုအား သိသိသာသာထိခိုက်စေခဲ့သည်။ သူတို့ကျင့်ကြံခဲ့သည့် လမ်းစဉ်က ထိုမျှ အားနည်းခဲ့လေခြင်းပေလား။

လျှိုချင်နှင့်သွေးဘုရင်မတို့သည် ထိုသို့တွေးမိပြီး သူတို့၏မျက်လုံးများသည် အရောင်ဖျော့သွားသည်။

တိုက်ပွဲကို ကြည့်ရှူနေသူများသည်လည်း ရင်တထိတ်ထိတ်ဖြင့် ထိတ်လန့်နေကြသည်။

အလွန်အားကောင်းလွန်းလှသည်။ အစောပိုင်းတွင် ဤပြိုင်ပွဲ၏အနိုင်ရရှိသူသည် သူတို့သုံးဦးထဲမှ ပိုင်ကု၊ လျှိုချင် သို့မဟုတ် သွေးဘုရင်မတစ်ယောက်ယောက်ဖြစ်လိမ့်မည်ဟု အချို့သောကျင့်ကြံသူများက ထင်ခဲ့ကြသည်။ ဤမျှအားကောင်းသည့် သူတစ်ဦးပေါ်လာပြီး သူတို့သုံးဦးအားလုံးဝချေမှုန်းနိုင်လိမ့်မည်ဟု သူတို့လုံးဝမျှော်လင့်မထားခဲ့ကြပေ။

ထိုသည်မှာ အစောပိုင်းက လူတစ်ဦးခန့်မှန်းထားသည့်အတိုင်းပင်ဖြစ်သည်။ ပြိုင်ပွဲ၏အောင်နိုင်သူသည် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုသူသည် သူတို့တွေးထားသည့် ပါဝင်သူသုံးဦးထဲမှ တစ်ယောက်မှမဟုတ်ဘဲ အဖြူရောင်ဆံပင်နှင့်ရန်ဟောင်ဖြစ်နေခဲ့သည်။

စန့်ကွမ်းချိုးရယ်သည်လည်း ခေတ္တဆွံ့အသွားသည်။ သူမသည် ရီဖူရှင်း၏စွမ်းအားကို လျှော့တွက်နေဆဲဖြစ်ပုံရသည်။ သူ၏မဟာလမ်းစဉ်သည် အခြားသူများနှင့် မတူညီပေ။ လျှို့ဝှက်ဆန်းကြယ်သောထိာကျင့်ကြံသူသည် အဆင့်တူတွင် တစ်ဦးတည်းသာရှိသည့်သူသာ ဖြစ်နိုင်သည်။

သွေးဘုရင်မနှင့် လျှိုချင်သည် သူ့အားစိုက်ကြည့်နေဆဲဖြစ်သည်ကို ရီဖူရှင်းမြင်လိုက်သည်။ ထိုသည်မှာ သူတို့သည် မမျှော်လင့်ထားသည့်အရှုံးကို လက်မခံနိုင်သေး၍ဖြစ်နိုင်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။ "ဒါကိုစိတ်ထဲမထားပါနဲ့။ အခြားတစ်ယောက်ဆိုရင်လည်း ရလဒ်က အတူတူပဲဖြစ်မှာပါ"

ရီဖူရှင်း၏စကားများကိုကြားပြီး ကြည့်ရှူနေသူများ၏ မျက်နှာအမူအယာများသည် ပြောင်းလဲသွားသည်။ ဒါက...

သို့သော်လည်း မည်သူမျှ တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိပေ။ သူသည် အံ့ဩဖွယ်ကောင်းအောင်အရည်အချင်းရှိသည့် အားကောင်းလှသော ကျင့်ကြံသူသုံးဦးကို တခဏအတွင်းအနိုင်ယူခဲ့သည်။ သူ‌သည် မည်သည့်အရာကိုပင်ပြောသည်ဖြစ်စေ သူမှန်နေသည့်အတွက် မည်သူမျှမငြင်းနိုင်ဆိုပေ။

ရီဖူရှင်းအနေဖြင့် မာနကြီးပြီး မောက်မာခွင့် ရှိပေသည်။

သာမာန်နေ့၌ တစ်စုံတစ်ယောက်သည် သွေးဘုရင်မ သို့မဟုတ် လျှိုချင်အား ထိုကဲ့သို့ပြောမည်ဆိုလျှင် သူတို့နှစ်ဦးသည် အလွန်အမင်းဒေါသထွက်မည်ဖြစ်သည်။ သို့သော် ယခုအခါ သူတို့သည် မည်သည့်အရာမှ မခံစားရပေ။ သူတို့သည် ရီဖူရှင်းကိုသာ တိတ်ဆိတ်စွာကြည့်နေသည်။

ရီဖူရှင်းပြောသကဲ့သို့ဖြစ်ရန် သူတို့မျှော်လင့်ခဲ့ကြသည်။ အဖြူရောင်ဆံပင်နှင့်ရန်ဟောင်သည် အလွန်အားကောင်းလွန်းနေခြင်းဖြစ်ပြီး သူတို့၏မဟာလမ်းစဉ်က အလွန်အင်အားနည်းနေခြင်းမဟုတ်ပေ။

"ငါအရှုံးကိုလက်ခံတယ်။ မင်းရဲ့နောက်ပိုင်းစွမ်းဆောင်ရည်တွေကို စောင့်မျှော်နေပါ့မယ်" လျှိုချင်ကပြောလိုက်သည်။ ထို့နောက် သူသည် စစ်တုရင်ခုံမှထွက်သွားသည်။ သွေးဘုရင်မသည် ရီဖူရှင်းအား သူမ၏နှစ်လိုဖွယ်မျက်ဝန်းများဖြင့် လေးနက်စွာစိုက်ကြည့်ပြီးနောက် သူမသည်လည်း ထွက်ခွာသွားသည်။

ရီဖူရှင်းသည် နောက်ဆက်တွဲတိုက်ပွဲများတွင်လည်း ထိုမျှအားကောင်းမည်လားဆိုသည်ကို သူမ‌တွေ့ရပေလိမ့်မည်။

ပြိုင်ပွဲသည် ပြီးဆုံးသွားပြီး ရီဖူရှင်းသည် ပြီးပြည့်စုံသည့် အောင်ပွဲတစ်ခုကိုရရှိသွားသည်။ သူသည် အံ့အားသင့်​ဟန်တစ်ခုပင် မရှိခဲ့ပေ။

ပို၍ကြောက်စရာကောင်းသည်က သူသည် စစ်တုရင်ရုပ် တစ်ရုပ်မျှပင် မရှုံးခဲ့ခြင်းပင်။ သူသည် နံဘေးရှိ ကျောက်တုံးစင်မြင့်ဆီသို့လမ်းလျှောက်သွားသည်။ လာမည့်ပြိုင်ပွဲ ကိုးပွဲလုံးတွင် သူသည် သူ၏စစ်တုရင်ရုပ် ၃၆ရုပ်လုံးကို ထိန်းထားနိုင်မည်ဆိုပါက သူသည် ယခင်က လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူထက်ပင် အားကောင်းသွားမည်ဖြစ်သည်။

ယခု ထိုသည်က စောင့်ကြည့်ရမည့် ကိစ္စပင်ဖြစ်သည်။

"သူအနိုင်ရမယ်လို့ မင်းဘယ်လိုသိလဲ " တစ်စုံတစ်ယောက်သည် ရီဖူရှင်းအနိုင်ရမည်ဟု အသေအချာကြိုတင်ပြောဆိုခဲ့သူကိုမေးလိုက်သည်။

"အစောပိုင်းချောက်ကမ်းပါးတိုက်ပွဲမှာ တုံ့လိုင်ကုန်းမြေမှ ကျွင်းကလန်ရဲ့ကျင့်ကြံသူအားလုံးကို သူအနိုင်ယူခဲ့တယ်။ သူက ကျွင်းကလန်ရဲ့သခင်လေး ကျွင်းချိုးယွင်ကို မသန်မစွမ်းဖြစ်အောင်လုပ်လိုက်တာ မသိခဲ့ဘူးလား။ သူက မဟာလမ်းစဉ်အခွင့်အရေးကိုယူခဲ့တာကြောင့် ချောက်ကမ်းပါးကပြိုကျသွားတယ်။ ဒီလိုလူတစ်ယောက်က ဘာလို့အနိုင်မရ,ရမှာလဲ" ထိုသူသည် မျက်စောင်းထိုးပြီးပြောလိုက်သည်။ သူသည် အရာအားလုံးကိုဆုပ်ကိုင်ထားနိုင်ပြီး အနိုင်ရရှိသူမှာ သူဖြစ်သကဲ့သို့ပြောနေသည်။

သူ၏အနီးရှိလူများသည် သူ၏စကားများကိုကြားသည့်အခါ အံအားသင့်သွားကြသည်။ သူသည် ထိုမျှအားကောင်းလှသည်လား။

သူသည် မဟာလမ်းစဉ်အခွင့်အရေးကိုယူခဲ့ပြီး ချောက်ကမ်းပါးသည် သူ့ကြောင့်ပြိုကျသွားခဲ့သည်။

လူအများသည် စင်မြင့်ပေါ်တွင်ထိုင်နေသည့် ရီဖူရှင်းကိုကြည့်လိုက်သည်။ ထိုနေရာတွင် ရီဖူရှင်းသည် တိတ်ဆိတ်စွာ ကျင့်ကြံ‌နေသည်။ သူ၏အောက်မှလူများကိုမကြည့်ပေ။ သူသည် ထိုမျှအားကောင်း​ကြောင်းကို ပြသရခြင်းမှာ အရှေ့နတ်ဘုရားကျွန်းစု၏ အာရုံစိုက်မှုကိုလိုချင်၍ဖြစ်သည်။ ထိုသည်မှာ အရှေ့နတ်ဘုရားကျွန်းစုတွင် ဖြစ်လာမည့်မထင်မှတ်ထားသည့်ကိစ္စများကို တုံ့ပြန်ရန်ဖြစ်သည်။

အရှေ့နတ်ဘုရားဂိတ်ပေါက်၏ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သောကျင့်ကြံသူသည် မျက်လုံးဖွင့်လိုက်သည်။ သူသည် ရီဖူရှင်းအားကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းက သိပ်မညံ့ဘူးပဲ"

ရီဖူရှင်းသည် ထိုစကားကြားသည့်အခါ ခေါင်းမော့ပြီးကြည့်လိုက်သည်။ သူသည် လူငယ်အား မတုန်မလှုပ်စိုက်ကြည့်လိုက်သည်။ ဤလူငယ်သည် အရှေ့နတ်ဘုရားကျွန်းစုကိုရောက်ကတည်းက သူမြင်ခဲ့ရသည့် အရည်အချင်းအရှိဆုံးနှင့် အင်အားအကြီးဆုံးလူဖြစ်သည်။ သူတို့နှစ်ယောက်ကြား၌ ကွာဟချက်အချို့ရှိနေဆဲဖြစ်သည်မှာ အမှန်ပင်။

"မင်းကိုယ်တိုင်လည်း သိပ်မညံ့ပါဘူး" ရီဖူရှင်းသည် အပြုံးဖြင့်ပြောလိုက်သည်။ လူငယ်၏တပည့်များသည် အနည်းငယ်တွန့်သွားကြသည်။ ထို့နောက် သူသည် ပြုံးပြီး ခေါင်းငြိမ့်ကာတုန့်ပြန်လိုက်သည်။

***

All Chapters