← Chapters

ကောင်းကင်ဖွင့်ဓားနှင့် လူနှင့်ဓားတစ်သားတည်းပညာ

Vol. 35 Ch. 511

ကောင်းကင်ဖွင့်ဓားနှင့် လူနှင့်ဓားတစ်သားတည်းပညာ

Vol. 35 Ch. 511

လုယန်၏ မှော်ပညာနှင့် ဓားပညာပါရမီက ငြင်းချက်ထုတ်စရာမရှိ။

မှော်ပညာပါရမီတွင် ယွမ်ကျိနှင့် တန်းတူအဆင့်ရှိသည်။

ဓားပညာတွင် တာအိုရှင်ဝစီပိတ်ထက် သာလွန်မည့် အရိပ်လက္ခဏာမျိုးပြနေသည်။

"အစက ဓားပညာအခြေခံတွေ မင်းကိုသင်ပေးမလို့ပဲ။ ဒါပေမယ့် အခုကြည့်ရတာ မလိုလောက်တော့ပါဘူး"

အခြေခံဓားကွက်များသည် ဓားပညာ၏မူလအဆင့်ဖြစ်သည်။ အသေးအဖွဲပြောင်းလဲမှုလေးပင် စွမ်းအားသိသိသာသာပြောင်းလဲနိုင်သည်။

"ငါသိထားတဲ့ ဓားပညာတွေက ကျင့်စဉ်အဆင့်မြင့်ဖို့လိုတယ်။ ဒါတွေကို မင်းကိုသင်ပေးလို့မရသေးဘူး။

'ဓားတစ်လက်က ဓားတစ်သောင်းအသွင်ပြောင်း'ပညာဆိုရင် ဝိညာဉ်စွမ်းအားအများကြီး ရှိထားဖို့လိုတယ်။ မင်းမှာရှိတဲ့ ဝိညာဉ်စွမ်းအားက ရွှေသန္ဓေအဆင့်နဲ့စာရင် ထူးခြားတယ်။

နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေကြားမှာတောင် ထူးခြားတယ်လို့ ဆိုနိုင်တယ်။

မင်းရဲ့ဝိညာဉ်စွမ်းအားအတိုင်းအတာမျိုးရှိတဲ့လူ ရှားတယ်။ ဒါပေမယ့် "ဓားတစ်သောင်းအသွင်းပြောင်း"ပညာကို သုံးနိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်။

မင်းနတ်ဝိညာဉ်အဆင့်ရောက်ရင် အဲဒီ့ပညာငါသင်ပေးလို့ရတယ်။ ဓားတစ်သောင်းအသွင်ပြေားပညာဟာ တကယ်တော့ ဝိညာဉ်ပြောင်းအဆင့်အတွက် သတ်မှတ်ထားတဲ့ပညာပါ။

ဓားတစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ ဓားတစ်သောင်းနောက်ကလိုက်လာတယ်။ စစ်တပ်တစ်ခုလို ကောင်းကင်အပြည့်ဖုံးလွှမ်းတယ်။ ဓားကျင့်ကြံသူတွေအားလုံး တောင့်တကြတဲ့ပညာပဲ"

လုယန်၏ ဓားပါရမီနှင့် ဝိညာဉ်စွမ်းအားသိုလှောင်မှုပမာဏအရ နတ်ဝိညာဉ်အဆင့်ရောက်လျှင် ထိုပညာကို အသုံးပြုကောင်းပြုနိုင်လောက်သည်။

"ဓားပျံပညာတော့ ငါမင်းကိုသင်ပေးဖို့မလိုဘူး။ "အကောင်းဆုံးဓားတစ်လက်"ပညာကို သင်ဖို့ကျတော့လည်း စောလွန်းသေးတယ်။ မင်းလမ်းမှား‌ရောက်သွားနိုင်တယ်။

ပြီးတော့ မင်းမှာ ချင်ဖုန်းဓားရှိနေတာပဲ။ ဘယ်ဓားမှ ဒီ'ဓားတစ်လက်'ကို အနိုင်မယူနိုင်ပါဘူး။

"ဓားတစ်သောင်းဌာနေပြန်"ပညာအတွက် အခြေခံလိုအပ်ချက်က ဝိညာဉ်ပြောင်းအဆင့် ကျင့်စဉ်စွမ်းအားပဲ။ မင်းအတွက် အလှမ်းကွာနေသေးတယ်။

ငါ့ရဲ့အမြင့်ဆုံး ဓားပညာဖြစ်တဲ့ "ကောင်းကင်ဖွင့်ဓား"က ပိုပြီးတောင် ခက်ခဲသေးတယ်။ စုစည်းခြင်းအဆင့်မရောက်ဘဲ သင်ဖို့စိတ်မကူးနဲ့"

ဓားပညာများကို ဝစီပိတ် စာရင်းချုပ်ပြသည်။ ဘယ်ဓားပညာမှ လုယန်သင်ဖို့မသင့်တော်။

"ကောင်းကင်ဖွင့်ဓားပညာက ဆရာကိုယ်တိုင် ဖန်တီးထားတာလား"

လုယန် ထိုဓားပညာအကြောင်း တစ်ခါမှမကြားဖူး။

ဝစီပိတ် သက်ပြင်းချ၍ ခေါင်းခါသည်။

"လိုအပ်ချက်အရ တတ်ကျွမ်းလာတာပါ။ တမင်ရည်ရွယ်ပြီး တီထွင်ခဲ့တာမဟုတ်ဘူး"

သူဝန်ခံလိုက်သည်။

လုယန် ဝစီပိတ်ကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ဓားကျင့်ကြံသူများအတွက် ရိုးရာပညာရပ်များများစားစားမရှိ။ "လူနှင့်ဓားတစ်သားတည်း"ပညာ၊ "ဓားတစ်သောင်းအသွင်းပြောင်း"ပညာ စသည်တို့ရှိသည်။

ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာသည့် ပညာများဖြစ်သည်။ ဓားကျင့်ကြံသူများကလည်း ရိုးရာမပျက် သင်ယူကြသည်။

တူညီသည့်ပညာတစ်ခုသည်ပင် သုံးစွဲသူ၏ ဓားပညာနားလည်နိုင်စွမ်းပေါ်မူတည်၍ သက်ရောက်မှုများစွာ ကွာခြားနိုင်သည်။

ကိုယ်ပိုင်ဓားပညာကို တီထွင်ခဲ့သည့် တာအိုရှင်ဝစီပိတ်လိုလူမျိုးက ရှားပါးသည်။

လုယန်သိသမျှ ထိုကဲ့သို့ကိုယ်ပိုင်ဓားပညာတီထွင်သည့် နောက်ထပ်တစ်ဦးတည်းသောကျင့်ကြံသူမှာ ဓားမျှော်စင်အဓိပဓိဖြစ်သည်။

ကျင့်ကြံသူလောကတွင်တော့ ဓားပညာအတော်များများရှိပါသည်။ မိုးကျဓားပညာ၊ ပန်းတစ်ရာဓားပညာ၊ အရုဏ်ဓားပညာနှင့် ပူပင်မဲ့ဓားပညာ စသဖြင့်ရှိသည်။

တစ်ချို့ဓားကျင့်ကြံသူများက နာမည်ပေးရာတွင် သိပ်မကျွမ်းကျင်ကြ။ နာမည်တူ ပညာရပ်များစွာရှိသည်။ လုယန်သိထားသည့် 'ပူပင်မဲ့ဓားပညာ' အနည်းဆုံးလေးမျိုးရှိသည်။

"လိုအပ်ချက်အရလား..."

သူ့ဆရာသည် ထိုဓားပညာကို စုစည်းခြင်းအဆင့်တွင် တီထွင်ခဲ့ခြင်းဖြစ်မည်။ ကျင့်ကြံသူလောကတွင် ယှဉ်နိုင်သူများများမရှိနိုင်။

သူ့ဆရာသည် ရန်သူများလွန်းသူဖြစ်၍ မကြာခဏ အလစ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်နိုင်သည်။

အဆင့်တူရန်သူ တစ်ရာလောက်ကို ရင်ဆိုင်ရလျှင် ဝစီပိတ်လို စွမ်းအားကြီးသူပင် လွတ်မြောက်ဖို့ခက်ခဲမည်။ အဆက်မပြတ်တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရ၍ သေလုမျောပါးဖြစ်မည်။

ထိုကဲ့သို့ သေရေးရှင်ရေးကြုံချိန်တွင် ဉာဏ်အလင်းတစ်ခုရပြီး "ကောင်းကင်ဖွင့်ဓား"လို ဓားပညာတစ်ခုဖန်တီးနိုင်ခဲ့ခြင်းဖြစ်မည်။

ထိုဓားရှိလျှင် ကောင်းကင်ကိုပင် ထိုးခွဲနိုင်မည်။

ဝစီပိတ်က မုတ်ဆိတ်ဖြူများကိုသပ်လျက် ပြောသည်။

"ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ငါအမှားတစ်ခုလုပ်မိလို့ မင်းရဲ့ဘိုးဘေးဆရာကငါ့ကို ကောင်းကင်ဂိတ်တောင်ထိပ်မှာ ဆယ်နှစ်ပိတ်လှောင်ထားတယ်။ အပြင်မထွက်နိုင်အောင် တားမြစ်ခဲ့တယ်။

မင်းသိပါတယ်။ (သေမျိုး)လောကကျင့်ကြံသူတစ်ယောက်ဟာ တံခါးပိတ်ဘဝနဲ့ ဘယ်လိုနေနိုင်မှာလဲ။

ဒါပေမယ့် ဘာမှမတတ်နိုင်ဘူးလေ။ ငါ့ဆရာရဲ့ကျင့်စဉ်စွမ်းအားက ငါ့ထက်မြင့်တယ်။ ချုပ်နှောင်မှုပညာတွေ သူကျွမ်းကျင်တယ်။ တောင်ထိပ်တစ်ခုလုံးကို သူပိတ်ဆို့ထားတာ။

အဲလိုနေလို့တော့မဖြစ်ဘူးဆိုတာ ငါသိတယ်။ ဒီအတိုင်းဆက်နေရင် ဆယ်နှစ်လုံးလုံး ငါတကယ်အကျဉ်းကျနေမှာ။

အဲဒီ့အချိန်မှာ ငါဉာဏ်အလင်းရပြီး ချက်ချင်းကျင့်စဉ်ဝင်တယ်။ ငါ့ခန္ဓာကိုယ်က မီးဖိုဖြစ်လာတယ်။ ငါ့ရဲ့ဓားပညာအသိအမြင်အားလုံးကို အဲဒီ့မီးဖိုထဲမှာ သန့်စင်တယ်။ ပြောင်းလဲတယ်။ ပေါင်းစပ်တယ်။

နောက်ဆုံးတော့ ကောင်းကင်ဂိတ်တောင်ထိပ်ရဲ့ အတားအဆီးတံဆိပ်ကို ချိုးဖျက်နိုင်တဲ့ ဓားချက်တစ်ချက်ထုတ်လိုက်တယ်။ အဲဒီဓားချက်ကို 'ကောင်းကင်ဖွင့်ဓား'လို့ ငါနာမည်ပေးခဲ့တာ"

လုယန် "..."

ဆရာဓားပညာနားလည်တဲ့ ဖြစ်စဉ်က ကျုပ်ထင်ထားသလိုမဟုတ်ပါလား...

"ဓားကျင့်ကြံသူတွေအကြောင်းပြောရင် ငါမသေမျိုးမဖြစ်ခင်က တစ်ယောက်ကြုံဖူးတယ်။ သူက အဆင့်တူထဲမှာ တကယ့်အင်အားအကြီးဆုံးပြိုင်ဘက်ပဲ။ မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်"

ဝစီပိတ်၏ ဓားပညာအကြောင်းကြားပြီးနောက် နတ်မယ်က အတိတ်ဖြစ်ရပ်တစ်ခုကို ပြန်သတိရလာသည်။

"ပြောပြပါဦး နတ်မယ်"

ဓားကျင့်ကြံသူတစ်ယောက်အကြောင်းဖြစ်၍ လုယန်စိတ်ဝင်စားလာသည်။

ရှေးဟောင်းခေတ်ဓားပညာရှင်များအကြောင်း ကြားရခဲသည်။

"သူ့နာမည်က လျိုနင်ရွှယ်တဲ့။ ဗျတ်စောင်းနဲ့ဓား နှစ်မျိုးလုံးကျွမ်းကျင်တယ်။ ဗျတ်စောင်းဓားအရှင်လို့ နာမည်ကျော်တယ်။ "လူနဲ့ဓားတစ်သားတည်း"ဆိုတဲ့ ဓားပညာကို နင်သိတယ်မဟုတ်လား။ အဲဒါ သူတီထွင်ခဲ့တာ"

လုယန် မျက်လုံးနည်းနည်းပြူးသွားသည်။ လူနှင့်ဓားတစ်သားတည်းပညာသည် အချိန်တိုအတွင်း တိုက်ခိုက်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် နာမည်ကျော်ဓားပညာဖြစ်သည်။ ရှေးဟောင်းခေတ်မှစ၍ လက်ဆင့်ကမ်းလာသည်ဟု ပြောကြသည်။

သို့သော် ထိုဓားပညာ၏ မူလဇစ်မြစ်နှင့် တီထွင်သူအကြောင်း ဘယ်သူမှမသိကြ။ ယခု မထင်မှတ်ဘဲ နတ်မယ်က ထိုအကြောင်းပြောပြနေသည်။

"လျိုနင်ရွှယ်က တကယ်တော်တဲ့တိုက်ခိုက်ရေးသမားပါ။ တစ်ခြားဓားကျင့်ကြံသူတွေလိုပဲ သူ့ဓားကို သူယုံကြည်တယ်။ ဓားကိုင်ထားရင် သူ့စွမ်းအင်ရောင်က ပြောင်းသွားတယ်။

မယုံနိုင်လာက်အောင် ကြောက်စရာကောင်းလာတယ်။ လက်ထဲက ဓားတစ်လက်နဲ့ လေဟာနယ်ကို ထိုးဖောက်ချေမွပြီး အချိန်ကာလကိုတောင် ခုတ်ဖြတ်နိုင်တယ်"

လုယန် မင်သက်မိသွားသည်။ လေဟာနယ်ကို ထိုးဖောက်ချေမွ၍ အချိန်ကိုခုတ်ဖြတ်နိုင်သည်ဆိုလျှင် တကယ်ကြောက်စရာ့စွမ်းအားမျိုးဖြစ်သည်။ လက်ရှိအခြေအနေဖြင့် သူရနိုင်ဖို့ အဝေးကြီးလိုသေးသည်။

ထိုလျိုနင်ရွှယ်သည် ရှေးဟောင်းခေတ်၏ ထိပ်တန်းဓားကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်မည်။ စွမ်းအားအကြီးဆုံးဓားသမားပင် ဖြစ်နိုင်သည်။

"ဒီဓားချက်နဲ့တွေ့ရင် စွမ်းအားကြီးတဲ့ ငါ့လိုလူတောင် နောက်ဆုတ်ရတယ်။ ထိပ်တိုက်ရင်မဆိုင်ချင်ဘူး။ ဒါပေမယ့် နောက်ဆုံးကျတော့လည်း သူငါ့ကိုမယှဉ်နိုင်ပါဘူး။ ငါ့လက်ထဲမှာ သေသွားတာပဲ"

"နတ်မယ်၊ ခင်ဗျားက တကယ်အံ့ဩစရာကောင်းတာပဲ။ ဗျတ်စောင်းဓားအရှင်က ဘယ်လိုရှုံးသွားတာလဲ"

"အဲဒီ့တိုက်ပွဲက တကယ်အန္တရာယ်များတယ်။ ငါတို့ အပြင်းအထန်တိုက်ခိုက်တယ်။ ကြယ်ကမ္ဘာတွေပျက်စီးတဲ့ အတိုင်းအတာထိဖြစ်ခဲ့တယ်။

ငါ့ဆီက အန္တရာယ်အငွေ့အသက်ကို သူခံစားမိလို့ဖြစ်မယ်ထင်တယ်။ ကြီးမားတဲ့ စိတ်ဖိအားအောက်ကနေ ဓားစွမ်းအားသဘောတရားတွေကို ပိုပြီးနက်နက်ရှိုင်းရှိူင်း သူနားလည်သွားတယ်။

သူ့မူလဓားကွက်တွေနဲ့ ငါ့ကိုမနိုင်မှန်း၊ တီထွင်ဆန်းသစ်ဖို့လိုမှန်း သူသိတယ်။ ဒါကြောင့် သူအသစ်နားလည်လာတဲ့ အတွေးအမြင်တွေပေါင်းစပ်ပြီး "လူနဲ့ဓားတစ်သားတည်း"ပညာကို ဘယ်သူမှမရောက်ခဲ့ဖူးတဲ့အဆင့်သစ်တစ်ခုထိ မြှင့်တင်နိုင်ခဲ့တယ်။

သူ့ဓားနဲ့ တစ်သားတည်းဖြစ်သွားတယ်။ မသေမျိုးဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားတယ်။ ကမ္ဘာသစ်တစ်ခု ဖန်တီးလိုက်သလို သူ့စွမ်းအင်ရောင် ထိုးတက်လာတယ်"

လုယန် တောက်ပသည့်မျက်လုံးအစုံဖြင့် ကြယ်ကမ္ဘာအဆင့်တိုက်ပွဲကို အပြည့်အဝအာရုံစိုက်၍ နားထောင်ရင်း စိတ်အားထက်သန်စွာမေးသည်။

"အဲဒါပြီးတော့ရော"

နတ်မယ် ပြောရခက်နေဟန်ဖြင့် ခေါင်းကုတ်သည်။

"အဲဒါပြီးတော့လား...'အဲဒါပြီးတော့'ဆိုတာ မရှိတော့ဘူးလေ။

ဓားတစ်လက်ဖြစ်လာချိန်မှာ ဓားနဲ့လူပေါင်းစပ်တာ အရမ်းများလွန်းသွားတယ်။။ အသွင်ပြန်ပြောင်းလို့မရတော့ဘူး"

လုယန် "..."

နတ်မယ်...ခင်ဗျားမသေမျိုးဖြစ်တဲ့အချိန်မှာ သာမန်ပြိုင်ဘက်မျိုး ဘယ်တုန်းကမှ မကြုံခဲ့ဘူးလား..

ထိုစဉ် ဝစီပိတ်က သူ့နဖူးသူရိုက်လိုက်သည်။ တစ်စုံတစ်ခုကို ရုတ်တရက် သတိရလာဟန်ရှိသည်။ လုယန်၏အတွေးစများ ပြတ်သွားသည်။

"ငါအခုမှ သိရတယ်။ မင်းကိုသင်ပေးလို့ရတဲ့ ဓားပညာတစ်ခုရှိတယ်"

"ဘယ်ပညာလဲ"

"'လူနဲ့ဓားတစ်သားတည်း'ပညာလေ။ ဒီပညာက ရှေးဟောင်းခေတ်ကဆင်းသက်လာတဲ့ ဂန္တဝင်ပညာရပ်တစ်ခုပဲ။ မယုံနိုင်စရာစွမ်းအားမျိုး ချက်ချင်းထုတ်သုံးနိုင်တယ်။ အကြမ်းအတည်းကြားကနေ တိုက်ပွဲအခြေအနေကို ပြောင်းလဲဖို့ အကောင်းဆုံးပညာပဲ"

"မသင်တော့ပါဘူး"

လုယန် အပြတ်ငြင်းလိုက်သည်။

ဝစီပိတ် တွေးရခက်သွားသည်။ ဘာကြောင့် သူ့တပည့် ထိုမျှမြန်ဆန်ပြတ်သားစွာ ငြင်းပယ်လိုက်သည်မသိ။

လူနှင့်ဓားတစ်သားတည်းပညာမှလွဲလျှင် လုယန်၏ လက်ရှိအဆင့်နှင့် သင်ယူနိုင်သည့် တစ်ခြားဓားပညာမျိုး ရှိမည်မထင်။

"ဒါဆိုလည်း ကောင်းပြီလေ။ ဓားပညာသဘောတရားကိုပဲ နားလည်အောင်ငါသင်ပေးပါ့မယ်"

**************************************

All Chapters