← Chapters

ကျားကိုမျှားထုတ်ခြင်းဗျူဟာ

Vol. 35 Ch. 513

ကျားကိုမျှားထုတ်ခြင်းဗျူဟာ

Vol. 35 Ch. 513

"လခွမ်းပဲကွာ။ ဝစီပိတ်ထွက်ပြေးတာ မြန်လိုက်တာ"

"အဲဒါမင်းတို့ အလောတကြီးလှုပ်ရှားလို့လေ။ ငါပြောပါတယ်။ သူဂိုဏ်းအပြင်ဘက်ကို ထွက်လာတဲ့အထိစောင့်ပြီးမှ လှုပ်ရှားပါလို့။ မင်းတို့ကောင်တွေ တကယ်အလျင်စလိုနိုင်တာပဲ။ မြင်တာနဲ့ချက်ချင်းတိုက်ခိုက်ကြတယ်။ သူ့နေရာမှာငါသာဆိုရင်လည်း ထွက်ပြေးမှာပဲ"

"မတတ်နိုင်ဘူးလေကွာ။ ဒီကောင့်ကိုမြင်တာနဲ့ ငါတို့လည်းအရမ်းစိတ်လှုပ်ရှားလာတာ။ ထိန်းချုပ်လို့မရဘူး"

"အခုဘယ်လိုလုပ်ကြမလဲ"

"နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ အလုပ်ဖြစ်မဖြစ်တော့ သေချာမသိဘူး"

"ဘာနည်းလမ်းလဲ"

"ငါတို့က အောင်သွယ်တော်အဖွဲ့ဆိုတာ မမေ့နဲ့လေ"

လူပေါင်းများစွာ ဝိုင်းတိုက်ခိုက်ခံရသည့်အဖြစ်ကိုပြန်တွေးရင်း ဝစီပိတ် ကြောက်နေဆဲဖြစ်သည်။ ထိုတိုက်ခိုက်မှုများသာ သူ့ကိုထိခဲ့လျှင် ဒဏ်ရာအပြင်းအထန်ရမလား သေသွားမလား သေချာမပြောနိုင်။

"ရွှေစီးပွားနယ်မြေအသင်းကလူတွေကလည်း တကယ့်ကောင်တွေပဲ။ ဖောက်သည်တွေကို သူတို့က ဒီလိုပဲဆက်ဆံကြတာလား။ ငါ့ကိုတောင် အသက်အာမခံစာချုပ် မ‌ရောင်းဘူး"

ဝစီပိတ် အတော်မကျေမနပ်ဖြစ်သည်။ ထိုအသင်းသည် သိပ်ဦးနှောက်မရှိ။ ဈေးအကြီးဆုံးအာမခံစာချုပ် သူဝယ်ချင်သည်ကိုပင် မရောင်းကြ။ ငွေမရှာတတ်ကြ။

"ဓားသဘောတရားကို မှန်မှန်ကန်ကန်နားလည်တယ်ဆိုတာ ဒီလိုကိုး"

လုယန် ကျင့်စဉ်ဝင်ရာမှထွက်လာသည်။ ဓားသဘောတရားနားလည်မှု အဆင့်တစ်ခုမြင့်တက်သွားပြီဟု ခံစားရသည်။ လွန်ခဲ့သည့်သုံးလက သူနှင့်တိုက်ခိုက်ခဲ့သည့် သခင်လေးလုသည် ယခုသူ့ကိုယှဉ်နိုင်တော့မည်မဟုတ်။

မျက်လုံးဖွင့်လိုက်သည်။ ယွမ်ကျိက အနီရောင်မင်္ဂလာစာအိပ်များ သူ့ဆီ အထပ်လိုက်ယူလာသည်ကို မြင်ရသည်။

"ဒါကဘာလဲ"

"အောင်သွယ်အဖွဲ့ဆီက စေ့စပ်ကြောင်းလမ်းစာတွေပါ။ တာအိုလမ်းစဉ်ဂိုဏ်းထဲကိုဝင်ပြီး လက်ထပ်ပွဲကိစ္စတွေ မင်းနဲ့မျက်နှာချင်းဆိုင် ဆွေးနွေးချင်တယ်တဲ့"

လုယန် ဖိတ်စာတစ်ခုကို ဆွဲယူ၍ကြည့်လိုက်သည်။ ပထမအဆင့်ဂိုဏ်း မြင်းဖြူဘုံကျောင်း။

"ကျုပ်က အဲလောက်တောင် လူကြိုက်များနေတာလား"

မုန်ကျင်းကျိုးသာမြင်လျှင် မနာလိုတိုရှည်ဖြစ်ပြီး အံကြိတ်နေလောက်သည်။

"မင်းနာမည်ကျော်တာကလည်း အကြောင်းရင်းတစ်ခုပေါ့။ ဒါပေမယ့် အဓိကအကြောင်းရင်းက ဂိုဏ်းထဲကိုဝင်ပြီး ငါတို့ဆရာကိုရှာချင်ကြတာပါ"

"ဆရာက ထွက်မသွားသေးဘူးလား"

လုယန် အံ့အားသင့်သွားသည်။ ခြေမငြိမ်သည့် ဝစီပိတ်စရိုက်အရ သူ့ကိုသင်ကြားပေးပြီသည်နှင့် ထွက်သွားမည်ဟု ထင်ခဲ့သည်။

ခြေမငြိမ်ဟု ပြော၍လည်းမရသေး။ သူ့ဆရာသည့် ရိုးရိုးသားသားဖြင့် ထောင်ဒဏ်ကို သတ်မှတ်ရက်ပြည့်သည်အထိ ကျခံခဲ့ဖူးသည်။

"သူထွက်သွားဖို့ပါပဲ။ ဒါပေမယ့် တံခါးဝမှာ ပိတ်ဆို့ထားတဲ့လူတွေရှိတယ်လေ"

ပြောသင့်သည်ဖြစ်စေ မပြောသင့်သည်ဖြစ်စေ ထိုကိစ္စကို လုယန်မအံ့ဩမိ။ ထိုအဖြစ်မျိုးကို ရှောင်လွှဲမရနိုင်ဟု တွေးနေသည်။

သူ့ဆရာ၏တည်နေရာသတင်းကို မှောင်ခိုဈေးတွင် ဈေးကြီးပေး၍ ရောင်းချကြသည်။ အဖိုးဖြတ်မရသည့်သတင်းအမျိုးအစား ဖြစ်နေသည်။ တည်နေရာသဲလွန်စအရိပ်အမြွက်လောက်ရလျှင်ပင် ချက်ချင်းဈေးကွက်တင်ကြသည်။ သူ့ဆရာ ဘယ်လောက်ရေပန်းစားကြောင်း သိသာထင်ရှားသည်။

ထိုနည်းတူစွာ သူ့ဆရာ ဂိုဏ်းသို့ပြန်လာသည့်သတင်းကလည်း အချိန်တိုအတွင်း ပျံ့နှံ့သွားသည်။

ဝစီပိတ်၏ ရန်သူများသည် စုစည်းခြင်းအဆင့်ဖြစ်သည်။ အားလုံးက ကြောက်စရာကောင်းသည့်အမြန်နှုန်းဖြင့် ရောက်လာကြသည်။ လေဟာနယ်မှော်ပညာ ကျွမ်းကျင်သူများက ပို၍မြန်သည်။

ဓားပညာသင်ယူလေ့လာခြင်း၏ပန်းတိုင်သည် 'ကာကွယ်ဖို့'ဟူသည့်စကား လုံးဝမမှားဟု ယခုလုယန်ခံစားနေရသည်။

တစ်ခြားလူများကို ကာကွယ်စရာမလိုပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဓိကဖြစ်သည်။

"ဒါဆို အခုဘယ်လိုလုပ်ကြမလဲ"

စေ့စပ်ကြောင်းလမ်းစာများကိုကြည့်၍ လုယန်အကြပ်ရိုက်နေသည်။ ထိုလူများက အောင်သွယ်များဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းက ထိုလူများကို နှင်ထုတ်လျှင် ကိုယ့်အမှားဖြစ်လာမည်။

"နည်းလမ်းနှစ်ခုရှိတယ်"

ယွမ်ကျိက စာအိတ်များကိုချပြီး သုံးသပ်သည်။

"တစ်ခုက သူတို့ကို မြန်မြန်အကြောင်းပြန်ပြီး ဂိုဏ်းထဲကိုဝင်ခွင့်ပေးရမယ်။ ဆရာ့ကို ရှာခိုင်းမယ်။ အဲလိုဆို သူတို့ရည်ရွယ်ချက် အောင်မြင်သွားမယ်"

လုယန် ခေါင်းခါသည်။ ထိုအစဉ်အစဉ်သည် တကယ်အဆင်မပြေနိုင်။

"ဒုတိယနည်းလမ်းကရော"

"ဆရာ့ကို သူတို့လက်ထဲအပ်လိုက်မယ်"

လုယန် "..."

ဒုတိယအစီအစဉ်က ပိုဆိုးဝါးနေပါလား...

"ဆရာက အသွင်ပြောင်းပညာကျွမ်းကျင်တယ်မဟုတ်လား။ တစ်ခြားလူတစ်ယောက်လိုပုံစံပြောင်းပြီး အသာလေးခိုးထွက်သွားလို့မရဘူးလား"

ယွမ်ကျိခေါင်းခါသည်။

"မြင်းဖြူဘုံကျောင်းက သူတို့ဘုံကျောင်းရဲ့ ရတနာကိုယူလာတယ်။ နတ်ဆိုးပုံရိပ်ကြေးမုံတဲ့။ ဘယ်ရုပ်ဖျက်ပညာကိုမဆို ထွင်းဖောက်မြင်နိုင်တယ်။

ရုပ်ဖျက်ထားတာကို မရိပ်မိလို့ ဆရာခိုးထွက်သွားရင်တောင် သူတို့က ဒီအကြောင်းကို သိမှာမဟုတ်ဘူး။ မင်းကိုအောင်သွယ်ပေးဖို့ တံခါးဝမှာစောင့်နေကြဦးမှာပဲ"

"ဒါဆိုရင် ဆရာ့ကိုပဲ အပ်လိုက်ပါတော့"

ဝစီပိတ်ကို လက်လွှဲပေးဖို့ဆိုသည်မှာ အန္တရာယ်များသည့်အလုပ်ဖြစ်သည်။ သူတို့နှစ်ယောက် ဆေးအိုးတောင်ထိပ်သို့သွား၍ သတ္တမအကြီးအကဲနှင့်အရင်သွားတွေ့သည်။

"တူမယွမ်နဲ့ ရှောင်လုပါလား.."

သူတို့ရောက်လာသည်ကိုကြည့်၍ သတ္တမအကြီးအကဲ အံ့အားသင့်သွားသည်။ ထို့နှစ်ယောက် သူ့ကို အတူလာတွေ့သည်မှာ ထူးဆန်းနေသည်။

"ကိစ္စတစ်ခုခုရှိလို့လား"

မည်သို့ဆိုစေ သူတို့ဆရာနှင့်ပတ်သက်သည့်ကိစ္စဖြစ်၍ ဒဲ့တိုးပြော၍မရ။ လုယန်စကားလုံးကို သေချာရွေးချယ်၍ပြောသည်။

"ဥပမာ...ဥပမာလို့ ကျုပ်ပြောတာနော်...အရမ်းစွမ်းအားကြီးတဲ့ စုစည်းခြင်းကျင့်ကြံသူတစ်ယောက်မှာ သူနဲ့အဆင့်တူ စုစည်းခြင်းအဆင့်ရန်သူတွေ အများကြီးရှိမယ်။ အဲဒီ့လူက ကံဆိုးပြီး ရန်သူတွေအဝိုင်းခံထားရမယ်။ ရန်သူ ငါးဆယ်ခြောက်ဆယ်လောက်ပေါ့။

အဲလိုဆိုရင် ဒီလူတွေရဲ့ တိုက်ခိုက်မှုအောက်ကနေ အသက်ရှင်အောင်ကူညီနိုင်မယ့် ဆေးတစ်မျိုးမျိုးရှိလား"

လုယန် သိပ်တော့မျှော်လင့်မထားပါ။ သို့သော် မထင်မှတ်ဘဲ သတ္တမအကြီးအကဲက ခေါင်းငြိမ့်သည်။

"ရှေးဟောင်းဒဏ္ဍာရီထဲမှာ သန္ဓေတည်ဆေးလုံးဆိုတာရှိတယ်။ ဒီဆေးဖော်စပ်နည်းကို မင်းလည်းမြင်ဖူးပါတယ် ရှောင်လု။

အဲဒီ့ကံဆိုးတဲ့ကျင့်ကြံသူအနေနဲ့ သန္ဓေတည်ဆေးကိုသောက်ပြီး ကိုယ်ဝန်ရလာမယ်ဆိုရင် သူ့ကိုဒုက္ခပေးမယ့်ရန်သူတွေက လူသားချင်းစာနာမှုအရ သူ့ကိုသတ်တဲ့အထိတော့ မဖြစ်နိုင်တော့ဘူးပေါ့"

"အဲဒီ့ကျင့်ကြံသူက ယောက်ျားပါ။ တစ်ခြားနည်းလမ်းရှိသေးလား"

"ဒါဆို အလောင်းပုံမပျက်ပါစေနဲ့လို့ သူဆုတောင်းပေါ့။ နှစ်ပေါင်းသောင်းချီ သိန်းချီကြာရင် အလောင်းက အသိဉာဏ်ရပြီး ပြန်ရှင်သန်နိုင်တယ်။ ဒါပေမယ့် ဒီနည်းလမ်းက ဒဏ္ဍာရီပဲရှိတာ။ ပြန်ရှင်သန်လာတာ သူဟုတ်မဟုတ်တော့ ဘယ်သူမှအတတ်မပြောနိုင်ဘူး"

"ဒီထက်ပိုစိတ်ချရတဲ့နည်းလမ်းရှိလား"

"အင်း ရှိတယ်။ မင်းပြောတဲ့ စုစည်းခြင်းအဆင့်ကျင့်ကြံသူဟာ မကောင်းမှုဒုစရိုက်မျိုးစုံ လုပ်ဖူးတဲ့သူဖြစ်ရမယ်။ သူ့အကြောင်း အာဏာပိုင်တွေဆီ သတင်းပို့ပြီး ဖမ်းခိုင်းလိုက်။ သူထောင်ကျပေမယ့် အနည်းဆုံးတော့ အသက်ရှင်လျက်နေနိုင်မယ်လေ"

ထိုစိတ်ကူ အတော်ကောင်းသည်ဟု လုယန်နှင့်ယွမ်ကျိ တွေးမိကြသည်။

"ဪ...မင်းတို့က ဒီရောက်နေတာလား"

ဆေးသန့်စင်ခန်းထဲတွင် လုယန်နှင့်ယွမ်ကျိတို့ ရှိနေသည်ကို ဝစီပိတ်တွေ့သည်။ သတ္တမအကြီးအကဲထံ ထိပ်တန်းအဆင့် ဒဏ်ရာကုဆေးပုလင်း အတော်များများသုံးသည်။

"ကဲ...မင်းတို့သိတဲ့အတိုင်းပဲ။ ငါသွားတော့မယ်"

လုယန် အံ့အားသင့်သွားသည်။ သူ့ဆရာကို လက်လွှဲပေးသင့်မပေးသင့် မဆုံးဖြတ်ရသေး။ ယခု သူ့ဆရာက သွားတော့မည်ဟု ပြောနေသည်။

"တံခါးဝကလူတွေကို မကြောက်ဘူးလား"

"အင်း..ငါသူတို့ကိုတော့ မနိုင်ဘူးပေါ့။ ဒါပေမယ့်ငါ့မှာ တစ်ခြားနည်းလမ်းတွေရှိပါတယ်"

"ဘာနည်းလမ်းလဲ"

"အကိုကြီးကို ဂိုဏ်းကထွက်သွားပြီး အိမ်နီးချင်းပြည်နယ်မှာ ဂယက်ထအောင်လုပ်ဖို့ ပြောထားတယ်။ ဒါမှ ငါဂိုဏ်းကထွက်သွားပြီလို့ သူတို့ထင်မှာလေ။ သူတို့အားလုံး အဲဒီ့ပြည်နယ်ကို ချက်ချင်းလိုက်သွားကြလိမ့်မယ်။ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ဂိုဏ်းကနေ ငါထွက်သွားမှာပေါ့"

ဝစီပိတ် ဝင့်ကြွားသည့်လေသံဖြင့် ရယ်မောနေသည်။ လောကတွင် နှစ်နှစ်ထောင်ကြာအောင် လှည့်လည်သွားလာခဲ့သူဖြစ်သည်။ နေ့ခင်းကြောင်တောင် သူ့ကိုဖမ်းဆီးဖို့ ကြိုးစားခြင်းသည့် စိတ်ကူးယဉ်နေခြင်းသာဖြစ်သည်။

အခြေအနေက ဝစီပိတ်စီမံထားသည့်အတိုင်း ကွက်တိဖြစ်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်ထဲမှ အသက်အကြီးဆုံးဖြစ်သည့် မဟာအကြီးအကဲတွင် ရန်သူသိပ်မများလှ။ အနည်းဆုံးတော့ အောင်သွယ်အဖွဲ့ထဲတွင် သူ့ရန်သူမပါ။

အိမ်နီးချင်းပြည်နယ်သို့သူသွားသည်။ ဝစီပိတ်အဖြစ်ဟန်ဆောင်၍ "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ" နောက်ဆုံးထွက်ဇာတ်လမ်း "မုန်ကျင်းကျိုးပုံပြင်"ကို ပြောသည်။ မုန်သခင်လေးသည် ချမ်းသာသော်လည်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ပုံ၊ ကျင့်ကြံမှုတွင် စိတ်နှစ်ထားပုံ၊ မိန်းမများကို စိတ်မဝင်စားပုံ၊ ကိုယ့်ကိုယ်ကိုပင် ကျိန်စာတစ်ခုတိုက်ခဲ့ပုံ၊ အတော်ကြာအောင် မိန်းမများကို ကြည့်ပင်မကြည့်ပုံ၊ တကယ်လေးစားစရာကောင်းပုံတို့ကို စီကာပတ်ကုံးပြောပြသည်။

အိမ်နီးချင်းပြည်နယ်တွင် ဝစီပိတ်ပုံပြောနေကြောင်းကြားရသလို ဝစီပိတ်၏ ရုပ်ဖျက်ပညာကိုလည်း ထည့်သွင်းစဉ်းစားမိသဖြင့် အောင်သွယ်တော်အဖွဲ့ တကယ်ယုံကြည်သွားသည်။ ထိုပြည်နယ်သို့ ချက်ချင်းထွက်သွားကြသည်။

ထို့နောက် ဝစီပိတ်က တာအိုလမ်းစဉ်ဂိုဏ်းမှ ဘေးကင်းစွာ ထွက်သွားသည်။

သူထွက်သွားပြီးနောက် လုယန်သက်ပြင်းချသည်။ ထိုနည်းလမ်းကို သူလည်း အစောကြီးကတည်းက တွေးမိခဲ့ပါသည်။ စိတ်အချရဆုံးနည်းလမ်းဖြစ်မှန်းသိသည်။ သို့သော် ထိုနည်းလမ်းကို သူ့ဆရာအတွက် အသုံးမပြုချင်ခဲ့။

သူ့ဆရာကို တာအိုလမ်းစဉ်ဂိုဏ်းမှ ဘေးကင်းကင်းထွက်သွားခွင့်ပေးရသည့်အဖြစ်ကို လိပ်ပြာမလုံသလို သူအမြဲခံစားရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ထင်မထားသည့်လူတစ်ယောက် လုယန်နှင့်လာတွေ့သည်။

"အကိုလု၊ ကျွန်မနဲ့အတူ မစ်ရှင်တစ်ခုအတွက် အဖော်လိုက်ပေးပါလား"

ထောင်ယော်ယဲ့က ပြုံး၍ဖိတ်ခေါ်သည်။

*****************************************

All Chapters