အတွေ့အကြုံရှိသည့်နတ်မယ်
Vol. 35 Ch. 515
"တစ်ယောက်တစ်ပွဲစီပေါ့"
တတိယပေါက်စီပွဲ ရောက်လာသည်။ လုယန် လန်ထင်ရှေ့သို့ တွန်းပို့ပေးသည်။
လန်ထင်က ထောင်ယော်ယဲ့ကို မသိမသာတစ်ချက်ကြည့်ပြီးနောက် မိန်းမဆန်သည့်သူ့ဣန္ဒြေကိုထုတ်ကြွားဟန်ဖြင့် ကြွရွသိမ်မွေ့စွာ ထိုင်သည်။ ထို့နောက် ပေါက်စီတစ်လုံးကို တူဖြင့်ညှပ်လိုက်သည်။
အကိုလုက ဤဆိုင်ကိုရွေးခြင်းဖြစ်၍ ထူးခြားချက်တစ်ခုခုရှိမည်မှာ သေချာသည်။ သို့သော် ပေါက်စီများက အရသာအတော်ဆိုးသည်။
လန်ထင် ပေါက်စီခွက်ကို တအံ့တဩစိုက်ကြည့်နေသည်။ သူစားဖူးသမျှ အဆိုးဆုံးပေါက်စီများဖြစ်သည်။
အမှန်တော့ ပေါက်စီက သာမန်အရည်အသွေးသာဖြစ်ပြီး အဆိုးဆုံးအခြေအနေမဟုတ်ပါ။ သို့သော် လန်ထင်သည် လူချမ်းသာမိသားစုတွင် မွေးဖွားလာသူဖြစ်၍ အရသာရှိသည့်အစားအသောက်များကိုသာ အမြဲစားခဲ့သည်။ လသံလွင်နန်းတော်သို့ဝင်ပြီးနောက်မှာပင် ကျန်းမာရေးနှင့်ညီမျှအောင် ရွေးချယ်စားသောက်ခဲ့ရသည့်တိုင် ကျင့်ကြံသူလောကတွင် အကောင်းဆုံးအစားအသောက်များသာဖြစ်သည်။
အပြင်လောကမှ သာမန်ပေါက်စီများက သူ့အတွက် မျိုချဖို့ခက်သည်။
ဆိုင်ရှင်က လုယန် ပေါက်စီနောက်တစ်ပွဲမှာသဖြင့် အတော်ကျေနပ်သွားသည်။ သူ့ပေါက်စီများမကောင်းကြောင်း ယွဲဟဲကောင်တီမှလူတိုင်း သိကြသည်။ လူစိမ်းများသာ ဂျင်းမိလေ့ရှိသည်။
နှစ်ပေါင်းသုံးဆယ်နီးပါး သူပေါက်စီရောင်းခဲ့သည်။ သူ့ဖောက်သည်အများစုက အပြင်လူများသာဖြစ်သည်။
လုယန်၏ပေါက်စီခွက်ထဲတွင် အချဉ်ရည်များများပါသဖြင့် အရသာအတော်ထိန်းနိုင်သည်။
မည်သို့ဆိုစေ မှာထားပြီးဖြစ်၍ စားရမည်။ သူတို့သုံးယောက် ပေါက်စီခွက်ကိုယ်စီ အဆုံးသတ်လိုက်သည်။
လုယန် ပါးစပ်ကိုယ်သုတ်၍ မပြောရသေးသည့်ကိစ္စတစ်ခုကို သူသတိရလာသည်။
"ဒါနဲ့ ငါမမေးရသေးဘူး။ ညီမလန်က ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။ ညီမလည်း မစ်ရှင်ထွက်လာတာလား"
"ဟုတ်တယ်၊ သခင်စုန့်ဆိုတဲ့လူက လသံလွင်နန်းတော်မှာ အကူအညီလာတောင်းတယ်။ သူ့မိသားစုမှာ ထူးဆန်းတဲ့ပန်းချီကားတစ်ခုရှိတယ်။ မီးလည်းရှို့မရ၊ လွှင့်ပစ်လို့လည်းမရ၊ ဆုတ်ဖြဲလို့လည်းမရဘူးဘူး။ ညဘက်ကျရင် ခြောက်ခြားစရာအော်သံတွေထွက်တယ်တဲ့။ အတော်အန္တရာယ်များတယ်"
ထောင်ယော်ယဲ့ အလိုက်သင့်ဝင်ပြောသည်။
"အကိုလုနဲ့ကျွန်မ မစ်ရှင်တစ်ခုအတူထွက်လာတာပါ။ အကိုလုက ကျွန်မတစ်ယောက်တည်း အဆင်မပြေမှာစိုးလို့ အတူလိုက်လာတာ"
လုယန် နည်းနည်းအူကြောင်ကြောင်ဖြစ်သွားသည်။ ညီမထောင်၏စကားများသည် မမှားပါ။ သို့သော် နည်းနည်းတစ်မျိုးဖြစ်နေသည်ဟု ခံစားရသည်။
"သခင်စုန့်က ကျွန်မတို့ဂိုဏ်းနှစ်ခုလုံးကနေ အကူအညီတောင်းထားတဲ့ပုံပဲ"
ထိုအဖြစ်မျိုး မရှားလှ။ အကူအညီတောင်သူများသည် ဘယ်ဂိုဏ်းက ယုံကြည်ရမှန်း သေချာမသိကြ။ ထို့ကြောင့် ဂိုဏ်းသုံးလေးဂိုဏ်း တစ်ပြိုင်တည်း အကူအညီတောင်းကြသည်။ ထို့ကြောင့် မသေမျိုးငါးဂိုဏ်းတပည့်များ မစ်ရှင်တိုက်ဆိုင်နေသည့်အဖြစ်မျိုး မကြာခဏကြုံရသည်။
ဥပမာ ဝစီပိတ်နှင့် လော်ဟုန်ရှားတို့သည် ငယ်စဉ်က မစ်ရှင်တစ်ခု တိုက်ဆိုင်ခဲ့သည်။ နှစ်ယောက်လုံး သရဲရှင်းလင်းရသည့်မစ်ရှင်ဖြစ်သည်။ သုံးရက်ကြာအောင် တည်းခိုခန်းတစ်ခုတွင် သူတို့အတူနေခဲ့သည်။ သို့သော် သရဲကိုလုံးဝမတွေ့။ နောက်ဆုံးတွင် ဝစီပိတ်၏အိပ်ယာအောက်တွင် သရဲကိုတွေ့သည်။ ဝစီပိတ်အိပ်ပျော်နေချိန်တွင် သရဲက သူ့ကင်တင်စွန်းအောက်မှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဝစီပိတ်က ထိုသရဲကို သုံးရက်စာတည်းခိုခန်းခ၏တစ်ဝက်ပေးရန် တောင်းဆိုသည်။
သရဲက မဟာရှားဥပဒေကြောင်းအရ သူသည် သက်ရှိမဟုတ်သဖြင့် အခန်းခပေးစရာမလိုဟုပြောသည်။
ဝစီပိတ်က မဟာရှားဥပဒေကို ပြန်၍ကိုးကားရွတ်ဆိုပြသည်။ သရဲများသည် လူ့အခွင့်အရေးများမရှိ။ ကျင့်ကြံသူများက သူတို့ကို နေရာတင် ချက်ချင်းသတ်ခွင့်ရှိသည်။
ထိုသရဲ အပိုးကျိုးသွားပြီး အခန်းခတစ်ဝက်ပေးသည်။ ထို့နောက် ဖမ်းဆီးထိန်းသိမ်းခံရသည်။
"အကိုလု၊ ညီမထောင်၊ သခင်စုန့်အခြေအနေကို စုံစမ်းပြီးပြီလား"
ထောင်ယော်ယဲ့က သူ့စုံစမ်းထားသည့်အချက်များကို ပြန်ပြောပြလိုက်သည်။
"ဒါတွေက ကျွန်မတို့နှစ်ယောက် သိထားတာတွေပါ"
"အကိုလုကိုတကယ်လေးစားတယ်။ ယွမ်ဟဲကိုရောက်ရောက်ချင်း ဒီလောက်အများကြီး စုံစမ်းနိုင်တယ်။ ညီမထောင်ယော်လည်း အများကြီး ကြိုးစားခဲ့တာ သေချာတယ်။ ကျွန်မက အကိုလုထက် သုံးရက်ကြိုရောက်နှင့်ပေမယ့် ဒီထက်နည်းနည်းပဲ ပိုသိတာပါ။
ကျွန်မတစ်ယောက်တည်းဖြစ်နေတာ ဆိုးတာပဲ။ အကိုလုသာကူညီရင် ကျွန်မတို့ ဒီထက်ပိုစုံစမ်းနိုင်ခဲ့လောက်တယ်"
ထောင်ယော်ယဲ့က လန်ထင်၏စိတ်ကူးယဉ်အတွေးကို မကြားချင်ယောင်ဆောင်၍ တည်ငြိမ်စွာမေးသည်။
"အမလန် ဘာတွေသိထားသေးလဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သခင်စုန့် အကြပ်အတည်းကြုံတယ်။ သူ့မိသားစု ခိုးကိုးရာမဲ့ဘဝမျိုးရောက်လုနီးပါးပဲ။ ငွေလည်းနည်းနည်းပဲကျန်တယ်။ သူ့ပိုင်ဆိုင်မှုအားလုံးကို ပုံအောပြီးရင်းနှီးမြှုပ်နှံခဲ့တော့ အားလုံးအရှုံးပေါ်သွားတယ်။ သူအားလုံးဆုံးရှုံးသွားတယ်။ တောင်တန်းတစ်ခုပေါ် သူတက်သွားတာကို လူတစ်ချို့ကမြင်လိုက်တယ်။ သူ့ကိုယ်သူ သတ်သေတော့မယ့်ပုံမျိုးတဲ့။ ဒါပေမယ့် မထင်မှတ်ဘဲ နေ့တစ်ဝက်ကြာတော့ တောင်ပေါ်က သူဆင်းလာတယ်။ သူ့မျက်နှာလည်း အရင်ထက် ပိုကြည်လင်လာတယ်။ လက်ထဲမှာ ပန်းချီကားတစ်ခုပါလာတယ်။
ကျန်တဲ့အကြောင်းတော့ ရှင်တို့သိပြီးဖြစ်မှာပါ။ သခင်စုန့်က ရုတ်တရက် စီးပွားရေးအမြော်အမြင် ထက်သန်လာတယ်။ တစ်နေ့တစ်ခြားချမ်းသာလာတယ်။ သူ့မိသားစုလည်း ပျော်ပျော်ရွှင်ရွှင် ပြည့်ပြည့်စုံစုံဖြစ်လာတယ်"
လန်ထင်က ထောင်ယော်ယဲ့ကို ဝင့်ကြွားဟန်ဖြင့်ကြည့်သည်။ သူစုံစမ်းထားသည့် အရေးကြီးသတင်းအချက်အလက်မျိုးကို ထိုနှစ်ယောက် မသိသေး။
လန်ထင်၏ရှင်းလင်းချက်ကိုကြားပြီးနောက် ထောင်ယော်ယဲ့က လန်ထင်၏လက်ကို ရင်းရင်းနှီးနှီးဆွဲကိုင်သည်။
"အမလန်က အရမ်းထက်မြက်တာပဲ။ ဒီလောက်အချက်အလက်တွေအများကြီးကို တစ်ယောက်တည်းစုံစမ်းနိုင်တယ်။ အမလန်က တစ်ယောက်တည်းလည်း အဆင်ပြေနေပုံပါပဲ"
လန်ထင်က ဝေဆာသည့်အပြုံးဖြင့် ထောင်ယော်ယဲ့လက်ကို ပြန်ကိုင်သည်။
"အို...ဒါက ဘာမှမဟုတ်ပါဘူး။ လူများများရှိတာက ပိုကောင်းတာပေါ့။ အရေအတွက်ဟာ အင်အားပါပဲ။ အကိုလုက နင်နဲ့အတူလိုက်လာတာ ဆိုးတယ်။ သူသာငါနဲ့အတူလိုက်ခဲ့ရင် အခုချိန်ဆို မစ်ရှင်ပြီးနေလောက်ပြီ"
"ဒါဆို အမလန်က ကျွန်မထက်ပိုတော်တယ်လို့ ယူဆတယ်ပေါ့"
"ညီမထောင်၊ အမစကားကို မခနဲ့ပါနဲ့။ ဘာပဲပြောပြော ငါက သုံးရက်ကြိုရောက်တာလေ။ အကိုလုသာ ငါနဲ့အတူ သုံးရက်ကြိုရောက်ခဲ့ရင် သူ့အစွမ်းအစနဲ့ဆို မစ်ရှင်ပြီးလောက်ပြီပဲမဟုတ်လား"
"ဟုတ်တယ်။ အကိုလုအစွမ်းအစနဲ့ဆို မစ်ရှင်ကို သူ့တစ်ယောက်တည်းတောင် ပြီးမြောက်အောင်လုပ်နိုင်မှာပါ"
မိန်းမနှစ်ယောက် လက်ချင်းချိတ်၍ ပြန်ဆုံစည်းသည့် မိတ်ဆွေရင်းများပမာ ပြုံးရွယ်ရယ်မော၍ စကားပြောနေကြသည်။ ညီအမရင်းများဟု ထင်ရလောက်သည်။
လုယန် သူတို့စကားကို အရေးမစိုက်။ လန်ထင်ပြောသည့် အချက်အလက်များကိုသာ တွေးနေသည်။
"ထင်တဲ့အတိုင်းပဲ။ ပြဿနာက ပန်းချီကားပဲ။ သခင်စုန့်ဆီ သွားကြစို့"
သုံးယောက်သား သခင်စုန့်၏အိမ်သို့သွားကြသည်။ လမ်းတလျှောက် လန်ထင်က လုယန်ကို မကြာခဏလှည့်ကြည့်နေသည်။
"ညီမလန်၊ ကျုပ်မျက်နှာမှာတစ်ခုခုရှိနေလို့လား"
လန်ထင် တခစ်ခစ်ရယ်သည်။
"မဟုတ်ပါဘူး။ အကိုက အရမ်းလေးစားစရာကောင်းတယ်လို့ တွေးမိလို့ပါ။ အသက်ငယ်ငယ်နဲ့ ယာယီဂိုဏ်းချုပ်တောင်ဖြစ်နေပြီ။ ပြီးတော့ ဂိုဏ်းရဲ့ နှစ်ပတ်လည်ပွဲတော်တစ်ခုလုံးကို အကိုပဲစီမံခဲ့တာလို့ကြားတယ်။
ဒါဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးပဲ။ အကိုနဲ့ယှဉ်ရင် ညီမက အများကြီးနောက်ကျကျန်နေခဲ့ပြီ"
"ပေါက်ကရတွေမပြောပါနဲ့။ ကျုပ်ယာယီဂိုဏ်းချုပ်ဖြစ်တာက ကံကြောင့်သက်သက်ပါ"
လုယန်နှိမ်ချသည့်စကားက အရိုးခံဖြစ်သည်။ ကံဆိုးပြီး နတ်မယ်နှင့်တွေ့ခဲ့သဖြင့် သူယာယီဂိုဏ်းချုပ် ဖြစ်လာခြင်းဖြစ်သည်။
လန်ထင်စိတ်ပျက်သွားသည်ကို ရိပ်မိသဖြင့် လုယန်က နှစ်သိမ့်သည်။
"ပြီးတော့ ညီမလန်လည်း အရမ်းပါရမီထူးပါတယ်။ လောင်မုန်နဲ့မင်း တိုက်ခိုက်တာကို ငါကြည့်ခဲ့တယ်။ မင်းက အရမ်းစိတ်လှုပ်ရှားပြီး စိုးရိမ်နေလို့ပါ။ ဒါဟာ မင်းရဲအရည်အချင်းအစစ်အမှန် မဟုတ်ဘူး"
လုယန်တိုက်တွန်းအားပေးမှုကြောင့် လန်ထင်မျက်နှာအပြုံး တောက်ပလာသည်။
"ဟုတ်တယ်။ ကျွန်မ ဒီထက်ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသင့်တယ်။ ဘာပဲပြောပြော။ ကျွန်မက အဲဒီ့တိုက်ပွဲမှာ လသံလွင်နန်းတော်ကို ကိုယ်စားပြုတဲ့လူလေ။
ညီမထောင်နဲ့ကျွန်မက ပွဲစဉ်ကနေ ချက်ချင်းထွက်ခဲ့ရတယ်။ အစက ကျွန်မတို့နှစ်ယောက် ပြိုင်ပွဲစင်ပေါ်မှာတွေ့ကြမယ်ထင်ထားတာ။ ကံဆိုးချင်တော့မတွေ့ခဲ့ဘူး။ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေးမရခဲ့ဘူး"
ထောင်ယော်ယဲ့က တိုးညှင်းညင်သာသည့်လေသံဖြင့်
"အမလန်က တိုက်တာခိုက်တာကို ဒီလောက်သဘောကျတာလား။ ကျွန်မမြင်သလောက်တော့ အမလန်က ပုံမှန်ဆို ပညာတတ်တစ်ယောက်လို အမြဲနူးညံ့ညင်သာတဲ့လူပါ"
တစ်ခုခုတော့ မူမမှန်ဟု လုယန်ခံစားရသဖြင့် နတ်မယ်ကို တီးတိုးမေးကြည့်သည်။
"နတ်မယ်၊ ညီမထောင်နဲ့ ညီမလန် အပြုအမူတွေက နည်းနည်းထူးဆန်းနေတယ်မထင်ဘူးလား"
အချိန်အတော်ကြာအောင် သိစိတ်နယ်မြေမှ စောင့်ကြည့်အကဲခတ်နေခဲ့သည့်နတ်မယ်ကလည်း ထိုမိန်းကလေးများ၏အမူအရာနှင့်လေသံ ထူးဆန်းကြောင်း သတိထားမိသည်။
"ဒီလိုအဖြစ်မျိုး ငါအရင်ကမြင်ဖူးသလိုလိုပဲ...ဪ မှတ်မိပြီ။ နဂါးနဲ့ဖီးနစ်ပါရမီရှင်မနှစ်ယောက်က ငါ့ရှေ့ကိုရောက်ရင် ဒီလိုပဲပြောကြဆိုကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ချီးကျူးတယ်။
လုံးဝသဟဇာတဖြစ်ပြီး ခင်မင်ရင်းနှီးကြောင်း ပြကြတယ်။ သူတို့ဒီလိုလုပ်တာက ငါသူတို့ကို တပည့်အဖြစ် လက်ခံစေချင်လို့ပါ"
"ဒါဆို ညီမထောင်နဲ့ ညီမလန် အခုလိုပြုမူပြောဆိုနေတာတွေက..."
နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် စကားဖြတ်ပြောသည်။
"သူတို့ကို နင့်တပည့်တွေဖြစ် လက်ခံစေချင်လို့ပဲ ဖြစ်မှာပေါ့။ ပွဲတော်မှာတုန်းက နင်ကထူးထူးခြားခြားအစွမ်းပြခဲ့တာပဲလေ"
"ဟုတ်လောက်တယ်"
**********************************