← Chapters

တံခါးပိတ်လူသတ်မှု

Vol. 35 Ch. 516

တံခါးပိတ်လူသတ်မှု

Vol. 35 Ch. 516

လုယန်တို့သုံးယောက် သခင်စုန့်အိမ်သို့ အခက်အခဲမရှိရောက်လာသည်။

လုယန် တံခါးကို အသာခေါက်သည်။ ကျင့်စဉ်စွမ်းအင်ရောင်မရှိသည့် လူငယ်တစ်ယောက် တံခါးလာဖွင့်သည်။ သေမျိုးတစ်ယောက်ဖြစ်သည်။

မျက်နှာကဖြူရော်နေသည်။ မျက်ကွင်းများညိုနေသည်။ ကောင်းကောင်းအနားမယူရခြင်းကြောင့်ဖြစ်မည်။

"ခင်ဗျားတို့သုံယောက်က ဘယ်သူလဲ..."

လူငယ်က လုယန်တို့ကို အကဲစမ်းကြည့်၍ မေးသည်။

"ကျုပ်တို့က မသေမျိုးဂိုဏ်းတပည့်တွေပါ။ သခင်စုန့်က ပန်းချီကားကိစ္စ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားတာ"

"မသေမျိုးဂိုဏ်းတပည့်"

လူငယ် မျက်လုံပြူးသွားသည်။ စုန့်မိသားစုက မသေမျိုးဂိုဏ်းကို အကူအညီတောင်းထားသော်လည်း မျှော်လင့်ချက်သိပ်မထားခဲ့။ သို့သော်ယခု တကယ်ရောက်လာသည်။

"ကျုပ်ကလုယန်ပါ။ သူတို့က ကျုပ်ရဲ့ဂိုဏ်းတူညီမတွေ။ ထောင်ယော်ယဲ့နဲ့ လန်ထင်တဲ့"

"လုယန်...ရွှေသန္ဓေအဆင့်မှာ ပြိုင်ဘက်မရှိတဲ့ လုယန်ဆိုတာလား"

လုယန်နာမည်ကြားပြီးနောက် လူငယ်ပို၍ပင် အံ့ဩသွားသည်။ သူသည် သာမန်သေမျိုးတစ်ယောက်သာဖြစ်သော်လည်း လူချမ်းသာမိသားစုဝင်ဖြစ်၍ ကျင့်ကြံသူလောကအကြောင်း နည်းနည်းသိထားသည်။

လွန်ခဲ့သည့်သုံးလအတွင်း လုယန်နာမည်က တစ်ခြားကျင့်ကြံသူများထက် ရေပန်းစားခဲ့သည်။

ထို့ပြင် ဝစီပိတ်ပရိုမိုးရှင်းဖြန့်ခဲ့သဖြင့် လုယန်နာမည်ဂုဏ်သတင်း ပို၍ပြန့်နှံ့ခဲ့သည်။

ကျင့်ကြံသူလောကတွင် လုယန်ကို ရွှေသန္ဓေအလတ်တန်းဆင့်နံပတ်တစ်ဟု သိကြသည်။ သို့သော် ဤလူငယ်က ရွှေသန္ဓေအဆင့်နံပတ်တစ်ဟုသာ နားလည်သည်။

ရွှေသန္ဓေအဆင့်တွင် အဆင့်ငယ်များ ကွာခြားသည်ကိုမသိ။

"ကျုပ်က စုန့်ထန်ပါ။ ကြိုဆိုပါတယ် ဧည့်သည်တော်တို့။ အိမ်ထဲဝင်ကြပါခင်ဗျာ"

စုန့်ထန်က ယဉ်ကျေးစွာ ဖိတ်ခေါ်သည်။

စုန့်ထန်မိတ်ဆက်ပေးသဖြင့် သခင်စုန့်၏နာမည်ရင်းက စုန့်ကျင်းကျွီဖြစ်ကြောင်းသိရသည်။ စုန့်ထန်သည် အကြီးဆုံးသားဖြစ်သည်။ သခင်စုန့်က သက်ကြီးပိုင်းရောက်လာပြီဖြစ်၍ မိသားစုစီးပွားရေးကို စုန့်ထန်ကသာ အဓိကတာဝန်ယူသည်။

ကျင့်ကြံသူမိတ်ဆွေများထံမှ ပုံပြောဆရာတို့၏ ပုံပြင်များထဲမှ လုယန်ဇာတ်လမ်း တကယ်အမှန်ဖြစ်ကြောင်း သိရသည်။

သခင်စုန့်တွင် စုန့်ထန်အပြင် နောက်ထပ်သားနှစ်ယောက် သမီးတစ်ယောက်ရှိသည်။ ဒုတိယသားက စုန့်ချင်ဟူသည့် စာပေသမားဖြစ်သည်။ တတိယသားက သခင်စုန့်စိတ်ပျက်ရသည့် စုန့်ချီဖြစ်သည်။

တစ်နေကုန် ဘာမှမလုပ်ဘဲ အလေလိုက်နေသူဖြစ်သည်။ သမီးငယ်နာမည်က စုန့်လန်အာဖြစ်သည်။

သခင်မကြီးစုန့်က လွန်ခဲ့သည့်ငါးနှစ်က ရောဂါဖြင့်ကွယ်လွန်သွားသည်။

"ဧည့်သည်တော်တို့။ ကျုပ်တို့ စုန့်မိသားစုကို ကယ်မှဖြစ်မယ်။ အဲဒီ့ပန်းချီကားက အတော်ထူးဆန်းပြီး ကြောက်စရာကောင်းတယ်။ ကောင်းကောင်းအိပ်ရတဲ့ညလို့ကို မရှိပါဘူး။

ဒီပန်းချီကားခြောက်လှန့်နေလို့ ကျုပ်တို့အိမ်ပြောင်းခဲ့တာ နှစ်ခါရှိပြီ။ ဒါပေမယ့် ကျုပ်တို့နောက်ကို အမြဲတမ်းလိုက်လာတယ်"

စုန့်ထန်က စိတ်ပျက်နေဟန်ဖြင့် ရင်ဖွင့်သည်။ ပြီးခဲ့ရက်ပိုင်းအတွင်း သူကြောက်ကြောက်လန့်လန့်နေခဲ့ရသည်။ လုယန်တို့ရောက်လာသဖြင့် နည်းနည်းစိတ်သက်သာရာရနေဟန်ရှိသည်။

စုန့်ထန်က သူတို့လူစုကို ဧည့်ခန်းထဲမှ အကောင်းစားထိုင်ခုံများဆီ ခေါ်သွားသည်။ အိမ်စေတစ်ယောက်ကို လက်ဖက်ရည်ဧည့်ခံခိုင်းသည်။ ထို့နောက် စာကြည့်ခန်းမှ သခင်စုန့်ကို သွားခေါ်ရန် အိမ်ထိန်းကို ပြောသည်။

ထို့နောက် စုန့်ထန်က ကျန်သည့်မိသားစုဝင်များကို သွားခေါ်သည်။

ကြုံခဲ့ရသည့်အဖြစ်အပျက်များကြောင့် သူတို့မိသားစု အမြဲစိုးရိမ်ပူပန်နေခဲ့ရသည်။ မသေမျိုးဂိုဏ်းတပည့်များ လာကူညီသဖြင့် သူတို့စိတ်သက်သာရာရသည်။

လုယန် လက်ဖက်ရည်ခွက်ကိုကောက်ကိုင်၍ တစ်ဝက်ခန့်သောက်လိုက်သည်။ ပွက်ပွက်ဆူနေသည့်အပူဓာတ်ကို အရေးမစိုက်။

ထိုအပူဓာတ်လောက်ကို သူစာမဖွဲ့။ သူစကျင့်ကြံချိန်က ရေနွေးပူဖြင့်ပင် ရေချိုးခဲ့သေးသည်။

ခွက်ကိုပြန်ချပြီးနောက် လုယန်ပြောသည်။

"ဒီအိမ်မှာ ယင်ဓာတ်အရမ်းပြင်းထန်တယ်"

‌ထောင်ယော်ယဲ့ ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ ယင်ဓာတ်အတော်သိပ်သည်းတယ်။ အိမ်ထဲမှာ နတ်ဆိုးတစ်ကောင်း ပုန်းနေတာပဲဖြစ်မယ်"

ထိုအတိုင်းသာမှန်လျှင် ယခုရှိနေသည့် ယင်စွမ်းအင်သိပ်သည်းမှုပမာဏအရ သူတို့အတွက် သိပ်စိုးရိမ်စရာမရှိ။

သုံးယောက်လုံး အာရုံထက်မြက်မှုစူးရှသဖြင့် စုန့်မောင်နှမများ လျှောက်လာရင်းပြောဆိုနေသည့်စကားကို အတိုင်းသားကြားနေရသည်။

"အကို့ကို ဝေဖန်တာမဟုတ်ပါဘူး။ ဒါပေမယ်...ကျုပ်တို့ဖိတ်ခေါ်ခဲ့တဲ့ ကျင့်ကြံသူတွေ အတော်များနေပြီ။ အားလုံးက လက်ဗလာပြန်သွားရတာချည်းပဲ။ ဒီတစ်ခါ ထူးခြားလာမယ်လို့ အကိုဘာလို့ဒီလောက် ယုံကြည်ချက်ရှိနေတာလဲ"

"ညီသုံး၊ အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ ဒီတစ်ခါလာတဲ့ ဧည့်သည်တွေက မသေမျိုးဂိုဏ်းတပည့်တွေကွ။ တော်ဝင်နန်းတော်နဲ့ တန်းတူအဆင့်နီးပါးရှိတယ်။ သူတို့က မသေမျိုးအစစ်တွေပါ။ နတ်ဆိုးတစ်ကောင်ကို ရှင်းတာလောက်က သူတို့အတွက် အလွယ်လေးပဲ"

စကားသံအရ ဒုတိယသား စုန့်ချင်ဖြစ်ဟန်ရှိသည်။

"ပြီးတော့ အကိုပြောတာမင်းမကြားဘူးလား။ ဒီတစ်ခါလာတဲ့အဖွဲ့ထဲက လူတစ်ယောက်က လုယန်တဲ့။ မင်က ပေါ့ပေါ့နေပေါ့နေပါ့စားဆိုပေမယ့် 'တာအိုလမ်းစဉ်ဂိုဏ်း"ဒဏ္ဍာရီဇာတ်လမ်းတွေကိုတော့ မင်းကြားဖူးမှာပေါ့။

ငါသိသလောက်တော့ ဒီဇာတ်လမ်းတွေကို ဖန်တီးတဲ့လူက မသေမျိုးဂိုဏ်းချုပ်တဲ့။ သူပြောတဲ့ ဇာတ်လမ်းအဖြစ်အပျက်တွေက မယုံနိုင်စရာဖြစ်နေပေမယ့် ဒါတွေဟာတကယ့်အမှန်ပဲဖြစ်မယ်"

"အကိုဗဟုသုတများတာတွေ ကြွားလုံးထုတ်မနေပါနဲ့။ အကိုက နန်းတွင်းစာမေးပွဲမအောင်လို့ အခြေခံအဆင့်စာပေပညာရှင်တောင် မဖြစ်သေးဘူး။ အဖေက အကို့ကိုဒေါသထွက်တာ လေးငါးခါမကတော့ဘူး။ အကိုက စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေတဲ့လူလို့ အဖေပြောခဲ့တာ မေ့နေပြီလား"

"မင်း..."

"ပန်းချီကားကို သူတို့ဖယ်ရှားပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်မတို့မိသားစုအခြေအနေကို သိပြီးကတည်းက 'ကျိုး'က ကျွန်မကို သိပ်မတွေ့ရဲတော့ဘူး"

စိုးရိမ်ပူပန်ရိပ်ရောစွက်နေသည့်စကားသံ ပေါ်လာသည်။ အငယ်ဆုံးညီမ စုန့်လန်အာဖြစ်လိမ့်မည်။

"ညီမလေး၊ မင်းက အဲဒီ့ကောင်နဲ့ အဆက်အသွယ်မဖြတ်သေးဘူးလား။ အဖေပြောခဲ့တာ မေ့နေပြီလား။ ဒီကောင်က ဘာမှသုံးစားမရပါဘူး။ စကားချိုချိုတွေပဲ သုံးနေတာ။ မင်းကိုတကယ်စိတ်ဝင်စားတာမဟုတ်ဘူး။ ငါတို့မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို လိုချင်နေတာပါ"

"အကိုနှစ်စကားကို နားထောင်ပြီး တတ်နိုင်သမျှ မြန်မြန်အဆက်ဖြတ်လိုက်။ ကျိုးနဲ့ဆက်သွယ်နေသေးမှန်းသိရင် အဖေက မင်းခြေထောက်ကိုရိုက်ချိုးလိမ့်မယ်"

"မဖြတ်နိုင်ဘူး။ ကျိုးက ကျွန်မကို ချစ်တယ်"

"ကဲ...ငါတို့ တာအိုရှင်တွေနဲ့ တွေ့ရတော့မယ်။ ဣန္ဒေလေးဘာလေး ထိန်းကြဦး။ အထူးသဖြင့် မင်းပဲ စုန့်ချီ။ တာအိုရှင်တွေရှေ့မှာ ပြဿနာမရှာနဲ့။ ဖြစ်လာရင်တော့ အဖေကမင်းကို ချမ်းသာပေးမှာမဟုတ်ဘူး"

စုန့်မောင်နှမများ ဧည့်ခန်းသို့ ရောက်လာကြသည်။

လုယန် ကျန်နေသည့် လက်ဖက်ရည်ခွက်ကို လက်စသပ်လိုက်သည်။ လျှာပေါ်စွဲနေသည့် ချဉ်စူးစူးပေါက်စီအရသာကြောင့် ခံတွင်းရှင်းဖို့လိုသည်။

စုန့်မိသားစုဝင်များကြားမှ ဆက်ဆံရေးက အတော်ရှုပ်ထွေးပုံရသည်။

မိသားစုဝင်များကို တစ်ချက်ကြည့်ရုံဖြင့် အစောပိုင်းက အသံရှင်များသည် သူခန့်မှန်းထားသည့်အတိုင်း ကွက်တိဖြစ်ကြောင်း တွေ့ရသည်။

အကြီးဆုံးသား စုန့်ထန်ကို သူတွေ့ဖူးပြီးဖြစ်သည်။

ဒုတိယာသား စုန့်ချင်က စာပေဝတ်ရုံဖြင့် သပ်ရပ်ခံ့ညားသည့်အသွင်ရှိသည်။ လက်တစ်ဘက်ကို ဝမ်းဗိုက်ပေါ်ကပ်ထားသည်။

တတိယသား စုန့်ချီက ရှုသိုးသိုးမျက်နှာနှင့် အရပ်ပုပုဖြစ်သည်။

စုန့်လန်အာက လုယန်နှင့် မျက်နှာချင်းမဆိုင်ရဲဘဲ ကြောက်လန့်နေဟန်ရှိသည်။

"တာအိုရှင်တို့ကို ဂါရဝပြုပါတယ်"

စုန့်ထန်သည် မိသားစုတွင် အတော်ဩဇာညောင်းသည်။ သူ့ထက်အငယ်များကို ကောင်းကောင်းနေကြရန် သတိပေးပြီးဖြစ်၍ လုယန်ရှေ့တွင် ဘယ်သူမှ မလေးမစားမလုပ်ရဲ။ အငယ်ဆုံးသား စုန့်ချီပင် မလှုပ်ရဲ။

"အဖေမရောက်သေးဘူးလား"

စုန့်ထန် အံ့အားသင့်သွားသည်။ ယခုချိန်လောက်ဆို သူ့အဖေ ရောက်နေသင့်ပြီဖြစ်သည်။

သူတွေးရခက်နေစဉ်မှာပင် လူတစ်ယောက် ဧည့်ချန်းထဲသို့ အမောတကောပြေးဝင်လာသည်။

"သခင်လေး...မကောင်းတော့ဘူး"

စုန့်ထန် အိမ်ထန်းကို တွဲထိန်းပေးသည်။ သူ့စိတ်ထဲ လေးလံလာသည်။

"ဘာဖြစ်တာလဲ။ အဖေဘယ်မှာလဲ"

"သခင်ကြီး သေပြီ"

"ဘာ"

မောင်နှမလေးယောက် ပြိုင်တူအသံထွက်လာသည်။ စုန့်လန်အာက မူးမေ့လဲကျမတတ်ဖြစ်သွားသည်။

လုယန်တို့ပင် သူတို့တွေ့ရမည့် အဓိကလူ သေသွားသည့်အကြောင်း ကြားရမည်ဟု ထင်မထား"

"သွားကြည့်ရအောင်"

စုန့်ထန် အကြီးဆုံးဖြစ်၍ စိတ်ကိုတည်ငြိမ်အောင်အမြန်ထိန်းပြီး အိမ်ထိန်းနှင့်အတူ အားလုံးကို စာကြည့်ခန်းဆီ ဦးဆောင်ခေါ်သွားသည်။

စာကြည့်ခန်းတံခါးက ပိတ်ထားသည်။ အိမ်ထိန်းက အားလုံးကို ပြတင်းပေါက်တစ်ခုဆီခေါ်လာသည်။ ပြတင်းပေါက်တွင် အပေါက်ကြီးတစ်ခုရှိသည်။ သခင်စုန့်က အခန်းထဲရှိ ကြမ်းပြင်ပေါ်တွင် လဲကျနေသည်။ ဘေးပတ်လည်တွင် သွေးများအိုင်ထွန်းနေသည်။ အသက်ရှင်နေသည့်လက္ခဏာမျိုးမရှိ။

အိမ်ထိန်းက အားလုံးကို ပြတင်းပေါက်မှ ကျော်တက်နိုင်ရန် ကူညီပေးရင်း ရှင်းပြသည်။

"သခင်ကြီးကိုခေါ်ဖို့ စာကြည့်ခန်းကို ကျုပ်လာတယ်။ ဒါပေမယ့် ကျုပ်ဘယ်လောက်ခေါ်ခေါ် ပြန်ထူးသံမကြားရဘူး။ တံခါးနဲ့ပြတင်းပေါက်တွေကိုလည်း အတွင်းဘက်ကနေ အလုံပိတ်ထားတယ်။

သခင်ကြီးအကျင့်က အဲလိုပဲ။ စိတ်မလုံခြုံသလို သူအမြဲတမ်းခံစားနေရတယ်။ ကျုပ်လည်း စိတ်ထဲမသင်္ကာဖြစ်လာတာနဲ့ ပြတင်းပေါက်ကိုဖျက်ပြီး အထဲဝင်တယ်။ ဝင်ဝင်ချင်း ကြမ်းပြင်ပေါ်မှာ သခင်ကြီးလဲကျနေတာ တွေ့တာပဲ"

ထောင်ယော်ယဲ့နှင့်လန်ထင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ ဖြစ်စဉ်က ကန္တဝင်ဆန်သည့် တံခါးပိတ်လူသတ်မှုမျိုးဖြစ်သည်။ တံခါးကို အတွင်းဘက်မှလော့ချထားသည်။ အပြင်လူလုံးဝ မဝင်နိုင်။

လုယန် အသံတိတ်နေသည်။ သူ့စိတ်ထဲမှအတွေးကို ထုတ်မပြော။

(** locked room murder ဟုခေါ်သည့် "အလုံပိတ်ခန်းထဲမှလူသတ်မှု" သို့မဟုတ် "တံခါးပိတ်လူသတ်မှု"မျိုးသည် စုံထောက်ဇာတ်လမ်းများတွင် အလွန်ရေပန်းစားပါသည်)

********************************

All Chapters