← Chapters

အဆုံးသတ်

Vol. 020 Ch. 1930

အဆုံးသတ်

Vol. 020 Ch. 1930

နောက်ပိုင်းတွင် တခြားသော တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားသည်။ သို့သော်လည်း ယခင်အကြိမ်များကဲ့သို့ လူအများတို့သည် လျှို့ဝှက်ကာ စွမ်းအားကြီးသော တန်ခိုးရှင်အား ရှောင်ဖယ်ကြရ၏။

ရီဖူရှင်းကား သန်မာလွန်းလှသည်။ စစ်တုရင်ရုပ် ၃၆ ရုပ်ထဲတွင် လျှို့ဝှက်ထူးဆန်းသော တန်ခိုးရှင်သည် သူ၏တိုက်ပွဲများ၌ ရုပ်တုတစ်ခု ဆုံးရှုံးခဲ့သည်။

သို့သော်လည်း ရီဖူရှင်းကား ရုပ်တု ၃၆ခုအား ထိန်းသိမ်းထားနိုင်သည်။ သူတို့သာ ရီဖူရှင်းနှင့် ရင်ဆိုင်ရပါက သေချာပေါက် ရှုံးနိမ့်ပေမည်။ ထို့ကြောင့် သူတို့သည် မတတ်သာဘဲ စောင့်ဆိုင်းနေကြရ၏။ ဤနည်းဖြင့် သူတို့၏အခွင့်အရေးက ပိုမို များပြားနိုင်သည်။

မှန်သည်၊ တချို့သော သန်မာသော တန်ခိုးရှင်များသည် စောင့်ဆိုင်းခြင်းမရှိဘဲ စစ်တုရင်ခုံပေါ်သို့ တက်လှမ်းသွားကြ၏။

ရီဖူရှင်းသည် စစ်မြေပြင်၌ ဖြစ်ပျက်နေသည်များကို အာရုံမစိုက်ပေ။ လျှို့ဝှက်ထူးဆန်းသော တန်ခိုးရှင် ပေါ်လာခြင်းက ရှားပါးဖြစ်စဉ် ဖြစ်ရာ သူ၏တည်ရှိမှုကို ခြိမ်းခြောက်နိုင်သော နောက်တစ်ယောက် ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။

အချိန်တချို့ကြာပြီးနောက်တွင် နိုင်ပွဲကိုးခုလုံးမှာ ဆုံးဖြတ်ပြီးသွား၏။

စစ်တုရင်ခုံပေါ်မှ တန်ခိုးရှင်ကိုးဦးလုံးက အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ရီဖူရှင်းအား လှမ်းကြည့်ကြ၏။

ရီဖူရှင်းသည် လာမည့်တိုက်ပွဲများတွင် အဓိက ဇတ်ဆောင်ဖြစ်လာမည်မှာ သေချာ၏။

“တိုက်ပွဲဝင်မည့်လူတွေ စစ်တုရင်ခုံပေါ်သို့ တက်ကြပါ” အရှေ့နတ်ဘုရားကျွန်းစုနတ်ဘုရားက ကြေညာသည်။ ဤတွင် တန်ခိုးရှင်ကိုးဦးက စစ်တုရင်ခုံပေါ်သို့ တက်ကြ၏။ သူတို့က စစ်တုရင်ခုံပေါ်သို့ တက်ပြီးသည်နှင် စစ်တုရင်ရုပ်တုများ သူတို့ကို ဝန်းရံလိုက်၏။ မျက်လုံးအစုံရှစ်ခုက လူတစ်ယောက်တည်းထံသို့ ရောက်နေသည်။

ထိုနေရာတွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ဦး ငြိမ်သက်စွာ ရပ်နေသည်။ သူ့ဘေးတွင် စစ်တုရင်ရုပ် ၃၆ခုသည် လှပသော အလင်းများ ထုတ်လွှတ်နေသည်။

ဝုန်း...

ရီဖူရှင်းက စစ်တုရင်ခုံပေါ်သို့ တက်လိုက်သည်နှင့် တခြားတန်ခိုးရှင်ရှစ်ဦးက တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့ကား အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိပေ။ သူတို့က ကြိုတင်သဘောတူညီထားသည့်အလား ရီဖူရှင်းကို ပစ်မှတ်ထားလိုက်ကြ၏။

ထိုအဖြစ်က ပရိသတ်များအားလုံးကို အံ့အားသင့်စေသည်။ ကြည့်ရသည်မှာ သူတို့သည် စစ်တုရင်ခုံပေါ်သို့ မတက်မီကပင် ကြိုတင်တိုင်ပင်ထားကြဟန်ရသည်။ တန်ခိုးရှင်ရှစ်ဦးလုံးက တစ်ဦးတည်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကား ရှက်စရာကောင်း၏။ သို့သော်လည်း သူတို့၏လုပ်ရပ်ကို နာလည်နိုင်ပေသည်။ ရီဖူရှင်းကား သန်မာလွန်း၏။ ထိုသို့ ပူးပေါင်းမတိုက်ခိုက်လျှင် သူတို့အတွက် အခွင့်အရေး မရှိပေ။

မဟာလမ်းစဉ်စွမ်းအားများသည် ရီဖူရှင်းထံသို့ အရပ်မျက်နှာရှစ်ခုမှ ရောက်ရှိလာနေကြသည်။ စူးရှသောအသံများနှင့် မာန်သွင်းအော်ဟစ်သံများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ သို့သော်လည်း တချိန်တည်းတွင် ရီဖူရှင်း၏စစ်တုရင်ရုပ်တု ၃၆ခုသည်လည်း လေထဲသို့ လွင့်မြောလာခဲ့ကာ ဓားစွမ်းအားများ ရစ်ပတ်လျှက် ဓားသွားများအဖြစ် ပုံပြောင်းလာခဲ့ကြသည်။

စစ်တုရင်ရုပ်တု ၃၆ခုသည် ဓားစွမ်းအား ၃၆ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ဓားစွမ်းအား ၃၆ခုသည် အဆုံးမဲ့သော ဓားပုံရိပ်ယောင်များကို ဖြစ်ပေါ်စေ၏။ သူတို့က ရီဖူရှင်းအား လှည့်ပတ်လျှင် ဓားအရံအတား တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ရီဖူရှင်းအား ဗဟိုပြုကာ ဓားအရံအတားသည် သူ့အား ဝန်းရံလျှက် ကြောက်မက်ဖွယ် လေခွင်းသံများကို ဖြစ်ပေါ်စေ၏။

ပြင်းထန်သော ထိရိုက်သံများ ဖြစ်ပေါ်လာ၏။ အဆက်မပြတ်သော တိုက်ခိုက်မှုများက ဓားအရံအတားကို ထိမိသည်တွင် သူတို့မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။

စစ်တုရင်ရုပ်များမှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွား၏။

ထိုမြင်ကွင်းက သူတို့အား ကူရာမဲ့စေသည်။ အစွမ်းကွာဟချက် ကြီးမားလွန်းခြင်းက အလွန်သိသာနေသည်။ သူတို့အနေဖြင့် ရီဖူရှင်းအား အနိုင်ယူရန် မဖြစ်နိုင်။ သူတို့၏စစ်တုရင်ရုပ်များဖြင့် လက်ဦးမှုယူကာ တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့၏ကြိုးပမ်းမှုက မည်သို့မှ အရာမထင်ခဲ့။ သူတို့က မည်သို့ ဆက်လက်တိုက်ခိုက်တော့မည်နည်း။

အရည်အသွေးကွာဟလွန်းခြင်းက အရေအတွက် မြောက်များစွာဖြင့် ဖြည့်ဆီးနိုင်သည် မဟုတ်။ အဆင့်နိမ့်ရန်ဟောင်များစွာက အဆင့်မြင့်ရန်ဟောင်တစ်ဦးကို မယှဉ်နိုင်သည်နှင့် တူ၏။ တိုက်ပွဲရလဒ်မှာ သံသယဝင်စရာမလိုတော့။

သူတို့၏စစ်တုရင်ရုပ်များ ပျက်စီးသွားသည်ကိုကြည့်ပြီး သူတို့က ၄င်းတို့၏စစ်တုရင်ရုပ်အပိုင်းအစများကို ပြန်ဆင့်ခေါ်လိုက်ကြသည်။ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် သူ၏စစ်တုရင်ရုပ်များက ဓားများအသွင်ဖြင့် တစ်ဘက်လူများ၏ လက်ကျန် စစ်တုရင်ရုပ်များကို သွားရောက်ဖျက်ဆီးလိုက်၏။

ရီဖူရှင်းက သူတို့၏စစ်တုရင်ရုပ်များအားလုံးကို ဖျက်ဆီးလိုက်သည့်တိုင် သူ့တွင် ၃၆ခုသော အရုပ်များမှာ မပျက်မစီးဘဲ ရှိနေဆဲဖြစ်သည်။ သူ့တွင် စစ်တုရင်ရုပ် တစ်ခုမှ မဆုံးရှုံးပေ။

သူကား သည်မတိုင်ခင်က လျှို့ဝှက်ထူးဆန်းသော တန်ခိုးရှင်ထက်ပင် သန်မာနေသည်။

ဤမတိုင်ခင် လျှို့ဝှက်ထူးဆန်းသောလူ၏ စစ်တုရင်ရုပ်တစ်ခု တစ်ခုတည်းသာ ဆုံးရှုံးခြင်းက ဤရာသီ အရှေ့နတ်ဘုရားကျွန်းစုအဖွင့်ပွဲ၏ စံချိန်ဖြစ်မည်ဟု လူအများက ထင်မှတ်ခဲ့ကြ၏။ ၄င်းစံချိန်က ဤသို့ မြန်ဆန်စွာ ကျော်ဖြတ်ခံရမည်ဟု မည်သူမှ မထင်ထား။ ရီဖူရှင်းက ပြိုင်ဘက်များအား ပြီးပြည့်စုံသော စွမ်းဆောင်ရည်ဖြင့် အနိုင်ယူခဲ့သည်။

ထက်မြက်သောလူနှစ်ယောက် တပြိုင်နက်တည်း ပေါ်လာခြင်းက လူအများ၏အတွေ့အကြုံကို ကျယ်ပြောစေသည်။ အရှေ့နတ်ဘုရားကျွန်းစုမှ လူများက သေချာပေါက် ဝမ်းသာအားရ ဖြစ်ကြပေမည်။

စန့်ကွမ်းချိုးရယ်သည် ရီဖူရှင်းက အရှေ့နတ်ဘုရာဂိတ်ဘေးမှ စင်မြင့်ထက်သို့ လှမ်းသွားသည်ကို ကြည့်နေသည်။ သည်တစ်ကြိမ် အရှေ့နတ်ဘုရားကျွန်းစု ဖွင့်ပွဲ၌ ရီဖူရှင်းသည် အတောက်ပဆုံးသူဖြစ်မည်လားဟု သူမက တွေးနေသည်။ သို့ဆိုလျှင် အရှေ့နတ်ဘုရားကျွန်းစုက ရီဖူရှင်းအား သေချာပေါက် ခေါ်ယူပေလိမ့်မည်။

အကယ်၍ ရီဖူရှင်းသာ အရှေ့နတ်ဘုရားကျွန်းစု၏အကာအကွယ်ကိုရပါက ကျွင်းကလန်ကို ကြောက်စရာမလိုတော့ပေ။

အရှေ့နတ်ဘုရားကျွန်းစုသည် ပြင်ပလောကမှ အရေးအခင်းများတွင် ပါဝင်ပတ်သက်လေ့ မရှိသော်လည်း သူတို့၏သမိုင်းနှင့် နောက်ခံမှာ ကြီးမားလှပေသည်။ သူတို့က ဖန်းလိုင်ကုန်းမြေမှ ပင်မ အင်အားစုများထက် အားမနည်းပေ။

အရှေ့နတ်ဘုရားကျွန်းစုသည် အတိတ်တွင် ကြီးမားသော ဖြစ်ရပ်ဆိုးများဖြင့် ကြုံတွေ့ခဲ့ဖူးသော်လည်း သူတို့၏နောက်ခံသမိုင်းကြောင်းမှာ လျစ်လျူရှု၍ မရနိုင်ပေ။ နှစ်ပေါင်းများစွာကြာသွားသည့်တိုင် သူတို့၏ မဟာလမ်းစဉ် အခွင့်အလမ်းများ၊ အဂ္ဂရက်ပညာရပ်များနှင့် ဆေးဝါးများမှာ မရေမတွက်နိုင်သော တန်ခိုးရှင်များ လိုချင်တပ်မက်ရသော အရာများဖြစ်သည်။

ထို့ကြောင့် သူတို့၏နောက်ခံသမိုင်းကြောင်းမှာ ကြီးမားနက်ရှိုင်းပြီး တကယ့် အင်အားအစစ်အမှန်မှာ ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုများထက် ပိုမိုမည်ဟု စန့်ကွမ်းချိုးရယ်က သတ်မှတ်သည်။

ထို့ကြောင့် အရှေ့နတ်ဘုရားကျွန်းစုကသာ ရီဖူရှင်းကို ကာကွယ်လိုပါက ကျွင်းကလန်၏ခြိမ်းခြောက်မှုကို ရီဖူရှင်း ကြောက်စရာမလိုတော့။

ထိုအတွေးများဖြင့် စန့်ကွမ်းချိုးရယ်က ရီဖူရှင်းအား လှမ်းကြည့်သည်။ သူက ထိုသို့ ထူးခြားသောစွမ်းရည်များအား ပြသခြင်းမှာလည်း ၄င်းရည်ရွယ်ချက်ကြောင့် ဖြစ်လေမည်လား မပြောတတ်။

ရီဖူရှင်းသာ ကျွန်းပေါ်မှ ထွက်လျှင် ကျွင်းကလန်က သေချာပေါက် သူ့အား ပစ်မှတ်ထားတော့မည်မှာ သေချာသည်။

သူမ၏နောက်မှ ကျွင်းချိုးယွင်ကို ကြည့်ကာ စန့်ကွမ်းချိုးရယ်က မည်သို့အခြေအနေဖြစ်ပါစေ ရီဖူရှင်းနှင့် ရန်သူမဖြစ်ရဘဲ မိတ်ဆွေသာဖြစ်ရမည်ဟု စိတ်ထဲ ဆုံးဖြတ်ထားသည်။

သူမက အရှေ့နတ်ဘုရားဂိတ်ကိုလည်း ဖြတ်သန်းလိုပေသေးသည်။ ရီဖူရှင်း၏ခွန်အားကို သူမက မြင်တွေ့ပြီးနောက်တွင် သူမ ဂုဏ်ယူခဲ့ရသော ပါရမီနှင့်စွမ်းအားတို့မှာ ဘာမှ မဟုတ်သည်ကို သိခဲ့ရသည်။ သူမက ပိုမို၍ သန်မာလို၏။

ကောင်းကင်ဒေသကား ကြီးမားလွန်းသည်။ ပုန်းနေသော နဂါးနှင့် ဝပ်နေသော ကျားများ အများအပြားရှိ၏။ ဖန်းလိုင်ကုန်းမြေသည်လည်း အတော်အတန်ကြီးမားသော ဒေသဖြစ်သည့်တိုင် သူမက ပိုမိုအဆင့်မြင့်သောနေရာများသို့ သွားရောက်လို၏။

ရီဖူရှင်းက အရှေ့နတ်ဘုရားဂိတ်ဘေးမှ စင်မြင့်ထက်ကို ရောက်လာသည်။ သူက ငြိမ်သက်စွာ ထိုင်လိုက်၏။ သူ၏ဘေးနားတွင်ကား လျှို့ဝှက်ထူးဆန်းသော တန်ခိုးရှင်ဖြစ်သည်။

“ကျန်းကျိုးမင်...” လူငယ်က ရီဖူရှင်းအား ပြောသည်။ လူငယ်က သူ၏နာမည်ကို မိတ်ဆက်ခြင်းဖြစ်သည်။ သူ၏နာမည်ကို အရှေ့နတ်ဘုရားကျွန်းစုပေါ်သို့ ရောက်ပြီးကတည်းက ပထမဆုံးအကြိမ် ထုတ်ပြောခြင်းလည်းဖြစ်၏။

သူက ရီဖူရှင်း၏ခွန်အားကို အသိအမှတ်ပြုခြင်းကြောင့် ဖြစ်ဟန်ရ၏။ သူ့ထက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ထားနိုင်သူရှိမည်ဟု မထင်ထားခဲ့။

စစ်တုရင်ရုပ်တစ်ခု ကွာဟမှုအား သူက အရေးမထားပေ။ အကယ်၍ သူသာ အနည်းငယ် အလေးထားခဲ့ပါက ရီဖူရှင်းကဲ့သို့ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်သည်။

“ရီလျှို့နျန်” ရီဖူရှင်းက ပြန်ပြောသည်။ အစွမ်းအထက်ဆုံးလူနှင့် ရင်ဆိုင်ရန် ခွန်အားမရှိသေးသရွေ့ ရီဖူရှင်းက နာမည်အစစ်အမှန်ကို အသုံးပြုရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူက ရီလျှို့နျန် နာမည်ကိုသာ သုံးသည်။

ကောင်းကင်ဒေသသည် ကြီးမားသော်လည်း ထိပ်သီးအင်အားစုများ၏လက်တံကား ကျယ်ပြောလွန်း၏။ မူလဘုံမှ ဖြစ်ရပ်များကို သင်ခန်းစာ ယူနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် ဂရုမစိုက်ရန် လို၏။

ကျန်းကျိုးမင်သည် သူ၏နာမည်မှလွဲ၍ တခြားဘာမှ မပြောပေ။ သူက မျက်လုံးကိုမှိတ်ကာ ဆက်လက်၍ ကျင့်ကြံနေသည်။ ပြင်ပလောကမှ ဖြစ်ရပ်များကို သူက ဂရုမစိုက်သည့်အလား။

ရီဖူရှင်းလည်း ငြိမ်သက်စွာထိုင်ကာ ကျင့်ကြံနေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ စစ်တုရင်ခုံပေါ်မှ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွား၏။ သို့သော်လည်း ရီဖူရှင်းနှင့် ကျန်းကျိုးမင်ကဲ့သို့ မည်သူမှ မစွမ်းဆောင်နိုင်ကြပေ။ မဟာမိတ်ဖွဲ့ခြင်းများ၊ သစ္စာဖောက်ခြင်းများနှင့် ပြင်းထန်သော တိုက်ပွဲများကို အဆက်မပြတ် မြင်တွေ့ကြရ၏။ ခွန်အားအပြင် ကံတရားနှင့် အတွေ့အကြုံကလည်း အလွန်စကားပြောသည်။

မည်သို့ဆိုစေ လူတစ်ယောက်က မည်မျှ သန်မာပါစေ အုပ်စုဖွဲ့တိုက်ခိုက်ခံရပါက မည်သည့်အရာမှ မသေချာပေ။

တိုက်ပွဲတစ်ခုတွင် ရိုးသားဟန်ရသော ရန်ဟောင်တစ်ဦးသည် ကောင်းမွန်သော ဉာဏ်ပညာနှင့် အစီအစဉ်များချမှတ်ကာ တိုက်ပွဲကို ကျဉ်းမြောင်းသော ရလဒ်ဖြင့် အနိုင်ရခဲ့၏။ သူသည် ဒုတိယအကျော့သို့ ဝင်ရောက်သောအခါ သူ့တွင် စစ်တုရင်ရုပ် ကိုးခုသာ ကျန်ရစ်၏။ တခြားသော ပြိုင်ပွဲဝင်များသည် သူ၏တည်ရှိမှုကို ဂရုပြုမိဟန်ပင် မတူ။ သို့သော်လည်း နောက်ဆုံးတွင် သူသည် အလွန်ကောင်းမွန်သော စွမ်းအားကို ထုတ်ဖော်ကာ တခြားလူများကို အနိုင်ယူခဲ့၏။ အဆုံးသတ်တွင် စစ်တုရင်ရုပ်တု တစ်ခုတည်း ကျန်ရစ်၏။ ထိုအဖြစ်က လူအများကို အလွန် သတိထားမိစေသည်။ သူတို့က သန်မာသော တန်ခိုးရှင်များကိုသာ အာရုံမစိုက်ကြတော့။ သူတို့က အားနည်းဟန်ရသော တန်ခိုးရှင်များကိုလည်း ဂရုစိုက်လာကြ၏။

စန့်ကွမ်းချိုးရယ်သည်လည်း သူမ၏ခွန်အားအပြင် ကံတရား၏ဖေးမမှုတချို့ကြောင့် စင်မြင့်ထက်ကို ရောက်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော တန်ခိုးရှင်များ တိုက်ပွဲဝင်ကြ၏။ ဤတွင် စင်မြင့်ထက်ကို လူ ခုနစ်ယောက် ရောက်လာခဲ့၏။

သို့သော်လည်း စစ်တုရင်ခုံပေါ်မှ လူအုပ်ကြီးမှာ လျော့သွားခြင်း မရှိပေ။ လူအုပ်မှာ ပို၍ပင် ကြီးလာခဲ့သည်။ ပုံရပ်ကောင်းကင်ပိုင်နက်မှ တန်ခိုးရှင်အများအပြား ထိုနေရာတွင် ရှိနေသည်။ အရှေ့နတ်ဘုရားကျွန်းစုကား ဆက်လက်၍ မစောင့်ဆိုင်းတော့။ အချိန်ကျလာလျှင် သူတို့က စစ်တုရင်ခုံကို ပိတ်လိုက်မည်ဖြစ်သည်။ မဟုတ်လျှင် သန်မာသောလူများ လျော့သွားသည်အထိ လူအများက ဘေးတွင် ရပ်စောင့်နေကြမည်။ သို့ဆိုလျှင် ပြိုင်ပွဲ၏အနှစ်သာရမှာလည်း အဓိပ္ပာယ် မရှိတော့ပေ။

လူအများအပြားက စင်မြင့်ထက်မှ လူများကို လှမ်းကြည့်ကြသည်။ ထိုလူများသည် ကျွန်းပေါ်သို့ တက်ခွင့်ရကာ မဟာလမ်းစဉ်၏နတ်ဆေးလုံး တစ်လုံးစီ လက်ခံရရှိကြပေမည်။

နောက်ထပ် နှစ်ကျော့အပြီးတွင် အရှေ့နတ်ဘုရားကျွန်းစုတန်ခိုးရှင်တစ်ဦးက စစ်တုရင်ဝင်္ကပါပြိုင်ပွဲအဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာသည်။ ပြိုင်ပွဲကို မပြိုင်လိုက်ရသူများမှာလည်း သူတို့၏အခွင့်အရေး ဆုံးရှုံးသွားရ၏။

နောက်ဆုံးတွင် အရှေ့နတ်ဘုရားကျွန်းစု၏ပင်မနေရာသို့ ဝင်ရောက်ခွင့်အား လူကိုးဦးက ရရှိခဲ့သည်။ သူတို့တစ်ယောက်စီတိုင်းသည် ထူးခြားထက်မြက်၏။

၄င်းတို့ထဲတွင် အထူးချွန်ဆုံးမှာကား ရီဖူရှင်းနှင့် ကျန်းကျိုးမင် ဖြစ်ပေမည်။ သူတို့နှစ်ယောက်လုံး၏စွမ်းဆောင်ရည်အား လူအများက ချီးကျူးကြရ၏။

***

All Chapters