ဖမ်းရခက်သူ
Vol. 35 Ch. 520
ပန်းချီကားစည်းမျဉ်းများ ကျိုးပျက်သွားသဖြင့် ရေသရဲမ၏စွမ်းအင်ရောင် များစွာလျော့ကျသွားသည်။ လုယန်က ထိုအချိန်ကို အခွင့်အရေးယူ၍ အရင်ဆုံးလှုပ်ရှားသည်။
"ဖျက်ဓား"
ဝစီပိတ်အလင်းပြမှုကြောင့် လုယန်၏ "ဖျက်ဓား"ပညာပေါ် နားလည်နိုင်စွမ်းက ပိုမြင့်မားလာသည်။ အရင်က ဖျက်ဓားစွမ်းအားနှင့် လုံးဝမတူတော့။
ရေသရဲမ နှစ်ခြမ်းပြတ်သွားပြီး နာကျင်စွာအော်ဟစ်သည်။ ထို့နောက် မင်ဆေးရည်နှစ်တန်းအဖြစ်ပြောင်း၍ ပန်းချီကားထဲသို့ ပြန်ဝင်သွားသည်။
ပန်းချီးကားထဲမု ရေသရဲမ၏မျက်နှာက နာကျည်းမုန်းတီးရိပ် ပြည့်နေသည်။ လုယန်ကို စိုက်ကြည့်သည်။ သို့သော် ဆက်၍လူလုံးထွက်မပြရဲတော့သဖြင့် ပန်းချီကားထဲဝင်ပုန်းခြင်းဖြစ်သည်။
သရဲမ လုယန်ကို သတ်ချင်ခဲ့သည်။ သို့သော် ခုနကတိုက်ပွဲအရ လုယန်ကို တစ်ယောက်ချင်းယှဉ်လျှင်ပင် နိုင်ဖို့မလွယ်မှန်း နားလည်သည်။ သုံးယောက်တစ်ယောက်ဆိုလျှင် ပြောစရာပင်မလိုတော့။
"ကျင့်ကြံသူ၊ နင်ကငါ့ထက်စွမ်းအားကြီးတာ ငါဝန်ခံပါတယ်။ ဒီတစ်ခါ နင်နိုင်ပါတယ်"
သူ့စကားဆုံးသည်နှင့် ပန်းချီကားက ပျံတက်သွားသည်။ လျင်မြန်သည့်အရှိန်ဖြင့် ထွက်ပြေးရန်ပြင်သည်။
"ထွက်ပြေးချင်တယ်ပေါ့"
ပန်ချီကားစက္ကူလိပ် ပြန်ထွက်သွားသည်။ သို့သော် လုယန်ဓားချက်က ပိုမြန်သည်။ ဖျက်ဓားပညာကို နောက်တစ်ကြိမ် ထပ်သုံးသည်။ ဓားတစ်ချက်ကြောင့် ကောင်းကင်မှ စက္ကူလိပ်ပြုတ်ကျလာသည်။ သို့သော် ပျက်စီးမှုတစ်စုံတစ်ရာမရှိ။
လုယန် စုပ်သပ်မိသည်။ ထိုပန်းချီကားအရည်အသွေးက ထင်ထားသည်ထက် ပိုမြင့်မားနေမည်ဟု ထင်မထား။ သူ့လက်ရှိစွမ်းအားဖြင့်ပင် မဖျက်ဆီးနိုင်။
"ကျင့်ကြံသူ၊ နင်ကတကယ် စွမ်းအားကြီးပါတယ်။ ဒါပေမယ့် အဆုံးစွန်ထိ တွန်းအားပေးလို့တော့မရဘူး။ ငါ့ကို အခုလွှတ်ပေးပါ။ ငါပြန်မလာဘူး၊ သခင်စုန့်ကို ဒုက္ခမပေးဘူးလို့ ငါကတိပေးတယ်။ ငါထွက်ပြေးတာကို တားဆီးနေရင် စုန့်မိသားစုကို နင်ခဏတော့ ကာကွယ်ချင်ကာကွယ်နိုင်မှာပေါ့။ ဒါပေမယ့် အမြဲတမ်း ကာကွယ်နိုင်ပါ့မလား"
လုယန် လှောင်ပြုံးပြုံးသည်။ အရေးမစိုက်။ ဓားဦးဖြင့် စာလိပ်ကိုထိုးထိုက်သည်။
"ခင်ဗျားလို့ မှော်ရတနာမျိုးမှာ ကိုယ်ပိုင်းစည်းမျဉ်းတွေရှိတာ ကျုပ်မသိဘူးထင်နေလား။ သခင်စုန့်အတွက် ရည်မှန်းချက်ကို ခင်ဗျားဖြည့်ဆည်းပေးပြီးဆိုတော့ ခင်ဗျားထိုက်တန်တဲ့ ဆုလာဒ်ကိုရရမှာပေါ့။
ဆုလာဒ်မရရင် ခင်ဗျားရဲ့အခြေခံစွမ်းအား ယိုင်နဲ့လာမယ်။ ဒီထက်ဆိုးရင် ခင်ဗျားရဲံ အသိဉာဏ်တောင် ပျောက်ကွယ်ပျက်စီးသွားလိမ့်မယ်"
သရဲမ အသံတိတ်နေသည်။ တစ်ဘက်လုအကြောင်း ထိုမြန်မြန် ခန့်မှန်းမိမည်ဟု ထင်မထား။ သို့သော် သူဝန်မခံ။
"အဓိပ္ပါယ်မရှိတာပဲ"
လုယန် သူနှင့် ပြိုင်မငြင်းလိုတော့။ သူဘာပြောပြော စုန့်မိသားစုလုံခြုံရေးအတွက် ပန်းချီကားကို သူယူသွားရမည်။
ထောင်ယော်ယဲ့နှင်လန်ထင်တို့နှစ်ယောက်လုံး လုယန်၏ဆုံးဖြတ်ချက်ကို ယုံကြည်ဖို့ ရွေးချယ်ကြသည်။ ထောင်ယော်ယဲ့ ရှေ့တိုးသွားပြီး ပန်းချီကားကို သူ့ကျောက်စိမ်းတံဆိပ်ထဲထည့်သည်။
သို့သော် ပန်းချီကားက ကျောက်စိမ်းတံဆိပ်ထဲမှ ချက်ချင်းပျံထွက်လာသည်။
"ဒီလိုပစ္စည်းမျိုးနဲ့ ငါ့ကိုလှောင်ပိတ်ထားနိုင်မယ်ထင်နေလား"
ရေသရဲမက လှောင်ပြုံးပြုံးသည်။ သူသည် သခင်မဲ့ မှော်ရတနာဖြစ်သော်လည်း မှော်လက်စွပ်တိုင်း သူ့ကိုထည့်၍ရသည်မဟုတ်။ ပန်းချီကားကို ထိန်းချုပ်၍ မှော်လက်စွပ်ထဲမှ အချိန်မရွေး သူထွက်လာနိုင်သည်။ ဘယ်သူမှ သူ့ကိုမဖမ်းနိုင်။
ထောင်ယော်ယဲ့နှင့်လန်ထင်တို့ ကျောက်စိမ်းတံဆိပ်ဖြင့် နှစ်ကြိမ်စမ်းကြည့်သည်။ သို့သော် ပန်းချီကားက အကြိမ်တိုင်းပြန်ထွက်လာသည်။
သူတို့နှစ်ယောက်မျက်နှာ လေးနက်တည်ကြည်သွားသည်။ ပန်းချီကားကို ယူမသွားနိုင်လျှင် သူတို့ထွက်သွားသည်နှင့် စုန့်မိသားစုကို ထိုသရဲမလက်စားချေတော့မည်။
"ငါစမ်ကြည့်မယ်"
လုယန် ပန်းချီစာလိပ်ကို ကောက်ကိုင်သည်။ သရဲမက သိပ်အရေးမစိုက်။ သို့သော် လုယန်လက်ဝါးမှ စုပ်အားတစ်ခုကို ခံစားလိုက်ရသဖြင့် သူမျက်နှာပျက်သွားသည်။
လုယန်က ရွာလက်ဝါးပညာသုံး၍ ပန်းချီကားကို လက်ဝါးထဲဆွဲယူသည်။
"အောင်မြင်ပြီလားအကိုလု၊ ဒါက ဘာပညာလဲ"
မိန်းကလေးနှစ်ယောက် အံ့အားသင့်သွားကြသည်။ ထိုပညာမျိုး သူတို့တစ်ခါမှမမြင်ဖူးကြ။
"လေဟာနယ်မှော်စွမ်းအားပညာတစ်မျိုးပါ။ စကြာဝဠာလက်ဝါးပညာလေ"
လုယန် ပုံမှန်လေသံဖြင့်ပြောလိုက်သည်။
"လေဟာနယ်ပညာတစ်ခုတတ်ရုံနဲ့ ငါ့ကိုလှောင်ပိတ်ထားနိုင်မယ်မထင်နဲ့"
လုယန်လက်ဝါးမှ သရဲမအသံပေါ်လာသည်။ နောက်တစ်ကြိမ် ပျံထွက်လာပြန်သည်။
လုယန် မေးကိုကုတ်၍ စဉ်းစားသည်။ ရွာလက်ဝါးပညာကို နောက်တစ်ကြီမ်ထပ်သုံးသည်။ ရေသရဲမကိုဆွဲယူသည် ထို့နောက် လက်ဝါးနှစ်ဘက်ကို ပူးကပ်ထားလိုက်သည်။
လက်ဝါးလေဟာနယ်သို့ကျသွားသည့်ရေသရဲ ဖြစ်လာသည့်အခြေအနေကို နားမလည်နိုင်တော့။ သုံးပြီးသား မှော်ပညာကို ထပ်သုံးသည်ဟုသာ ထင်ခဲ့သည်။ ပန်းချီကားကိုထိန်းချုပ်၍ ဘယ်လက်ဝါးမှ ပျံထွက်လာသည်။ ညာလက်ဝါးထဲရောက်သွားသည်။ ထို့နောက် ညာလက်ဝါးမှပြန်ထွက်လာပြီး ဘယ်လက်ဝါးထဲရောက်သွားသည်။ ထွက်ပေါက်ကိုရှာမတွေ့။
"ထူးဆန်းတယ်။ ထွက်ပေါက်က ဘယ်မှာလဲ"
သို့သော်သူသည် သူငယ်နှပ်စားစွမ်းအားရှင်မျိုးမဟုတ်။ ကျင့်ကြံသူမျိုးစုံ လေဟာနယ်မှော်စွမ်းအားမျိုးစုံ မြင်ဖူးသည်။ ထိုပညာများသုံးလျှင် ဝိညာဉ်စွမ်းအား လျော့ကျမှုမြန်ဆန်သည်။ ဆက်တိုက်အသက်သွင်းထားဖို့မဖြစ်နိုင်။
လုယန်၏ ကျင့်စဉ်အဆင့်အရ သုံးမိနစ် သို့မဟုတ် ငါးမိနစ်လောက်သာ ထိန်းထားနိုင်လိမ့်မည်။
"အကို၊ ဒါက အလုပ်ဖြစ်မှာလား"
ထောင်ယော်ယဲ့ စိတ်ဝင်တစားကြည့်နေသည်။ လုယန်က လက်ဝါးနှစ်ဘက်ပူးထားဆဲဖြစ်သည်။ ကြည့်လေလေ ဘုန်းကြီးနှင့်တူသည်ဟု ထင်ရလေဖြစ်သည်။
"အလုပ်မဖြစ်သေးဘူး။ စကြာဝဠာလက်ဝါးကိုသုံးရင် ဝိညာဉ်စွမ်းအင်အများကြီးကုန်တယ်။ ဆယ့်ငါးမိနစ်လာက်ပဲ ငါထိန်းထားနိုင်မှာ"
"ဒါဆိုဘယ်လိုလုပ်ကြမလဲ"
သခင်စုန့် စိုးရိမ်လာသည်။ သရဲမ၏ ရည်ရွယ်ချက်အရ ထွက်ပြေးလွတ်မြောက်သွားသည်နှင့် သူ့မိသားစုကို ပြန်လက်စားချေမည်မှာ သေချာနေသည်။
ထို့ပြင် သရဲမကိုလည်း သူကြိတ်ကြွေခဲ့ဖူးသည်။
"အဆင်ပြေပါတယ်။ မဟာအားဖြည့်ဆေးစားရင် ဒီမှော်ပညာကို ကြာကြာထိန်းထားလို့ရတယ်။ တစ်နာရီလောက် ထိန်းထားနိုင်ရင် အဆင်ပြေပါပြီ"
"ဒါပေမယ့် တစ်နာရီအတွင်း ဂိုဏ်းကိုပြန်မရောက်နိုင်ဘူးလေ"
လန်ထင်လည်း စိုးရိမ်လာပြီး ဖြေရှင်းနည်းများ စတင်စဉ်းစားနေသည်။
လုယန် ခေါင်းခါသည်။
"အဆင်ပြေပါတယ်။ ငါ့မှ အစီအစဉ်ရှိတယ်"
.....
"ဖောက်သည်တို့၊ ဝိညာဉ်နိုးထပြီးတဲ့ ပန်းချီကားမှော်ရတနာရောင်းချင်တယ်ဆိုတာ တကယ်လားဗျ"
ရွှေစီးပွားနယ်မြေအသင်းဆိုင်မှ မန်နေဂျာက ယဉ်ကျေးစွာမေးသည်။ သူ့မျက်လုံးများ အရောင်တောက်နေသည်။
ဝိညာဉ်စိတ်ရှိသည့် မှော်ရတနာတစ်ခုကို ခေါင်ခိုက်နေသည့်ဈေးမျိုးဖြင့် ရောင်းချနိုင်သည်။
ဤဖောက်သည်က နည်းနည်းတော့ ထူးဆန်းသည်။ ရှိခိုးသည့်ပုံစံဖြင့် လက်ဝါးနှစ်ဘက်ကိုပူးကပ်ထားသည်။ ဘေးတစ်ဘက်တစ်ချက်မှ မိန်းကလေးနှစ်ယောက်က ကာကွယ်သူများပမာ အားဖြည့်ဆေးများ မကြာခဏကျွေးနေသည်။
သုခကိုယ်တော်ကျင့်စဉ်မျိုး ကျင့်ကြံနေသလားမသိ။
(**သုခကိုယ်တော်သည် ကာမဂုဏ်အာရုံကြားတွင်နေပြီး စိတ်ကိုတည်ငြိမ်အောင်ထိန်းသည့် ဗုဒ္ဓကျင့်စဉ်ဖြစ်သည်)
လုယန်အနေဖြင့် ထိုသို့သာနေရမည်။ ဆေးလုံးကိုင်သောက်နိုင်လောက်အောင် သူ့လက်များက မအားလပ်။ ထို့ကြောင့် သူ့ဂျူနီယာညီမနှစ်ယောက်က အားဆေးကျွေးပေးရသည်။
ထိုအလုပ်ကို သခင်စုန့်က သူကိုယ်တိုင်လုပ်ပေးမည်ဟု ပြောသေးသည်။ သို့သော် ထောင်ယော်ယဲ့နှင့်လန်ထင်၏ စူးရဲသည့်အကြည့်များကြောင့် သူလန့်သွားသည်။
"တာအိုရှင်လု၊ ဒီနည်းလမ်းက အဆင်ပြေပါ့မလား"
သခင်စုန့်က စိတ်မချသဖြင့် မေးသည်။
ယွမ်ဟဲကောင်တီမြို့သည် အတော်ခေါင်သည်။ နယ်ခံများကလည်း လည်လျှင်လည်သလို ပါးပါးလှီးကြသည့်ဓလေ့ရှိသည်။ ပေါက်စီဆိုင်များက ဖောက်သည်များကို မကြာခဏ ဈေးပိုတောင်းသည်။ ရွှေစီးပွားအသင်းဆိုင်ခွဲလည်း ဤကောင်တီတွင်မရှိ။
ထို့ကြောင့် လုယန်တို့သုံးယောက် ချင်ရွှေ့ကောင်တီသို့ လာခဲ့ရသည်။
"အဆင်ပြေပါတယ်"
"ဒီပန်းချီကားက ကျုပ်အိမ်ကို ပြန်လာရင် ဘယ်လိုလုပ်မလဲ"
"ဒါဆို ခင်ဗျားအမြတ်ထွက်တာပေါ့။ နောက်တစ်ခါ ပြန်ရောင်းလို့ရတယ်လေ"
"ဟုတ်သားပဲ"
တစ်ခုခုလွဲချော်နေသလို သခင်စုန့်ခံစားရသည်။
လုယန် ရေသရဲကို ကြာကြာမထိန်းနိုင်သော်လည်း ရွှေစီးပွားအသင်းဆိုင်က ထိန်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။
မှော်ရတနာတစ်ခုကိုပင် မထိန်းနိုင်လျှင် ရွှေစီးပွားနယ်မြေအသင်း၏ နာမည်ဂုဏ်သတင်း အလကားဖြစ်တော့မည်။
ဝိညာဉ်နိုးထသည့် မှော်ရတနာတစ်ခုရောင်းမည်ကြားသည်နှင့် အကြီးတန်းအကဲဖြတ်ပညာရှင်ကို ချက်ချင်းဖိတ်ခေါ်ပြီး အစစ်ဟုတ်မဟုတ် အတည်ပြုကြသည်။
"ကျုပ်ရဲ့မှော်ရတနာက လှုပ်ရှားတာအတော်မြန်တယ်နော်"
လုယန် သတိပေးသည်။
ဆိုင်ခွဲမန်နေဂျာက ရယ်မောလျက် သူ့အခန်းကို လက်ညှိုးထိုးပြသည်။
"ဒီအခန်းအတွင်းအပြင် မှော်စက်ဝန်းဆယ့်နှစ်ခုကာထားတယ်။ ဘယ်လိုမှော်ရတနာမျိုးက ဒီကနေ ထွက်ပြေးနိုင်မလဲ ကျုပ်ကြည့်ချင်ပါတယ်"
လုယန် လက်ကိုဖွင့်လိုက်သည်။ ရေသရဲက ပန်းချီကားကိုထိန်းချုပ်၍ လက်ဝါးထဲမှ ချက်ချင်းပျံထွက်လာသည်။
"ဘုန်း"
နံရံနှင့်တိုက်မိပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။
အကဲဖြတ်ပညာရှင်က ပန်းချီကားကိုကောက်၍ လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် စစ်ဆေးကြည့်သည်။ သူ့အာရုံတွင် သေးငယ်သည့် မှော်အကာအကွယ်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ထိုမှော်အကာအကွယ်ပညာရပ်များ၏ အာနိသင်နှင့်အတူ ပန်းချီကား၏တည်ဆောက်ပုံကို သူခွဲခြားသိမြင်လာသည်။
ထို့နောက် မုတ်ဆိတ်ဖြူကိုသပ်လျက် စိတ်ဝင်စားဟန်ဖြင့် ပြုံးသည်။
"စိတ်ဝင်စားစရာပဲ။ ဝိညာဉ်ပြောင်းအဆင့် ကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ထားတာ။ ဒါပေမယ့် ဒါကိုသန့်စင်တဲ့လူက ပစ္စည်းတွေရဲ့ အာနိသင်အပြည့်ရအောင် မသန့်စင်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီမှော်ရတနာက သိစိတ်ဝိညာဉ်ရှိနေတယ်။ ဒီအဖြစ်မျိုးက တကယ်ရှားတယ်။ ပြီးတော့ ပန်းချီကားထဲမှာ စည်းမျဉ်းတွေတောင် ထည့်ထားသေးတယ်။
...ဝိညာဉ်ကျောက်သုံးသန်းပေးမယ်။ ဘယ်လိုသဘောရလဲ"
အကဲဖြတ်ပညာရှင်က ပြုံး၍ ကမ်းလှမ်းသည်။
လုယန် ခဏစဉ်းစားပြီးနောက် သူ့ခါးမှ ကျောက်စိမ်းတံဆိပ်ကိုဖြတ်၍ ပညာရှင်ကိုလှမ်းပေးသည်။
"ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းကပါ"
"ဝိညာဉ်ကျောက်ငါးသန်းပေးမယ်"
အကဲဖြတ်ပညာရှင် ချက်ချင်းဈေးပြင်ပေးသည်။
လုယန်ဆက်ပြောသည်။
"ကျုပ်က လုယန်ပါ။ ကျုပ်ရဲ့ဂိုဏ်းတူညီက မုန်မိသားစုရဲ့ သခင်လေး မုန်ကျင်းကျိုးပါ။ ကျုပ်နောက်က ညီမနှစ်ယောက်ထဲမှာ တစ်ယောက်က ကျုပ်နဲ့ဂိုဏ်းအတူတူပဲ။ နောက်တစ်ယောက်က လသံလွင်နန်းတော်ကပါ"
"ဝိညာဉ်ကျောက်ခြောက်သန်းပေးပါ့မယ်"
ဆိုင်ခွဲမန်နေဂျာက ချက်ချင်းဈေးထပ်မြှင့်ပေးသည်။
လုယန် စကားဆက်ပြောမည်စိုး၍ တစ်ဆက်တည်းသူထပ်ပြောသည်။
"ကျုပ်တို့ ဒီထက်တော့ထပ်တိုးပေးလို့မရတော့ဘူး။ ကျုပ်တို့ဘက်ကိုလည်း နည်းနည်းညှာပေးပါဦး"
ရွှေစီးပွားနယ်မြေအသင်းသည် တိုက်နယ်တစ်ခွင်ဖြန့်ကျက်ထားသည့် လုပ်ငန်းကြီးဖြစ်၍ ဈေးနှိမ်ဝယ်ယူသည့်အဖြစ်များလည်း ရှိတတ်သည်။
လုယန်က ဈေးကွက်အကြောင်းကိုမသိသော်လည်း တစ်ဘက်လူ ဈေးမနှိမ်နိုင်အောင် သူ့နောက်ခံကို ထုတ်သုံးနိုင်သည်။
******************************