← Chapters

ထူးဆန်းသည့်ညှိနှိုင်းနည်း

Vol. 35 Ch. 521

ထူးဆန်းသည့်ညှိနှိုင်းနည်း

Vol. 35 Ch. 521

"ရော့၊ ခင်ဗျားရဲ့ဝိညာဉ်ကျောက်တွေ"

ရွှေစီးပွားအသင်းဆိုင်မှ ထွက်လာပြီးနောက် လုယန် ဆိုင်မှပေးလိုက်သည့် မှော်လက်စွပ်ကို သခင်စုန့်ထံ လှမ်းပေးသည်။

သခင်စုန့် အကြီးအကျယ်အံ့အားသင့်သွားပြီး မှော်လက်စွပ်လွတ်ကျမတတ်ဖြစ်သွားသည်။ ဝိညာဉ်ကျောက်ခြောက်သန်းဖြစ်သည်။...ဘာကြောင့်ထိုလူက ထိုမျှလွယ်လွယ်ပေးနေသည်မသိ။

"မလုပ်နဲ့ မလုပ်နဲ့ မလုပ်ပါနဲ့။ ကျုပ်ဒီလောက်အများကြီး မယူရဲပါဘူး။ တစ်သောင်း...တစ်သောင်းဆို လုံလောက်ပါပြီ"

သခင်စုန့်သည် သာမန်လူသာဖြစ်သည်။ ထိုမျှဝိညာဉ်ကျောက်များစွာပိုင်ဆိုင်ထားမှန်း တစ်ခြားလူများသိသွားလျှင် မဟာရှားဥပဒေက သူ့မိသားစုကို ကာကွယ်ပေးနိုင်မည်ဟု သူမယုံကြည်ရဲ။

သို့သော် မယူချင်သော်လည်း နည်းနည်းတော့ယူရသည်။

သခင်စုန့်၏စိုးရိမ်ပူပန်စိတ်ကို လုယန်နားလည်သဖြင့် အတင်းမတိုက်တွန်းတော့။ ယွမ်ဟဲကောင်တီသို့ သခင်စုန့်ကို ပြန်ပို့သည်။

ထို့နောက် ဂိုဏ်းတူညီမနှစ်ယောက်ကို ဝိညာဉ်ကျောက်နှစ်သန်းစီ ခွဲပေးသည်။

ဝိညာဉ်ကျောက်များကို လုယန် ဘယ်တုန်းကမှ သိပ်အရေးမစိုက်ခဲ့။ ရထားပျံမူပိုင်ကြေးရှိသည်။ အသားကင်ဆိုင်မှ ခွဲတမ်းလည်းရနေသည်။ ထိုဝင်ငွေနှစ်ခုပေါင်းလိုက်လျှင် ဘိုးဘေးတို့၏ စည်းစိမ်ဥစ္စာများရထားသည့် လူချမ်းသာမုန်ကျင်းကျိုးနှင့် ခေတ်ရှေ့ပြေးအတွေးအခေါ်များရှိသည့် ထောင်ယော်ယဲ့လိုလူမှလွဲလျှင် သူ့ချမ်းသာကျွယ်ဝမှုကို လူငယ်မျိုးဆက်တွင် ဘယ်သူမှမယှဉ်နိုင်။

ထို့ပြင် သူ့အတွက် ဝိညာဉ်ကျောက်လည်းမလို။

မှော်ရတနာအနေဖြင့် ယွမ်ကျိပေးထားသည့် ချင်ဖုန်းဓားနှင့် ချီလင်မသေမျိုးသုံးခဲ့သည့် မိန်ယွဲ့ဓားရှိသည်။

ကျင့်ကြံဖို့ အထောက်အပံ့များကို မစ်ရှင်ခန်းမတွင် အချိန်မရွေး လဲလှယ်နိုင်သည်။ သို့မဟုတ် ဂျင်ဆင်းဘုရင်၏ အမြစ်တစ်ချို့ သွားယူ၍ရသည်။

ကျင့်စဉ်ပညာရပ်များလည်း ကျမ်းစာတိုက်တွင် အားလုံးရှိသည်။

ထိုအချက်သည် မသေမျိုးဂိုဏ်းဝင်ဖြစ်ရခြင်း၏ အားသာချက်များဖြစ်သည်။ အထောက်အပံ့လုံလုံလောက်လောက်ရှိသည်။ ကျင့်ကြံမှုကို အာရုံစိုက်ဖို့သာလိုသည်။

မစ်ရှင်ခန်းမတည်ထောင်ထားခြင်းသည် တပည့်များကို တာဝန်ထမ်းဆောင်ခိုင်းလိုခြင်း သက်သက်မဟုတ်။ ခရီးထွက်၍ အတွေ့အကြုံယူစေလိုခြင်းဖြစ်သည်။ မကောင်းသူပယ်၍ ကောင်းသူကယ်စေလိုခြင်းဖြစ်သည်။ သို့မှသာ ကျင့်စဉ်လမ်းတွင် စိတ်ခံစားချက်များ လွတ်ထွက်မသွားအောင် ထိန်းနိုင်မည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် ကျင့်ကြံရာတွင် စိတ်ခံစားချက်များ ပယ်သတ်သည့်ကိစ္စကို လုံးဝအားမပေး။

ရှေးဟောင်းခေတ်မသေမျိုးငါးယောက်...အထူးသဖြင့် ချီလင်မသေမျိုးသည်ပင် ခံစားချက်ကို လုံးဝလျစ်လျူရှုမထားခဲ့ကြောင်း လုယန်ခန့်မှန်းမိသည်။

ကျင့်စဉ်လမ်းတွင် ခံစားချက်အားလုံးကို အပြီးအပြတ်စွန့်ပယ်ရန် စိတ်နှစ်ထားသည့် နာမည်အကြီးဆုံးဂိုဏ်းသည် နှလုံးမဲ့ဂိုဏ်းဖြစ်သည်။

"ခံစားချက်ကင်းမဲ့တယ်လို့ ကြွေးကြော်ကြတဲ့ လူအတော်များများ ငါကြုံဖူးတယ်။ တာအိုကိုပဲ စိတ်နှစ်ထားတယ်လို့ ပြောကြတယ်။ သူတို့လုပ်ရပ်တွေကလည်း တကယ်ခံစားချက်ကင်းပြီး ရက်စက်တယ်။

တာအိုနှလုံးခိုင်မာကြောင်းပြဖို့ ဇနီးမယားနဲ့ကလေးတွေကိုသတ်ခဲ့တဲ့ လူသုံးယောက်ရှိတယ်။ နှစ်ယောက်က သူတို့မျိုးနွယ်ဝင်အားလုံးကို မှော်ရတနာအဖြစ် ပြောင်းပစ်တာ။ မိသားစုဝင်တစ်ယောက်မှ ချမ်းသာမပေးဘူး"

နတ်မယ်ကပြောသည်။

လုယန်ခဏစဉ်းစားသည်။ ပြောလိုသည့်အချက်ကို သူနားလည်သည်။ တုံးတုံးအအဟု ထင်ရသည့် နတ်မယ်က ထိုကိစ္စတွင် ထိုမျှရှင်းရှင်းလင်းလင်းတွေးနိုင်သဖြင့် သူအံ့ဩရသည်။

ယွမ်ဟဲကောင်တီမှ ထွက်လာပြီးနောက် ချင်ရွှေကောင်တီသို့ အပြန်လမ်းတွင် ကိုယ့်ကိုယ်ကို ဓားကျင့်ကြံသူဖြစ်ကြောင်း လုယန်သတိရလာသည်။ ဓားပျံစီးနိုင်သည်။ မြင်းစီးနေဖို့မလို။

ချင်ဖုန်းဓား လေထဲသို့တက်လာသည်။ မြေပြင်နှင့်သုံးပေအကွာသို့တက်လာခြင်းဖြစ်သည်။ လုယန် ဓားပေါ်ခုန်တက်၍ လက်နှစ်ဘက်နှောက်ပစ်လိုက်သည်။ ဝတ်ရုံစက လေထဲတွင်တစ်ဖျတ်ဖျတ်ခါလျက် အလွန်ခံ့ညားသည့်အသွင်မျိုးရှိနေသည်။

"အခု နင့်ပုံစံက ဓားမသေမျိုးတစ်ယောက်နဲ့တူတယ်"

ဓားစွမ်းအားရှင်များကြားတွင် ထူးခြားသည့်တိုက်ခိုက်နည်းတစ်ခုအကြောင်း လုယန်ကြားဖူးသည်။ ဓားသမားနှစ်ယောက် ဓားပျံစီး၍ မျက်နှာချင်းဆိုင်ရပ်သည်။ ဓားဦးများက တစ်ယောက်ကိုတစ်ယောက် ချိန်ရွယ်၍ ပြင်းထန်သည့်အရှိန်ဖြင့် ဝင်တိုက်ကြသည်။ ပြုတ်ကျသွားသူက အရှုံးဖြစ်သည်။

ထိုတိုက်ပွဲမျိုးသာကြုံရလျှင် ဓားပျံအစား သူ့ရထားပျံကိုသာသုံးမည်ဟု လုယန်တွေးနေသည်။

"လုယန်၊ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက် နင့်ကိုပစ်မှတ်ထားနေပြီ"

နတ်မယ်က သတိပေးသည်။

"ဝိညာဉ်ပြောင်းအဆင့်..."

လုယန် သူ့ဓားပျံကို ချက်ချင်းရပ်လျက် ကြက်သီးမွှေးညှင်းများထလာသည်။ ဝုန်းခနဲ အသံတစ်ချက်မြည်သွားပြီး မီးခိုးနှင့်ဖုန်လုံးများကြားမှ လူတစ်ယောက်ပေါက်လာသည်။ သူတို့သုံးယောက်ရှေ့တွင် ပိတ်ရပ်သည်။

"အတင့်ရဲလှချည်လားကွ။ ငါ့မှော်ရတနာကို ကုန်သည်အသင်းမှာ သွားရောင်းရဲတယ်ပေါ့။ အသက်ရှင်ရတာကို မင်းတို့ငြီးငွေ့နေပြီထင်တယ်"

ထိုလူထံမှ ထွက်ပေါ်နေသည့် အေးစိမ့်သည့်စွမ်းအင်ရောင်ကြောင့် သူတို့သုံးယောက် ရင်ထိတ်သွားကြသည်။ ပြိုင်ဘက်ကင်းသန္ဓေက လုယန်ကို မြန်မြန်ထွက်ပြေးရန် သတင်းပို့နေသည်။

"ရှင့်ရဲ့မှော်ရတနာလား"

ထောင်ယော်ယဲ့ နားမလည်။ ထိုပန်းချီကားတွင် ပိုင်ရှင်ရှိနေလျှင် မှော်လက်စွပ်ထဲ ထည့်၍ရမည်မဟုတ်။

လုယန်က ထိုလူ့အနေအထားကို စဉ်းစားပြီးနောက် နားလည်လာသည်။

"မဟာရှားက မှော်ရတနာကနေတစ်ဆင့် မင်းကိုခြေရာခံလာမှာစိုးလို့ ရတနာပေါ်က မင်းရဲ့ပိုင်ရှင်တံဆိပ်ကို ဖျက်ပစ်ခဲ့တယ်ပေါ့။ ဒီရတနာ လူတစ်ယောက်ကို ဝင်ပူးကပ်ပြီးမှ အမြတ်ထုတ်ဖို့ မင်းစီစဉ်ထားတာလား"

"မဆိုးဘူး။ ဉာဏ်ကောင်းသားပဲ"

လုယန် ချက်ချင်းခန့်မှန်းနိုင်သဖြင့် ဝိညာဉ်ပြောင်းစွမ်းအားရှင် အံ့အားသင့်သွးသည်။

သို့သော် လုယန်ကို စောင့်ကြိုနေသည့်ကံကြမ္မာက အပြောင်းအလဲမရှိ။

"မင်းတို့ကျောက်စိမ်းတံဆိပ်တွေအရ နှစ်ယောက်က တာအိုလမ်းစဉ်ဂိုဏ်းဝင် တစ်ယောက်က လသံလွင်နန်းတော်ဂိုဏ်းဝင်မဟုတ်လား"

"ငါတို့နောက်ခံကို သိနေတာတောင် တိုက်ခိုက်ရဲတယ်ပေါ့"

"ဟားဟားဟား...မင်းတို့က မသေမျိုးဂိုဏ်းကဆိုရင်ရော ဘာထူးမှာလဲ။ မင်းတို့ဂိုဏ်းမှာ အဆင့်မြင့်မှော်ပညာတွေရှိနေရင်တောင် မင်းတို့ဒီမှာသေသွားတာ ငါ့လက်ချက်ဆိုတာ မသိနိုင်ပါဘူး"

လုယန် မျက်လုံးများမှေးစင်းသွားသည်။ တစ်ဘက်လူက တကယ်မသိသည်ဖြစ်စေ တမင်မသိသလိုဟန်ဆောင်နေသည်ဖြစ်စေ မသေမျိုးဂိုဏ်းသည် တပည့်တစ်ယောက် ထိခိုက်ဒဏ်ရာရလျှင် အကျိူးအကြောင်း ဆက်စပ်စုံစမ်းနိုင်သည်။ တရားခံသည် လုံးဝမလွတ်မြောက်နိုင်။

ထောင်ယော်ယဲ့နှင့်လန်ထင်တို့ သတိအနေအထားပြောင်း၍ လက်နက်များကို တင်းတင်းဆုပ်ကိုင်ပြီး တိုက်ခိုက်ရန်အသင့်ပြင်ထားသည်။

"ငါတို့ခေါင်းဆောင်ရဲ့ ဧည့်သည်တွေကို အန္တရာယ်ပေးရဲတယ်ပေါ့။ သေလိုက်စမ်း"

နောက်ထပ်အေးစက်စက်စကားသံတစ်ခု ကောင်းကင်မှ ဟိန်းထွက်လာသည်။ ကိုးဆစ်ကြာပွတ်ကိုင်ထားသည့်လူတစ်ယောက် ပထမလူကို ပြေးဝင်တိုက်ခိုက်သည်။ ကြာပွတ်ပေါ်တွင် သရဲမီးတောက်များရှိနေသည်။ လူအများစုတောင့်တကြသည့် စိမ်းညှို့သရဲမီးတောက်သည် အရိုးတွင်တွယ်ကပ်နေသည့် ရောဂါဝေဒနာနှင့်တူသည်။

နှစ်ဘက်လုံး မှော်ရတနာများသုံး၍ တိုက်ခိုက်ကြသည်။ တိုက်ကွက်တစ်ရာမပြည့်မီ ကိုးဆစ်ကြာပွတ်ပိုင်ရှင်က ပထမလူကိုဖမ်းဆီးလိုက်သည်။

"ငါနဲ့အတူလိုက်ခဲ့ပါ။ ငါတို့ခေါင်းဆောင်က မင်းတို့နဲ့တွေ့ချင်တယ်"

ကိုးဆစ်ကြာပွတ်သခင်က လုယန်တို့သုံးယောက်ကို အေးစက်စက်ကြည့်၍ ငြင်းပယ်ခွင့်မပေးသည့်လေသံဖြင့် ပြောသည်။

ထိုကြာပွတ်သခင်လည်း ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည်။ သို့သော် အဆင့်တူချင်းဖြစ်သည့် ပထမလူကို အလွယ်တကူအနိုင်ယူနိုင်သည်။ သူ့စွမ်းအားက ဝိညာဉ်ပြောင်းအဆင့်များကြားမှာပင် ထိပ်တန်းသို့ ရောက်နေသည့်သဘောဖြစ်သည်။

ထောင်ယော်ယဲ့ နည်းနည်းတုန်လှုပ်လာသည်။ ထိုကိုးဆစ်ကြာပွတ်သခင်ကို သူမြင်ဖူးသည်။ လုယန်နှင့်အတူ အသားကင်ဆိုင်ကိစ္စ သွားဆွေးနွေးစဉ်ကဖြစ်သည်။ ထိုစဉ်က ဤလူသည် ကိုးငရဲဂိုဏ်းဒုဂိုဏ်းချုပ် ကျောက်ရိုး၏နောက်တွင် ရပ်နေသည်။ ကျောက်ရိုး၏ ညာလက်ရုံးဖြစ်ဟန်ရှိသည်။

နာမည်က...ဟော်ဟွာရှန်းလားဘာလားမမှတ်မိတော့။

ဘာကြောင့် ကိုးငရဲဂိုဏ်းမှလူက သူတို့ကိုလာရှာနေသနည်း။

ဘာရည်ရွယ်ချက်ရှိသနည်း။

ထောင်ယော်ယဲ့ ဆက်မတွေးရဲတော့။

လန်ထင်က ဟော်ဟွာရှန်းကို မသိသော်လည်း ထွက်ပေါ်နေသည့် စွမ်းအင်ရောင်အရ ကောင်းသည့်ရည်ရွယ်ချက်ဖြင့်လာခြင်းမဟုတ်ဟု ခံစားရသည်။

သူတို့ထွက်ပြေးသင့်သလား...။ သို့သော် ထိုလူ့စွမ်းအားက သူတို့ထက် များစွာသာလွန်နေသည်။ မလွတ်မြောက်နိုင်။

"ရှင်တို့ခေါင်းဆောင်က ဘယ်သူလဲ။ ကျွန်မတို့ကို ဘာလို့တွေ့ချင်တာလဲ"

ထောင်ယော်ယဲ့ သတိထား၍ မေးလိုက်သည်။

ဟော်ဟွာရှန်းက အေးစက်စက်ပြန်ကြည့်သည်။

"ရောက်ရင်သိလိမ့်မယ်"

ထောင်ယော်ယဲ့နှင့်လန်ထင်တို့ လုယန်ကို လှည့်ကြည့်သည်။ လုယန်ခေါင်းငြိမ့်ပြသည်။

"လိုက်သွားကြည့်တာပေါ့"

ခရီးစဉ်တစ်လျှောက် လေးယောက်လုံး စကားမပြောကြ။ လေထုက တင်းကြပ်နေသယောင်ဖြစ်နေသည်။ ဟော်ဟွာရှန်းက သူတို့ကို လေသာဆောင်တစ်ခုသို့ ခေါ်သွားသည်။

ထိုလေသာဆောင်က လူသူမနီးသည့်နေရာတွင် ရှိနေသည်။ ခြောက်ကပ်တိတ်ဆိပ်နေသည်။ လူသွားလူလာ လုံးဝမရှိ။

လေသာဆောင်ထဲတွင် လူတစ်ယောက်ထိုင်နေသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသည်။ အမှောင်ချောက်နက်တစ်ခုနှင့်တူနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ရေခဲဂူထဲကျသွားသလို ခံစားရသည်။ အစုအပြုံလိုက် သတ်ဖြတ်နိုင်စွမ်းရှိသည့် အဆင့်မြင့်နတ်ဆိုးကျင့်ကြံသူဖြစ်ကြောင်း သိသာသည်။

ကိုးငရဲဂိုဏ်း၏ ဒုဂိုဏ်းချုပ်သုံးယောက်ထဲမှ ဒုဂိုဏ်းချုပ်ကျောက်ရိုးဖြစ်သည်။

"ခေါင်းဆောင်၊ ဧည့်သည်တွေရောက်ပါပြီ။ နောက်ယောင်ခံလိုက်လာတဲ့လူမရှိအောင် သေချာဂရုစိုက်ခဲ့ပါတယ်"

"သိပြီ။ နောက်မှာ သွားရပ်နေ"

သတင်းပို့ပြီးနောက် ဟော်ဟွာရှန်း ကျောက်ရိုးနောက်တွင် ကျောက်ရုပ်လိုသွားရပ်နေသည်။ စကားလုံးဝမပြော။

"အင်း..မင်းက အိပ်မက်ရေပွက်ပုံရိပ်ဖန်တီးရှင် ထောင်ယော်ဖြစ်မယ်။ မင်းရဲ့ဂုဏ်သတင်းတွေကို ကြားဖူတာကြာပြီ။ အခုမှပဲ လူကိုယ်တိုင် တွေ့ဖူးတော့တယ်။

အိပ်မက်ရေပွက်ပုံရိပ်ယောင်တွေက တကယ်ရေပန်းစားလာတယ်။ သခင်မထောင်၊ ဒီလုပ်ငန်းကနေ ဝိညာဉ်‌ကျောက်တွေ အတော်ရနေတယ်မဟုတ်လား။ ကောင်းပါတယ်လေ"

သူ့စကားကြောင့် ထောင်ယော်ယဲ့ ချွေးစေးပြန်လာသည်။ ကိုးငရဲဂိုဏ်းက သူ့ကို အဓိကဦးတည်ပစ်မှတ်ထားလာမည်ဟု ထင်မထားခဲ့။

အိမ်မက်ရေပွက်ပုံရိပ်လုပ်ငန်းကို မျက်စိကျနေခြင်းလား...ငွေလုယူလိုခြင်းလား...သို့မဟုတ်...မူပိုင်ခွင့်လိုချင်၍လား...

"သေမျိုးတစ်ချို့ပဲ ကြည့်ကြတာပါ။ သိပ်မပြောပလောက်ပါဘူး"

ထောင်ယော်ယဲ့ အရဲကိုး၍ ပြန်ပြောလိုက်သည်။

"မပြောပလောက်ဘူးတဲ့လား။ သခင်မထောင်၊ ဒီလိုပြောတာတော့ သိပ်မကောင်းပါဘူး"

"ရှင်တို့ဘာလိုချင်တာလဲ"

"လူတွေက ငွေအတွက်သေကြတယ်။ ငှက်တွေက အစာအတွက်သေကြတယ်။ သခင်မထောင်ရဲ့ ဉာဏ်ရည်မျိုးနဲ့ ကျုပ်ဘာလိုချင်လဲဆိုတာ မခန့်မှန်းနိုင်ဘူးလား"

ကျောက်ရိုးနှုတ်ခမ်းထောင့်တွင် အေးစက်စက်လှောင်ပြုံးတစ်ခုပေါ်လာသည်။

"သခင်မထောင်၊ ကျုပ်တို့အသားကင်လုပ်ငန်းကို အိမ်မက်ပုံရိပ်ယောင်ကနေတစ်ဆင့်ကြော်ငြာဖို့ ကူညီပေးနိုင်မလား။ ကျုပ်တို့မှာ ငွေအလုံအလောက်ရှိတယ်။ ဈေးညှိလို့ရပါတယ်"

**********************************

All Chapters