ဖြန့်ဝေပုံနည်းလမ်း
Vol. 35 Ch. 522
ထောင်ယော်ယဲ့ နှစ်စက္ကန့်ကြာအောင် ဆွံ့အသွားသည်။ ထို့နောက်
"ဘာရယ်"
ကျောက်ရိုးစကားကို မကြားလိုက်၍မဟုတ်။ ထင်ထားသည်နှင့် တစ်ခြားစီဖြစ်နေသောကြောင့်ဖြစ်သည်။
လန်ထင်လည်း ထောင်ယော်ယဲ့လိုပင် အံ့အားသင့်နေသည်။
ခုနက ဟော်ဟွာရှန်းနှင့်ကျောက်ရိုး၏ဟန်ပန်အရ ပုဆိန်ကြီးတစ်လက်စီကိုင်၍ သူတို့လည်ပင်းပေါ်တင်ပြီး ငွေညှစ်သည်ဆိုလျှင် သူလုံးဝအံ့ဩမိမည်မဟုတ်။
သို့သော် လုယန်က နည်းနည်းကြိုခန့်မှန်းမိပြီးဖြစ်သည်။
ထောင်ယော်ယဲ့ အိပ်မက်ပုံရိပ်ယောင်ကို စတီထွင်သည့်အချိန်က ဤကိစ္စကို သူစဉ်းစားခဲ့ဖူးသည်။
အသားကင်ဆိုင်တွင် ကျောက်ရိုးနှင့် ပထမတစ်ကြိမ်တွေ့ဆုံစဉ်က ထောင်ယော်ယဲ့ကို သိပ်မစိုးရိမ်ဖို့ လုယန်ပြောခဲ့သည်။ ကိုးငရဲဂိုဏ်းမှလူများ တစ်နေ့နေ့တွင် သူ့ထံမှ အကူအညီလိုအပ်လာနိုင်ကြောင်း ပြောခဲ့သည်။
ထိုစဉ်က ထောင်ယော်ယဲ့ နားမလည်ခဲ့။
အစက လုယန်စိတ်ထဲတွင် ကောင်းကင်ရုံးတော်ဂိုဏ်းမှ သူ့အဆင့်အတန်းကို အသုံးချ၍ ကျောက်ရိုးကို ထောင်ယော်ယဲ့နှင့် လုပ်ငန်းတွဲလုပ်ဖို့ အကြံပြုချင်ခဲ့သည်။
သို့သော် ထိုသို့လုပ်လျှင် ကောင်းကင်ရုံးတော်ဂိုဏ်းက အသားကင်လုပ်ငန်းကို အရမ်းအလေးထားလွန်းသလို ဖြစ်သွားမည်။ ကျောက်ရိုးစိတ်တွင် သံသယဝင်လာနိုင်သည်။ ထို့ကြောင့် ထိုအကြံကို စွန့်လွှတ်ခဲ့သည်။
ကျောက်ရိုးသည် အတော်ဉာဏ်ထက်ပုံရသည်။ သူအကြံပြုစရာမလိုဘဲ ညီမထောင်ယော်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားတတ်သည်။
အလောတကြီးပြောမိသွားသည်ဟု ထင်လိုက်သဖြင့် ကျောက်ရိုးမပွင့်တပွင့်ပြုံးသည်။
"သခင်မထောင်ယော် "နောက်တစ်ခေါက်အသားကင်ဆိုင်"ကို ကြားဖူးလား။ ကျုပ်က ရှီမျိုးရိုးပါ။ အဲဒီ့အသားကင်ဆိုင်ပိုင်ရှင်ပါ"
ထောင်ယော်ယဲ့နှင့် လန်ထန်တို့ မင်သက်မိနေဆဲဖြစ်သည်။ လုယန်က အံ့ဩသွားသည့်အမူအရာလုပ်၍ ကျောက်ရိုးကို ပြန်မေးသည်။
"မကြာသေးခင်ကမှ တိုက်နယ်တစ်ခွင်လုံး နာမည်ကျော်လာပြီး တစ်ခါစားဖူးရင် မမေ့နိုင်ဘူးဆိုတဲ့ နောက်တစ်ခေါက်အသားကင်ဆိုင်လား"
"ခင်ဗျားက ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးနဲ့ လက်ရည်တူတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပါရမီရှင်လုဖြစ်မယ်။ တကယ့်လူငယ်မျိုးဆက်ပါရမီရှင်တွေပါပဲ"
ကျောက်ရိုး ချီးမွှမ်းစကားက အရိုးခံဖြစ်သည်။ ဂိုဏ်းသခင်လေးနောက်ခံအကြောင်း သူကောင်းကောင်းသိသည်။ ပဲဝါအရှင်၏ တပည့်၊ ဂိုဏ်းမွေခံလောင်းလျာဖြစ်သည်။ သခင်လေးလု၏ ပါရမီကို ရှေးဟောင်းခေတ်မသေမျိုးများပင် ရှိန်ကြရသည်။
သခင်လေးလုလိုလူမျိုးကို လက်ရည်တူယှဉ်နိုင်သည့်ပြိုင်ဘက်ရှိမည်ဟု ဘယ်သူထင်ထားမည်နည်း။
"သခင်မထောင်ယော်အကြောင်း ကျုပ်အများကြီးကြားဖူးပါတယ်။ အိမ်မက်ရေပွက်ပုံရိပ်လို ထူးခြားတဲ့အရာမျိုးကို ဖန်တီးနိုင်တဲ့ပါရမီရှိတယ်။ မဟာရှားနိုင်ငံတစ်ခုလုံး ဂယက်ထသွားတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာတဲ့လူပဲ"
ကျောက်ရိုးစိတ်ထဲ နာကျင်ခံစားရသည်။ လူလူချင်း ကွာခြားချက်က ထိုမျှကြီးမားသည်။ ထောင်ယော်ယဲ့သည် အသက်နှစ်ဆယ်ပင်မပြည့်သေး။ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေသည်။ ယခုမှ လုပ်ငန်းအစသာရှိသေးသည်။ သူ့လို အကြွေးသန်းတစ်ထောင်တင်ပြီး လတိုင်းမိုးကြိုးပစ်ခံရသည့် နှစ်နှစ်ထောင်သက်ကြားအိုကြီးအဖြစ်နှင့် ကွာခြားလွန်းလှသည်။
"ခင်ဗျားတို့ကို ဒီနေရာ ခေါ်လာတဲ့လူက ကျုပ်တပည့်ပါ။ သူလည်း ပင်ရင်းအသားကင်ဆိုင်ရဲ့တာဝန်ခံလေ။ သူက ဟော်မျိုးရိုးပါ။
သူက စကားပြောသိပ်မကောင်းဘူး။ သူ့ကို ပေါက်တတ်ကရမပြောဖို့ ကျုပ်သေချာမှာထားပါတယ်။ ဒီကိုခေါ်လာတဲ့လမ်းမှာ ခင်ဗျားတို့ကို မလေးမစားဘာမှမပြောခဲ့လောက်ဘူးထင်ပါတယ်"
သူဘာမှမလေးမစားမပြောပါ။ စကားလုံးဝမပြောသဖြင့် ပို၍ပင်ကြောက်စရာကောင်းနေသည်ဟု ထောင်ယော်ယဲ့တွေးနေသည်။
"သခင်ကျောက်ရိုးက အိပ်မက်ရေပွက်သုံးပြီး ဘယ်လိုကြော်ငြာချင်တာလဲ"
"အင်း...ပုံရိပ်ယောင်မစခင်မှာ စောင့်ရတဲ့အချိန်လေးရှိတယ်မဟုတ်လား။ အဲဒီ့အချိန်ကိုသုံးပြီး ကျုပ်တို့အသာားကင်ဆိုင်ကို ကြော်ငြာချင်တာပါ"
ထောင်ယော်ယဲ့ နည်းနည်းတုံ့ဆိုင်းနေသည်။
"ဒါပေမယ့် အဲဒါက တစ်မိနစ်စာလောက်ပဲရှိတာ။ ဒီလောက်အချိန်တိုလေးနဲ့ ကြော်ငြာဖို့သုံးလို့ရပါ့မလား"
"တစ်မိနစ်ဆိုလုံလောက်ပါတယ်။ တစ်မိနစ်စာကြော်ငြာတစ်ခု ကျုပ်တို့လုပ်မယ်"
ကျောက်ရိုးက ပြုံးသည်။ သူသေချာလေ့လာထားပြီးဖြစ်သည်။
ဆိုင်လည်ပတ်နေသည့် ရက်များအတွင်း ဆိုင်တိုးတက်ရေးအတွက် အရေးကြီးသည့်အချက်နှစ်ချက် သူနားလည်လာသည်။ တစ်ချက်က နာမည်ဂုဏ်သတင်းဖြစ်သည်။ အရသာကောင်းမွန်၍ ဖောက်သည်များထပ်လာချင်အောင် ဝန်ဆောင်မှုပေးနိုင်ရမည်။ နောက်တစ်ချက်က ဆိုင်နာမည်ကို လူသိများအောင် ကြော်ငြာရမည်။
အိပ်မက်ရေပွက်ပုံရိပ်လုပ်ငန်းသည် အသားကင်ဆိုင်ထက် တိုးတက်မှု ပိုမြန်ဆန်သည်။ နေ့တိုင်း လူပေါင်းများစွာ ကြည့်နေကြသည်။ ကြော်ငြာထည့်ဖို့ အလွန်ကောင်းသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ ရွှေစီးပွားနယ်မြေအသင်းတွင် ကြော်ငြာထည့်ခိုင်းခြင်းထက် များစွာပိုထိရောက်လိမ့်မည်။
အိပ်မက်ပုံရိပ်ယောင်လုပ်ငန်းတွင် ကြော်ငြာထည့်ဖို့ ဆုံးဖြတ်ရာတွင် အချက်အလက်များစွာ ကျောက်ရိုးခြုံငုံစဉ်းစားခဲ့သည်။ သက်တမ်းရင့်နေသူဖြစ်၍ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများရှိသည်။
ကြော်ငြာထည့်ဖို့က အကြောင်းရင်းတစ်ခုဖြစ်သည်။ နောက်တစ်ချက်က ထောင်ယော်ယဲ့သည် တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်နေသောကြောင့်ဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းနှင့် လုပ်ငန်းပူးပေါင်းနိုင်ဖို့ လွယ်ကူသည်မဟုတ်။ သူတို့နှင့် အဆက်အသွယ်တည်ဆောက်ဖို့ ရှားပါးအခွင့်အရေးတစ်ခုဖြစ်သည်။
ထာဝရဂိုဏ်းကို ဥပမာကြည့်နိုင်သည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် အဆက်အသွယ်ရဖို့ နည်းလမ်းစုံသုံး၍ ကြိုစားခဲ့သည်။ ဂိုဏ်းထဲသို့ သူလျှိုထည့်ရန်ကြိုးစားသည်။ ပုံမှန်နည်းလမ်း လျှို့ဝှက်နည်းလမ်း မျိုးစုံသုံးခဲ့သည်။
တာအိုလမ်းစဉ်ဂိုဏ်းနှင့် အဆက်အသွယ်တည်ဆောက်နိုင်ဖို့ဆိုသည်မှာ လွယ်ကူသည်မဟုတ်။
ဤကိစ္စအောင်မြင်လျှင် ကိုးးငရဲဂိုဏ်းအနေဖြင့် တာအိုလမ်းစဉ်ဂိုဏ်းနှင့် တရားဝင်ပူးပေါင်းနိုင်သလို ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်လည်း လျှို့ဝှက်ပူးပေါင်းနိုင်မည်။ လမ်းမှန်ဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းနှစ်ခုလုံး၏ အထောက်အပံ့ရပြီး ဖြစ်နိုင်ခြေအားလုံးကြိုတင်ပြင်ဆင်၍ လိုက်လျောညီထွေဆောင်ရွက်နိုင်လျှင် အကျိုးကျေးဇူးများစွာရမည်။
"ကြော်ငြာစရိတ်အတွက် ဘယ်လိုတွေးထားလဲ သခင်မထောင်။ အားလုံးညှိနှိုင်းလို့ရပါတယ်"
အစွမ်းကုန်ညှိနှိုင်းဖို့ ကျောက်ရိုးပြင်ဆင်ထားသည်။ ဤကိစ္စသည် အသားကင်ဆိုင်ကြော်ငြာဖို့ အရေးကြီးသည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် ဆက်သွယ်နိုင်မည့်အခွင့်အရေးဖြစ်သည်။ ဝိညာဉ်ကျောက်များသုံးဖို့ လက်တွန့်နေမည်မဟုတ်။
ထောင်ယော်ယဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းပယ်မည်စိုး၍ အစီအစဉ်တစ်ခုပင် ချခဲ့သေးသည်။ ရေသရဲမ၏ပိုင်ရှင်အဖြစ် လူတစ်ယောက်ကို သရုပ်ဆောင်ခိုင်းပြီး လုယန်တို့ကို လမ်းတွင် သတ်ဖြတ်ရန် ကြိုးစားစေသည်. ထို့နောက် ဟော်ဟွာရှန်းကို ကယ်တင်ခိုင်းသည်။
ထိုသို့ဆိုလျှင် အကူအညီတစ်ခု အကြွေးတင်သွားပြီဖြစ်၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပေလိမ့်မည်။
ထိုအခြေအနေမျိုးတွင် တစ်ဘက်က ကြော်ငြာကြေးကို မတန်တဆမြှင့်၍ တောင်းဆိုတော့မည်မဟုတ်။
အမှန်တော့ ထိုအစီအစဉ်တွင် ဟာကွက်များရှိနေသည်။ လုယန်တို့ကို ဒုက္ခပေးရန် ကြိုးစားသည့်ရေသရဲက ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည်။ သို့သော် သခင်စုန့်လို့ သာမန်လူတစ်ယောက်၏ ဝိညာဉ်ကိုရဖို့ပင် နှစ်နှစ်ဆယ်ကြာသည်။
နတ်ဆိုးကျင့်စဉ်လမ်းတွင် အတော်သတိထားသည့်သရဲဟု စဉ်းစားလျှင်ပင် လျှို့ဝှက်သတ်ဖြတ်သည့် နည်းလမ်းက အလွန်အဆင့်နိမ့်လွန်းနေသည်။
'ပိုင်ရှင်'ဟု ပြောခဲ့သူသည် ပိုင်ရှင်အစစ်မဖြစ်နိုင်။
ထိုအချက်ကို လုယန်ရိပ်မိသည်။ သို့သော် ထုတ်မပြော။
ပြောစရာလည်း အကြောင်းမရှိ။ အသားကင်ဆိုင်သည် သူတို့ကိုယ်ပိုင်လုပ်ငန်းဖြစ်သည်။ ထိုနည်းလမ်းများ ကျောက်ရိုးမသုံးခဲ့လျှင်ပင် အိပ်မက်ရေပွက်သုံး၍ အသားကင်ဆိုင်ကိုကြော်ငြာရန် အကြံပြုဖို့ လုယန်လည်း စဉ်းစားထားသည်။
ထောင်ယော်ယဲ့ ဝေခွဲမရဖြစ်နေသည်။ ထိုအခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ ဈေးဘယ်လောက်တောင်းရမည်ကို သူမပြောတတ်။
လုယန်ကို မသိမသာလှမ်းကြည့်၍ အကူအညီတောင်းသည်။
ကျောက်ရိုးရှိနေသဖြင့် ဝိညာဉ်အာရုံဖြင့် မဆက်သွယ်ရဲ။ ကြားဖြတ်နားထောင်နိုင်မည်ကို စိုးရိမ်သည်။
လုယန်လည်း ဈေးနှုန်းမသိ။ သူလည်း ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ်ကိုင်းပြီး ပြုံး၍မေးသည်။
"သခင်ကျောက်ရိုးက ဘယ်လောက်သုံးဖို့မှန်းထားလဲ။ ကြော်ငြာခွင့်ကို အချိန်ဘယ်လောက်ကြာအောင် ဝယ်ချင်တာလဲ"
တစ်ဘက်က ထိုသို့ပြန်မေးလာမည်ဟု ထင်မထား။ အကြံအိုက်သွားသဖြင့် အံတစ်ချက်ကြည့်လိုက်သည်။
"ဆယ်သန်း...တစ်နှစ်စာကြော်ငြာခွင့်ပေးပါ"
ဆယ်သန်း။ သာမန်ဝိညာဉ်ပြောင်းအဆင့်တစ်ယောက် တစ်သက်တာစုဆောင်းမှုနှင့်ညီမျှသည့် ပမာဏဖြစ်သည်။ လူချမ်းသာမိသားစုမှ ဝိညာဉ်ပြောင်းအဆင့်ဆိုလျှင်တော့ ထိုထက်ပိုချမ်းသာလိမ့်မည်။
"သခင်ကျောက်ရိုးက နောက်တတ်တာပဲ"
လုယန် ခပ်ညှင်းညှင်းရယ်လျက် ရွှေစီးပွားနယ်မြေဆိုင်မှပေးလိုက်သည့် မှော်လက်စွပ်ကိုထုတ်၍ ကျောက်စားပွဲပေါ်တင်သည်။
"ကျုပ်တို့သုံးယောက် မစ်ရှင်တစ်ခုပြီးသွားတာ ခြောက်သန်းရတယ်။ ခင်ဗျားပေးတာ ဆယ်သန်းဆိုရင်တောင် လုံလောက်မယ်မထင်ဘူး"
လုယန် ကြွားခြင်းမဟုတ်။ ပြီးခဲ့သည့် သူ့မစ်ရှင်များမှ ရလာသည့်ဝိညာဉ်ကျောက်များနှင့်ယှဉ်လျှင် ဤတစ်ကြိမ်ခြောက်သန်းရသည်မှာ နည်းပင်နည်းနေသေးသည်။ အရင်တစ်ခေါက်မစ်ရှင်တွင် လီဟော်ရန်ကို အားပေးကူညီဖို့လိုက်သွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်း အမှတ်မထင် တည်ထောင်ဖြစ်ခဲ့သည်။ ထိုထက်အရင်ကမစ်ရှင်တွင် ကျားနတ်ဆိုးတစ်ကောင်သတ်ပြီး အရေပြားသရဲပြဿနာရှင်းသည်။ အမှတ်မထင် ထာဝရဂိုဏ်းထဲသို့ ခိုးဝင်ဖြစ်ခဲ့သည်။ ထိုအောင်မြင်မှုများသည် ဝိညာဉ်ကျောက်ဖြင့် တိုင်းတာ၍မရ။ ထိုမစ်ရှင်များမှ ရခဲ့သည့်ဝိညာဉ်ကျောက်များက ယခုတစ်ကြိမ်ထက် ပိုများသည်။
"နှစ်ဆယ်...မဟုတ်ဘူး... သန်းသုံးဆယ်ပေးပါမယ်"
ကျောက်ရိုး ရင်နာနေသည်။ အိပ်မက်ပုံရိပ်ယောင်သုံး၍ ကြော်ငြာဖူးသူမရှိသေး။ ထိုကြော်ငြာမအောင်မြင်လျှင် သန်းသုံးဆယ် အလကားဖြစ်မည်။
လုယန်က မျက်နှာမပျက်ဘဲ အေးအေးလူလူရှိနေသည်။
"တစ်ခွန်းဈေးပဲ။ သန်းငါးဆယ်။ တစ်နှစ်အတွင်း ပုံရိပ်ယောင်တွေမစခင် တစ်မိနစ်ကြော်ငြာပေးမယ်။ ပြီးတော့ ပုံရိပ်ဇာတ်လမ်းတွေထဲမှာ နောက်တစ်ခေါက်အသားကင်ဆိုင်မှာ အသားကင်စားနေတဲ့ ဇာတ်ကွက်တွေထည့်ပေးမယ်"
ကျောက်ရိုး တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ဤကြော်ငြာနည်းမျိုးကို သူမစဉ်းစားမိခဲ့။
ဤကြော်ငြာ တကယ်အောင်မြင်သွားလျှင် သန်းငါးဆယ်သည် များသည်ဟုမဆိုသာ။
အသားကင်ဆိုင်လုပ်ငန်း တိုးတက်လာမည့်အရေးနှင့် သဘောထားကြီးသည့် ကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်းတွေး၍ ကျောက်ရိုး ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီလေ။ သန်းငါးဆယ်ပေါ့"
"ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် သခင်ရှီ ဝမ်းသာကျေနပ်ရမှာပါ"
*************************************