အကြွေးချေလျှပ်စီး
Vol. 35 Ch. 523
"ဒီမှော်လက်စွပ်ထဲမှာ ဝိညာဉ်ကျောက်ဆယ်သန်းရှိပါတယ်။ စရံအဖြစ်လက်ခံပေးပါ သခင်မထောင်"
ကျောက်ရိုးရင်နာသည်။ ထိုဆယ်သန်းကို ရာထူးတိုးအခွင့်အလမ်းများအတွက် အသုံးချရန် ရည်ရွယ်ထားခဲ့သည်။ ယခု ကြောငြာခစရံငွေအဖြစ် ပြောင်းလဲသွားသည်။
"ကျန်တဲ့သန်းလေးဆယ်အတွက် ကျုပ်တို့ရန်ပုံငွေကို ပြန်ပြီးခွဲတမ်းချရပါဦးမယ်။ လဝက်လောက်စိတ်ရှည်ပေးဖို့ တောင်းဆိုပါတယ် သခင်မထောင််။
တစ်မိနစ်စာကြော်ငြာပုံရိပ်ကိုလည်း ကျုပ်တို့မပြင်ဆင်ရသေးဘူး။ ဒီတော့ နောက်ထပ်လဝက်ကြာရင် ကြော်ငြာပုံရိပ်နဲ့အတူ ဝိညာဉ်ကျောက်သန်းလေးဆယ်ကို သခင်မထောင်ဆီ လွှဲပေးလိုက်ပါ့မယ်။
...ဒါက ဆက်သွယ်ဖို့သုံးတဲ့ သစ်သားတံဆိပ်ပါ"
ကျောက်ရိုးက ထောင်ယော်ယဲ့ကို လက်ဝါးအရွယ် သစ်သားတံဆိပ်တစ်ခုပေးသည်။ လုယန်ကိုလည်း ထိုတံဆိပ်မျိုး တစ်ခုပေးသည်။
"ဝိညာဉ်ကျောက်တွေစုစည်းပြီးတာနဲ့ သစ်သားတံဆိပ်ကနေတစ်ဆင့် သခင်မထောင်ဆီ ကျုပ်တို့ဆက်သွယ်ပါ့မယ်"
ကျောက်ရိုးတွေးဆပုံက စေ့စပ်သေချာသည်။
လုယန်ပြောခဲ့သလိုပင် ထိုကိစ္စတွင် ကိုးငရဲဂိုဏ်းက ထောင်ယော်ယဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။ ထောင်ယော်ယဲ့က အထက်စီးနေရာရထားသည်။
"ကဲ..ကျုပ်မှာတစ်ခြားကိစ္စတွေရှိသေးလို့ ခင်ဗျားတို့ကို ဆက်ပြီးအဖော်ပြုမပေးတော့ဘူးနော်"
ကျောက်ရိုးထရပ်လျက် ဟော်ဟွာရှန်းကို မျက်ရိပ်ပြလိုက်သည်။ လုယန်တို့ကို အပြင်သို့လိုက်ပို့ရန် အချက်ပြခြင်းဖြစ်သည်။
ဟော်ဟွာရှန်းက တစ်စုံတစ်ခုကို နားလည်ဟန်ဖြင့် မျက်စဉ်းဘူးတစ်ခု မှော်လက်စွပ်ထဲမှထုတ်၍ ကျောက်ရိုးကို လှမ်းပေးသည်။
ကျောက်ရိုး "..."
"ဧည့်သည်တွေလိုက်ပို့ဖို့ မင်းကိုပြောနေတာကွ"
ဟော်ဟွာရှန်းသည် အလားအလာကောင်းပြီး ဒုဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်းချုပ်ရာထူးရနိုင်သူဖြစ်သည်။ ထိုအချက်ကြောင့်သာမဟုတ်လျှင် ထိုခွေးသူတောင်းစားကို ကျေက်ရိုး အသေရိုက်သတ်ပြီးဖြစ်ပေလိမ့်မည်။
ဟော်ဟွာရှန်းတွေးနေသည်။ ဘာကြောင့်သူ့ကို အပြစ်တင်နေသည်မသိ။ ဒုဂိုဏ်းချုပ်၏အကြည့်သည် အဓိပ္ပါယ်များစွာအကျုံးဝင်သည်။ သူဘယ်လိုနားလည်နိုင်မည်နည်း။
ဟော်ဟွာရှန်း လိုက်ပို့ပြီးနောက် လုယန်တို့ နှစ်မိုင်ခန့် ရောက်လာချိန်တွင် သူတို့နောက်ဘက်မှ ကျယ်လောင်သည့်မိုးခြုန်းသံတစ်ခု ကြားရသဖြင့် လန့်ဖျတ်သွားကြသည်။
နောက်လှည့်ကြည့်သည်။ ကျောက်ရိုးရှိနေသည့်နေရာဆီတွင် ရာသီဥတုအပြောင်းအလဲဖြစ်လာသည်။ ကောင်းကင်တွင် တိမ်မည်းများပြည့်နေသည်။ ကပ်ဆိုးတစ်ခုကျလာတော့မလို လျှပ်စီးမိုးကြိုးများ ထွက်ပေါ်နေသည်။
စုစည်းခြင်းအဆင့်တစ်ယောက်၏အသက်ကိုပင် ခြိမ်းခြောက်နိုင်သည် ကောင်းကင်လျှပ်စီးဖြစ်သည်။ အတော်ဝေးဝေးမှကြည့်နေသည့်တိုင် မိုးကြိုးစွမ်းအင်ဖိအားကို ခံစားကြရသည်...
"နေပါဦး၊ ငါဘာလို့ ဒီဖိအားကို မခံစားရတာလဲ"
လုယန် တွေးမရ။ သူ့ဂိုဏ်းတူညီမနှစ်ယောက်နှင့် ဟော်ဟွာရှန်းတို့အမူအရာအရ မိုးကြိုးစွမ်းအားသည် ဤနေရာထိရောက်ဟန်ရှိသည်။
ဘာကြောင့် ထိုဖိအားကိုသူမခံစားရသည်မသိ။
"ဒါက ငါရှိနေလို့လေ"
နတ်မယ်က ခေါင်းကိုမော့၍ ကြွားလုံးထုတ်သည်။
"နတ်မယ်၊ ခင်ဗျားက ဒီလောက်တောင်စွမ်းအားကြီးတယ်ပေါ့"
လုယန် အတော်အံ့ဩသွားသည်။ ထာဝရနတ်မယ် ထိုမျှလွှမ်းမိုးနိုင်စွမ်းရှိမည်ဟု မထင်ခဲ့။
"ဒါပေါ့။ ကောင်းကင်လျှပ်စီးအများစုက ယင်ထန်မသေမျိုးရဲ့ မိုးကြိုးအရိယဖလကြောင့် ပေါ်လာတာလေ။ ဒီကောင်းကင်လျှပ်စီးက ငါ့ကိုမလေးစားလို့ ဘယ်ရမလဲ"
ယင်ထန်မသေမျိုးသည် ကောင်းကင်လျှပ်စီးဖန်တီးသူမဟုတ်။ သို့သော် ကောင်းကင်လျှပ်စီးပုံစံကွဲမျိုးစုံနှင့် နည်းလမ်းမျိုးစုံ ဖြစ်ပေါ်လာအောင် သူတီထွင်ခဲ့ခြင်းဖြစ်သည်။
နတ်မယ်၏ဩဇာ ဘယ်လောက်ကြီးမားသည်ကို ပထမဆုံးအကြိမ် လုယန်နားလည်လာသည်။ ကောင်းကင်လျှပ်စီးပင် နတ်မယ်ကိုလေးစားရသည်။
ယင်ထန်မသေမျိုး၏စိတ်တွင် နတ်မယ်၏ပုံရိပ် အတော်လွှမ်းမိုးခဲ့ဟန်ရှိသည်။
"အခြေအနေကြည့်ရတာ ဒီကောင်းကင်လျှပ်စီးက ကြွေးချေလျှပ်စီးဖြစ်မယ်။ အကြွေးယူပြီး ပြန်မဆပ်ချင်တဲ့လူတွေအတွက် သီးသန့်ဖန်တီးခဲ့တာ"
ချင်ဟော်ရန်၏အမွေအနှစ်ကို သူ့ဆီမှယူသွားသည့်ကိစ္စတွင် ဟော်ဟွာရှန်းလည်း ပါဝင်ပတ်သက်ခဲ့သည်။ ထိုအမွေအနှစ်က အကြွေးကတိနှင့်ဆက်စပ်နေသည်။
သူ့ဘေးတွင်ရပ်နေသည့် ဟော်ဟွာရှန်းသည် သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်။ ထိုဟော်ဟွာရှန်းအပေါ် ကျောက်ရိုးဘယ်လောက်အလေးထားမှန်း သိသာသည်။ ထိုကောင်းကင်လျှပ်စီးဒဏ်အောက်တွင် အသက်မသေအောင် ဆက်လက်တင်းခံနိုင်သည့်ကျောက်ရိုးကို လုယန်လေးစားမိသည်။
"ဒီကောင်းကင်လျှပ်စီးရဲ့ နာမည်က ရိုးရှင်းလွန်းနေသလိုပဲနော်"
လုယန် စဉ်းစားသည်။ သူ့အမြင်အရ ကောင်းကင်လျှပ်စီး၏နာမည်သည် ဝင့်ဝင့်ထည်ထည်ရှိသင့်သည်။
ဘာကြောင့် ကြွေးချေလျှပ်စီးဟု နာမည်ပေးသည်မသိ။ ကြွေးကတိလျှပ်စီးဟု တိုက်ရိုက်နာမည်ပေးသည်နှင့် ဘာမှသိပ်မကွာ။
ယင်ထန်မသေမျိုး...ခင်ဗျားက နာမည်ပေးတာ မကျွမ်းကျင်ဘူးလား...
"ငါစဉ်းစားခဲ့တဲ့နာမည်တွေအားလုံးက ကောင်းတယ်လို့ပဲ ထင်ပါတယ်"
လုယန် ချက်ချင်းနားလည်သွားသည်။ ဉာဏ်အလင်းရသွားသကဲ့သို့ သူ့မျက်နှာကြည်လင်ရွှင်ပြလာသည်။
"ဪ နာမည်ပေးခဲ့တာက ခင်ဗျားလား။ ဒီနာမည်က အရိုးရှင်းဆုံးအဆင့်ကို ပြန်ရောက်နေတာမဆန်းတော့ပါဘူး။ သေချာစဉ်းစားကြည့်ရင် ဒီနာမည်မှာ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေ ပါနေတယ်။ သူ့ကြွေးရှိရင် ပြန်ဆပ်ရမယ်ဆိုတဲ့ စကားလိုပေါ့။ အကြွေးရှိတဲ့လူတွေ အကြွေးပြန်ဆပ်ရင် ကောင်းကင်လျှပ်စီးနဲ့ ကြုံရမှာမဟုတ်ဘူး။ ဒီတော့ အကြေးမဆပ်တဲ့လူတွေက အသက်နဲ့ပြန်ဆပ်ရမှာပေါ့။ နတ်မယ်ပေးထားတဲ့နာမည်က တကယ်အနှစ်ပါတာပဲ။ စကးလုံးနည်းနည်းနဲ့ အဓိပ္ပါယ်တွေအများကြီးပါတယ်။ တကယ်အမြင်ကျယ်စရာပါပဲ"
နတ်မယ်က သူ့အသက်အရွယ်နှင့်လိုက်ဖက်သည့်အပြုံးမျိုး ပြုံးသည်။
"ဟီးဟီး၊ ငါအဲလောက်အများကြီး မစဉ်းစားမိခဲ့ပါဘူး"
စုစည်းခြင်းအဆင့်တစ်ယောက် ကောင်းကင်လျှပ်စီးဖြတ်ကျော်ခြင်းသည် မြင်ရခဲသည့်မြင်ကွင်းဖြစ်သည်။ ထို့ကြောင့် အားလုံးခဏရပ်၍ စောင့်ကြည့်နေကြသည်။
အမှန်တော့ ထိုမြင်ကွင်းကို ဟော်ဟွာရှန်း အကြိမ်ကြိမ်မြင်ဖူးပြီးဖြစ်သည်။ သို့သော်ယခု လုယန်တို့ကို အဖော်လိုက်ပေးဖို့ အဓိကတာဝန်ယူထားရသူဖြစ်၍ သူလည်းအသာရပ်ကြည့်နေသည်။
သဘာဝလောက၏ ခမ်းနားသည့်အစီအစဉ်များကြားတွင် ဤအဖြစ်က မျက်စိပသာဒဖြစ်စရာကောင်းသည်။ စုစည်းခြင်းအဆင့်တစ်ယောက်ကို ခြိမ်းခြောက်နိုင်သည့် ကောင်းကင်လျှပ်စီးစွမ်းအားက သူတို့နားလည်နိုင်စွမ်းထက် များစွာမြင့်နေသည်။ လုယန်တို့လက်ရှိအဆင့်ဖြင့် ထိုကောင်းကင်ဆင်းရဲအား ကျောက်ရိုးအောင်မြင်စွာဖြတ်ကျော်နိုင်သည့် လျှို့ဝှက်ချက်များကို နားမလည်နိုင်သေး။
နတ်မယ်က ယင်ထန်မသေမျိုး ကောင်းကင်လျှပ်စီးပြုပြန်ဖန်တီးသည်ကို လက်တွေ့မြင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သူစိတ်ဝင်တစားကြည့်လောက်စရာ ဘာမှမရှိ။
ကျောက်ရိုးကောင်းကင်ဆင်းရဲဖြတ်ကျော်နေချိန်တွင် ဟော်ဟွာရှန်းက လုယန်တို့သုံးယောက်ကို လှေပျံပေါ်သို့ လိုက်ပို့သည်။
သူတို့ထွက်မသွားမီ ဟော်ဟွာရှန်းက ပြောသင့်သည်ဟု ယူဆသည့် သူ့ကိုယ်ပိုင်အတွေးတစ်ခုကို ထုတ်ပြောသည်။
"မင်းတို့သုံးယောက် အခွင့်သာတဲ့အချိန် ငါတို့အသားကင်ဆိုင်ကို လာခဲ့ပါ။ မသေမျိုးဂိုဏ်းရဲ့ အဆင့်မြင့်အစားအသောက်တွေနဲ့ မယှဉ်နိုင်ပေမယ့် ငါတို့အသားကင်တွေက အရမ်းစားကောင်းပါတယ်"
"ကောင်းပါပြီ"
လှေပျံအခန်းထဲတွင် လန်ထင် ငေးကြောင်နေဆဲဖြစ်သည်။
သာမန်မစ်ရှင်တစ်ခုထွက်လာသည့် ခရီးစဉ်က ဘယ်လိုဖြစ်သွားသည်မသိ။ ကိုးငရဲဂိုဏ်း ဒုဂိုဏ်းချုပ်က ကြားဖြတ်ဖိတ်ခေါ်ခြင်းခံရသည်။ လုပ်ငန်းပူးပေါင်းဖို့ကိစ္စ တောင်းဆိုသည်။ ဝိညာဉ်ကျောက်ဆယ်သန်းပေးသည်။ ထို့နောက် တလေးတစား ပြန်လိုက်ပို့သည်။
လန်ထင်အတွက် ငွေမရှားသော်လည်း ထိုသို့ငွေရှာသည့်နည်းလမ်းမျိုး သူတစ်ခါမှမမြင်ဖူး။
သူသည် နာမည်ကျော် လန်မိသားစုဝင်ဖြစ်သည်။ နာမည်ကျော်မိသားစုအများစုတွင် ဒေသအစွဲပြုနာမည်များ ရှိတတ်သည်။ ဥပမာ ချင်းကျိုး ယန်မိသားစု။ လျန်ပြည်နယ် ဝမ်ရန်မိသားစု၊ လျန်ပြည်နယ် ယဲ့မိသားစု..စသဖြင့်ခေါ်သည်။ ထိုကဲ့သို့ ဒေသစွဲတပ်၍မခေါ်သည့် နာမည်ကျော်မိသားစု အနည်းငယ်သာရှိသည်။ လန်မိသားစု၏ခေါ်လျှင် လန်မိသားစုသာဖြစ်သည်။ ထိပ်တန်းအဆင့် ဂုဏ်သရေရှိမိသားစုမျိုးသာ ထိုသို့ခေါ်ဝေါ်သတ်မှတ်ခံရသည်။ နှစ်ပေါင်းများစွာတည်တံ့ခဲ့သည့် စွမ်းအားနှင့်ကြွယ်ဝမှုအမှတ်သင်္ကေတဖြစ်သည်။
မုန်မိသားစုလည်း ထိုသို့ပင်ဖြစ်သည်။
လန်မိသားစုသည် အဆင့်အတန်းအမြင့်ဆုံး မုန်မိသားစုနှင့် မယှဉ်နိုင်သော်လည်း ထိပ်တန်းမိသားစုစာရင်းဝင်ဖြစ်သည်။
လုယန် သက်ပြင်းချသည်။ ဤခရီးစဉ်က အတော်ချောမွေ့ခဲ့သည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် သတ်စရာမလို။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်လည်း ရင်ဆိုင်စရာမလိုခဲ့။
"အကိုလု၊ ဒီဝိညာဉ်ကျောက်ဆယ်သန်းက..."
ထောင်ယော်ယဲ့က မှော်လက်စွပ်ကိုကိုင်၍ လုယန်ကို စိတ်အားထက်သန်စွာကြည့်သည်။ ဝိညာဉ်ကျောက်ရလာသည့်နည်းလမ်းက လွယ်ကူလွန်းနေသဖြင့် သူနည်းနည်းစိတ်မလုံသလို ခံစားနေရသည်။
ဘာမှမလုပ်လိုက်ရဘဲ ဝိညာဉ်ကျောက်ဆယ်သန်း ရလာသလိုဖြစ်နေသည်။ ထို့ပြင် သန်းလေးဆယ်လည်း ထပ်ရဦးမည်။
လုယန် လက်ခါပြသည်။
"ဒါက မင်းအစွမ်းအစနဲ့မင်းရတာပဲလေ။ မင်းသိမ်းထားလိုက်ပါ"
"အဲ"
"ငါမင်းကို နောက်တစ်ခုသတိပေးရဦးမယ်"
"ဘာလဲ"
လုယန် မျက်လုံးများ မှေးစင်းသွားသည်။ လှေပျံခန်း၏ထောင့်စွန်း သူတို့ရှေ့မလှမ်းမကမ်းမှ ဗလတောင့်တောင့်လူတစ်စု သူတို့ဆီ လျှောက်လာသည်ကိုမြင်ရသည်။
"မင်းအပြင်မှာသွားလာနေတဲ့အချိန် မင်းချမ်းသာတာကို ထုတ်မကြွားနဲ့။ ဒုက္ခရောက်လိမ့်မယ်"
ထောင်ယော်ယဲ့ နားလည်သွားသည်။ ခုနက ဝိညာဉ်ကျောက်အကြောင်းပြောစဉ်က ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ခဲ့ခြင်းမဟုတ်။ အာရုံစိုက်၍ နားထောင်နေသည့် ဘယ်ကျင့်ကြံသူမဆို သူပြောသည့်စကားကို ကြားပေလိမ့်မည်။
ယခုသူသည် ဝိညာဉ်ကျောက်ဆယ်သန်းပိုင်ရှင်ဖြစ်သည်။ ဝိညာည်ပြောင်းအဆင့် တစ်သက်တာစုဆောင်းမှုနှင့် ညီမျှသည်။ သူသည် ရွှေသန္ဓေအဆင့်သာ ရှိသေးသည်။
ပိုင်ဆိုင်မှုနှင့် စွမ်းအားက မလိုက်ဖက်။ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်နေသည်။
ရှုသိုးသိုးမျက်နှာနှင့်လူတစ်စု ချဉ်းကပ်လာသည်။ သူတို့စွမ်းအင်ရောင်ကို ဖုံးကွယ်ထားသည်။ အနည်းဆုံး ရွှေသန္ဓေအဆင့်ရှိလိမ့်မည်။ နတ်ဝိညာဉ်အဆင့်လည်း ဖြစ်နိုင်သည်။
ခရီးဝေးပျံသန်းလျှင် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအင်ကို များစွာကုန်ခမ်းသည်။ ကျင့်ကြံသူအများစုက ပျံသန်းနိုင်စွမ်းရှိသော်လည်း လှေပျံများဖြင့်သာ ခရီးသွားသည်။
လုယန်တို့ကို ဝိုင်းထားသည့်လူစုက လုယန်နှင့်လန်ထင်ကို လုံးဝအရေးမစိုက်။ ထောင်ယောက်ယဲ့ကိုသာ စိုက်ကြည့်နေသည်။ သူတို့မျက်နှာတွင် လောဘရိပ်အထင်းသားပေါ်နေသည်။
"မိတ်ဆွေ၊ မင်းမှာ ဝိညာဉ်ကျောက်တွေအများကြီးရှိပုံရတယ်။ မင်းလက်ထဲမှာ ဝိညာဉ်ကျောက်ဒီလောက်အများကြီးထားတာ စိတ်မချရဘူး။ ငါတို့မင်းအတွက် ကူသိမ်းပေးမယ်လေ"
"ရှင်တို့ဘာလိုချင်တာလဲ"
ထောင်ယော်ယဲ့ သတိဖြင့်မေးသည်။ ကျောက်စိမ်းတံဆိပ်ကို မသိမသာကိုင်၍ မှော်လက်နက်ထုတ်ပြီး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။
ပြိုင်ဘက်က နတ်ဝိညာဉ်အဆင့်ဖြစ်နေလျှင်လည်း သူလုံးဝမကြောက်။
ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူသန်ကြီးက အေးစက်စက်ရယ်နေသည်။ သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ လုံးဝစိတ်ကူးရှိပုံမရ။
"ငါတို့ရွှေစီးပွားနယ်မြေအသင်းမှာ မင်းရဲ့ဝိညာဉ်ကျောက်တွေ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားဖူးလား မိတ်ဆွေ။ နှစ်တိုင်း ငါးရာနှုန်းအတိုးရမှာပါ"
*******************************