ကြုံပလေ
Vol. 35 Ch. 524
ထောင်ယော်ယဲ့ အံ့အားသင့်ဆဲဖြစ်၍ နောက်ထပ်လူသန်ကြီးတစ်ယောက်က အမြန်စကားဖြတ်ပြောသည်။
"ရွှေစီးပွားအသင်းက နှစ်စဉ် အမြတ်ရှစ်ရှာနှုန်းကနေ ဆယ်နှစ်ရာနှုန်းထိ တိုးတက်စေမယ့် အရောင်းမြှင့်တင်ရေးဝန်ဆောင်မှုလည်း ပေးပါတယ်။ အကျိုးအမြတ်အတွက် အာမခံပါတယ်"
အကိုလုစကားကို ထောင်ယော်ယဲ့ ကောင်းကောင်းနားလည်လာသည်။ ချမ်းသာကြောင်းထုတ်ကြွားမိ၍ ယခု ပြဿနာက အလိုလိုရောက်လာသည်။
တစ်ယောက်ပြီးတစ်ယောက် ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျိုးစုံကို မိတ်ဆက်ပေးသည်။ အခြေခိုင်စေမည့် ကျရှုံးနိုင်ခြေနည်းပြီး အမြတ်ရနိုင်ခြေများသည့် နည်းလမ်းများဖြစ်သည်။ သူလုံးဝနားမလည်"
"မလိုဘူး။ ကျွန်အတွက် မလိုအပ်ဘူး"
ထောင်ယော်ယဲ့ အပြတ်ငြင်းလိုက်သည်။
ဘာကြောင့် အမြတ်ဆယ့်နှစ်ရာနှုန်းကို မက်မောနေမည်နည်း။ ထိုဝိညာဉ်ကျောက်ဆယ်သန်းကို အိပ်မက်ရေပွက်ပုံရိပ်ထဲ ရင်းနှီးမြှုပ်နှံလိုက်လျှင် လုပ်ငန်းများစွာ ချဲ့ထွင်နိုင်သည်။ သူရလာမည့်အကျိုးအမြတ်က ဆယ့်နှစ်ရာနှုန်းထက် များစွာပိုပေလိမ့်မည်။
"အား...ဒါဆိုရင်တော့ စိတ်မကောင်းစရာပါပဲ"
ထောင်ယော်ယဲ့၏ ပြတ်သားသည့်သဘောထားကိုကြည့်၍ လူသန်များ လက်လျှော့သွားကြသည်။
ထိုမျှကောင်းသည့်ကမ်းလှမ်းမှုကို ထိုမိန်းကလေး ဘာကြောင့်မလိုချင်သည်မသိ။
ထိုအဖြစ်အပျက်က သာမန်အာရုံနောက်စရာကိစ္စလေးသာဖြစ်သည်။ လမ်းတလျှောက် ပြဿနာကြီးကြီးမားမား ဘာမှမကြုံရ။
သို့သော် အရာရှိတစ်ယောက်က လှေပျံကိုတားသည်။ လူသတ်သမားတစ်ယောက် ခရီးသည်များကြားတွင် ပုန်းအောင်းနေသည်ဟု သံသယရှိသည်ဟုပြောသည်။ ခရီးသည်တစ်ယောက်ချင်းစီကို မှတ်ပုံတင်စစ်ဆေးသည်။ သိပ်မကြာမီ လူသတ်သမားက အဖမ်းမခံဘဲ ဘေးလူများကို ထိခိုက်အောင် အကြမ်းဖက်သည်။ ရွှေစီးပွားနယ်မြေမှ ထုတ်ကုန်ရောင်းချသည့် လူသန်ကြီးများက သူ့ကိုဝိုင်းဖမ်းကြသည်။
"လှေပျံမာလိန်မှူးကို ငါအဆိပ်ခတ်ထားပြီးပြီ ငါ့ကိုလွှတ်မပေးရင် သူသေမှာပဲ။ လှေပျံပျက်ကျပြီး အားလုံးသေဖို့သာပြင်ထားကြ"
သို့သော် လှေပျံကိုမောင်းနှင်နိုင်ကြောင်း တစ်ယောက်မှ ထုတ်ကြွားခွင့်မရသေးမီ မာလိန်မှူးက အပြင်သို့ထွက်လာသည်။ သူသည် အဆိပ်အားလုံးပြီးသူဖြစ်ကြောင်းကြေငြာသည်။ ထို့နောက် အခန်းထဲပြန်ဝင်၍ လှေပျံကိုဆက်မောင်းသည်။
ယာဉ်စီးခမပေးပဲ ခိုးစီးရန်ကြိုးစားသည့် ရွှေသန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက်လည်း ကြုံရသည်။ ထိုလူသည် သူ့ဘာသာပျံသန်းနေခဲ့ခြင်းဖြစ်သည်။ စားသောက်လိုက် ပျံသန်းလိုက် လုပ်နေရသဖြင့် သူပင်ပန်းငြီးငွေ့လာသည်။ တိုက်တိုက်ဆိုင်ဆိုင် လုယန်တို့စီးသည့်လှေပျံ သူ့ဘေးမှဖြတ်သွားသည်။ လှေပျံနောက်မြီးမှ အသာခိုးတက်ပြီး အချောင်စီးရန်ကြိုးစားသည်။
သို့သော် သူ့ဖုံးကွယ်မှုစွမ်းရည်က မကောင်း။ ထို့ကြောင့် လက်မှတ်စစ်မှော်စက်မှော်စက်ဝန်းက သူ့ကိုအာရုံခံမိသွားပြီး လှေစီးခတောင်းသည်။
ထို့နောက်တစ်ဖန် မီးဖွားခါနီး ကိုယ်ဝန်သည်တစ်ယောက် ပြင်းထန်သည့်နာကျင်မှုကြောင့် သတိလစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ခရီးသည်များကြားတွင် ဆေးဆရာတစ်ယောက်ပါလာသည်။ ကလေးရောမိခင်ပါ ကယ်တင်နိုင်ခဲ့သည်။
"မိန်းမ၊ ထတော့။ ငါတို့ရောက်ခါနီးပြီ"
ယောက်ျားဖြစ်သူက ကိုယ်ဝန်သည်မိန်းမ၏လက်ကိုကိုင်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သို့သော် ပြင်းထန်သည့်ဝေဒနာကြောင့် ထိုမိန်းမ သတိလစ်သွားသည်။
ဘေးပတ်လည်မျှလူအားလုံး စိုးရိမ်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။ ကိုယ်ဝန်သည် သတိပြန်လည်မလာလျှင် အသက်နှစ်ချောင်း ဆုံးရှုံးရမည်။
"ကျုပ်က ဆေးဆရာပါ။ ကျုပ်ကူညီမယ်"
ထိုအသံကို လုယန် ရေးတေးတေးမှတ်မိနေသဖြင့် လှည့်ကြည့်သည်။ အင်္ကျီလက်ပေါ်တွင် ရွှေရောင်ဆေးလုံးပုံတစ်ခုပါသည် ကျင့်ကြံသူဖြစ်သည်။ ထိုဝတ်စုံမျိုးကို ဆေးပညာရှင်များသာ ဝတ်ကြသည်။ သူ့ခါးတွင်ချိန်ထားသည့်တံဆိပ်က တာအိုလမ်းစဉ်ဂိုဏ်း၏ ကျောက်စိမ်းတံဆိပ်ဖြစ်သည်။
လုယန် မှတ်မိသွားသည်။ ဆေးအိုးတောင်ထိပ်မ ဂိုဏ်းတူအမစံပယ်ဖြစ်သည်။
(E tran က Jasmine ဟု ရေးထားသဖြင့် တိုက်ရိုက်ပြန်ဆိုပါသည်)
တစ်ချိန်က လုယန်ကို တန်းစီရိုက်နှက်ခဲ့သည့်လူစုထဲတွင် သူလည်းပါသည်။
သူ့ကိုရိုက်ခဲ့သည့် ဂိုဏ်းတူအကိုအမများကြားတွင် အမစံပယ်သည် အလယ်အလတ်စွမ်းအားမျိုးရှိသည်။ နတ်ဝိညာဉ်ဆင့်ဖြစ်လိမ့်မည်။
လုယန် သူ့ကိုအလျင်စလို သွားနှုတ်မဆက်သေး။ အမစံပယ် ကိုယ်ဝန်သည်အား မည်သို့ကူညီမည်ကို သူသိချင်သည်။
စံပယ်က သူ့ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ အခြေအနေသိရပြီးနောက် မျက်မှောင်ကျုံ့သွားသည်။
သတိလစ်နေသည့် ကိုယ်ဝန်သည်ကလည်း လုံးဝသတိလစ်နေသည်။ ပြင်းထန်သည့်လှုံ့ဆော်မှုမရှိလျှင် နှိုး၍ရမည်မဟုတ်။ လှုံ့ဆော်မှုများလွန်းလျင်လည်း ရင်သွေးကို ထိခိုက်နိုင်သည်။
ထို့ကြောင့် နည်းလမ်းတစ်ခုသာရှိတော့သည်။
စံပယ် မျက်လုံးမှိတ်လိုက်သည်။ သုံးလက်မအရွယ် လူတစ်ယောက် သူ့မျက်ခုံးနှစ်ခုကြားမှ ပျံထွက်လာပြီး ကိုယ်ဝန်သည်၏ဦးခေါင်းထဲဝင်သွားသည်။ ခန္ဓာကိုယ်ကို ယာယီထိန်းချုပ်လိုက်သည်။
"ဝါး..."
သိပ်မကြာမီ အော်ငိုသံနှင့်အတူ ကလေးတစ်ယောက် ထွက်ကျလာသည်။
"ပြီးသွားပြီ"
စံပယ် သက်ပြင်းတစ်ချက်ချ၍ သူ့နတ်ဝိညာဉ်ကို ပြန်ခေါ်ထုတ်သည်။
ကလေးမွေးလာပြီး သားအမိနှစ်ယောက်လုံး ဘေးကင်းသည်ကိုမြင်ပြီးနောက် ယောက်ျားဖြစ်သူက ဝမ်းသာလွန်းသဖြင့် စံပယ်၏လက်ကို အတင်းဆွဲကိုင်သည်။
"ကျုပ်မိန်းမမီးဖွားနိုင်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ"
စံပယ် "..."
ထိုမျှကျေးဇူးတင်နေဖို့ မလိုအပ်ပါ။
ကျေးဇူးတင်ဂုဏ်ပြုစာတမ်းပို့ပေးမည်ဟု ပြောနေသည့်ထိုလူကို စံပယ်က ကြိုစားဖျောင်းဖျလိုက်ရသည်။
"အမစံပယ်"
ကိစ္စပြီးသွားချိန်တွင် လုယန်ထရပ်၍ နှုတ်ဆက်လိုက်သည်။
"မောင်လေးလု၊ ညီမထောင်ယော်လည်းပါတာကိုး။ ပြီးတော့ မင်းကိုငါမှတ်မိတဘ်။ လသံလွင်နန်းတော်က ညီမလန်ထင်မဟုတ်လား။ ဘယ်လိုလုပ်ပြီး မင်းတို့သုံးယောက် အတူတူရှိနေကြတာလဲ"
လုယန်ကို စံပယ်ကောင်းကောင်းမှတ်မိနေသည်။ မည်သို့ဆိုစေ သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်း ထိတွေ့ခဲ့ဖူးသည်။ သွေးအတူတူပင် ထွက်ခဲ့ဖူးသည်။
"ညီမထောင်နဲ့ကျုပ် မစ်ရှင်တစ်ခုထွက်ရင်း ညီမလန်ထင်နဲ့ဆုံကြတာပါ။ ကျုပ်တို့မစ်ရှင်ချင်းက တူနေတယ်လေ။ တိုက်ဆိုင်သွားတာပါ"
"သဘောပေါက်ပါပြီ"
"အမရော မစ်ရှင်ထွက်လာတာပဲလား"
စံပယ်က ဝင့်ကြွားသည့်ဟန်ပန်ဖြင့် အင်္ကျီလက်ကို ဖျတ်ခနဲခါလိုက်သည်။
"ငါက သမားတော်အရည်ချင်းစစ်စာမေးပွဲဖြေဖို့ ထွက်လာတာ။ ကြည့်ပါ၊ ဒါက ငါအခုမှရလာတဲ့ ဝတ်စုံသစ်လေ"
"အမက အရင်ကတည်းက ဆေးပညာရှင်ဖြစ်နေပြီးသားမဟတု်လား"
စံပယ်သည် နတ်ဝိညာဉ်အဆင့် ရောက်နေပြီဖြစ်သည်။ ဘာကြောင့် အခုမ ဆေးပညာရှင်ဖြစ်ပြီဟု ပြောနေသည်မသိ။
"ဪ..ငါတို့ဂိုဏ်းကတော့ အဲလိုအသိအမှတ်ပြုထားပြီးသားပေါ့။ ဒါပေမယ့် အပြင်လောကမှာ အဲလိုအသိအမှတ်မပြုကြသေးဘူးလေ။ အပြင်မှာဆေးကုရင် တရားမဝင်ဘူးလို့ သတ်မှတ်တယ်။ အဖမ်းခံရနိုင်ခြေရှိတယ်။ ငါမစ်ရှင်ထွက်တိုင်း လူနာတွေကို တိတ်တိတ်ပုန်းပဲကုရတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ငါတွေးမိလာတယ်။ အဲလိုအမြဲတမ်း ဒုက္ခခံနေမယ့်အစား ငါလည်း ဆေးပညာရှင်လက်မှတ်ယူထားတာ ပိုကောင်းမယ်လို့လေ"
"ဆေးပညာမဟာမိတ်ရဲ့ လက်မှတ်ရဆေးပညာရှင်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ"
လုယန် လက်နှစ်ဘက်ဆုပ်၍ ဂုဏ်ပြုသည်။ ထောင်ယော်ယဲ့နှင့်လုယန်လည်း သူ့လိုလိုက်လုပ်သည်။
စံပယ်က လက်ခါပြသည်။ စာမေးပွဲဖြေခဲ့ရသည်အဖြစ်ကို ပြန်စဉ်းစားရင်း အတော်စိတ်ပျက်နေသည်။
"ဘာမှ ဂုဏ်ယူစရာမရှိပါဘူး။ စာမေးပွဲဖြေရတာ အရမ်းဒုက္ခများတာပဲ။ ငါက စာမေးပွဲခန်းမှားဝင်မိတဲ့။ ဖြေပြီးမှ မှားမှန်းသိတယ်။ ငါဖြေတဲ့အခန်းက ဆေးပညာမဟာမိတ်အဖွဲ့ရဲ့ ဒုဦးစီရာထူးအတွက် စစ်ဆေးတဲ့ စာမေးပွဲတဲ့လေ။ ငါနဲ့တန်းတူနီးပါးအဆင့်ရှိတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေအများကြီး ဝင်ဖြေကြတာ အံ့ဩစရာမရှိတော့ဘူး။
ငါပထမရတယ်။ ဒါပေမယ့် အဲဒီ့နောက်မှာ ဆေးပညာရှင်လက်မှတ်တောင်မရသေးလို့ အဲဒီ့စာမေးပွဲနဲ့ အကျုံးမဝင်ဘူးဆိုပြီး ငါ့ကို ပြန်စစ်ဆေးကြတယ်။
ဒါနဲ့ မတတ်သာဘဲ အလုပ်သင်ဆေးပညာရှင် စာမေးပွဲခန်းထဲ ငါဝင်ဖြေရတယ်။ ငါက ရှေ့မှာဆေးတွေးစပ်နေတယ်။ ငါ့နောက်က စာမေးပွဲဖြေတဲ့ဆေးပညာရှင်လူစုက ငါဆေးစပ်တဲ့နည်းလမ်းတွေကို စောင့်ကြည့်နေကြတယ်လေ။ တကယ်စိတ်ညစ်စရာကောင်းတာပဲ"
စံပယ်နှင့်အတူ စာမေးပွဲဖြေကြသည် ထိုအလုပ်သင်ဆေးပညာရှင်များ ဘယ်လောက်စိတ်ဖိအားများခဲ့မည်ကို လုယန်ခံစားမိသည်။
"အခုနောက်ဆုံးရလာဒ်ကတော့ နင်မြင်တဲ့အတိုင်းပဲ။ ငါက တရားဝင်ဆေးပညာရှင်ဖြစ်လာပြီ။
ဆေးပညာမဟာမိတ်က ငါ့ကို ဌာနခွဲတစ်ခုရဲ့ဦးစီးနေရာမှာ တာဝန်ယူပေးဖို့တောင် တောင်းဆိုကြတယ်။ ဒါပေမယ့် အဲဒီ့အလုပ်က အရမ်းဒုက္ခများမှာလေ။ ငါငြင်းလိုက်တယ်။
နောက်ဆုံးတော့ သူတို့က ဌာနခွဲရဲ့ဧည့်သည့်ဒုဦးစီးအဖြစ် ငါ့ကိုရာထူးအတင်းလွှဲပေးလိုက်ကြတယ်"
စံပယ်က ရွှေရောင်ဆေးအိုးတံဆိပ်တစ်ခု ထုတ်ပြသည်။ နောက်ကျောဘက်တွင် 'စံပယ်'ဟု ရေးထွင်းထားသည်။
လုယန် '..."
ဆေးအိုးတောင်ထိပ်မှ အမတစ်ယောက်ကို အထင်မသေးသင့်ဟု ပြောရမည်ထင်သည်။ အမစံပယ်၏ လုပ်နည်းလုပ်ဟန်များက တကယ်ထူးခြားသည်။
ကံကောင်းထောက်မစွာဖြင့် ကိုယ်ဝန်သည်မိန်းမကို ကူညီပြီးနောက်တွင် နောက်ထပ်ဘာအနှောက်အယှက်မှ မတွေ့ရတော့။ လှေပျံက တာအိုလမ်းစဉ်ဂိုဏ်းသို့ ချောမောစွာရောက်လာသည်။
"သွားတော့မယ် ညီမလန်"
"နောက်မှတွေ့တာပေါ့"
လုယန်နှင့်လန်ထင် နှုတ်ဆက်ခွဲခွာကြသည်။
ဤလှေပျံသည် တာအိုလမ်းစဉ်ဂိုဏ်းရော လသံလွင်နန်းတော်ဂိုဏ်းတွင်ပါ ခဏရပ်နားသည်။
ဂိုဏ်းထဲသို့ ဝင်လာချိန်မှာပင် မုန်ကျင်းကျင်းကို တွေ့ရသည်။
"ဟေ့ကောင်၊ မင်းတံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီလား"
လုယန် ပုံမှန်အတိုင်း မုန်ကျင်းကျိုးကို လှမ်းပြောသည်။
"တံခါးပိတ်ကျင့်ကြံတာ...ဟုတ်လား"
မုန်ကျင်းကျိုး ကြောင်တက်တက်ဖြစ်သွားသည်။
ထောင်ယော်ယဲ့က ပြုံး၍
"အကိုမုန် မေ့နေပြီလား။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မမစ်ရှင်ထွက်ခါနီး အကိုမုန်နဲ့အကိုလုကို အတူခေါ်သွားဖို့ပဲ။ ဒါပေမယ့် အကိုမုန် အဲဒီတုန်းက တံခါးပိတ်ကျင့်နေတယ်မဟုတ်လား။ ဒါကြောင့် အကိုလုနဲ့ကျွန်မ နှစ်ယောက်တည်းပဲ မစ်ရှင်ထွက်ခဲ့ရတာ"
ထောင်ယော်ယဲ့၏ တည်ငြိမ်သည့်အကြည့်တွင် သတိပေးနေသည့်အရိပ်ကိုမြင်ရသဖြင့် မုန်ကျင်းကျိူး ရုတ်ရက် သတိရလာသလို ဟန်လုပ်လိုက်သည်။
"ဪ..ဟုတ်သားပဲ။ ငါအဲဒီတုန်းက တံခါးပိတ်ကျင့်နေတာလေ။ အခုမှ ထွက်လာတာ။ ငါ့ဦးနှောက်တွေ နည်းနည်းထုံထိုင်းနေတုန်းပဲ"
*********************************