← Chapters

ကိုးဆမသေမျိုးနှင့် ချီလင်မသေမျိုးတို့၏ အရိယဖလ

Vol. 35 Ch. 525

ကိုးဆမသေမျိုးနှင့် ချီလင်မသေမျိုးတို့၏ အရိယဖလ

Vol. 35 Ch. 525

"ညီလေးလု၊ မင်းအတွက် ကျေးဇူးတင်စာတစ်စောင် ရောက်လာတယ်"

ဆယ်ရက်ကြာပြီးနောက် မစ်ရှင်ခန်းမတွင် တာဝန်ကျသည့် အကိုတစ်ယောက်က ပါးစပ်ဟ၍ ဝိညာဉ်စွမ်းအင်စုပ်ယူကျင့်ကြံနေသည့် လုယန်ဆီ စာတစ်စောင်လာပေးသည်။

လုယန် စာကိုဖွင့်ဖတ်သည်။ သခင်စုန့်ထံမှဖြစ်သည်။

အဓိကအချက်က ‌ရေသရဲမကို လုယန်ကူညီရှင်းလင်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ရေးထားခြင်းဖြစ်သည်။ စုန့်မိသားစု၏လုပ်ငန်းလည်း ပုံမှန်အတိုင်း ပြန်လည်ပတ်နေသည်ဟုဆိုသည်။

ထို့ပြင် သူ့သမီးငယ်နှင့် ကျိုးမျိုးရိုးကောင်လေးအကြောင်း ရေးထားသည်။ သေချာစုံစမ်းစစ်ဆေးပြီးနောက် ထိုကျိုးမျိုးရိုးသည် သခင်စုန့်၏ သားအရင်းဖြစ်ကြောင်း၊ သူ့သမီးငယ် စုန့်လန်အာသည် အမှန်တော့ အိမ်ထိန်း၏သမီးဖြစ်ကြောင်း သိရသည်ဟုဆိုသည်။

ဘယ်လိုအရှုပ်အထွေးဖြစ်ခဲ့သည်ကိုတော့ သခင်စုန့် အကျယ်ချဲ့၍ပြောမထား။ မီးဖွားချိန်တွင် အရပ်လက်သည်က ဇယားရှုပ်ခဲ့ခြင်းဖြစ်မည်ဟု လုယန်ခန့်မှန်းသည်။

စာကို အသာပြန်သိမ်းထားလိုက်သည်။ စုန့်မိသားစု၏ သပွတ်အူအိမ်တွင်းရေးအကြောင်းများကြောင့် ခေါင်းကိုက်လာသောကြောင့်ဖြစ်သည်။

"ဒါက သာမန်အပေါ်ယံကိစ္စလေးတွေပါ။ ရှေးဟောင်းခေတ်တုန်းက မျိုးနွယ်တွေ မိသားစုတွေအလိုက် ရပ်တည်ခဲ့တာ။ အဲဒီတုန်းက အိမ်တွင်းရေးတွေက ဒီထက်အများကြီးပိုရှုပ်ထွေးတယ်"

"နတ်မယ်၊ ခင်ဗျားက ဘယ်မျိုးနွယ်ကလဲ"

လုယန် ပုံမှန်အတိုင်းမေးလိုက်သည်။ သို့သော် နတ်မယ် အတော်ကြာအောင် အသံတိတ်သွားသည်။

"...မျိုးနွယ်စုအသေးစားလေးပါ။ ပြောပြလည်း ဘာမှမထူးပါဘူး။ ငါအရွယ်မရောက်ခင် ငါ့မျိုးနွယ် ဖျက်ဆီးခံလိုက်ရတယ်။ လူတစ်ယောက်နဲ့ သားရဲတစ်ကောင် တိုက်ပွဲကြောင့် ငါတို့မျိုးနွယ် မြေစာပင်ဖြစ်သွားတာ"

နတ်မယ် ခပ်တိုးတိုးရေရွတ်နေသည်။ ပုံမှန်လို ရွှင်ပြလန်းဆန်းသည့်အသွင်မျိုး မရှိတော။

လုယန် အသံတိတ်သွားသည်။ ယခုလိုအခြေအနေတွင် သူဘာဆက်ပြောရမည်မသိ။ စကားတစ်ချက်မှားသည်နှင့် အခြေအနေပိုဆိုးသွားနိုင်သည်။

ရှေးဟောင်းမသေမျိုးငါးယောက်ခေတ်မတိုင်မီက ခေတ်ကာလသည် သိပ်မကောင်းခဲ့။ မျိုးနွယ်ငယ်များ မကြာခဏ ရက်ရက်စက်စက် ချေမှုန်းဖျက်ဆီးခံရသည်။

"ရှောင်လု၊ ဒီကိုလာခဲ့ဦး"

မသက်မသာဖြစ်နေသည့် တိတ်ဆိတ်မှုကို ယွမ်ကျိ၏ သိစိတ်အာရုံမက်ဆေ့က ဖြိုခွဲလိုက်သည်။

"အမယွမ်၊ ဘာကိစ္စရှိလို့လဲ"

လုယန် ယွမ်ကျိနှင့် သွားတွေ့သည်။ အမယွမ်သည် သူ့ကိုထိုသို့ ဆင့်ခေါ်လေ့သိပ်မရှိ။ ဆရာဝစီပိတ် နောက်တစ်ကြိမ်အဖမ်းခံရသဖြင့် အာမခံထုတ်ပေးမည့်လူ လိုအပ်နေ၍လား...

သို့မဟုတ် ဝစီပိတ်နောက်တစ်ကြိမ်ထောင်ကျသဖြင့် သွားတွေ့မည့်လူလိုအပ်နေ၍လား... အမယွမ်က သိက္ခာထိန်းသည့်အနေဖြင့် သူ့ကိုကိုယ်စားလွှတ်လိုခြင်းလား...

သို့မဟုတ် ဝစီပိတ် ရန်သူ့လက်သို့ကျပြီး ကြိုးတုပ်ခံထားရသဖြင့် သွားကယ်ဖို့လိုအပ်နေခြင်းလား...

"တစ်ခြားလူတွေကိုစောင့်ဦး"

သိပ်မကြာမီ ယွမ်ကျိပြောသည့် 'တစ်ခြားလူ'များ ကောင်းကင်ဂိတ်တောင်ထိပ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ မုန်ကျင်းကျိုး၊ ထောင်ယော်ယဲ့၊ အရိုးရိုင်း၊ လီဟော်ရန်...

"အမယွမ်ကို ဂါရဝပြုပါတယ်"

လေးယောက်လုံး ယွမ်ကျိကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

"အစဉ်အလာအရ မသေမျိုးငါးဂိုဏ်းဟာ တပည့်တွေအချင်းချင်း ပညာရပ်တွေအပြန်အလှန် နှီးနှောဖလှယ်တဲ့ ဓလေ့ရှိတယ်။ ဒီတစ်ခါ ငါတို့ဂိုဏ်းရဲ့တပည့်တွေ ဓာတ်ငါးမျိုးဂိုဏ်းမှာ ပညာသွားသင်ခွင့်ရတယ်။ လူငါးယောက်လွှတ်ရမယ်။ မင်းတို့ငါးယောက်ကိုလွှတ်တာ အသင့်တော်ဆုံးဖြစ်မယ်လို့ ငါတွေးထားတယ်"

အစက တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို လသံလွင်နန်းတော်သို့ လွှတ်ဖို့စီစဉ်ထားသည်။ သို့သော် နန်းတော်သခင်လောက လုယန်ကို လသံလွင်နန်းတော်သို့ လာခွင့်မပေးနိုင်ဟု အပြတ်ငြင်းဆန်သည်။ ထို့ကြောင့် ယွမ်ကျိက ဓာတ်ငါးမျိုးဂိုဏ်းသို့သာ လွှတ်ဖို့စီစဉ်ခဲ့ရသည်။

"ဓာတ်ငါးမျိုးဂိုဏ်းကိုလား"

ထိုသတင်းကြားသည်နှင့် လုယန်တို့လူစု ပြုံးရွှင်သွားသည်။ မျက်လုံးတွင် အပျော်ရိပ်လွှမ်းလာသည်။

တစ်ခြားမသေမျိုးဂိုဏ်းများသို့ သူတို့တစ်ခါမှ သွားမလည်ဖူးကြ။

မုန်ကျင်းကျိုးလည်း စိတ်လှုပ်ရှားနေသည်။ ဓာတ်ငါးမျိုးဂိုဏ်းသို့ နောက်တစ်ကြိမ် ထပ်သွားခွင့်ရလာသောကြောင့်ဖြစ်သည်။

လွန်ခဲ့သည့်လေးလက ချိုးကျင်အန်းသည် မုန်ကျင်းကျိုးခန္ဓာကိုယ်ကိုငှားသုံး၍ ကျိန်စာလက်သီးဖြင့် လောင်ပါးကို ထိုးခဲ့သည်။ အပြန်အလှန်အနေဖြင့် မုန်ကျင်းကျိုးကို ဓာတ်ငါးမျိုးပညာတစ်ခုသင်ပေးမည်ဟု ကတိပေးခဲ့သည်။ အလွန်စွမ်းအားကြီးသည့် ဓာတ်ငါးမျိုးပညာတစ်ခု မုန်ကျင်းကျိုးသင်ခွင့်ရခဲ့သည်။ သို့သော် ထိုပညာဖြင့် လုယန်ကိုနှိပ်ကွပ်ဖို့ အခွင့်အရေးလုံးဝမရခဲ့။

"ဒါဆို၊ ကျုပ်တို့ဂိုဏ်းကိုရော ဘယ်သူလာမှာလဲ"

"စွန်စီးဘုံကျောင်းက ရှီချန်း"

ရှီချန်းအကြောင်း လုယန်ကြားဖူးသည်။ ထိုရှီချန်းသည် ယခုထိ သားသတ်ရုံတွင် အလုပ်လုပ်နေဆဲ ဖြစ်ဟန်ရှိသည်။ သို့သော် သူဘာလုပ်နေသည်ကို ဘယ်သူမှမသိ။

(**'သားသတ်ဓားကိုချ၍ ဉာဏ်အလင်းရ'အောင်ကြိုးစားနေသည့် ကိုယ်တော်ရှီချန်းအကြောင်း အပိုင်း ၆၀၀ ကျော်လျှင် အကျယ်တဝင့်ဖတ်ရှုခံစားကြရပါမည်)

"ဒါဆို မင်းတို့ပြင်ဆင်ကြတော့။ နှစ်ရက်အတွင်း သွားရမယ်"

"ကျုပ်တို့ကို ဦးဆောင်ပြီး လိုက်ပို့မယ့်အကြီးအကဲက ဘယ်သူလဲ"

လုယန် မေးလိုက်သည်။ ပုံမှန်ဆိုလျှင် သူတို့လူစုကို ပို့ပေးမည့် ခေါင်းဆောင်တစ်ယောက်ရှိသင့်သည်။ သူတို့လို မျိုးဆက်သစ်ငါးယောက်တည်း ဓားငါးမျိုးဂိုဏ်းသို့လွှတ်လျှင် မသင့်တော်။

"မဟာအကြီးအကဲက ငါတို့ဆရာအဖြစ်ဟန်ဆောင်ပြီး အပြင်ထွက်သွားကတည်းက ပြန်မလာသေးဘူး။ ဒုအကြီးအကဲက သူကိုယ်တိုင်လိုက်ပို့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဓာတ်ငါးမျိုးဂိုဏ်းဘက်က သူ့ကိုလက်မခံဘူး။

တစ်ခြားအကြီးအကဲတွေကလည်း အတိတ်ကအရှုပ်အထွေးတွေကြောင့် တစ်ယောက်တည်းသွားရင် အလစ်တိုက်ခိုက်ခံရမှာ စိုးရိမ်နေတယ်။ သူတို့လည်း မလိုက်ရဲဘူး။

ဒီတော့ မင်းတို့ ခေါင်းဆောင်မပါဘဲ မင်းတို့ဘာသာ သွားရလိမ့်မယ်"

လုယန် "..."

ဓာတ်ငါးမျိုးဂိုဏ်းသို့သွားရသည့်ခရီးက အန္တရာယ်တွင်း ခုန်ဆင်းရသလိုလို ဖြစ်နေပါလား...

လမ်းလျှောက်ဝင်သွားပြီး ပက်လက်ပြန်မလာရပါစေနဲ့လို့ ဆုတောင်းရမှာပဲ..

"စိတ်မပူပါနဲ့။ ဓာတ်ငါးမျိုးဂိုဏ်းကို ငါရောက်ဖူးပါတယ်။ ငါမင်းတို့ကို ဦးဆောင်မယ်"

ခေါင်းဆောင်လုပ်ခွင့်ရမည့်အခွင့်အရေး ပေါ်သည်နှင့် မုန်ကျင်းကျိုး ချက်ချင်းရှေ့ထွက်လာသည်။

လုယန် မုန်ကျင်းကျိုးကို မျက်လုံးစွေကြည့်သည်။ ထိုသကောင့်သား အခြအနေကို အခွင့်ကောင်းယူနေမှန်း သူရိပ်မိသည်။ သူ့ကို တမင်ချိုးလိုခြင်းလည် ဖြစ်ကောင်းဖြစ်မည်။

"မင်းက ယုံကြည်ရပါ့မလား"

"မင်းထက်တော့ ပိုယုံကြည်ရတယ်ကွ"

"ဒါဆိုလည်း ပြီးတာပဲလေ"

လုယန် ပြိုင်မငြင်းတော့။ မည်သို့ဆိုစေ သူတို့အဖွဲ့တွင် တစ်ခြားဦးဆောင်မည့်လူလည်းမရှိ။

"ဓာတ်ငါးမျိုးဂိုဏ်းက ဓာတ်ငါးမျိုးပညာရပ်တွေမှာ ကောင်းကွက်တစ်ချို့ရှိတယ်။ ဟိုကိုရောက်ရင် ပညာရပ်တစ်ခုနှစ်ခုလောက် မင်းတို့သင်ယူလို့ရတယ်"

ယွမ်ကျိအကြံပြုသည်။

ငါးယောက်လုံး ခေါင်းငြိမ့်ကြသည်။

"ဓာတ်ငါးမျိုးအကြောင်းပြောရရင် အဲဒါက ကိုးဆမသေမျိုးရဲ့ အရိယဖလနဲ့ နည်းနည်းဆက်စပ်နေတယ်"

"ကိုးဆမသေမျိုးရဲ့ အရိယဖလကဘာလဲ"

"ယင်ယန်အရိယဖလပါ။ ဒီလောကရဲ့ အစွန်းနှစ်ခုကို ကိုယ်စားပြုတယ်။ ပူတာ အေးတာ၊ လှုပ်ရှားတာ ငြိမ်သက်တာ၊ မာကျောတာ ပျော့ပြောင်းတာ...အဲဒါမျိုးတွေပေါ့။ အသုံးပြုရတာ အတော်လေးရှုပ်ထွေးတယ်။ စကားလုံးနည်းနည်းနဲ့ ရှင်းပြလို့မရဘူး"

"ချီလင်မသေမျိုးရဲ့ အရိယဖလက‌ရော ဘာလဲ"

"အားအကြီးဆုံးရှင်သန်မှုအရိယဖလပါ။ ရိုးရိုးရှင်းရှင်းပြောရရင် ချီလင်မသေမျိုးကို တိုက်ခိုက်ဖို့သုံးတဲ့ ပညာရပ်မှန်သမျှ ဒုတိယတစ်ကြိမ်တိုက်ခိုက်ဖို့ ထပ်သုံးလို့မရတော့ဘူး။ ဥပမာ နင်က စကြာဝဠာလက်ဝါးနဲ့ သူ့ကိုတိုက်ခိုက်မယ်။ မြေပြင်ပေါ်ရိုက်ချမယ် ဒါမှမဟုတ် လက်ဝါးထဲကို ဆွဲယူလိုက်မယ်ဆိုရင် သူ့အရိယဖလက ဒီပညာနဲ့ လိုက်လျောညီထွေဖြစ်အောင် ချက်ချင်းညှိယူနိုင်တယ်။ ဒီလက်ဝါးပညာကို နင်နောက်တစ်ကြိမ်ထပ်သုံးရင် အကျိုးမရှိတော့ဘူး။

တစ်ခါတုန်းက ကိုးဆမသေမျိုးဟာ အလွန်ပြင်းထန်တဲ့မီးတောက်ပညာနဲ့ ချီလင်ကို မီးလောင်တိုက်သွင်းခဲ့တယ်။ ချီလင်က နာနာကျင်ကျင်အော်ဟစ်နေရတယ်။ နောက်တစ်ကြိမ် ဒီပညာထပ်သုံးတော့ ချီလင်က မီးတောက်ထဲမှာ ကခုန်ပြီး ကိုယ်ဗလာနဲ့ မီးသန့်စင်နေတယ်လေ"

"ဒါဆို ချီလင်မသေမျိုး အနိုင်ရသွားတယ်ပေါ့"

"မနိုင်ဘူး။ ချီလင်က ကိုယ်ဗလာနဲ့ မီးထဲမှာသန့်စင်နေတာကို ကိုးဆမသေမျိုးက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းသုံးပြီး ချီလင်ကို မလှုပ်နိုင်အောင် အကြပ်ကိုင်ခဲ့တယ်လေ"

လုယန် "...

ခင်ဗျားတို့မသေမျိုးတိုက်ခိုက်တဲ့ပုံစံနဲ့ အနိုင်ရတဲ့အခြေအနေတွေက ဘာကြောင့်အမြဲတမ်း ကျုပ်ထင်ထားတာနဲ့ တစ်ခြားစီဖြစ်နေတာလဲ...

"ဒါဆို ချီလင်က ခင်ဗျားချက်တဲ့ဟင်းတွေစားပြီး ပြဿနာတစ်ခုခုဖြစ်တာမျိုးရောရှိလား"

နတ်မယ်ကြောင့် အဆိပ်သင့်ပြီး ချီလင်၏ ခန္ဓာကိုယ်ခုခံနိုင်စွမ်း မြင့်တက်လာခြင်းလည်း ဖြစ်နိုင်သည်။

နတ်မယ် လုယန်မေးခွန်းကို နားမလည်။

"ပြဿနာ...ဟုတ်လား။ အဲဒါဘာပြောချင်တာလဲ။ ငါချက်တဲ့ဟင်းတွေကို သူငြီးငွေ့လာသလားလို့ မေးချင်တာလဲ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မသေမျိုးစာဖိုမှူးဖြစ်တဲ့ငါက အမြဲတမ်း ဆန်းသစ်တီထွင်ဖို့ ကြိုးစားနေတာ။ ဟင်းအသစ်တွေကိုပဲ ငါအမြဲတမ်းပြင်ဆင်ပေးတာလေ"

နတ်မယ် ထိုသို့အဆန်းမထွင်လျှင် ချီလင်ပိုစိတ်ချမ်းသာခဲ့လောက်သည်ဟု လုယန်တွေးမိသည်။

"နောက်တစ်ခုမေးချင်တာရှိသေးတယ်။ မသေမျိုးအဆင့်အတွက် ယှဉ်ပြိုင်ကြတဲ့အချိန်မှာ နဂါးနဲ့ဖီးနစ်မက ချီလင်ကို ရှုံးသွားတယ်လို့ပြောတယ်။ မသေမျိုးဖြစ်ဖို့အတွက် တိကျတဲ့ကန့်သတ်အရေအတွက် ရှိနေလို့လား"

လုယန် ထိုကိစ္စကို တွေးမရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ မသေမျိုးအဆင့်တက်ဖို့ ဘာကြောင့် ပြိုင်ဆိုင်နေသနည်း။ ရှေးခေတ်မှလူများ ဘာကြောင့် တိုက်ခိုက်နေကြသနည်း။

"အဲလိုလည်းမဟုတ်ပါဘူး။ အဲဒီ့ကောင်မလေးနှစ်ယောက်ရဲ့ အရိယဖလက ချီလင်မသေမျိုးရဲ့ အရိယဖလနဲ့ အပြိုင်ဖြစ်နေလို့ပါ"

"အပြိုင်ဆိုတာ ဘာကိုပြောတာလဲ"

"သူတို့ရဲ့ အရိယဖလသန္ဓေတွေက 'သဘာဝရွေးချယ်မှုအရိယဖလ'နဲ့ 'အားအကြီးဆုံးရှင်သန်မှုအရိယဖလလေ'။ ဒီအရိယဖလသန္ဓေတွေရဲ့ စည်းမျဉ်းတွေက ချီလင်ရဲ့ အရိယဖလစည်းမျဉ်းတွေနဲ့ အတော်လေးတူနေတယ်။

ငါ့ရဲ့ထာဝရအရိယဖလက လောကမှာ တစ်ခုတည်းပဲရှိနိုင်သလိုမျိုးပေါ့။ ငါရှိနေသရွေ့ ဘယ်ထာဝရအရိယဖလသန္ဓေမှ အရိယဖလအစစ် ဖြစ်မလာနိုင်ဘူး။

သက်ဆိုင်ရာလောကစည်းမျဉ်းတွေလွှမ်းမိုးနိုင်တဲ့ အရိယဖလဆိုတာ တစ်ခုတည်းပဲရှိနိုင်တယ်။

ဒီတော့ သူတို့သုံးယောက်ထဲမှာ တစ်ယောက်ပဲ မသေမျိုးဖြစ်နိုင်တယ်။ ကျန်တဲ့နှစ်ယောက်က အလွန်ဆုံး မသေမျိုးတစ်ဝက်အဆင့်ပဲ ရောက်မယ်။ မသေမျိုးဖြစ်လုနီးပါးအဆင့်ပေမယ့် မသေမျိုးအဆင့်ကို ဘယ်တော့မှမရောက်နိုင်တော့ဘူး"

*******************************

All Chapters