← Chapters

မိုးထိမြို့

Vol. 51 Ch. 506

မိုးထိမြို့

Vol. 51 Ch. 506

မိုးထိမြို့တော်။

၎င်းမြို့တော်သည် ကျီးကန်းနယ်မြေနှင့် မီးခိုးမြေခွေးနယ်မြေတို့ ဆက်စပ်နေသော လမ်းဆုံနေရာတွင် တည်ရှိ၏။ ထိုမြို့တော်၏ မြောက်ဘက်ဧရိယာကြီးတခုလုံးသည်ကား လူသူကင်းမဲ့သော တစပြင်ကြီးဖြစ်ပြီး အထီးကျန်ငန်းခံတပ်ရိုးသည်လည်း ထိုဧရိယာတွင်ပင် တည်ရှိနေ၏။

အထီးကျန်ငန်းခံတပ်ရိုးဟူသည် အလွန်ကျယ်ပြန့်သော နယ်မြေကြီးဖြစ်ပြီး လူဟူ၍ တစုံတယောက်မျှပင် မရှိ။

ဤနယ်မြေကြီးသည် အမှန်တကယ်ပင် ဖုန်ဆိုးပြင်ကြီး ဖြစ်နေပြီး မြေဆီသြဇာကလည်း ခန်းခြောက်လှပေရာ မည်သည့်သီးပင်စားပင်မှ ပေါက်ရောက်နိုင်ခြင်းမရှိ။ တခြားအရင်းအမြစ်ကလည်း ရှားပါးလှပေရာ ဖြတ်သန်းသွားလာရန်ပင် အတော်ခဲယဥ်းလှ၏။ ထို့ကြောင့် ဤနယ်မြေတွင် လူသားများအနေနှင့် အသက်ရှင်သန်နိုင်ရန် အလွန်ပင် ခဲယဥ်းလှပေသည်။

သဲမျိုးစိတ်။ သဲမျိုးစိတ်များသည်ကား ဤဖုန်ဆိုးပြင်ကြီးတွင် အသက်ရှင်သန်နိုင်သည့် ရှားရှားပါးပါး ညဏ်ရည်မြင့်မျိုးစိတ်များအနက်မှ တစ်စိတ်ပင် ဖြစ်သည်။

သဲမျိုးစိတ်များသည် အသက်ရှင်သန်နိုင်ရန် အရင်းအမြစ်ပမာဏ အနည်းဆုံးသာ လိုအပ်သော မျိုးစိတ်များ ဖြစ်သည်။ ရေအနည်းငယ်မျှ ရှိရုံနှင့်ပင် ၎င်းတို့ အသက်ရှင်နိုင်၏။ အလွန်ကြမ်းတမ်းပြီး ခြောက်သွေ့သော ကန္တာရမျိုး၌ပင် ရှင်သန်နိုင်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ အသက်ရှင်နိင်စွမ်းနှင့် ဇွဲနပဲမှာကား တကယ့် အံ့မခန်းပင်တည်း။

လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ခန့်က လောင်စန်းနိုင်ငံနှင့် သဲမျိုးစိတ်များအကြားတွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့၏။ ထိုစာချုပ်အရ သဲမျိုးစိတ်များအနေနှင့် လူသားများနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမည်။ လူသားများအား ရန်မပြုရ။ လူသားများဘက်မှလည်း သဲမျိုးနွယ်စုများအတွက် နေထိုင်ရန် ပိုင်နက်နယ်မြေတခု အပိုင်စားပေးရမည်။

ထိုသဘောတူညီချက်အရ သဲမျိုးစိတ်များသည် အထီးကျန်ငန်းခံတပ်ရိုးနယ်မြေအား အပိုင်စား ရခဲ့ကြလေသည်။

နောက်ထပ် နှစ်ပေါင်း၈၀၀အကြာတွင်တော့ ပြင်းထန်လှသော ငလျင်ကြီးတခု အထီးကျန်ငန်းခံတပ်ရိုးနယ်မြေတွင် လှုပ်ခတ်သွား၏။ ထိုငလျင်ကြောင့် ၎င်း၏ မြေမျက်နှာသွင်ပြင်အနေအထားမှာ များစွာ ပြောင်းလဲသွားတော့သည်။ မြေအောက်ဆီမှ ရှည်လျားသော တောင်တန်းကြီးများ တိုးထွက်လာပြီး တချို့နေရာများတွင် မြစ်ကြောင်းများပါ ပေါ်ပေါက်လာကာ ခံတပ်ရိုးနယ်မြေအတွင်းဝယ် အိုအေစစ်တခုသဖွယ် ဖြစ်ပေါ်လာ၏။

ဤသည်မှာ အထီးကျန်ငန်းခံတပ်ရိုးနယ်မြေအတွင်းဝယ် တိမ်တိုက်တောင်၊ နွေဦးမြစ်နှင့် ချောက်နက်အိုအေစစ်တို့ အသီးသီး ပေါ်ပေါက်လာပုံပင် ဖြစ်သည်။

မိုးထိမြို့တော်ဟူသည်ကား မူလက အထီးကျန်ငန်းခံတပ်ရိုးနယ်မြေအတွင်း ဖြတ်သန်းသွားလာသူများအတွက် အစာနှင့်ရေ အထောက်အပံ့ပေးနိုင်ရန် တည်ဆောက်ထားသော တထောက်နားစခန်းလေးပင် ဖြစ်သည်။ သို့သော် ခံတပ်ရိုးနယ်မြေအတွင်းဝယ် အိုအေစစ်ပေါ်ပေါက်လာခြင်း၊ မြေမျက်နှာသွင်ပြင်အနေအထား ပြောင်းလဲသွားခြင်းတို့ကြောင့် ထူးခြားသော ဆေးဘက်ဝင်အပင်တချို့ ပေါက်ရောက်လာ၏။ ဤအနေအထားကြောင့်ပင် မိုးထိတထောက်နားစခန်းသို့ လူသူအရောက်အပေါက် တဖြည်းဖြည်းများပြားလာပြီး ဖွံ့ဖြိုးစည်ပင်လာကာ နောက်ဆုံးတွင် မိုးထိတထောက်နားစခန်းမှသည် မိုးထိမြို့တော်အဖြစ် ပြောင်းလဲသွားတော့သည်။

ထို့ကြောင့် ဤမြို့တော်၏ သက်တမ်းမှာ နုနယ်လှသေး၏။ မြို့တော်သည်လည်း ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေသည်ဟု ထင်ရလေသည်။

မြို့တော်၏ လမ်းမများတလျှောက်တွင်လည်း သူတို့၏ ကုန်ပစ္စည်းများအား အရောင်းအဝယ် ပြုလုပ်နေကြသည့် အရပ်ရှည်ရှည်၊အသားအရေညိုမောင်းမောင်းရှိသည့် သဲမျိုးစိတ်ဝင်များနှင့် ပြည့်နှက်နေတတ်၏။

သဲမျိုးစိတ်ဝင်များသည်ကား လူသားများနှင့် ပုံပန်းသဏ္ဍာန်ချင်း အတူတူပင်။ သို့သော် ၎င်းတို့၏ အသားအရေမှာ ကြမ်းတမ်းပြီး လေသံမှာလည်း လေးလံ၏။ လူသားများနှင့် ၎င်းတို့အကြား အကြီးမားဆုံး ကွဲပြားခြားနားချက်မှာကား ၎င်းတို့၏ ဦခေါင်းနောက်တွင် သေးငယ်သည့် အမွှေးများ ပေါက်ရောက်နေခြင်းပင်။ ထိုအမွှေးများသည် သာမာန်မဟုတ်။ ပထဝီအမျိုးအစား မူလစွမ်းအင်ကို အာရုံခံနိုင်ရုံသာမက ထုတ်နှုတ်သုံးစွဲနိုင်စွမ်းပါ ရှိနေ၏။ ထို့ကြောင့် သဲမျိုးစိတ်များသည် မဟာပထဝီမြေကြီးကို အသုံးပြုရာတွင် မွေးရာပါ ပါရမီရှင်များဟု ဆိုနိုင်သည်။ ၎င်းတို့သည် မည်သည့် အထောက်အကူမှ မလိုအပ်ပဲ အားကောင်းသော သဲမုန်တိုင်များ ဖန်တီးနိုင်၏။ သဲစစ်သားများ၊ သဲဒိုင်းကာများ ဖန်တီးနိုင်၏။

သဲမျိုးစိတ်များသည် ပင်ကိုယ်သဘာဝအရကိုယ်က ကြမ်းတမ်းခက်ထန်၏။ ရက်စက်ကြမ်းကြုတ်၏။ ထိုအထဲတွင်မှ အလွန်ကြမ်းတမ်းသော ဘဝမျိုးတွင် နေထိုင်ကြီးပြင်းလာရသောအခါ အရင်းအမြစ်များအတွက် သတ်ဖြတ်ရန် လက်မတွံ့ကြတော့ပေ။

မည်သို့ဆိုစေ သဲမျိုးစိတ်များသည်ကား လူသားများအတွက် အကြီးအကျယ် ခေါင်းကိုက်စေသော ပြသနာတရပ် ဖြစ်နေတုန်းပင်တည်း။

ဤယနေ့တွင် ချီမင်းဖန်နှင့် စုချန်းတို့သည် မိုးထိမြို့တော်၏ လမ်းမများပေါ်တွင် ရင်ဘောင်တန်းလျက် လျှောက်သွားနေကြ၏။ ၎င်းတို့နောက်တွင် ညတစ္ဆေ၊ သံမဏိနှင့် ရှင်သန်ခြင်းကျောင်းတော်မှ ပညာရှင်တချို့ လိုက်ပါလာလေသည်။

အထီးကျန်ငန်းခံတပ်ရိုးနယ်မြေနှင့် အလွန်နီးကပ်နေခြင်းကြောင့် ဆိုင်အများအပြားတွင် စုချန်း တခါမှ မမြင်ဖူးသည့် ပစ္စည်းများကို ရောင်းချလျက်ရှိသည်။ ထိုပစ္စည်းများက စုချန်း၏ အာရုံအား ဆွဲငင်လျက်ရှိလေသည်။

စုချန်းက အနီးအနားရှိ လမ်းဘေးစျေးသည်တဦးဆီသို့ လျှောက်သွားပြီး ၎င်း ရောင်းချလျက်ရှိသည့် ခရမ်းရောင်ပုတီးစေ့များ၏ စျေးနှုန်းကို မေးလိုက်၏။

တကယ်တော့ ထိုပုတီးစေ့များမှာ ဘာသက်ရောက်မှုမှ ရှိသည်မဟုတ်။ သို့သော် အထီးကျန်ငန်းနယ်မြေတွင်သာ တွေ့နိုင်၍ အလွန်ရှားပါး၏။ စုချန်းက ထိုပုတီးစေ့များအား ကုချိန်းလွှာအတွက် ဝယ်ယူသွားရန် စိတ်ကူးလိုက်ခြင်းပင်။

"ပုတီးစေ့ တစေ့အတွက် အဆင့်နိမ့် မူလကျောက်တုံး တတုံးပါ"

အမေးခံရသူ လမ်းဘေးစျေးသည် သဲမျိုးစိတ်ဝင်က ပြန်ဖြေလိုက်သည်။

မထင်မှတ်လောက်အောင် များပြားနေသော စျေးနှုန်းကြောင့် စုချန်း စိတ်ပျက်သွား၏။ ထိုအခါသူက ခေါင်းခါပြီး မဝယ်တော့ကြောင်း ပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် အနှီ လမ်းဘေးစျေးသည် သဲမျိုးစိတ်ဝင်သည် အလွန်ဒေါသထွက်သော အမူအရာနှင့် သူ့အား စိုက်ကြည့်နေကြောင်း စုချန်း တွေ့လိုက်ရသည်။

စုချန်း မျက်မှောင်ကုတ်လိုက်၏။ ထိုအချိန်မှာပင် ချီမင်းဖန်က စုချန်းအား တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်းအနေနဲ့ သူတို့ရောင်းတဲ့ပစ္စည်းတွေကို မဝယ်ဘူးဆိုရင် စျေးမမေးတာ အကောင်းဆုံးပဲ မဟုတ်ရင် မင်းအနေနဲ့ ကျိန်ဆဲခံရမယ် ခြိမ်းခြောက်ခံရမယ် ကံမကောင်းရင် ကိုယ်ထိလက်ရောက် ရန်ပြုခံရမယ်"

"သူတို့ ဒီလောက်တောင် သည်းမခံနိုင်ဘူးလား"

စုချန်း အံ့သြသွား၏။

"ဟုတ်တယ် သူတို့ အဲလောက်ကို သည်းမခံနိုင်ဘူး မင်းအနေနဲ့ ဒုက္ခမများချင်ဘူးဆိုရင် ပုတီးစေ့ တစေ့လောက်တော့ ဝယ်သင့်တယ်"

ချီမင်းဖန်က အကြံပြုလိုက်၏။

"ဒီ ပုတီးစေ့လေး တစေ့နဲ့ ကျုပ်က ဘာလုပ်ရမှာလဲ"

"ငွေနည်းနည်း ဖြုန်းလိုက်ရုံနဲ့ ပြသနာမတက်အောင် ရှောင်လိုက်နိုင်တာပေါ့ကွာ မင်းအနေနဲ့ ဒီကို ရောက်ရောက်ချင်း ပြသနာတော့ မတက်ချင်ဘူးမလား ပြီးတော့ မူလကျောက်တုံး တတုံးဆိုတာကလဲ မင်းအတွက် ဘာမှမဟုတ်ဘူးလေ"

"ဒါပေမဲ့ ဒီလို ဓားပြတိုက်ခံရတဲ့ ခံစားချက်မျိုးကိုတော့ ကျုပ် မကြိုက်ဘူးဗျာ"

စုချန်းက စိတ်ပျက်လက်ပျက်နှင့် မူလကျောက်တုံး တတုံးကို လမ်းဘေးစျေးသည်ထံ ပစ်ပေးပြီး ပုတီးစေ့ကို ယူကာ ထိုနေရာမှ ချာခနဲ လှည့်ထွက်လာခဲ့လေသည်။

လမ်းလျှောက်ရင်းနှင့်ပင် ချီမင်းဖန်က စကားဆက်ပြန်၏။

"မိုးထိမြို့တော်ဟာ လူသားတွေရဲ့ မြို့တော်မှန်ပေမဲ့ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက သဲမျိုးစိတ်ဝင်တွေ ဒီမြို့ထဲ ရွှေ့ပြောင်းနေထိုင်လာခဲ့ကြတာကွ ခုဆိုရင် သူတို့ဟာ ဆိုင်တွေ မြေကွက်တွေ အင်းတွေ နဲ့ ကုလားအုတ်စခန်းတွေတောင် ပိုင်ဆိုင်ကုန်ကြပြီ အထူးသဖြင့် ပြောစရာရှိတာက ကုလားအုတ်စခန်းတွေပဲ ဒီမြို့ကိုရောက်ရင် ချောက်နက်ကျွန်းနယ်မြေထဲ ခရီးသွားမယ်ဆိုရင် သူတို့ရောင်းနေတဲ့ကုလားအုတ် သားရဲမျိုးစိတ်တွေကို မင်း ဝယ်စီးမှ မဟုတ်ရင် သဲမျိုးစိတ်ဝင်တွေက မင်းကို သေချာပေါက် ဒုက္ခပေးလိမ့်မယ်"

ကုလားအုတ်စခန်းဟူသည်မှာကား ကုလားအုတ်များနှင့်ဆင်တူသည့် သားရဲသတ္တဝါများအား ရောင်းချရာ နေရာများ ဖြစ်သည်။

တကယ်တော့ ချောက်နက်ကျွန်းအား ဖြတ်သန်းသွားလာနိုင်သည့် ကုလားအုတ်သားရဲများဟူ၍ သိပ်များများရှိသည် မဟုတ်ပေ။ ကုလားအုတ်မြေခွေး၊ သဲကြံ့များနှင့် အမောက်ကြီးမြွေပျံများသာလျင် ဖြတ်သန်းသွားလာန်ိုင်ကြပေသည်။ ထိုအထဲတွင်မှ ကုလားအုတ်မြေခွေးများသည် လူကို ကောင်းစွာ သယ်ဆောင်န်ိုင်သည့်အပြင် စီးနင်းရသည်မှာလည်း သက်တောင့်သက်သာရှိ၏။ သဲကြံ့များမှာကား အလွန်စိတ်ရှည်သော်လည်း နှေးကွေးလှပေသည်။ အမောက်ကြီးမြွေပျံများမှာကား လူများကို သယ်ဆောင်ကာ လိုရာခရီးသို့ရောက်အောင် အချိန်တိုအတွင်း ပို့ပေးနိုင်၏။ သို့သော် စျေးကြီးလှပေသည်။ ထို့ပြင် ၎င်းတို့၏ အင်အားမှာလည်း ကျန်သတ္တဝါများနှင့် နှုင်းယှဥ်လျင် နိမ့်ကျနေ၏။

"လက်စသတ်တော့ ချောက်နက်ကျွန်းက သဲမျိုးစိတ်ဝင်တွေဟာလဲ အေးဓားပြတွေပဲကိုးဗျ"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"သိပ်မှန်တာပေါ့"

ချီမင်းဖန်၏ လက်အောက်ငယ်သားတဦးက ဝင်ပြောလိုက်သည်။

"ဒီကောင်တွေဟာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး အသိညဏ်အနည်းဆုံး သတ္တဝါတွေပဲ သတ်ဖြတ်သူမျိုးစိတ်ဝင်တွေထက်တောင် ဒီကောင်တွေက ပိုဆိုးနေသေးတယ် မင်းအနေနဲ့ အထီးကျန်ငန်းနယ်မြေထဲကို ရောက်လို့ သူတို့ရဲ့စောင့်ရှောက်မှုကို မခံယူထားရင် အချိန်မရွေး ဓားပြတိုက်ခံသွားရနိုင်တယ်"

"အထီးကျန်ငန်းနယ်မြေမှာတော့ ထားပါတော့ ဒါပေမဲ့ မိုးထိမြို့တော်ကတော့ လူသားတွေရဲ့ နယ်မြေပဲလေဗျာ ဒီကောင်တွေ လုပ်ချင်တိုင်းလုပ်နေတာကို လွှတ်ပေးထားရသလား"

စုချန်းက ပြန်မေးလိုက်၏။

ထိုလူက အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။

"အသုံးမကျတဲ့ ငြိမ်းချမ်းရေးစာချုပ်ကြီးကြောင့် ဒီလို ဖြစ်နေရတာပေါ့ဗျာ သတ်ဖြတ်သူတွေ ကျုပ်တို့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်လာတော့ သဲမျိုးစိတ်တွေနဲ့ ရင်ဆိုင်ထားတဲ့ တပ်တော်တွေကို ရွှေ့ပြောင်းနိုင်ဖို့ ဧကရာဇ်ဟာ ဘာမှမတတ်နိုင်တော့ပဲ ဒီကောင်တွေနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ရတယ် စာချုပ်ကတော့ အားလုံး သိထားကြတဲ့အတိုင်း တဖက်နဲ့တဖက် ရန်မလုပ်ဖို့ ချောင်နက်ကျွန်းပတ်ပတ်လယ်နယ်မြေတွေကို သဲမျိုးစိတ်ဝင်တွေက ပိုင်ဆိုင်ဖို့ပဲပေါ့ ဒါက အိမ်ကြီးထဲ အိမ်ငယ်ဆောက်သလို ဖြစ်နေတယ်ဗျ ခုတော့ ဒီကောင်တွေဟာ စာချုပ်အားကိုးနဲ့ ဒီလို နေရာမှာတောင် လာပြီး ထင်တိုင်းကျဲကုန်ကြပြီ တကယ်တော့ ဒီကောင်တွေဟာ အင်အားနည်းတဲ့ မျိုးစိတ်တွေပဲ ဒါပေမဲ့ စာချုပ်အားကိုးနဲ့ သန်မာချင်ဟန်ဆောင်နေကြတယ် ဒီကောင်တွေ လူယုတ်မာတွေပဲဗျ"

ရှင်သန်ခြင်းကျောင်းတော်ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးက ကျန်တဦးအ ရှုတ်ချပစ်တင်နေသည်ကို ကြားရသောအခါ စုချန်းက ကြိတ်၍ရယ်မောလိုက်၏။

ထိုအချိန်တွင် ညတစ္ဆေကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

"ဟုတ်တယ် အထူးသဖြင့် သဲမျိုးစိတ်ခေါင်းဆောင် ပေါလ်ဆိုတဲ့ပုဂ္ဂိုလ်ပဲ သူ့ရဲ့မကောင်းမှုတွေကိုသာ တန်းစီပြီး ရေးချလိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ စာအုပ်တွေမှန်သမျှ နေရာလွတ်မကျန်အောင် ဖြစ်သွားလိမ့်မယ်"

"ခင်ဗျား ဒီစကားကို ပြောချင်လို့ စောင့်နေတာ ကြာပြီမဟုတ်လား"

စုချန်းက လွှတ်ခနဲ မေးမြန်းလိုက်၏။ ညတစ္ဆေ အံ့သြသွားသည်။

"ရှင်က ဘယ်လိုလုပ် သိသွားတာလဲ"

"ခင်ဗျားက ဝါကျတကြောင်းထဲမှာပဲ ဥပမေယျတွေနဲ့ တင်စားပြောဆိုသွားတယ်လေဗျာ ဒါ ခင်ဗျားရဲ့ပုံစံမှမဟုတ်တာပဲကို"

စုချန်းက ပြန်ပြောလိုက်၏။

ညတစ္ဆေကလည်း အားကျမခံ ပြန်ပက်လိုက်၏။

"ရှင်ကပဲ ဒီကိုမလာခင်တည်းက သဲမျိုးစိတ်ဝင်ခေါင်းဆောင်ဟာ လူဆိုးဖြစ်ကြောင်း သက်သေပြဖို့ ပြောခဲ့တယ်မလား"

ရှင်သန်ခြင်းကျောင်းတော်၏ အစီအစဥ်ကို စုချန်း သဘောမတူမီ တောင်းဆိုခဲ့သည့် တခုတည်းသောအချက်မှာ သဲမျိုးစိတ်ဝင်ခေါင်းဆောင်သည် သူ ရင်ဆိုင်ရန် ထိုက်တန်နေရမည်ဟူသော အချက်ပင် ဖြစ်သည်။

ယနေ့ မူလကမ္ဘာကြီး၏ တန်ဖိုးသတ်မှတ်ချက်စနစ်မှာ ရိုးရှင်းသည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်၏။

လူသားများသည် အမှားအမှန်ကို တရားဥပဒေနှင့်အညီ ဆုံးဖြတ်လေ့မရှိ။ ၎င်းတို့၏ ကိုယ်ပိုင် လူ့ကျင့်ဝတ်ဆိုင်ရာရှုထောင့်ဖြင့်သာ တွေးတောဆုံးဖြတ်လေ့ရှိကြသည် မဟုတ်ပါလား။

ညတစ္ဆေ၏ စကားကြောင့် စုချန်း ရယ်မောလိုက်၏။

"ကျုပ် ပြောခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ဒါကိုပဲ ခင်ဗျား အတင်း စွတ်ပြောနေလို့တော့ မရဘူးလေဗျာ တစုံတယောက် ကောင်းမကောင်း ပြောနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကိုယ်တိုင် ဆက်ဆံကြည့်ဖို့ပဲဗျ ပြောရမယ်ဆိုရင် အတွေ့အကြုံပေါ့ဗျ"

"ရှင်က ဒီကို ခုမှရောက်တာ ဘယ်က အတွေ့အကြုံ ရမှာလဲ"

ညတစ္ဆေ၏ မေးခွန်းကို ကြားသည်နှင့် စုချန်းက ပတ်ဝန်းကျင်ကို အကဲခတ်ပြီး မလှမ်းမကမ်းတွင် အလွန်ကြီးမားသော တောဆိတ်ကြီးတကောင်အား ရောင်းချနေသော မိန်းကလေးတယောက်အား လက်ညိုးထိုးပြလိုက်၏။ မိန်းကလေးသည် သူမ၏ တောဆိတ်ကြီးအား ရောင်းချနိုင်ရန် အားကျိုးမာန်တက်နှင့် ကြိုးစားနေရှာ၏။ သို့သော် လူတိုင်းလိုလိုသည် သူမနှင့် ဝေးရာသို့သာ ကမူးရှုးထိုးနှင့် ထွက်ခွာသွားကြလေရာ သူမခမျာ အတော်ပင် ဒုက္ခတွေ့နေရှာလေသည်။

တောဆိတ်များဟူသည် အလွန်စိတ်ရှည်သည်းခံပြီး လျင်မြန်၏။ ကုန်စည်လည်း အတော်အသင့် သယ်ဆောင်နိုင်၏။ တကယ်တော့ ၎င်းတို့သည် ကုလားအုတ်မြေခွေးများထက်ပင် အသုံးဝင်သော သတ္တဝါများ ဖြစ်လေသည်။

သို့သော် အဓိကပြသနာမှာ ချောက်နက်ကျွန်းတွင် မည်သည့်တောဆိတ်မှ မရှိချေ။ ထို့ကြောင့် သဲမျိုးစိတ်များအနေနှင့် မိုးထိမြို့တော်နှင့် ချောက်နက်ကျွန်းအကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် တောဆိတ်များ ဝင်ရောက်လာမည်ကို မလိုလား။

စုချန်းက ထိုမိန်းကလေးအနီးသို့ လျှောက်သွားလိုက်ရာ သူမသည် တောဆိတ်ကြီးအား မူလကျောက်တုံးဆယ်တုံးနှင့်သာ ရောင်းချနေကြောင်း သူ တွေ့လိုက်ရသည်။

ထိုစျေးနှုန်းမှာ ကုလားအုတ်မြေခွေးတကောင် ဝယ်ယူရသည်ထက်ပင် စျေးချိုနေ၏။

ထိုအခါ စုချန်းက ပြောလိုက်သည်။

"ဒါကို ကျုပ် ဝယ်မယ်"

"မင်း ဘာတွေလုပ်နေတာတုန်း"

ချီမင်းဖန်က စုချန်းအား ကမန်းကတန်း ဟန့်တားလိုက်၏။

ထိုအခါ စုချန်းက အောက်ပါအတိုင်း ပြန်ပြောလိုက်လေသည်။

"သူတို့ရောင်းတဲ့ ကုလားအုတ်သားရဲတွေကို မစီးဘူးဆိုရင် မုချ ရန်ပြုခံရလိမ့်မယ်လို့ ခင်ဗျား ပြောခဲ့တယ်မလား ဒါကို ကျုပ် လက်တွေ့စမ်းသပ်ကြည့်မလို့"

All Chapters