နာမည်စာရင်း
Vol. 51 Ch. 507
တောဆိတ်ကြီးအတွက် မူလကျောက်တုံး ဆယ်တုံး။
၎င်းမှာ အတော်ပင် ချ်ိုသာသော စျေးနှုန်း ဖြစ်သည်။
စုချန်းက တောဆိတ်အား ဝယ်ယူလိုက်သည်နှင့် မိန်းကလေးသည် အထူးပင် ကျေးဇူးတင်ဟန်ပြပြပြီး ကသောကမျောနှင့် ထိုနေရာမှ ထွက်ခွာသွားလေသည်။
စုချန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အနီးအနားရှိ သဲမျိုးစိတ်ဝင်များက သူ့အား ဝိုင်းဝန်းကြည့်ရှုနေကြကြောင်း တွေ့လိုက်ရသည်။
၎င်းတို့၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းနေပြီး ၎င်းတို့၏ မျက်လုံးထဲတွင် စုချန်းအား သတ်ပစ်လိုဟန်များ ပေါ်ပေါက်နေ၏။
သို့သော် ဤမျှလောက်နှင့် သဲမျိုးစိတ်များသည် သည်းခံနိုင်စွမ်းနည်းပါးပြီး ရက်စက်ကြမ်းကြုတ်ကြောင်း တထစ်ချဆို၍တော့ မရသေးချေ။
စုချန်းက တောဆိတ်တကောင် စတင်ဝယ်ယူလိုက်သည်နှင့် အဖွဲ့ထဲမှ ကျန်လူများကလည်း ကုလားအုတ်မြေခွေးများ အသီးသီး ဝယ်ယူလိုက်ကြလေသည်။
ထိုအချိန်မှာပင် စုချန်း၏ နားထဲသို့ စကားပြောသံတသံ တိုးဝင်လာ၏။
"မင်းကတော့ ပြသနာကို ဘယ်လိုရှာရမှန်း ကောင်းကောင်းသိတာပဲ"
စုချန်းက အသံလာရာကို လှည့်ကြည့်လိုက်သည်။ သူ့အား မနှစ်မြို့သော အမူအရာနှင့် စိုက်ကြည့်ပြီး အထက်ပါစကားကို ပြောလိုက်သူမှာ ချီမင်းဖန်၏ လက်အောက်ငယ်သားတဦးပင်။ ၎င်း၏ နာမည်မှာ ကောင်းချန်းဟု ခေါ်ပြီး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်သည်။
ကောင်းချန်းကဲ့သို့ လက်အောက်ငယ်သားတဦးက ကိုယ့်သဘောနှင့်ကိုယ် သူ့အား ပြသနာရှာရဲလိမ့်မည်ဟု စုချန်း လုံးဝ ထင်မထားချေ။ ထိုအခါ သူက ပြန်ပြောလိုက်သည်။
"ကျုပ်တို့ ဒီကို ရောက်လာတာကိုက ပြသနာရှာဖို့ပဲ မဟုတ်ဘူးလား"
"ဒါပေမဲ့ ဒီလိုမျိုးတော့ မဟုတ်ဘူးလေကွာ ကျုပ်တို့မှာ တိကျတဲ့ အစီအစဥ် ရှိပြီးသား မင်းခုလို ပေါက်ကရလျှောက်လုပ်နေရင် ကျုပ်တို့အစီအစဥ် ပျက်ကုန်မှာပေါ့"
"ကောင်းချန်း မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း"
ချီမင်းဖန်က ဝင်ဟန့်လိုက်၏။
သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် ကောင်းချန်းသည် ချီမင်းဖန်အား ဂရုမစိုက်ပဲ အထွန့်တက်လိုက်ပြန်သည်။
"သူ့ကြောင့် ကျုပ်တို့အစီအစဥ် ပျက်မသွားဖို့ပဲ မျှော်လင့်ပါတယ်ဗျာ"
စုချန်း အတော်ပင် အံ့သြလာ၏။ ထိုအခါ သူက ချီမင်းဖန်အား စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲဗျ"
ချီမင်းဖန် သက်ပြင်းချလိုက်၏။
"မင်းလဲ သိတဲ့အတိုင်းပဲ ရှင်သန်ခြင်းကျောင်းတော်ဆိုတာ အင်မတန်ကြီးမားတဲ့ အဖွဲ့အစည်းကြီးလေကွာ"
စုချန်း သဘောပေါက်သွား၏။
"အာ ဒါကို ကျုပ် ခုမှ သဘောပေါက်တာ ဒါပေမဲ့ ဒီစီမံကိန်းကို ခင်ဗျား စီစဥ်ထားတာလို့ ကျုပ် ထင်နေတာ"
"ကျုပ်ရဲ့ဌာနခွဲက စီစဥ်တာတော့ အမှန်ပါပဲ ဒါပေမဲ့ ဒီစီမံကိန်းက ကက်ပီးယပ်စ်နဲ့ သက်ဆိုင်နေမှန်း သိကုန်တော့ လူအတော်များများ ဒီထဲ ဝင်ပါချင်ကုန်ကြတယ်လေ"
ဤနေရာသို့ အရောက်တွင် ချီမင်းဖန်က လေသံကို နှိမ့်ပြီး ခါးကိုင်းကာ ပြောလိုက်သည်။
"ဒီကောင် ကောင်းချန်း ဆိုတာ မာရန်းချီရဲ့ လူပဲ မင်းသာ သူ့ကို သတ်ပစ်ချင်တယ်ဆိုရင် သတ်ပစ်လို့ရတယ်"
စုချန်း ရယ်မောလိုက်၏။
"ခင်ဗျားက သူ့ကို သတ်ချင်တယ် အကျိုးဆက်တွေကိုတော့ ကျုပ်က ခံရမယ်ပေါ့ အဲဒီလိုလား"
ချီမင်းဖန်က ထပ်ပြောလိုက်ပြန်သည်။
"ဒီကောင် ကောင်းချန်းဟာ စိတ်ပျက်စရာကောင်းတယ် စကားလဲ မပြောတတ်ဘူး ဒီကောင့်အစ်မရဲ့ ခင်ပွန်းက ရှင်သန်ခြင်းကျောင်းတော် အကြီးအကဲတွေထဲက တယောက်ဖြစ်နေတော့ ဒီကောင် မောက်မာနိုင်တာပေါ့ ဒီကောင် ဒီကို ရောက်လာတာလဲ ကျုပ်ကို စောင့်ကြည့်ဖို့ပဲကွ ကျုပ် ဒီကောင့်ကို သတ်ပစ်ချင်နေတာ အတော်ကြာပြီ ဒါပေမဲ့ ဖြစ်လာမဲ့အကျိုးဆက်တွေကို ကြည့်နေရလို့ ဘာမှမတတ်နိုင်ပဲ သည်းခံနေခဲ့ရတယ် ခု မင်း ဒီကို ရောက်လာပြီဆိုတော့ ကျုပ်ကို ကူညီပြီး ဒီကောင့်ကို ရှင်းပစ်ဖို့ ပိုပြီး လွယ်သွားပြီပေါ့"
"ဒါနဲ့ နေစမ်းပါအုံး ကျုပ်က ဘာဖြစ်လို့ ခင်ဗျားကို ကူညီပြီး ဒီကောင့်ကို ရှင်းပစ်ရမှာလဲ"
"ပထမဆုံးအနေနဲ့ မင်းက မာရန်းချီကို သတ်ပစ်ခဲ့တယ် ဒါကြောင့် ကောင်းချန်းနဲ့မင်းနဲ့ဟာ ဘယ်လိုမှ အဆင်ပြေနိုင်ဖွယ်ရာ မရှိဘူး ဒုတိယတချက်အနေနဲ့ ကောင်းချန်းတို့အုပ်စုဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ အစွမ်းရောက်အုပ်စုတွေပဲ တစုံတယောက်ကို သတ်ဖြတ်မယ် လုပ်ကြံမယ်စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဒီကောင်တွေကပဲ ဦးစီးလုပ်ဆောင်နေတာ မင်းဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စိတ်ပူနေတယ်ဆိုတာ ကျုပ် သိထားတယ် ကောင်းချန်းတို့အုပ်စုဟာ မင်း အဓိက စိတ်ပူရမဲ့ လူစားမျိုးတွေပဲ တတိယအချက်အနေနဲ့ကတော့ မင်းဟာ ကောင်းချန်းကို သတ်ပြီးရင် ရဲတိုက်ထဲက ရတနာတွေကို ပထမဆုံး ရွေးချယ်ခွင့်ရမဲ့သူ ဖြစ်လာလိမ့်မယ် ပြီးတော့ သူ့ကို သတ်လိုက်ရင်တော့ ဖြစ်လာမဲ့အကျိုးဆက်ကို မင်းအနေနဲ့ စိတ်ပူနေစရာ မလိုဘူး မင်း ပြသခဲ့တဲ့ အရည်အချင်းတွေကြောင့် အလွန်တန်ဖိုးကြီးမားတဲ့ မဟာမိတ်အဖြစ် ကျောင်းတော်က မင်းကို သတ်မှတ်ထားတယ် ကောင်းချန်းက မင်းနဲ့ယှဥ်လိုက်ရင် ဘာကောင်မှ မဟုတ်ပါဘူးကွာ"
"ခင်ဗျား ပြောနေပုံအရ ကျုပ်အဖို့ ငြင်းဖို့တောင် ခက်သွားပြီ"
စုချန်း၏ စကားကြောင့် ချီမင်းဖန် အားရပါးရ ပြုံးလိုက်၏။
"ဒီစီမံကိန်းမှာ မင်း ပါလာအောင် ကျုပ် ဘာကြောင့် ဒီလောက်အားထည့်ခဲ့တယ်ထင်သလဲ...ပြီးတော့ မင်းကို သူ ရန်စတာ ကျုပ် မှတ်တမ်းတင်ထားတယ် ဒါက သူရဲ့သေဆုံးခြင်းအတွက် အကောင်းဆုံး သက်သေဖြစ်လာလိမ့်မယ်"
"လက်စသတ်တော့ ခင်ဗျားက အားလုံး ကြိုတွေးထားပြီးသားပဲကိုး"
"ဒီကနေ့မှာ ဓားစာခံရှာရတာ သိပ်မလွယ်တော့ဘူးကွ အထူးသဖြင့် လိုလိုလားလား ဓားစာခံ လုပ်ပေးမဲ့သူမျိုးပေါ့"
စုချန်း ခေါင်းညိတ်လိုက်၏။
"ခင်ဗျား ပြောတာ မှန်ပါတယ်"
ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးထဲတွင် ယွဲ့လောင်ရှ၏ ပုံရိပ်အား ပြန်လည်မြင်ယောင်လာ၏။
သူသည် တချိန်က မာရန်းချီအား ရှင်းပစ်ရန် ယွဲ့လောင်ရှအား ဓားစာခံအဖြစ် အသုံးပြုခဲ့ဖူး၏။ ယခုတော့ သူကိုယ်တိုင် ချီမင်းဖန်အတွက် ဓားစာခံအဖြစ် ဆောင်ရွက်ပေးရပေတော့မည်။ ဝဋ်ဟူသည်မှာ လည်တတ်ချေသည်တကား။
အရာရာတိုင်းသည် ကောင်းကင်ဘုံ၏ အလိုတော်အတိုင်းဟုသာ ဆိုရပေတော့မည်။
သူတို့နှစ်ယောက် စကားပြောနေချိန်မှာပင် ကျန်လူများက ကုလားအုတ်မြေခွေးများ ဝယ်ယူ၍ ပြီးစီးသွား၏။
ထိုအချိန်ထိ စုချန်းသည် ချီမင်းဖန်နှင့် စကားဆက်ပြောလျက်ရှိလေသည်။ လက်ရှိတွင် သူတို့ပြောနေသော အကြောင်းအရာမှာကား ကောင်းချန်းအား မည်သို့ ရှင်းလင်းရမည်နည်းဟူသည်ကိုပင်။ အကြောင်းမှာ ကောင်းချန်းသည် တယောက်တည်းမဟုတ်။ သူ့တွင် တခြားလက်အောက်ငယ်သားများပါ ပါလာ၏။ ထိုအထဲမှ တယောက်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်နေလေရာ ၎င်းအား အထင်သေး၍ မရ။
တကယ်တော့ သူတို့အဖွဲ့တွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် နှစ်ဦး ပါဝင်၏။ တဦးမှာ ချီမင်းဖန်ကိုယ်တိုင် ဖြစ်ပြီး ကျန်တဦးမှာ ကောင်းချန်းအား ကာကွယ်ရန် တာဝန်ယူထားသည့် ချိရှန်းယွမ်ပင် ဖြစ်သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ကာကွယ်ထားသည့် လူတဦးအား သတ်ပစ်ရန်ကိစ္စမှာ ထင်သလောက်မလွယ်။
စုချန်းနှင့် ချီမင်းဖန်သည် အထက်ပါအတိုင်း ဆွေးနွေးတိုင်ပင်ရင်း စကားတပြောပြောနှင့် လျှောက်လာကြ၏။ ထိုအချိန်မှာပင် လူတယောက်ကို စုချန်း မြင်တွေ့လိုက်ရသည်။
၎င်းကို မြင်သည်နှင့် စုချန်း၏ ခြေလှမ်းအစုံမှာ ဖြတ်ခနဲ ရပ်တန့်သွား၏။
၎င်းကို မြင်သည်နှင့် ချီမင်းဖန်က မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
"မိတ်ဆွေဟောင်းတယောက်ကို လှမ်းတွေ့လိုက်လို့ပါ"
စုချန်းကလည်း အမှန်အတိုင်းပင် ပြောလိုက်သည်။
"မိတ်ဆွေဟောင်း ဟုတ်လား"
"ဟုတ်တယ်ဗျ ကျုပ် သူနဲ့ ခန စကားပြောရလိမ့်မယ်"
ထိုစကားကြောင့် ချီမင်းဖန် မျက်မှောင်ကုတ်သွား၏။
"မလိုအပ်ရင်လဲ မပြောတာကောင်းမယ်ကွ ကျုပ်တို့ အစီအစဥ်တွေ ရှုပ်ထွေးကုန်လိမ့်မယ်"
"အတိုင်းအတာကို ကျုပ် သိပါတယ်ဗျ"
"ဒါဆိုရင်လဲ ကောင်းပြီလေ သူတို့ကိုတော့ မင်း ရေသွားချိုးတယ် ပြောလိုက်မယ် ညကျမှ တည်းခိုခန်းမှာ ပြန်ဆုံမယ် တညနားပြီးရင် ကျုပ်တို့ ခရီးဆက်ကြတာပေါ့"
စုချန်းလည်း ချီမင်းဖန်နှင့် လမ်းခွဲပြီး အနီးရှိ လမ်းကြားလေးဆီသို့ ဦးတည်လိုက်၏။ လမ်းကြားလေး၏ အဆုံးတွင်တော့ အဖြူရောင်ဝတ်ဆင်ထားသော မိန်းမပျိုတဦး ရှိနေ၏။ ထိုမိန်းမပျိုမှာ ယွဲ့လောင်ရှပင် ဖြစ်လေသည်။
"တကယ်ပဲ မင်း ဖြစ်နေတာကိုး မိုးထိမြို့တော်ကို ဘာလာလုပ်တာလဲ"
စုချန်းက သူမဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။
နဂါးကျောင်းတော်မှ ကျောင်းဆင်းလာပြီးနောက်ပိုင်းတွင် စုချန်းသည် ယွဲ့လောင်ရှနှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သေး၏။ သို့သော် ထိုနှစ်ကြိမ်လုံးတွင် ယွဲ့လောင်ရှသည် အလုပ်ရှုပ်နေလေရာ သူတို့နှစ်ယောက် စကားပင်ကောင်းကောင်းမပြောလိုက်ရ။
ယခုတွေ့လိုက်တော့မှ ယွဲ့လောင်ရှတယောက် ဘယ်လောက်လှလာမှန်း စုချန်း သဘောပေါက်လိုက်၏။ သူမကား ယခင်ထက် များစွာ ကျက်သရေရှိနေခဲ့လေပြီ။
"ရှင့်ကို လာရှာတာ"
ယွဲ့လောင်ရှက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"ကျုပ်ကို လာရှာတာ ဟုတ်လား"
ပြောလိုက်ပြီးမှ အဖြေကို စုချန်း ချက်ချင်း သဘောပေါက်သွား၏။
"တိမ်တိုက်ကျားသစ် ပြောလိုက်တာပေါ့လေ"
တိမ်တိုက်ကျားသစ်ကား ယွဲ့လောင်ရှ၏ လက်အောက်မှ ဖြစ်သည်။ ထို့ပြင် သူတို့နှစ်ယောက်ကလည်း ရင်းနှီးလှ၏။ ဤအနေအထားတွင် စုချန်း ဘယ်ရောက်နေမှန်း စုံစမ်းရသည်မှာ ယွဲ့လောင်ရှအတွက် မခက်လှ။
"ကျုပ် ဘာလုပ်ပေးရမလဲ"
စုချန်းက မေးလိုက်၏။
"ရှင်တို့အဖွဲ့ထဲမှာ ကောင်းချန်းဆိုတဲ့ လူတယောက် ပါတယ်မလား"
ယွဲ့လောင်ရှကလည်း ဒဲ့ပင် ပြောလိုက်သည်။ စုချန်း ရယ်မောလိုက်၏။
"ဘာလဲ ခင်ဗျားက သူ့ကို စိတ်ဝင်စားလို့လား"
ယွဲ့လောင်ရှက ပြန်ပြောလိုက်၏။
"အင်စလေ ဆိုတဲ့နာမည်ကို အရင်တုန်းက ရှင် ကြားဖူးသလား"
စုချန်း စဥ်းစားလိုက်၏။ ပြီးမှ သူက ပြောလိုက်သည်။
"အနီရောင်လက် အင်စလေကို ပြောတာလား"
လူတိုင်း အင်စလေဟူသော နာမည်ကို မသိ။ သို့သော် အနီရောင်လက်ကိုတော့ မသိသူမရှိပေ။
၎င်း၏ အကြီးမားဆုံးသော ကျော်ကြားမှုမှာ မြို့တမြို့လုံးကို တယောက်တည်း သုတ်သင်ရှင်းလင်းခဲ့ခြင်းပင်။ ၎င်း၏ လက်များဖြင့် နှုတ်ယူခဲ့သော အသက်ပေါင်းမှာ မနည်းလှတော့။
အင်စလေကဲ့သို့သော လူစားမျိုး ရှိနေခြင်းကြောင့် ရှင်သန်ခြင်းကျောင်းတော်သည် အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံရခြင်းဟုပင် ပြောနိုင်ပေသည်။
"ခင်ဗျား ပြောချင်တာ..."
ကောင်းချန်းရဲ့ ယောက်ဖ ရှင်သန်ခြင်းကျောင်းတော်အကြီးအကဲတွေထဲက တယောက်ဆိုတာ အင်စလေပဲ သူက မာရန်းချီရဲ့ အထက်က ပုဂ္ဂိုလ်ပေါ့"
ယွဲ့လောင်ရှက ရှင်းပြလိုက်၏။ ထိုအခါ စုချန်းက မေးလိုက်ပြန်သည်။
"ခင်ဗျား ကျုပ်ကို ဘာလုပ်စေချင်တာလဲ ကောင်းချန်းကို သတ်ပေးရမှာလား"
"မဟုတ်ဘူး ကောင်းချန်းရဲ့ ကိုယ်ထဲက ပစ္စည်းတခုကို ကျွန်မက ရှင့်ကို ယူပေးခိုင်းစေချင်တာ ဒီပစ္စည်းက အတိအကျ ပြောရရင် စာရင်းတခုပဲ အင်စလေလို အရေးကြီးပုဂ္ဂိုလ်တွေနဲ့ သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ရေးထားတဲ့ စာရင်းပဲရှင့်"
ယွဲ့လောင်ရှက စကားဆက်လိုက်ပြန်၏။
"ဒီစာရင်းကိုရရင် ရှင်သန်ခြင်းကျောင်းတော်ရဲ့ အစွမ်းရောက်ထိပ်သီးတချို့ကို ကျွန်မတို့ ရှင်းပစ်နိုင်လိမ့်မယ် ဒါက အပြစ်မဲ့လူတွေရဲ့ အသက်ဘယ်နှစ်ချောင်းလောက်ကို ကယ်တင်ရာကျမလဲဆိုတာ ရှင် သိပါတယ်"
ဤနေရာအရောက်တွင် သူမက စကားကို ခေတ္တ ရပ်တန့်လိုက်၏။ ပြီးမှ သူမက ထပ်ပြောလိုက်သည်။
"ပြီးတော့ ဒါက ကိုယ်ရေးကိုယ်တာနဲ့ မဆိုင်ဘူးရှင့်"