← Chapters

အစီအစဥ်

Vol. 51 Ch. 508

အစီအစဥ်

Vol. 51 Ch. 508

တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် လူတိုင်းလိုလိုသည် သူ့ကို စောင့်ဆိုင်းလျက်ရှိကြောင်း စုချန်း တွေ့လိုက်ရ၏။

စုချန်း ရောက်လာသည်ကို မြင်သည်နှင့် ကောင်းချန်းက မကျေမနပ်နှင့် ပြောလိုက်သည်။

"ဘယ်လောက်တောင် ကိန်းကြီးခန်းကြီးနိုင်လိုက်သလဲဆိုတာ ကျုပ်တို့အားလုံးက သူ့ကို စောင့်နေရတယ်"

ချီမင်းဖန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"စုချန်းဟာ ကျုပ်တို့ရဲ့ အရေးကြီးဆုံး မဟာမိတ် ပြီးတော့ သူဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ မိတ်ဆွေကောင်းပဲ ရှင်သန်ခြင်းကျောင်းတော်မှာ မိတ်ဆွေရယ်လို့ များများစားစား ရှိတာမဟုတ်ဘူး ဒါကြောင့် ကိုယ့်ရဲ့မဟာမိတ်ကို နည်းနည်းတော့ လေးစားမှုရှိစမ်းပါ"

ပြောဆိုနေသမျှအားလုံးကို တိတ်တဆိတ် မှတ်တမ်းတင်နေ၍သာ ချီမင်းဖန်တယောက် ဤမျှ ယဥ်ယဥ်ကျေးကျေး ပြောဆိုနေကြောင်း စုချန်း သိလိုက်၏။

ကောင်းချန်းက ထပ်ပြောလိုက်ပြန်သည်။

"ကိုယ့်အချင်းချင်း ပြန်ဒုက္ခပေးတဲ့ မဟာမိတ်မျိုးကို ခုမှပဲ မြင်ဖူးတော့တယ်ဗျာ"

မာရန်းချီ သေဆုံးသွားသည့် ကိစ္စကို ယွဲ့လောင်ရှ တာဝန်ခံလိုက်သည်မှာ မှန်သော်လည်း ၎င်းနောက်ကွယ်တွင် စုချန်း ရှိနေကြောင်း လူတိုင်း သဘောပေါက်ထား၏။

ယခုလည်း ကောင်းချန်းသာ တစုံတခုဖြစ်သွားလျင် ချီမင်းဖန်နှင့် ပတ်သက်နေကြောင်း လူတိုင်း သဘောပေါက်ကြမည်သာ။

သို့သော် ထင်မြင်ယူဆချက်ဟူသည် ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်သည်။ သင့်အနေနှင့် လုံလောက်သော အထောက်အထားမရှိလျင် မည်သို့မည်ပုံ သက်သေပြနိုင်မည်နည်း။

မည်သို့ဆိုစေ ကောင်းချန်း၏ စကားလုံးများက ဘောင်ကျော်လာပြီ ဖြစ်လေရာ စုချန်းအနေနှင့် လက်သင့်ခံရန် မဖြစ်နိုင်တော့။ ထိုအခါ သူက ကောင်းချန်းဆီသို့ လျှောက်လာပြီး ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"ဘာလဲကွ မင်းက လူနုံလူအလား မဟာမိတ်ဖွဲ့တယ်ဆိုတာ မင်း သဘောကျတဲ့ တစုံတယောက်နဲ့ စိတ်တိုင်းကျ ပေါင်းသင်းဆက်ဆံတာမျိုး မဟုတ်ဘူးကွ ဒါက ဘုံအကျိုးစီးပွားတခုအတွက် ပူးပေါင်းလုပ်ကိုင်ကြတာမျိုးနဲ့ ပိုတူတယ် ရှင်သန်ခြင်းကျောင်းတော်ဟာ ကျုပ်နဲ့မဟာမိတ်ဖွဲ့ခဲ့တယ် ဒါ ဘာကိုဆိုလိုတာလဲ မင်း သိရဲ့လား ကျုပ် ပြောမယ် ဒါ ဘာကို ဆိုလိုသလဲဆိုတော့ ရှင်သန်ခြင်းကျောင်းတော်ဟာ ကျုပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုလိုတာပဲ ရှင်သန်ခြင်းကျောင်းတော်ရဲ့ အောက်က အဖွဲ့ဝင်တွေဟာ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့စာရင် ပုရွက်ဆိတ်တကောင်လောက်တောင် တန်ဖိုးမရှိဘူး ကျုပ်အနေနဲ့ ဒီလို ခြေဖဝါးအောက်က ပုရွက်ဆိတ်မျိုးတွေကို သူတို့အရှင်သခင်ရဲ့ မျက်နှာကို မထောက်ပဲ နင်းချေပစ်လို့ရတယ် ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေသာ အလုပ်ဖြစ်နေလို့ရှိရင် သခင်ရဲ့ အိမ်မွေးခွေးတကောင်လောက်ကို ရိုက်သတ်ပစ်လို့ ဘာပြသနာမှ မရှိဘူးလေကွာ"

"မင်း ဘာစကားပြောလိုက်တာလဲကွ"

ကောင်းချန်း ဒေါသတကြီးနှင့် စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"အိုး ကျုပ်က အမှန်အတိုင်း ပြောတာပဲ ကျုပ်အမြင်မှာတော့ မင်းဟာ ပုရွတ်ဆိတ်တကောင်ထက် မပိုဘူး ကျုပ်ကတော့ ရှင်သန်ခြင်းကျောင်းတော်အတွက် အကျိုးအမြတ်တွေ အများကြီး ရှာပေးနိုင်တဲ့ မဟာမိတ်ပဲ ပြီးခဲ့တဲ့ တခေါက်တုန်းကဆိုရင် ရှင်သန်ခြင်းကျောင်းတော်အတွက် ကျုပ် မူလကျောက်တုံး ဘီလျံနဲ့ချီပြီး ရှာပေးနိုင်ခဲ့တယ် ဒီပမာဏဟာ မင်းရဲ့ တန်ဖိုးမရှိတဲ့အသက်ထက် ဘယ်နှစ်ဆလောက်ပိုများနေသလဲ မင်း တွက်ကြည့်စမ်း"

ကောင်းချန်းကလည်း ညစ်ကျယ်ကျယ်နိုင်သော လေသံနှင့် ပြန်ပြောလိုက်ပြန်၏။

"အဲဒီတုန်းကသာ မင်းကို သတ်ပစ်ခဲ့ရင် ကျုပ်တို့ဟာ မင်း ရှာပေးခဲ့တဲ့ ပမာဏထက် မူလကျောက်တုံး ပိုရနိုင်ခဲ့မှာပဲကွ"

"မင်း ထင်လို့ပါ ကျုပ်သာ မရှိရင် မင်းလိုသုံးစားမရတဲ့ကောင်က ဘာများ ဆက်လုပ်တတ်မှာမို့လို့လဲ နောက်ဆုံးတော့ မင်းဟာ စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေတဲ့ အလေနတော အဆင့်လောက်ပါပဲကွာ"

"ဘာကွ မင်း ဘာစကားပြောလိုက်တာလဲ"

ကောင်းချန်း အကြီးအကျယ် ဒေါသထွက်သွား၏။ သူ့အား စိန်နားကပ်အရောင်နှင့် ပါးပြောင်နေသူဟု ပြောလိုက်လျင် သူ အလွန်နာသည် မဟုတ်ပါလား။

"ပြောတော့ မင်း ဘာလုပ်ချင်သလဲ ကျုပ်နဲ့ တယောက်တည်း တိုက်ချင်တာလား လာခဲ့လေ မင်းလိုကောင်စားမျိုးဆိုရင် ကျုပ် လက်ဖျားနဲ့တောင် မထိပဲ အသက်ပျောက်သွားစေရမယ်လို့ ကတိပေးတယ်"

တကယ်လဲ ကောင်းချန်းကဲ့သို့သော အမှိုက်မျိုးကို စုချန်းက ထည့်၍ပင် မစဥ်းစားထားချေ။

ကောင်းချန်းကိုယ်တိုင်လည်း စုချန်းသည် သူ့ပြိုင်ဘက်မဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်ထား၏။ လျန်မျိုးနွယ်စု တစုလုံးကို စုချန်း တယောက်တည်း ရှင်းပစ်ခဲ့မှန်း သူ ကောင်းစွာ ကြားဖူးထားသည် မဟုတ်ပါလား။ သို့သော် သူ ဒေါသမပြေနိုင်ပဲ စုချန်းကို မုန်းတီးစွာ စိုက်ကြည့်လျက်ရှိသည်။

ထိုအချိန်မှာပင် ချီမင်းဖန်က ဝင်ရောက်ဖြန်ဖြေလိုက်၏။

"ကဲ ကဲ ကျုပ်တို့အားလုံး တဖွဲ့တည်းပဲ ဒီလို တိုက်ခိုက်နေစရာ မလိုဘူး ကောင်းချန်း မင်းလဲ မှတ်ထား စုချန်းရဲ့ အကူအညီသာ မပါရင် မူလကျောက်တုံး ဘီလျံ၈၀လောက် ကျုပ်တို့ ရှာနိုင်ခဲ့မှာ မဟုတ်ဘူး ဒါကြောင့် သူ ပြောတာ မှန်တယ် ဘာပဲပြောပြော သူ့ကျေးဇူးနဲ့ ဒီနှစ်ပိုင်းတွေမှာကျုပ်တို့အဖွဲ့ အများကြီး တိုးတက်လာခဲ့တယ် ဒီတော့ မင်း ဒီလောက်နဲ့ တော်လိုက်တော့ လျှောမွေးနဲ့ ဗာရာဏသီ ချဲ့မနေစမ်းနဲ့ကွာ"

ကောင်းချန်းကလည်း ပြန်အော်လိုက်၏။

"သူလဲ ကျုပ်တို့ကို အကြောင်းပြုပြီး ငွေအများကြီး ပြန်ရှာနိုင်ခဲ့တာပဲဗျ"

"ဒါက သူ့အရည်အချင်းကြောင့်ပါကွာ ဒီကိစ္စကို အကြောင်းပြုပြီး စုချန်းနဲ့ ထပ်ငြင်းနေရင် ကျုပ် အကြီးအကဲတွေဆီ သတင်းပို့ရလိမ့်မယ် အဲဒီကျတော့မှ ကျုပ်ကို အဆိုးမဆိုနဲ့"

ချီမင်းဖန် အမှန်တကယ် ဒေါသထွက်လာပြီမှန်း သဘောပေါက်လိုက်လေရာ ကောင်းချန်း ပါးစပ်ပိတ်ထားလိုက်၏။

ထို့နောက် ချီမင်းဖန်က သူ့အိပ်ကပ်အတွင်းမှ မူလပုံစံငွေပြားလေးကို ဆွဲထုတ်ပြီး နှိုးဆွလိုက်ရာ လေထဲတွင် အလွန်ကြီးမားပြီး ရှေးကျသော ရဲတိုက်ကြီးတတိုက်၏ ပုံရိပ်ယောင် ပေါ်ပေါက်လာသည်။

ရဲတိုက်ကို လက်ညိုးထိုးပြရင်း ချီမင်းဖန်က ရှင်းပြလိုက်သည်။

"ဒါ အနောက်လိုင်နာရဲတိုက်ပဲ ပေါလ်ပိုင်တဲ့ ရဲတိုက်တွေထဲက တတိုက်ပဲ ဆိုပါတော့ ကျုပ်တို့ရဲ့ တာဝန်ကတော့ ဒီရဲတိုက်ထဲ ပေါလ်မသိအောင် ဖောက်ဝင်ပြီး ဝိညာဥ်မျိုးစိတ်တွေ ကျန်ခဲ့တဲ့ ရတနာတွေကို နှံ့နှံ့စပ်စပ် ရှာဖွေဖို့ပဲ"

"ဒီရဲတိုက်က ပေါလ်ပိုင်တဲ့ ရဲတိုက်တွေထဲက တတိုက်လို့ ပြောလိုက်တာပေါ့ ဒီတော့ သူ ရဲတိုက်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့သဘောပေါ့ ဟုတ်လား"

စုချန်းက မေးခွန်းထုတ်လိုက်၏။

ချီမင်းဖန်က ထပ်မံ ရှင်းပြလိုက်ပြန်သည်။

"ဒီမှာ တွေ့နေရတာက ချောက်နက်ကျွန်း အဲဒီမှာ ပေါလ်ပိုင်တဲ့ ရဲတိုက်ကြီး ၆တိုက် ရှိတယ် အနောက်လိုင်နာရဲတိုက်က အဲဒီထဲက တတိုက်အပါအဝင်ပဲ ဆိုပါစို့ နွေဦးရာသီရောက်တိုင်း ပေါလ်ဟာ အနောက်လိုင်နာရဲတိုက်ကို လာပြီး အချိန်ဖြုန်းလေ့ရှိတယ် ကျန်အချိန်အများစုမှာတော့ သူဟာ ကျန်သဲမျိုးစိတ်ဝင်အကြီးအကဲတွေအားလုံး နေထိုင်တဲ့ အနောက်ဘက်နယ်မြေက အလိုင်နန်းတော်မှာပဲ နေထိုင်လေ့ရှိတယ်"

"ဒါဆိုရင် ကျွန်မတို့အနေနဲ့ ပေါလ်အပါအဝင် ကျန်သဲမျိုးစိတ်ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးစရာ မလိုဘူးပေါ့ ဟုတ်တယ်မလား"

ညတစ္ဆေက ဝင်မေးလိုက်ပြန်၏။

"အစီအစဥ်အတိုင်းသာ အတိအကျ ဖြစ်ခဲ့မယ်ဆိုရင်တော့ မှန်ပါတယ် ကျုပ်တို့အနေနဲ့ ပေါလ်အပါအဝင် ဘယ်သဲမျိုးစိတ်ဝင်တွေနဲ့မှ ရင်ဆိုင်တိုက်ခိုက်နေစရာမလိုဘူး"

ချီမင်းဖန်က ပြန်ဖြေလိုက်၏။

"အနောက်လိုင်နာရဲတိုက်မှာ အစောင့်၁၅၀ ဝန်းကျင်လောက်ရှိတယ် ဒါပေမဲ့ အကုန်လုံး အစေခံအဆင့်ပဲဆိုတော့ ဂရုစိုက်နေစရာ မလိုဘူး ဒါပေမဲ့ အစောင့်ခေါင်းဆောင် ကူလာ ဆိုတဲ့ သဲမျိုးစိတ်ဝင်ကိုတော့ ကျုပ်တို့ ဂရုစိုက်ရမယ် ဝိညာဥ်ပြောင်းလဲခြင်းဆေးကို ကျုပ်တို့လိုအပ်နေတာ သူ့ကြောင့်ပဲ"

ထိုစဥ် လက်အောက်ငယ်သားတဦးက ဝင်ပြောလိုက်၏။

"ဒီဆေးကို ပေါလ်အတွက် ချန်ထားရင် မကောင်းဘူးလား"

ထိုစကားကိုကြားသည်နှင့် ချီမင်းဖန်က ရယ်မောလိုက်၏။

"ပေါလ်ဟာ ကြာပန်းငါးပွင့်အဆင့် ပညာရှင်ပဲ သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကလဲ အင်မတန် အားကောင်းတယ် ဒီဆေးကို သူ မမှုဘူး ဒါ့အပြင် သူ့ဘေးနားမှာ တခြားသက်တော်စောင့်တွေကလဲ အများကြီးပဲ ကျုပ်တို့အတွက် အခွင့်အရေးရဖို့ မလွယ်လှဘူး ဒါ့အပြင် ဒီဆေးရဲ့အစွမ်းက သောက်လိုက်မှ ပေါ်လာတာလေ"

"ကူလာ ဒီဆေးကို သောက်အောင် ကျုပ်တို့ ဘယ်လိုလုပ်မလဲ"

စုချန်းက မေးလိုက်ပြန်သည်။

"ဒါကိုတော့ ကျုပ် တာဝန်ယူတယ်"

ထိုသို့ ပြောလိုက်သူမှာ ချီမင်းဖန်၏ လက်အောက်ငယ်သားတဦး ဖြစ်ပြီး ဟေးစုဟု ခေါ်လေသည်။

ဟေးစုက ပြောလိုက်ပြန်၏။

"ကျုပ်ရဲ့ သွေးဗီဇက မျက်နှာတထောင်သားရဲသွေးဗီဇပဲ ရဲတိုက်ထဲကို သဲမျိုးစိတ်ဝင်တဦး ဟန်ဆောင်ပြီး ထိုးဖောက်ဝင်ရောက်သွားဖို့ ကျုပ် တာဝန်ယူတယ်"

မျက်နှာတထောင်သားရဲဟူသည်မှာ အလွန်တရာ ညဏ်များသော သားရဲဖြစ်ပြီး ၎င်းကြိုက်သော ပုံစံမျိုးကို ပြောင်းလဲနိုင်သော စွမ်းရည်ရှိ၏။

ချီမင်းဖန်၏ အစီအစဥ်အရ ဟေးစုသည် သဲမျိုးစိတ်ဝင်တဦးအဖြစ် ဟန်ဆောင်ပြီး ရဲတိုက်အတွင်း ဝင်ရောက်ကာ ကူလာစားသောက်မည့် အစားအသောက်ထဲတွင် ဝိညာဥ်ပြောင်းလဲခြင်းဆေး ခတ်လိုက်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် ကူလာအား ထိန်းချုပ်သွားနိုင်ပေလိမ့်မည်။

ကူလာအား ထိန်းချုပ်နိုင်သည်နှင့် သူတို့အားလုံး ရဲတိုက်အတွင်း ဝင်ရောက်ကာ ရတနာများ ရှာဖွေနိုင်သွားပေလိမ့်မည်။

အစီအစဥ်မှာ ရိုးရှင်းသော်လည်း လက်တွေ့ကျ၏။

အကောင်းဆုံးသော အစီအစဥ်ဟူသည် ရှုပ်ထွေးနေစရာမလို။ ရိုးရှင်းသော အစီအစဥ်များသည်သာ မြေပြင်တွင် လက်တွေ့အသုံးဝင်နေတတ်သည် မဟုတ်ပါလား။

ဒါသည်ပင်လျင် ချီမင်းဖန်၏ အစီအစဥ် ဖြစ်လေသည်။

အစီအစဥ်၏ တခုတည်းသော မေးခွန်းမှာ ရတနာများ ရှာတွေ့ရန် အချိန်ဘယ်လောက်ယူရမည်မှန်း သူတို့ မသိထားခြင်းပင်။

ဝိညာဥ်မျိုးစိတ်၏ ရတနာများနှင့် ပတ်သက်၍ မည်သည့်သဲလွန်စမှ ရှိမနေခြင်းမှာ ဤအစီအစဥ်၏ ကြီးမားသော ဟာကွက် ဖြစ်နေ၏။ အစီအစဥ်တခုလုံးကို ကမောက်ကမ ဖြစ်သွားစေနိုင်သော ဟာကွက်ဟုလည်း ဆိုနိုင်သည်။

"အစီအစဥ်မအောင်မြင်ဘူးဆိုရင် ဘာတွေဆက်ဖြစ်မလဲ"

စုချန်းက မေးခွန်းထုတ်လိုက်၏။

"ကျုပ်တို့ အစွမ်းကုန်လုပ်ပြီးပြီ ကျန်တာ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းလို့ သဘောထားလိုက်ရုံပဲ တခါတလေ ရှုံးနိမ့်တယ်ဆိုတာ ဘာမှ အံ့သြစရာမရှိပါဘူးကွာ"

All Chapters