တထောက်နားခြင်း
Vol. 51 Ch. 509
ဖုန်းဆိုးမြေ။
အဆောက်အဦးမှန်သမျှသည် ထီးထီးတည်းသာ ဖြစ်နေပြီး မြက်ပင်၊ခြုံနွယ်များပင် မရှိ။ သူတို့မျက်လုံးထဲ မြင်မြင်သမျှသည် ဖုန်များ တလိမ်းလိမ်းထနေသော မဟာပထဝီမြေကြီးသာ ဖြစ်နေချေ၏။
နေမင်းကြီးမှာ အလွန်စူးရှတောက်ပစွာ ထွန်းလင်းတောက်ပနေပြီး ကောင်းကင်ကြီးသည်ပင် သူတို့အပေါ်အား ဖိနှိပ်ထားသကဲ့သို့ ထင်ရ၏။ တိမ်ဟူ၍ကား တစလေးမျှပင်မရှိ။ ထိုအထဲတွင်မှ မြေပြင်သည် ခြစ်ခြစ်တောက်ပူပြင်းနေလေရာ သူတို့အားလုံး အရည်ပျော်ကျသွားတော့မည်ဟုပင် ထင်မှတ်နေရ၏။
သို့သော် ညအချိန်ရောက်ပါက ဤနေရာကြီးတခုလုံးသည် ကြောက်စရာကောင်းလောက်အောင် အေးခဲလာပြီး ရေများပင် အေးခဲကုန်၏။
နေ့ညအပူချိန် ကွာခြားလွန်းခြင်းကြောင့်သည်ပင် ချောက်နက်ကျွန်းသည် အသက်ရှင်သန်ရန် အလွန်ခက်ခဲသော နေရာတခု ဖြစ်လာ၏။ ချီစွမ်းအားပညာရှင်များသည်ပင်လျင် နေ့အချိန် ခရီးသွားပါက အရှင်လတ်လတ် အိုးထဲထည့်ပြုတ်ထားသကဲ့သို့ ခံစားရလေ့ရှိလေသည်။
စုချန်းသည် ရေဘူးကို ဆွဲထုတ်ပြီး ရေတငုံခန့် မော့သောက်ကာ အနီးရှိ လူများကို အကဲခတ်လိုက်သည်။ လူတိုင်းလိုလိုသည် ပြင်းထန်လှသော အပူချိန်ကြောင့် စိတ်ပျက်နေကြဟန် ပေါ်နေ၏။
"ကျုပ်တို့ရဲ့ရှေ့မှာ တောင်ကြီးတလုံး ရှိတယ် အရှိန်နည်းနည်းမြှင့်ပြီး ညမရောက်ခင် အဲဒီကို ရောက်အောင်သွားကြမယ် ကျုပ်တို့ အဲဒီမှာ စခန်းချကြမယ်"
ဤလမ်းခရီးအတွက် ကင်းထောက်တာဝန်ယူထားသည့် သိမ်းငှက်မျက်လုံးက ပြောလိုက်၏။
၎င်း၏ လေသံအရ တောင်မှာ သိပ်မဝေးတော့ဟန် ပေါ်နေ၏။ သို့သော် တကယ့်လက်တွေ့တွင်တော့ သူတို့အားလုံး ထိုတောင်သို့ ရောက်ရှိရန် အတော်လေး ခရီးနှင်ရပေအုံးမည်။
တကယ်တော့ စုချန်းအနေနှင့် မိုးကြိုးရေနဂါးယာဥ်ကို အသုံးချကာ လိုရာခရီးကို အမြန်ဆုံး ရောက်သွားအောင် ခရီးနှင်၍ ရနေ၏။ သို့သော် သူ့တွင် မလိုအပ်ပဲ ဟန်ရေးပြရန် အစီအစဥ် မရှိ။ ထို့ပြင် ချောက်နက်ကျွန်းနယ်မြေဟူသည် မူလကတည်းကိုက အလွန်အန္တရာယ်များသော နယ်မြေဖြစ်သည်။ ဤနယ်မြေကြီးတဝိုက်တွင် နတ်ဆိုးသားရဲများလည်း အများအပြား ရှိနေ၏။ ထိုအထဲမှ သားရဲတချို့မှာ မိုးကြိုးရေနဂါးယာဥ်ထက်ပင် မြန်ဆန်ကြသည် မဟုတ်ပါလား။
ထို့ကြောင့်လည်း စုချန်းက တခြားလူများနှင့် အတူတူ တရွေ့ရွေ့ ခရီးနှင်နေခြင်းပင်။
ကျေးဇူးတင်စရာကောင်းသည်မှာကား သူတို့အဖွဲ့တွင် မည်သူမှ အထုပ်အပိုး များများစားစား သယ်ယူလာခြင်းမရှိ။ ထို့ပြင် စွမ်းအင်အနိမ့်ဆုံးသူသည်ပင် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်အဆင့်တွင် ရှိနေကြလေရာ ထိုက်သင့်သော အားထုတ်မှု ထည့်ပေါင်းလိုက်ရုံနှင့် ရည်မှန်းချက်နေရာသို့ ညမရောက်ခင် ရောက်လာနိုင်ခဲ့ကြ၏။
ညရောက်ပြီဆိုသည်နှင့် အပူဒဏ် သိသိသာသာ လျော့သွားသည့်တိုင် ထုံးစံအတိုင်း အအေးက ပိုလာပြန်၏။ ထိုအခါ သူတို့လူစုမှာ ရည်မှန်းချက်နေရာသို့ ရောက်သည့်တိုင် ထိုင်မနေအား။ မီးဖိုရပြန်၏။ ရွက်ဖျင်တဲများ ဆောက်ရပြန်၏။
စုချန်းကတော့ ရွက်ဖျင်တဲ ဆောက်စရာမလို။ လေဟာနယ်လက်စွပ်အတွင်းမှ ပစ္စည်းတခုကို ဆွဲထုတ်ပြီး လေထဲသို့ ပစ်တင်လိုက်သည်နှင့် ၎င်းပစ္စည်းသည် ကျောက်တုံးအိမ်တလုံးအဖြစ် ပြောင်းလဲသွား၏။
၎င်းမှာ မူလကိရိယာစျေးအတွင်းမှ စုချန်း ဝယ်ယူလာသော ကျောက်တုံးအိမ် ဖြစ်သည်။ ၎င်းအိမ်သည် အရွယ်အစားကို လိုသလို ချုံ့ချဲ့နိုင်ခြင်း၊ ရွေ့ပြောင်းရလွယ်ကူခြင်းတို့ကြောင့် ခရီးထွက်ရာတွင် အတော်ပင် အသုံးဝင်လှ၏။ သို့သော် ၎င်းကျောက်တုံးအိမ်တွင် လေဟာနယ်ပုံစံကွက် ပါဝင်နေသဖြင့် အတော်ပင် စျေးကြီး၏။ ထို့ပြင် မည်သည့် တိုက်ခိုက်ရေးနည်းစနစ်မှာ မတပ်ဆင်ထားခြင်းကြောင့် လူတိုင်း သဘောမကျချေ။
စုချန်းကား အတိုင်းအတာတခုထိ ချမ်းသာကြွယ်ဝသူ ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ပစ္စည်းကောင်းများ ဝယ်ယူသုံးစွဲလေ့ရှိခြင်းမှာ ဘာမှမဆန်း။
ချက်ချင်းဆိုသလိုပင် စုချန်းက နောက်ထပ် ကျောက်တုံးအိမ်တလုံးကို ဖန်တီးပြီး ပြောလိုက်၏။
"ညတစ္ဆေ ဒီအိမ်ကတော့ ခင်ဗျားအတွက်ပဲ"
အမှန်ကတော့ ထိုအိမ်မှာ သံမဏိအတွက် ဖြစ်သည်။ သို့သော် စုချန်းက အမျိုးသမီး ဖြစ်နေသော ညတစ္ဆေကိုသာ ဤတကြိမ်တွင် သံမဏိထက် ဦးစားပေးလိုက်၏။
"အိုး တကယ်ကြီးလား သိပ်ကောင်းတာပဲရှင့်ထ
ညတစ္ဆေက စုချန်း၏ ပုခုံးကို ဝမ်းမြောက်ဝမ်းသာ လှမ်းပုတ်ရင်း ပြောလိုက်၏။
ဟာလာဟင်းလင်းနိုင်သော ကွင်းပြင်ဝယ် ကျောက်တုံးအိမ်နှစ်လုံးသာ ထီးထီးတည်း ဖြစ်နေလေရာ လူတိုင်းအတွက် မနာလိုဖြစ်စရာပင်။
ထိုအခါ ချီမင်းဖန်က ဟင့်ခနဲ ရယ်မောပြီး ပြောလိုက်၏။
"မင်းက သိပ်ပြီးချမ်းသာတာကိုး ဒါကြောင့် ဒီလို သုံးဖြုန်းနိုင်တာပေါ့"
"ဟင် ခင်ဗျားတို့ ရှင်သန်ခြင်းကျောင်းတော်လဲ ချမ်းသာတာပဲဗျ ဒါနဲ့များ ဘာဖြစ်လို့ ဒီလောက်တောင် ချွေတာနေရတာတုန်း"
စုချန်း၏ စကားကြောင့် ချီမင်းဖန်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။
"ကျုပ်တို့ ရှင်သန်ခြင်းကျောင်းတော်မှာ အဖွဲ့ဝင် ဘယ်နှစ်ယောက်လောက် ရှိနေတယ်များ မင်းထင်သလဲ နိုင်ငံခုနှစ်နိုင်ငံမှာ အဖွဲ့ဝင် ထောင်သောင်းနဲ့ချီပြီး ရှိနေတယ် မူလကျောက်တုံး ဘီလျံရှစ်ဆယ်ဆိုတာ အတော်လေးများတာ မှန်ပါတယ် ဒါပေမဲ့ အဖွဲ့ဝင်တွေအကုန်လုံးကို ဖြန့်ခွဲပေးလိုက်ရင် ကျုပ်တို့လက်ထဲမှာ မူလကျောက်တုံး များများစားစား ဘယ်ကျန်ပါ့မလဲ"
"ဒါပေမဲ့ လူတိုင်းစေ့တော့ ခင်ဗျားတို့ မပေးပါဘူး ဟုတ်တယ်မလား"
ချီမင်းဖန် ရယ်မောလိုက်၏။
"လောင်စန်းနိုင်ငံ ရှင်သန်ခြင်းကျောင်းတော်ဌာနခွဲမှာကို လူတွေက အများကြီးကွ ခရီးစဥ်မှာ ပါဝင်တဲ့သူမှန်သမျှကို ကျုပ်တို့က ထိုက်သင့်သလို ပြန်ခွဲပေးမှ မျှတတော့မှာပေါ့"
"ဒါပေမဲ့ ကျောက်တုံးအိမ်လေးတလုံး ဝယ်ဖို့တောင် မတတ်နိုင်ဘူးဆိုတော့ ခင်ဗျားတို့ဟာက မလွန်ဘူးလား"
"ဒါပေမဲ့ ဒီလို ဖြုန်းတီးပစ်ရမှာ နှမြောစရာပဲကွ"
ချီမင်းဖန်က ခေါင်းကိုအကြိမ်ကြိမ်ခါရမ်းရင်း ပြောလိုက်၏။
"ကျုပ်တို့ ရှာဖွေနိုင်သမျှ ငွေတွေဟာ ကျုပ်တို့ရဲ့ ကျင့်ကြံရေးဆိုင်ရာ အရင်းအမြစ်တွေနဲ့ပဲ ကုန်သွားတာများတယ် ဒီလို မလိုလားအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့ကျတော့ ကျုပ်တို့က နှမြောတယ်လေ"
ချီမင်းဖန် ပြောသည့်အတိုင်းပင် ချီစွမ်းအားကျင့်ကြံသူများအနေနှင့် အရင်းအမြစ်များ မဖြစ်မနေ လိုအပ်၏။ ဝယ်လိုအား များလာသည်နှင့်အမျှ ကုန်ပစ္စည်းများ စျေးတက်လာတတ်သည်ကလည်း ဓမ္မတာပင်။
ထို့ကြောင့် ချီစွမ်းအားပညာရှင်များအနေနှင့် မိမိ၏ ဝင်ငွေများကို စွမ်းအင့်အဆင့်တက်စေရန် အရင်းအမြစ်များ ဝယ်ယူသုံးစွဲသည့်နေရာ၌သာ အကျိုးရှိအောင် သုံးစွဲကြလေ့ရှိ၏။ ငွေကြေးများကို အလဟသ မဖြုန်းတီးမိစေရန် ၎င်းတို့ အလွန်အလေးထားကြလေသည်။
ကျောက်တုံးအိမ်ကဲ့သို့ ဇိမ်ခံပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းဟူသည်ကား စုချန်းကဲ့သို့ ငွေကြေး ကြွယ်ဝချမ်းသာသူများ၏ အလုပ်သာတည်း။
ချီမင်းဖန်၏ ထိုစကားကို ကြားသောအခါ စုချန်းက ရယ်မောရင်း ပြောလိုက်၏။
"အဲဒီလိုမှန်းသိရင် ခင်ဗျားအတွက်လဲ ကျုပ် ပိုယူလာပါတယ်ဗျာ"
"နေပါစေကွာ ကျုပ်က အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပဲဟာကို ဒီလောက်လေးက ကျုပ်အတွက် ပြသနာမဟုတ်ပါဘူးလေ"
စကားဆုံးသည်နှင့် ချီမင်းဖန်က မြေကြီးကို လက်ညိုးနှင့် ညွှန်လိုက်ရာ မြေပြင်သည် တမုဟုတ်ချင်းပင် အပေါ်သို့ တိုးထွက်လာပြီ အိမ်တလုံးပုံစံအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် အနည်းငယ် ကြမ်းတမ်းနေသည်မှအပ စုချန်း၏ ကျောက်တုံးအိမ်နှင့် အတော်ပင် တူလှသည်။
စုချန်း အံ့သြသွား၏။
"ခင်ဗျားလို မိုးသခင်ကြီးဟာ ပထဝီအမျိုးအစား မူလစွမ်းရည်ကိုပါ ကျွမ်းကျင်နေလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး"
မြေစိုင်မြေခဲများအား အိမ်တလုံးပုံစံအဖြစ် ဖန်တီးရသည်မှာ အပြင်ပန်းကြည့်လျင် လွယ်ကူသည်ဟု ထင်စရာရှိသော်လည်း အထူးတလည် ထိန်းချုပ်နိုင်စွမ်းရှိမှ လုပ်ဆောင်နိုင်သည့်အရာမျိုး ဖြစ်လေရာ ထင်သလောက် မလွယ်လှချေ။
ဥပမာအားဖြင့် လှိုင်းတံပိုးတခု ဖန်တီးခြင်းမှာ လွယ်ကူသော်လည်း ရေတစက်စီတိုင်းကို မိမိ အလိုရှိသော ပုံစံမျိုး ဖြစ်ပေါ်လာစေရန် ဖန်တီးပေါင်းစပ်ရခြင်းမှာ မလွယ်ကူသကဲ့သို့ပင် ဖြစ်သည်။
စုချန်း၏ ချီးမွမ်းမှုကြောင့် ချီမင်းဖန် ပြုံးလိုက်၏။
"သာမာန်စွမ်းဆောင်နိုင်မှုလေးပါပဲကွာ မပြောပလောက်ပါဘူး"
ထိုအချိန်တွင် ကျန်လူများကား သူတို့၏ ရွက်ဖျင်တဲအသီးသီးကို ဆောက်လုပ်ပြီးစီးသွားကြလေပြီ။။
ညသည် ပို၍ နက်လာ၏။ လေမှာ ပြင်းပြင်းထန်ထန် တိုက်ခတ်နေသည်။ အပြင်ဘက်တွင် အရိုးကွဲအောင် အေးခဲနေသော်လည်း ကျောက်တုံးအိမ်အတွင်းတွင်တော့ နွေးထွေးနေ၏။
စုချန်းကား မအိပ်နိုင်သေး။ အလွန်လတ်ဆတ်သော သွေးပုလင်းငယ်တလုံးကိုကိုင်ကာ ခွဲခြမ်းစိတ်ဖြာလျက်ရှိသည်။ သူ၏ ပရမတ်မျက်လုံးများအောက်ဝယ် သွေးအတွင်းရှိ လျှို့ဝှက်နက်နဲမှုများ မှန်သမျှသည် တဖွားဖွားနှင့် ပေါပေါက်လျက်ရှိ၏။
ထိုသွေးမှာ ဟေးစု၏ သွေးပေတည်း။
တကယ်တော့ စုချန်းသည် သူ့လမ်းခရီးတလျှောက်တွင် ကြုံတွေ့ခဲ့သမျှ သွေးဗီဇအဖုံဖံကို သုတေသန ပြုလုပ်လျက်ရှိသည်။ ယခုတကြိမ် သူ၏ ပစ်မှတ်သစ်ကတော့ မျက်နှာတထောင်သားရဲသွေးဗီဇပင် ဖြစ်သည်။
ထောင်နှင့်ချီသော စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် စုချန်း၏ သုတေသနနည်းလမ်းများငည် အလွန်ပင် စနစ်ကျလာခဲ့လေပြီ။
ယခုလည်း စုချန်းသည် သွေးအတွင်း ကိန်းအောင်းနေသော မူလပစ္စည်းကို ပထမဆုံး ရှာဖွေလိုက်၏။ ထို့နောက် ထိုမူလပစ္စည်း ကိုယ်တွင်းဝယ် မည်သို့မည်ပုံ အသုံးတော်ခံနေကြောင်းကို နည်းလမ်းပေါင်းစုံသုံးကာ လေ့လာ၏။ နောက်ဆုံးတွင်တော့ သူသည် ထိုမူလပစ္စည်းကို သီးသန့်ခွဲထုတ်ကာ ကိုယ်တိုင်အသုံးချနိုင်လာခဲ့လေသည်။
၎င်းမှာ စုချန်း၏ ကံဇာတာနှင့်လည်း ဆိုင်နေ၏။ ဤစမ်းသပ်မှုတွင် စုချန်း ကံကောင်းသွားပုံရသည်။ သွေးဗီဇ၏ အရေးကြီးဆုံးသော မူလပစ္စည်းအား အလွယ်တကူပင် ရှာတွေ့နိုင်ခဲ့သည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ငယ်သံပါအောင် အော်ဟစ်သံကြီးကို စုချန်း ကြားလိုက်ရသည်။
အား!!!!!
ညတစ္ဆေ၏ အော်သံပေတည်း။