ကောင်းချန်းအား ပညာပေးလိုက်ခြင်း
Vol. 51 Ch. 510
အိပ်မပျော်သေးသူမှာ စုချန်းတယောက်သာ ရှိနေသောကြောင့် အပြင်သို့ ပထမဆုံး ရောက်လာသူမှာလည်း သူသာလျင် ဖြစ်နေသင့်၏။
သို့သော် ညတစ္ဆေ၏ ကျောက်တုံးအိမ်ရှေ့အရောက်တွင် မတ်တပ်ရပ်နေသူတယောက်ကို စုချန်း မြင်တွေ့လိုက်ရသည်။
ချီမင်းဖန်ပေတည်း။
သူက အိမ်ရှေ့တံခါးကို လက်ဝါးနှင့် ဝုန်းခနဲ ရိုက်ချလိုက်၏။
အိမ်ထဲတွင် ညတစ္ဆေအပြင် နောက်ထပ် လူတယောက် ရှိနေ၏။ ကောင်းချန်းပင် ဖြစ်သည်။ ၎င်းသည် ညတစ္ဆေ၏ ရှေ့တွင် မတ်တပ်ရပ်လျက်ရှိသည်။ ထိုအချိန်တွင် ညတစ္ဆေသည် ရေခွဲအပ်ကို အသင့်အနေနှင့် ကိုင်ကာ ကောင်းချန်းအား သတ်ဖြတ်လိုသော အမူအရာနှင့် စိုက်ကြည့်လျက်ရှိ၏။ ညအိပ်ဝတ်ရုံမျှသာ ဝတ်ဆင်ထားခြင်းကြောင့် ညတစ္ဆေ၏ ဖြူဖွေးသော ပုခုံးသားများမှာ အတိုင်းသား ပေါ်လွင်လျက်ရှိသည်။
၎င်းကို မြင်သည်နှင့် ချီမင်းဖန်၏ မျက်နှာ မဲခနဲ ဖြစ်သွားလေသည်။
"ကောင်းချန်း မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"ဘာမှမလုပ်ပါဘူးဗျာ အပြင်မှာ အေးလာလို့ အထဲမှာဆိုရင် နွေးများနွေးနေမလားလို့ ဝင်လာတာ"
ချီမင်းဖန်၏ မေးခွန်ကို ပြန်ဖြေလိုက်သော ကောင်းချန်း၏ လေသံမှာ သိပ်မူမမှန်လှ။
"ခွေးမသား"
ချီမင်းဖန် အော်ဆဲလိုက်သည်။ ကောင်းချန်း ဘာလုပ်ရန် ကြိုးစားနေမှန်း သူ ကောင်းကောင်းသဘောပေါက်ထားသည် မဟုတ်ပါလား။ အနှီ သကောင့်သားကား တဏှာကောင် ဖြစ်သည်။
လေထဲတွင်လည်း ထူးဆန်းသော မွှေးရနံ့တမျိုး ပျံ့လွင့်နေ၏။ သူတပါး၏ စိတ်ကို ပြောင်းလဲသွးစေတတ်သော ရနံ့တမျိုးပင်။ ငမိုက်သားကောင်းချန်းကား ညတစ္ဆေကို ဆေးခတ်ရန် ကြံစည်မှန်း ယုံမှားသံသယဖြစ်နေစရာ မလိုတော့။ အကြောင်းတခုခုကြောင့် ၎င်း၏ ဆေးက ညတစ္ဆေအပေါ် သက်ရောက်မှုမရှိပဲ ဖြစ်သွားပုံရသည်။ ထို့ကြောင့် သူမ အချိန်မီ အော်ဟစ်လိုက်နိုင်ခြင်းပင်။
"နားလည်မှူလွဲတာ ဖြစ်ပါလိမ့်မယ် အစ်ကိုချီ ဒီလောက်လဲ အရေးတယူ လုပ်နေစရာ မလိုပါဘူးဗျာ"
တစုံတယောက်က ကြားဝင်ဖြောင်းဖြလိုက်သံ ပေါ်လာ၏။ ၎င်းအသံကို ကြားရသောအခါ ချီမင်းဖန် ပို၍ ဒေါသထွက်လာ၏။
လှည့်ကြည့်နေစရာမလိုပဲ ကြားဝင်ပြောဆိုလိုက်သူမှာ ချိရှမ်းယွမ်မှန်း ချီမင်းဖန် အလိုအလျောက် သိနေ၏။
ချိရှန်းယွမ်ကား စကားများများ ပြောတတ်သူမဟုတ်။ ယုတ်စွအဆုံး အနောက်လိုင်နာရဲတိုက်အတွင်းသို့ ဝင်ရောက်မည့်အစီအစဥ်အကြောင်း ဆွေးနွေးစဥ်ကပင် ၎င်းက တခွန်းမှ ဝင်မပြောခဲ့။ သို့သော် ကောင်းချန်းနှင့် ပတ်သက်လျင်တော့ ၎င်း နေသာတော့ဟန်မတူချေ။
ကောင်းချန်းအား ကာကွယ်ရန်မှာ ၎င်း၏ အဓိကတာဝန် ဖြစ်နေသည် မဟုတ်ပါလား။
ချီမင်းဖန် ဒေါသတကြီးနှင့် ပြန်အော်လိုက်၏။
"နားလည်မှုလွဲတာ ဟုတ်လား မင်းက ကျုပ်ကို လူမိုက်များ ထင်နေသလား မင်း....."
"မိုးသခင်ကြီးခင်ဗျာ ဆရာချိက နားလည်မှုလွဲတယ်ဆိုတော့ ပြသနာကို အကျယ်ချဲ့မနေပါနဲ့ နားလည်မှုလွဲတယ်ပဲ ထားလိုက်ပါတော့"
စုချန်းက ရုတ်တရက် ဝင်ပြောလိုက်၏။
မမျှော်လင့်သော စကားကြောင့် ချီမင်းဖန် ကြောင်သွား၏။
စုချန်းနှင့် ညတစ္ဆေအကြား ဆက်နွယ်မှုကို သူ ကောင်းကောင်း သဘောပေါက်ထားသည် မဟုတ်ပါလား။ ဤနှစ်များတွင် ညတစ္ဆေသည် စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ကြားခံဆက်သွယ်ရေးသဖွယ် တာဝန်ထမ်းဆောင်ခဲ့ရ၏။ စုချန်း၏ ခြေမြန်တော်သဖွယ် ဖြစ်နေခြင်းကြောင့် သူမ၏ အဓိကအလုပ်ဖြစ်သော လုပ်ကြံသတ်ဖြတ်ခြင်းကိုပင် ညတစ္ဆေ မလုပ်နိုင်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ဤအနေအထားတွင် စုချန်း ဘာကြောင့် ဤစကားမျိုးပြောမှန်း ချီမင်းဖန် နားမလည်နိုင်တော့။
ထိုအချိန်မှာပင် စုချန်းသည် ညတစ္ဆေထံသို့ လျှောက်သွားပြီး သူ့အပေါ်ဝတ်ရုံကို သူမအား ခြုံပေးရင်း မေးလိုက်သည်။
"ခင်ဗျား အဆင်ပြေရဲ့လား"
ညတစ္ဆေ ခေါင်းခါပြလိုက်၏။ ထို့နောက် သူမက ကောင်းချန်းအား ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒီလူ ကျွန်မကို အသားယူဖို့ ကြိုးစားတယ်"
စုချန်းက ငြင်သာသော လေသံနှင့် ပြောလိုက်၏။
"ကျုပ် သိတယ် ဒီကိစ္စကို ကျုပ်တာဝန်ထားလိုက် ဟုတ်ပြီလား"
စုချန်း၏ စကားဆိုလျင် ဘယ်တုန်းကမှ ငြင်းပယ်လေ့မရှိသော ညတစ္ဆေက ဤတကြိမ်တွင်လည်း နားထောင်လိုက်၏။
စုချန်းက ပြောလိုက်ပြန်သည်။
"အစ်ကိုကောင်းချန်းက ဒီအိမ်ကို သဘောကျတယ်ဆိုတော့ ဒီမှာပဲ နေလိုက်ပေတော့ ညတစ္ဆေကိုတော့ ကျုပ်အိမ်မှာပဲ ပေးအိပ်လိုက်မယ်"
"မင်းအိမ်မှာ ဟုတ်လား"
လူတိုင်း အံ့သြသင့်ကုန်၏။
"ဟုတ်တယ်"
စုချန်းက အလေးအနက်ပင် ထပ်ပြောလိုက်၏။
"ကျောက်တုံးအိမ်က သိပ်မကြီးပေမဲ့ လူနှစ်ယောက်တော့ ကောင်းကောင်းအိပ်လို့ရတယ် ညတစ္ဆေ ခင်ဗျားကော ကျုပ်အိမ်ထဲမှာ အိပ်နိုင်တယ်မလား"
စကားဆုံးသည်နှင့် သူက ညတစ္ဆေကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။
ညတစ္ဆေက အထစ်ထစ်အငေါ့ငေါ့လေသံနှင့် ပြန်ဖြေလိုက်၏။
"အိုး ကျွန်မ အိပ်...အိပ်နိုင်..."
"ဒါဆိုရင် ရပြီ"
စုချန်းက စကားဖြတ်ပြောလိုက်ပြီး ညတစ္ဆေကို သူ့ကျောက်တုံးအိမ်ဆီသို့ ခေါ်ဆောင်သွားလေသည်။
လူတိုင်းလိုလိုသည် သူတို့နှစ်ယောက်အား ငေးမောကျန်နေရစ်ခဲ့ကြ၏။ ဘာတွေဖြစ်ကုန်မှန်း သူတို့အားလုံး နားမလည်နိုင်ပဲ ဖြစ်နေလေသည်။
ယုတ်စွအဆုံး ချီမင်းဖန်ကိုယ်တိုင်ပင် နားမလည်နိုင်ပဲ ဖြစ်နေလေသည်။
ကောင်းချန်း ပြသနာရှာသည်ကို အခွင့်ကောင်းယူပြီး ၎င်းနှင့် တိုက်ခိုက်ရမည့်အစား စုချန်းသည် ဘာကြောင့် ညတစ္ဆေကို သူ့အိမ်ထဲ ခေါ်သွားသနည်း။ ညတစ္ဆေအပေါ် အခွင့်အရေး ယူချင်၍ပေလော။
မဖြစ်နိုင်ဘူး...စုချန်းဟာ ဒီလို လူစားမျိုး မဟုတ်ဘူး...
သူ့အတွေးကို ချက်ချင်းဆိုသလိုပင် ချီမင်းဖန် ငြင်းပယ်လိုက်၏။ စုချန်းသာ ညတစ္ဆေအပေါ် အခွင့်အရေးယူချင်ပါက ယခုမှမဟုတ်။ ယခင်နှစ်အတော်ကြာကတည်းက အခွင့်အရေး ယူခွင့် ရှိနေသည် မဟုတ်ပါလား။
စုချန်းတွင် သီးခြားအစီအစဥ်တခု ရှိနေပေလိမ့်မည်။
အထက်ပါအတိုင်း တွေးမိပြီးသည်နှင့် ချီမင်းဖန်သည် ကောင်းချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်ကာ ပြောလိုက်၏။
"မင်း ဒီအထဲမှာ အိပ်ချင်တာမလား ခွေးမသား စိတ်တိုင်းကျသာ အိပ်ပေတော့ ဒီည ပြသနာထပ်ရှာလို့ကတော့ မင်းနဲ့ငါ တွေ့မယ်"
အထက်ပါအတိုင်း ကောင်းချန်းအား မာန်မဲပြီးသည်နှင့် ချီမင်းဖန်လည်း သူ့အိမ်ဆီသို့ ပြန်သွားလေသည်။
စုချန်းနှင့် ညတစ္ဆေသည် ကျောက်တုံးအိမ်အတွင်း လှမ်းဝင်လိုက်၏။ ထိုအချိန်တွင် ညတစ္ဆေက စုချန်းအား တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် စုချန်းက ညတစ္ဆေအား တိုးတိုးနေရန် အချက်ပြလိုက်ပြီး ရေခွက်တခွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
မျက်စေ့တမှိတ်အတွင်းမှာပင် ဗွက်ထနေသော ရေအိုင်ကွက်၏ ရေမျက်နှာပြင်သည် အရောင်တောက်ပလာပြီး ရေပေါ်တွင် ကျောက်တုံးအိမ်၏ အပြင်ဘက်ရှိ မြင်ကွင်းများ ထင်ဟပ်လာလေသည်။
ရေပြင်ပေါ်တွင် ထပ်ဟပ်နေသော မြင်ကွင်းကို ကြည့်ပြီး စုချန်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
"လေး...သုံး...နှစ်...တစ်"
စုချန်း၏ ပါးစပ်ဖျားမှာ တစ်ဟူသော အသံ ထွက်ပေါ်လာသည်နှင့် ညတစ္ဆေက နားစွင့်လိုက်သည်။ သို့သော် ပတ်ဝန်းကျင်ကား ပကတိအတိုင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
"ဘာသံမှာမကြားပါလားရှင့်"
စုချန်းက ပြန်ပြောလိုက်သည်။
"ဝုန်း လို့ ပြောကြည့်စမ်း"
"ဝုန်း"
ဝုန်း!!!!!!!!!!!
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
စုချန်းက တံခါးကို ဖွင့်ကြည့်လိုက်ရာ တဖက်ကျောက်တုံးအိမ်၏ ညတစ္ဆေ ယခင်နေခဲ့သော အခန်းဆီမှ မီးတောက်မီးလျံများ ထွက်ပေါ်နေကြောင်း တွေ့လိုက်ရသည်။
မီးလောင်နေသော အခန်းထဲမှ လူတဦး ကမူးရှုးထိုးနှင့် ပြေးထွက်လာ၏။ ထိုလူမှာ ကောင်းချန်းမှန်း မေးခွန်းထုတ်နေစရာ မလိုတော့။
ကောင်းချန်း၏ အခြေအနေမှာကား စိတ်ပျက်ဖွယ်ရာပေတည်း။ သူ့အဝတ်များနှင့် သူ သယ်ဆောင်လာသမျှ ပစ္စည်းများ အားလုံး မီးလောင်ခံလိုက်ရပြီ ဖြစ်သည်။ တခုတည်းကျန်ရစ်သော ပစ္စည်းဟူ၍ သူ့လက်ထဲတွင် ကိုင်ထားသော ပုတီးစေ့များသာ ကျန်တော့၏။ အနှီ ပုတီးစေ့များသည် သူ့အား မီးဘေးမှ ကာကွယ်မပေးနိုင်သည့်တိုင် ကောင်းချန်းကား ၎င်းပုတီးစေ့များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်ရှိလေသည်။
"ဘာဖြစ်တာတုန်းဟေ့ ဘာဖြစ်တာတုန်း"
ဆူဆူညံညံအသံများနှင့်အတူ လူတိုင်း အပြင်သို့ ပြေးထွက်လာကြ၏။
မြင်ကွင်းကြောင့် သူတို့အားလုံး အံ့သြသင့်ကုန်ကြလေသည်။
ကျောက်တုံးအိမ်တခုလုံးမှာ ပေါက်ကွဲမှုကြောင့် ပြားပြားဝပ်လျက် ရှိလေပြီ။ ကောင်းချန်း၏ တကိုယ်လုံးတွင်လည်း မီးလောင်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ ချီစွမ်းအားပညာရှင်ဖြစ်၍ အကာအကွယ်များ ရှိနေသည့်တိုင် ပေါက်ကွဲမှုက မြန်ဆန်လွန်း၍ ကောင်းချန်းအနေနှင့် ဘာမှ ပြင်ဆင်ချိန်မရလိုက်။ ထို့ကြောင့် သူအတော်လေး ခံလိုက်ရ၏။ အဆိုးဆုံးမှာကား သူ့မျက်နှာပင် ဖြစ်သည်။ သူ့မျက်နှာတခုလုံးတွင် မီးလောင်မှုကြောင့် မည်သည့်အမွှေးအမျှင်မှ မရှိတော့ပဲ ပြောင်သလင်းခါလျက် ရှိလေသည်။
စုချန်းကို မြင်သည်နှင့် ကောင်းချန်း၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။
"စုချန်း"
သူ့အနေနှင့် ရှေ့သို့တဟုန်ထိုးခုန်ဝင်ပြီး စုချန်းအား တိုက်ခိုက်ချင်လှသည်။ သို့သော် ချီမင်းဖန်က နောက်မှလှမ်းဆွဲထားလေရာ ကောင်းချန်းတယောက် ယက်ကန်ယက်ကန် ဖြစ်နေရှာ၏။
ထိုအချိန်တွင် ပေါက်ကွဲရာနေရာဆီသို့ ချိရှန်းယွမ်လည်း ရောက်ရှိလာပြီ ဖြစ်သည်။ ကောင်းချန်း၏ ပုံစံကို မြင်သောအခါ ၎င်းက စုချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါ မင်းလုပ်တာလား"
"မဟုတ်ဘူး သူ့အပြစ်နဲ့သူ ခံလိုက်ရတာပဲဗျ"
စုချန်းက ရယ်မောရင်း ပြောလိုက်၏။
"ဒီလို လူ့တရိစ္ဆာန်မျိုး မသတ်ပစ်တာနဲ့ပဲ ကျုပ်ကို ကျေးဇူးတင်ဖို့ ကောင်းနေပြီ"
"မောက်မာလှချည်လားကွ"
ချိရှန်းယွမ် ဒေါသထွက်သွားပြီး စုချန်းအား တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ချီမင်းဖန်ကား ၎င်းကို တားဆီးရန် စိတ်မကူး။ သူက အေးစက်သော လေသံဖြင့်သာ အောက်ပါအတိုင်း ပြောလိုက်၏။
"ချိရှန်းယွမ် မင်း သူ့ကို သတ်မလ်ို့လား သဘောပဲ ကျုပ် မင်းကို တားနေမှာမဟုတ်ဘူး ဒါပေမဲ့ သူဟာ ဘယ်လိုလူစားမျိုးလဲ ကျုပ်တို့ရှင်သန်ခြင်းကျောင်းတော်အပေါ် ဘယ်လိုအကျိုးဆောင်ပေးခဲ့သလဲဆိုတာတော့ မင်းကို သတိပေးနေစရာ မလိုတော့ဘူး ထင်တယ် မင်း တကယ်ပဲ သူ့ကို သတ်ရဲသလား သူ့ကို ထိတဲ့နေ့ဟာ မင်းအတွက် သေနေ့စေ့တဲ့နေ့ပဲ မင်းဟာ ဒီလောက်ထိ မိုက်မဲမဲ့လူစားမျိုးမဟုတ်ဘူးလို့ ကျုပ် ထင်တယ်"
ချီမင်းဖန်၏ စကားကြောင့် ချိရှန်းယွမ် တွေခနဲ ဖြစ်သွားသည်။ အမှန်တကယ်လည်း သူ စုချန်းကို သတ်မပစ်ရဲ။ ခြောက်လှန်ရုံမျှသာ ခြောက်လှန့်ရဲလေသည်။
ထိုအခါ ချိရှန်းယွမ်က အသက်ကို ဝအောင် ရှူသွင်းပြီး ပြောလိုက်သည်။
"ဒီတခါတော့ ကျုပ် မင်းကို လွှတ်ပေးလိုက်မယ် ဒါပေမဲ့ စုချန်း မင်း သိထားပါ နောက်တခါ ကောင်းချန်းကို ထိတာနဲ့ ကျုပ် ယဥ်ကျေးနေတော့မှာ မဟုတ်ဘူး"
စုချန်းက မဲ့လိုက်သည်။
"ကျုပ်ကို ဒီလိုခြိမ်းခြောက်လို့ကတော့ အလကားပေါ့ဗျာ ခင်ဗျားအနေနဲ့ ကိုယ့်လူကိုပဲ ကိုယ် သတိပေးထားသင့်တယ် သူ နောက်တခါ ညတစ္ဆေကို လက်ဖျားနဲ့ တို့ရဲတို့ကြည့် နောက်တခါ လာမဲ့ပြစ်ဒဏ်က သူ့အခန်းထဲမှာ မီးလျံစက်လုံး ထားခဲ့သလိုမျိုး ရိုးရှင်းတော့မှာမဟုတ်ဘူး ကျုပ် သူ့ငယ်ပါကို ဖြတ်ပြီး ခွေးကျွေးပစ်မယ်"
စကားဆုံးသည်နှင့် စုချန်းသည် ညတစ္ဆေကိုခေါ်ကာ ကျောက်တုံးအိမ်အတွင်းသို့ ပြန်ဝင်သွား၏။ ကျန်လူများလည်း အသီးသီး တပ်ခေါက်ကုန်ကြလေသည်။ ထိုနေရာတွင် ကောင်းချန်းနှင့် ချိရှန်းယွမ်တို့နှစ်ယောက်သာ ကျန်ရစ်ခဲ့၏။
ကောင်းချန်းက မေးလိုက်၏။
"ဘယ်လိုလုပ်လိုက်တာလဲဗျ"
ချိရှန်းယွမ် သက်ပြင်းချလိုက်သည်။
"ကျုပ် တောင်းပန်ပါတယ်ကွာ ဒါပေမဲ့ ချီမင်းဖန် ပြောတာ မှန်တယ်ကွ ကျုပ် စုချန်းကို သွားထိလို့မရဘူး သူ တခုခုဖြစ်သွားရင် အဖွဲ့က ကျုပ်ကို နုပ်နုပ်စင်းပစ်လိမ့်မယ်"
"ဒါဆိုလဲ ဒီကိစ္စကို ကိုင်တွယ်ဖို့ နောက်တယောက် ခေါ်ရတော့မှာပေါ့ဗျာ"
စကားဆုံးသည်နှင့် ကောင်းချန်းသည် သူ့လက်ထဲရှိ ပုတီးစေ့ကို မူလစွမ်းအင် ဖြည့်သွင်းလိုက်၏။
တချိန်တည်းမှာပင် လေထဲ၌ မရေမတွက်နိုင်သော မျက်နှာများ ပေါ်ပေါက်လာလေသည်။
ကောင်းချန်းက ထိုအထဲမှ တယောက်ကို လက်ညိုးထိုးပြီး ပြောလိုက်၏။
"ဖန်းစီဟွာ ချောက်နက်ကျွန်းကို အမြန်ဆုံး လာခဲ့ဗျာ ကျုပ်မှာ ခင်ဗျားအတွက် တာဝန်တခု ရှိတယ်"