← Chapters

ဆရာသိမ်းငှက်ရဲ့အဆင့်ကို ခြိမ်းခြောက်လာခြင်း

Vol. 020 Ch. 1931

ဆရာသိမ်းငှက်ရဲ့အဆင့်ကို ခြိမ်းခြောက်လာခြင်း

Vol. 020 Ch. 1931

အရှေ့နတ်ဘုရားဂိတ်ရှေ့တွင် လူတစ်စု ရပ်နေသည်။ ရီဖူရှင်းနှင့် တခြားလူရှစ်ယောက်အပြင် သူတို့ခေါ်ဆောင်လာသော အဖော်များလည်း ရှိနေသည်။

အရှေ့နတ်ဘုရားပင်မကျွန်းပေါ်သို့ တက်ခွင့်ရသူများသည် အဖော်တစ်ဦး ထပ်ခေါ်ခွင့်ရှိ၏။ မှန်သည်၊ ၄င်းအဖော်များမှာ မည်သည့်အခွင့်အလမ်းမှ ရရှိမည် မဟုတ်ပေ။

“အားလုံး...ကျွန်းဆီသို့ သွားရအောင်... ကျွန်းပေါ်မှာ ရှင်တို့ကို ကြိုဆိုမယ့်လူတွေ ရှိတယ်” အရှေ့နတ်ဘုရားကျွန်းစုမှ နတ်မိမယ်က ပြောသည်။ သူတို့ရှေ့မှ အရှေ့နတ်ဘုရားဂိတ်သည် ဆန်းကြယ်သောအလင်းများ ထုတ်လွှတ်နေ၏။ လူအုပ်က ခေါင်းညိတ်သည်။ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်ကာ ဂိတ်ပေါက်ထဲကို ဝင်ကြ၏။

“ငါတို့လည်း သွားရအောင်...” ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စု ရှေ့ကို ဆက်သွားကြ၏။ သူတို့က ပုံမှန်အားဖြင့် ကျွင်းချိုးယွင်ကို ခေါ်ယူသွားကြကာ ဂိတ်တံခါးကို ဖြတ်သန်းသွားကြသည်။

အရှေ့နတ်ဘုရားဂိတ်ကို ဖြတ်သန်းပြီးနောက်တွင် သူတို့သည် လှပသာယာသော နေရာတစ်ခုသို့ ရောက်လာခဲ့ကြ၏။ သူတို့က သက်သာလန်းဆန်းသော ခံစားချက်ကို ရသည်။ မွှေးကြိုင်သော ရနံ့များက သူတို့အား ရိုက်ခတ်သွားကာ လှပသာယာသော ရှုခင်းများသည် သူတို့၏မြင်ကွင်းထဲသို့ ရောက်လာ၏။

သည်နေရာကား နတ်ဘုံအလား ထင်မှတ်ရ၏။ ကျေးငှက်တို့ အော်မြည်သံများ၊ ပန်းမင်များ၏ရနံ့များမှာ ပတ်ဝန်းကျင်၏အလှတရားကို ပြည့်စုံစေသည်။ မိန်းကလေးတစ်စု သူတို့အား စောင့်ဆိုင်းနေ၏။ တန်ခိုးရှင်များ ပေါ်ထွက်လာသည်ကို မြင်လျှင် သူတို့က ရှေ့ကို တိုးလာကာ အနည်းငယ် ဦးညွှတ်လျှက် နှုတ်ဆက်ကြ၏။

ရီဖူရှင်းက သူ့ထံသို့ ချဉ်းကပ်လာသော လှပသော အမျိုးသမီးအား ကြည့်သည်။ သူမက သိမ်မွေ့စွာ ဆိုသည် “အိမ်တော်သခင်ရီကို ဂုဏ်ပြုပါတယ်”

သူမကား ရီဖူရှင်းကို အရှေ့နတ်ဘုရားကျွန်းစုထံသို့ ဖိတ်ကြားခဲ့သော ပိုင်မုဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းပေါ်မှ လူများမှာ သည်နေရာသို့ လာရောက်နိုင်သော ကိုယ်ပိုင်နည်းလမ်းရှိကြ၏။ သူတို့က အရှေ့နတ်ဘုရားဂိတ်ကို ဖြတ်သန်းစရာမလိုပေ။

“နတ်မိမယ်က အရမ်းကြင်နာပါပေတယ်” ရီဖူရှင်းကလည်း အနည်းငယ်ဦးညွှတ်ကာ ပြောသည်။ သူမနှင့်အတူ ပါလာသော မိန်းကလေးများကလည်း တခြား ပြိုင်ပွဲဝင်များကို ကြိုဆိုကြ၏။ သို့သော်လည်း ကျန်းကျိုးမင်ကား အမှန်တကယ် ဖိတ်ကြားခံရသူထဲတွင် မပါဝင်။ သူက ကိုယ်ပိုင် သဘောဖြင့် ရောက်လာခြင်းဖြစ်သည်။

ထိုစဉ် အလွန်အမင်းလှပကာ ထူးခြားသော ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော မိန်းကလေးတစ်ဦး ရောက်ရှိလာ၏။ လှပချောမောသော အမျိုးသမီးများကြားတွင်ပင် သူမသည် ထူးခြားစွာ ပေါ်လွင်ထင်ရှားနေ၏။ သူမက ကျန်းကျိုးမင်ထံသို့ လျှောက်သွားကာ ပြောသည် “သခင်လေး ရောက်လာမယ်လို့ မထင်ထားဘူး။ ကျွန်မတို့ ဧည့်ဝတ်မကျေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်းသခင်က သခင်လေးကို အထူးတလေ ကြိုဆိုဖို့ ကျွန်မကို စေခိုင်းလိုက်ပါတယ်”

သူမ၏စကားက အနီးမှ လူများကို ထူးဆန်းသော အမူအရာများ ဖြစ်စေသည်။ ကျွန်းသခင်က ကျန်းကျိုးမင်အား အထူးတလေ ကြိုဆိုရန် သူမအား စေလွှတ်ခဲ့သည်တဲ့လား။

ဆိုလိုသည်က ကျန်းကျိုးမင်း၏နောက်ခံမှာ သာမန်မဟုတ်ပေ။

ရီဖူရှင်းကလည်း တွေးတောဟန်များ ပေါ်လာသည်။ ကျွင်းချိုးယွင်သည် ဖန်းလိုင်ကုန်းမြေ၏ထိပ်သီးအင်အားစုတစ်ခုမှ သခင်လေးဖြစ်၏။ သို့သော်လည်း အရှေ့နတ်ဘုရားကျွန်းစုသည် သူ၏သေခြင်း ရှင်ခြင်းကို သိပ်ဂရုစိုက်ဟန်မတူ။ သူတို့က ရီဖူရှင်း၏ဆုံးဖြတ်ချက်ကို ပို၍ အလေးထားဟန်ရသည်။

တစ်ဘက်တွင် ကျန်းကျိုးမင်အပေါ် သူတို့၏သဘောထားက သိသာနေသည်။ သူတို့နှစ်ဦးအကြား ကွာဟချက်က အလွန်ကြီးမား၏။

ဆိုလိုသည်က ကျန်းကျိုးမင်၏နောက်ခံသည် ကျွင်းချိုးယွင်ကဲ့သို့သော ဖန်းလိုင်ကုန်းမြေမှ သခင်လေးတစ်ဦး ယှဉ်နိုင်သည့်အရာမဟုတ်ပေ။

“ကျွန်းသခင်က အရမ်းကြင်နာပါပေတယ်။ ကျုပ်က ဒီတစ်ခေါက် မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တယ်။ ဒါကြောင့် ကျုပ်ကပဲ ခွင့်လွှတ်ဖို့ တောင်းခံရမှာပါ” ကျန်းကျိုးမင်က အပြုံးယဲ့ယဲ့ဖြင့် ပြောသည်။ သူ့တွင် လူတစ်ဘက်သားအား သက်တောင့်သက်သာဖြစ်စေသော ကိုယ်နှုတ်အမူအရာရှိ၏။

“အရှေ့နတ်ဘုရားကျွန်းမှာ အရှေ့နတ်ဘုရားတံဆိပ်ကို ပိုင်ဆိုင်သူ ဘယ်သူမဆို ကျွန်းပေါ်ကို တက်နိုင်တယ်လို့ စည်းမျဉ်းထားရှိတယ်။ သခင်လေးကျန်းက ဒီကိစ္စအတွက် တောင်းပန်စရာမလိုပါဘူး။ အရှေ့နတ်ဘုရားကျွန်းစုက သခင်လေးရောက်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်နေတာပါ” အမျိုးသမီးက ယှဉ်ကျေးပျူငှာစွာ ဆိုသည်။

ထိန်းချုပ်ခံထားရသော ကျွင်းချိုးယွင်သည် သူတို့နှစ်ယောက် ပြောစကားများကို ကြားလျှင် သူ၏နှလုံးက အေးစက်သွားသည်ဟု ခံစားရသည်။ သည်နေရာကား သူ အမြဲလာလိုသော နေရာဖြစ်သည်။ သို့သော်လည်း သူက ဤသို့သော နည်းလမ်းဖြင့် ရောက်လာမည်ဟု မထင်ထား။

သို့သော်လည်း ပို၍ အရှက်ရစရာကောင်းသည်ကား သူ ကျွန်းပေါ်သို့ ရောက်လာသည့်တိုင် အရှေ့နတ်ဘုရားကျွန်းပေါ်မှ လူများက သူ၏အခြေအနေကို တစ်ခွန်းတလေမျှ မမေးကြ။ သူတို့က တခြားတစ်ယောက်ကိုသာ အရေးတယူ ပြုနေကြ၏။

“နတ်မိမယ်ပိုင်... ကျွန်းကလန်ကို ထောက်ထားပြီးတော့ ကျုပ်ကို ကျွန်းပေါ်က ထွက်သွားခွင့်ပေးနိုင်မလား” ကျွင်းချိုးယွင်က တောင်းဆိုသည်။ သူ၏လေသံကား အလွန်တရာ အားနည်းကာ ဖျော့တော့သည်။ သူသည် သူ့အား လွှတ်ပေးရန် အရှေ့နတ်ဘုရားကျွန်းစုပေါ်မှ လူများကို တောင်းပန်နေခြင်းဖြစ်သည်။

ကျွင်းချိုးယွင်သည် ပိုင်မု၏ဖိတ်ကြားမှုဖြင့် ရောက်လာခြင်းဖြစ်သည်။ သူက ပိုင်မုအား မုန်းတီးသည်။ အကယ်၍ အရှေ့နတ်ဘုရားကျွန်းအပြင်ဘက်၌ ပိုင်မုကသာ သူ့အား မတားဆီးခဲ့လျှင် သူက ရီဖူရှင်း၏စွမ်းရည်အဆင့်အတန်းကို သိခဲ့မည်ဖြစ်သည်။ ဖန်းလိုင်ကုန်းမြေ၌ သူ မည်သည့်အရာများကို လုပ်သည်ဖြစ်စေ၊ ဤသို့သော ဆိုးဝါးသော အခြေအနေသို့ ကျရောက်မည် မဟုတ်ပေ။ ကုန်းမြေပေါ်၌ ရီဖူရှင်းသည် မရှုမလှ သေဆုံးရပေမည်။

သို့သော်လည်း ပိုင်မုကြောင့် သူသည် ရီဖူရှင်းအား ထွက်ပေါက်ပေးမိသကဲ့သို့ ဖြစ်သွားသည်။ အကျိုးဆက်အနေဖြင့် သူသည် ရီဖူရှင်း၏ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။

သို့သော်လည်း သူမကို မုန်းတီးခြင်းက သူ့စိတ်ထဲတွင် လောင်မြိုက်နေသော်လည်း သူက တောင်းပန်တိုးလျှိုးနေရ၏။ သူ၏အမုန်းတရားကို မထုတ်ဖော်ရဲပေ။ လက်ရှိတွင် သူ၏သေခြင်းရှင်ခြင်းက ရီဖူရှင်း၏လက်ထဲတွင်ဖြစ်သည်။ အကယ်၍ အရှေ့နတ်ဘုရားကျွန်းစုကသာ သူ့အား ကူညီပေးမည်ဆိုပါက ရီဖူရှင်းလက်ထဲမှ သူ လွတ်မြောက်နိုင်၏။

ပိုင်မုက ကျွင်းချိုးယွင်အား ကြည့်သည်။ သူမကား အမှန်တကယ် ခက်ခဲသော အခြေအနေနှင့် ကြုံနေရ၏။ သူမက ကျွင်းချိုးယွင်အား ဖိတ်ကြားခဲ့ကာ သူ၏အဆင့်အတန်းကလည်း မြင့်မားသည်။ သူသည် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခု၏သခင်လေးဖြစ်၏။ တခြားသော အခြေအနေတွင် သူမက ကျွင်းချိုးယွင်အား သေချာပေါက် ကူညီပေမည်။ သို့သော်လည်း ကျွင်းချိုးယွင်က ရီဖူရှင်းအား တမင် ပြဿနာရှာနေခဲ့ကာ လက်ရှိရလဒ်ကို ဖြစ်ပေါ်စေသည်။

ယခု ရီဖူရှင်းသည် ကျွန်းသခင်ကိုယ်တိုင်က အလေးထားသူ ဖြစ်လာသည်။ သူမက ကျွင်းချိုးယွင်၏ကံကြမ္မာကို ဂရုမထားနိုင်တော့။

သူမက ယခုမှ ရောက်လာသော အမျိုးသမီးအား ကြည့်သည်။ ထိုအမျိုးသမီး၏လှပသော မျက်လုံးများက ကျွင်းချိုးယွင်ထံသို့ ရောက်လာသည်။

“ခင်ဗျားက နတ်မိမယ်ဟွမ်လား...” ကျွင်းချိုးယွင်က ထိုအမျိုးသမီးအား ကြည့်ကာ ညင်သာစာ မေးသည်။ နတ်မိမယ်ဟွမ်ကား ကျွန်းသခင်၏အနှစ်သက်ဆုံး တပည့်တစ်ဦးဖြစ်သည်။ သူမ၏အဆင့်အတန်းသည် တခြားလူများထက် မြင့်၏။

နတ်မိမယ်ဟွမ်က ကျွင်းချိုးယွင်ကို ကြည့်ကာ ပြောသည် “အရှေ့နတ်ဘုရားကျွန်းစုရဲ့စည်းကမ်းကို သခင်လေးကျွင်း သိမယ်ထင်ပါတယ်။ ရှင်က ကျွန်းပေါ်ကို တက်ကတည်းက ရှင့်ရဲ့ သေခြင်းရှင်ခြင်းဟာ ကံကြမ္မာအလိုတိုင်းပဲဆိုတာ ရှင်တို့ သဘောထူပြီးသားပဲ။ ရှင့်ကို မကူညီနိုင်တဲ့အတွက် ခွင့်လွှတ်ပေးစေချင်ပါတယ်”

ကျွင်းချိုးယွင်၏မျက်နှာက သွေးဆုတ်သွားသည်။ သူကား ကူရာမဲ့သော ခံစားချက်ကို ရလာ၏။ သည်နေရာတွင်ပင် အရှေ့နတ်ဘုရားကျွန်းစုက ဝင်မစွက်ဖက်တော့ပေ။

ဒီခွေးမတွေ...။

ရီဖူရှင်းက ပိုမိုထူးချွန်သည့်အတွက် သူတို့က ကျွင်းကလန်ကို အပြစ်လုပ်ရဲသည်လား။

မည်သို့ဆိုစေ ကျွင်းကလန်သည် ဖုန်းလိုင်ကုန်းမြေ၌ ထိပ်သီးအင်အားစုတစ်ခုဖြစ်သည်။

ရီဖူရှင်းက မည်သည့်စကားမှ မဆိုသေးပေ။ ကျွင်းချိုးယွင်က တောင်းပန်တိုးလျှိုးလိုလျှင်လည်း သူက လွှတ်ပေးထားမည်ဖြစ်သည်။ တချိန်တည်းတွင် သူက အရှေ့နတ်ဘုရားကျွန်းစု၏သဘောထားကိုလည်း စောင့်ကြည့်နေသည်။ နတ်မိမယ်ဟွမ်၏စကားကိုကြားလျှင် သူတို့က ကျွင်းကလန်ကို ဂရုမစိုက်ကြောင်း သူ ခန့်မှန်းသိရှိရ၏။

အရှေ့နတ်ဘုရားကျွန်းစုသည် လူအများ ခန့်မှန်းသည်ထက် ပိုမို အင်အားကြီးမားနိုင်၏။

“အားလုံး ကျွန်းပေါ်ကို တက်ကြပါ” နတ်မိမယ်ဟွမ်က ပြောကာ လူအုပ်ကို ဦးဆောင်ကာ ခေါ်သွား၏။ သူမက ကျန်းကျိုးမင်ကို အဖော်ပြုကာ စကားစမြည် ပြောသည်။ တခြားလူများတွင်လည်း ကိုယ်စီ နတ်မိမယ်များ အဖော်ပြုပေးကြ၏။ ပိုင်မုက ရီဖူရှင်းဘေးတွင် လမ်းလျှောက်ကာ ပြောသည် “အိမ်တော်သခင်ရီရဲ့ စွမ်းဆောင်ရည်က တကယ် ထူးခြားကောင်းမွန်လှတယ်”

“နတ်မိမယ်က ချီးကျူးလွန်းပါပြီ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ အရှေ့နတ်ဘုရားကျွန်းပေါ်တွင် ဖြစ်ပျက်သမျှက သူတို့၏မျက်လုံးမှ လွတ်မြောက်မည် မဟုတ်ပေ။

ထိုအခိုက်တွင် အဝေးမှ လူရိပ်တစ်ခု ပျံသန်းလာသည်။ သူမကား အနီစွေးစွေးဝတ်စုံကို ဝတ်ဆင်ထားကာ ထူးခြားဆန်းကြယ်သော အရှိန်အဝါရှိ၏။ မမြင်သော အပူလှိုင်းများ သူမထံမှ ထုတ်လွှတ်နေသည်။

“စီဖုန်း...” နတ်မိမယ်ဟွမ်က သူမအား မြင်လျှင် ပြုံးသည်။ ရောက်လာသူကား ရီဖူရှင်းက ဝူထုံကျွန်းတွင် တွေ့ခဲ့သော ဖီးနစ်ဖြစ်သည်။

စီဖုန်း၏အကြည့်က ရီဖူရှင်းထံသို့ ရောက်နေသည်။ သူမက ရှေ့ကို တက်သွားကာ ရီဖူရှင်းဘေး၌ ရပ်၏။ ထိုအဖြစ်က အားလုံး၏အမူအရာကို ထူးဆန်းစေသည်။

“သူမက ဖီးနစ်အရှင်ရဲ့မျိုးဆက်လား” ကျန်းကျိုးမင်က မေးသည်။ နတ်မိမယ်ဟွမ်က ခေါင်းညိတ်ကာ ပြောသည် “စီဖုန်းက ဖီးနစ်အရှင်ရဲ့သမီးပဲ”

ကျန်းကျိုးမင်က စီဖုန်းအား လေးနက်စွာ ကြည့်သည်။ စီဖုန်းကလည်း ကျန်းကျိုးမင်ကို ပြန်ကြည့်၏။ သူမ၏မျက်လုံးများတွင် ကြောက်မက်ဖွယ် နတ်မိးတော်များ ရှိနေသည်။ ထိုအဖြစ်က ကျန်းကျိုးမင်၏မျက်လုံးများကို အမှန်တကယ် နာကျင်စေသည်။

ယခင်က ဖီးနစ်အရှင်သည် ဝူတုံနတ်မီးတောက်အား ကျင့်ကြံသည်။ ၄င်းမီးတောက်ကား သေခြင်းရှင်ခြင်းဓာတ်သဘောဝပါဝင်သော မီးတောက်ဖြစ်သည်။ ယခု စီဖုန်းသည် ၄င်းမီးတောက်အား ဆက်ခံကျင့်ကြံ၏။ သူမ၏အလားအလာကား ကြောက်မက်ဖွယ်ကောင်းသည်။

“ကျုပ်ကလန်က စီနီယာတွေဟာ ဖီးနစ်အရှင်ကို အရမ်းလေးစားသူတွေ ဖြစ်တယ်” ကျန်းကျိုးမင်က တိုးညင်းစွာ ပြောသည်။ သူက စီဖုန်းကို ကြည့်သည် “နောက်ပိုင်း အခွင့်အရေးရရင် နတ်မိမယ်စီဖုန်းက ကျန်းကလန်ကို လာလည်ပတ်နိုင်ပါတယ်”

စီဖုန်းက ကျန်းကျိုးမင်းကိုကြည်ကာ ဘာမှ မပြောပေ။ ကျန်းကျိုးမင် မည်သူဖြစ်သည်ကိုပင် သူမ မသိပေ။

“စီဖုန်း... သခင်လေးကျန်းဟာ ရှေးဟောင်းတော်ဝင်ကျန်းမိသားစုကပဲ။ နောက်ပိုင်း နင် အခွင့်အရေးရရင် သူတို့ကလန်ကို သွားလည်သင့်တယ်” နတ်မိမယ်ဟွမ်က ရှင်းပြသည်။ ပတ်ဝန်းကျင်မှ လူများအားလုံး အံ့အားသင့်သွားကြ၏။ မျိုးရိုးနာမည်ကျန်းကား အမှန်တကယ်ပင် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သော ရှေးဟောင်းတော်ဝင်ကျန်းမိသားစုမှ ဖြစ်နေသည်။

သူသည် ထိုနေရာမှ ဖြစ်သည်လား။ စန့်ကွမ်းချိုးရယ်ကား အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ကျန်းကျိုးမင်၏နောက်ခံကို ခန့်မှန်းရန် ကြိုးစားခဲ့သည်။ ယခု သူ၏နောက်ခံကို ကြားသိရရင် သူမ၏စိတ်နှလုံး တုန်ခါရ၏။ ရှေးဟောင်းတော်ဝင်ကျန်းမိသားစုကား ယခင် အရှေ့နတ်ဘုရားကျွန်းစု အင်အားကြီးစဉ်ကထက် အားမနည်းပေ။ သူတို့ကား ဧရာမ တည်ရှိမှုကြီးဖြစ်၏။ လက်ရှိတွင် သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုထက်ပင် ပို၍ အင်အားကြီးသေးသည်။

ထောင်ပေါင်းများစွာသော ကုန်းမြေမှ တန်ခိုးရှင်များသည် ဤနေရာသို့ လာရောက်ကာ အတွေ့အကြုံရှာကြသည်။ သူတို့က မဟာလမ်းစဉ်၏အခွင့်အလမ်းများကို စူးစမ်းလေ့လာကြ၏။ သို့သော် ရှေးဟောင်းတော်ဝင်မိသားစုကား ထိုသို့သော အရာများကို မလိုအပ်ပေ။ သူတို့တွင် အလွန်ကြွယ်ဝသော အခွင့်အလမ်းများနှင့် အရင်းအမြစ်များရှိ၏။ တန်ဖိုးကြီးဆေးဝါးများနှင့် ပညာရပ်များမှာ ရှေးဟောင်းတော်ဝင်မိသားစုအတွက် တန်ဖိုးမကြီးပေ။

စန့်ကွမ်းချိုးရယ်၏မျက်လုံးများမှ အပြောင်းအလဲများကို အကဲခတ်ကာ ရီဖူရှင်းကလည်း အခြေအနေကို နားလည်လိုက်၏။ သို့ဆိုလျှင် ကျန်းကျိုးမင်ကား ရှေးဟောင်းတော်ဝင်မိသားစုမှ ဖြစ်သည်။

“ကျွန်းသခင်က ရှင်နဲ့အတူ ကျွန်းက ထွက်ခွာပြီး လေ့ကျင့်ဖို့ ကျွန်မကို ခွင့်ပြုပြီးပြီ” စီဖုန်းက ရီဖူရှင်းဘေးတွင်ရပ်ကာ တီးတိုးပြောသည်။ ထိုအဖြစ်က စန့်ကွမ်းချိုးရယ်၏အတွေးများကို အေးခဲရပ်တန့်သွားစေသည်။

အရှေ့နတ်ဘုရားကျွန်းစုပေါ်သို့ လာရောက်သည့်ခရီးကား ထူးခြားဆန်းပြားမှုများဖြင့် ပြည့်နေသည်။

ဦးစွာ ကျွင်းချိုးယွင်၏ကျင့်ကြံခြင်း ဖျက်ဆီးခံရ၏။ ပြီးနောက် ရှေးဟောင်းတော်ဝင်မိသားစုမှ ကျန်းကျိုးမင်နှင့် တွေ့ရသည်။ ယခု ဝူထုံကျွန်းမှ ဖီးနစ်သည် ရီဖူရှင်းနောက်သို့ လိုက်ပါလို၏။

ဘာဖြစ်နေသနည်း။

သူမသည် ဝူထုံကျွန်းမှ အဆင့်ရှစ်ရန်ဟောင်များပင် မယှဉ်နိုင်သော တည်ရှိမှုများဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ဝူထုံမီးတော်ကို တပ်မက်ခဲ့ကြသော်လည်း မည်သူမှ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။

ယခု ထိုနတ်ငှက်သည် ရီဖူရှင်းနှင့်အတူ လိုက်ပါလေ့ကျင့်မည်ဟု ပြောနေသည်။

စန့်ကွမ်းချိုးရယ်၏လှပသော မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်နေသည်။ ရီဖူရှင်းက မည်သို့ တုန့်ပြန်မည်ကို သူမ သိလို၏။

တချိန်တည်းတွင် သူတို့နောက်မှ သိမ်းငှက်နက်၏အမွှေးအမျှင်များအားလုံး ထောင်တက်သွား၏။ ဆရာသိမ်းငှက်၏နေရာကား ခြိမ်းခြောက်ခံရလေပြီ။

***

All Chapters