နတ်ဆိုးဘုရင် ယွမ်မိုရှင်း။
Vol. 40 Ch. 469
ဤနေရာမှနေ၍ ကောင်းကင်တွင် လွင့်မျောနေသော သွေးနီရောင်အမှုန်အမွှားနှင့် မရေမတွက်နိုင်သော ကြယ်အပိုင်းအစများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
တောင်ထိပ်သည် မူလက သံသရာ ဘုံကျောင်း၏ အရေးပါသော နေရပ်ကြီးဖြစ်ပြီး ခမ်းနားထည်ဝါသော ဘုံဗိမာန်များ၊ မဏ္ဍပ်များ၊ ဘုံကျောင်းများနှင့် အခြားသော အဆောက်အဦများ ရှိသည်။
ယခုမူကား၊ သူတို့အားလုံးသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွား ချေပြီ။
ထိုစဉ် လက်ဖဝါးရှိ ရွှေသွေးစက်ထံမှ တစ်စုံတစ်ရာကို ခံစားမိဟန်ဖြင့် တုန့်ပြန်လာ သောကြောင့် အပျက်အစီးများ၏ နက်နဲရာသို့ မော့ကြည့်လိုက်၏။
အပျက်အစီးများအတွင်း၌ ယဇ်ပလ္လင်တစ်လုံးရှိနေသည်။ ယဇ်ပလ္လင်၏ အောက်ခြေတွင် မြေအောက်သို့သွားရာလမ်း ဝင်ပေါက်ရှိ၏။
ဂူပေါက်ဝသို့ ချဉ်းကပ်သောအခါတွင် ရုတ်တရက် အေးစက်သော လေပြေများစွာ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းလာ၏။ အံ့သြစရာကောင်းသော ရေခဲဝိညာဉ်ယင်စွမ်းအင်ပေပင်။
ဤမြေအောက်လှိုဏ်ဂူထဲတွင် ရေခဲဝိညာဉ်သွေးပြန်ကြော ရှိနေသည်လော။ နတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ဆယ်ပေ။ ပေတစ်ရာ။ ပေတစ်ထောင်။
သူ့ နတ်အာရုံ၏ ကန့်သတ်ချက်သည် ပေသုံးထောင်ဖြစ်၏။ ပိုနက်နဲလာသည်နှင့်အမျှ အေးမြသော ယင်စွမ်းအင်သည် ပို၍ထူထပ်လာသည်။
“ ဟမ့် ... ။ ”
နတ်အာရုံကို ပြန်ဆုတ်ကာ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ဤနေရာသည် အလွန်ထူးခြားနေ၏။
မူလက ကိုးပေမြင့်သော ယဇ်ပလ္လင်သည် ယခုအခါ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီး အပျက်အစီးများအဖြစ် ပြိုကျကုန်သည်။
အနီးကပ်ကြည့်လျှင် ယဇ်ပလ္လင်၏ မျက်နှာပြင်တွင် နတ်ဆိုးနှင့် ဝိညာဉ်သားရဲများ ထွင်းထုထားသည်ကို မြင်ရချေ၏။
နေနှင့်လကိုမျိုချရန် ကြိုးစားနေသော ခွေးနက်တစ်ကောင်၊ အတောင်ပံများဖြန့်ထား နေသည့် မီးငှက်နှင့် နတ်တောင်ကြီးတစ်လုံးကို ထမ်းထားသော သံစားပုရွက်ဆိတ်စသည့် ကြောက်မက်ဖွယ်သားရဲများဖြစ်သည်။
၎င်းတို့အားလုံးသည် အခမ်းနားဆုံးနှင့် အကြွယ်ဝဆုံးသော အသွင်အပြင်များပြသကာ ရှေးဦးရောင်ဝါများ ဖြန့်ကျက်ထား၏။
ယဇ်ပလ္လင်ထိပ်တွင် တာအိုဝတ်လုံဖြင့် အထီးကျန်ရုပ်တုတစ်ခုရှိသည်။ ထိုရုပ်တုသည် ရှေးဟောင်းဓားတစ်လက် ကျော၌လွယ်ကာ တိမ်တိုက်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။
ကျောက်လှေကားထစ် အဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားသောအခါ တွေ့ခဲ့ရသော တံခါးစောင့်ပေပင်။
သို့သော် လက်ရှိပုံစံတွင် ထိုလူကို ရှင်းရှင်းလင်းလင်း မြင်ရ၏။ ဤသည်မှာ မျောက်ဝံမျက်နှာနှင့် လူခန္ဓာကိုယ်ဖြစ်သော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေသည်။
သံသရာဘုံကျောင်း တည်ထောင်သူသည် နတ်ဆိုးဧကရာဇ်ဖြစ်ကြောင်း သူ သိထားသည်။ ဧကရာဇ်နယ်ပယ်မှ ဒဏ္ဍာရီဆန်ဆန် ယိုသားရဲ တစ်ကောင်ပေပင်။
အမည်မှာ ယွမ်မိုရှင်းဖြစ်ပြီး ရွှေကျောက်တုံးများမှ ပေါက်ဖွားလာသော အလင်းကိုးပါးမျောက် ဖြစ်သည်။
ဉာဏ်ရည်ဉာဏ်သွေးနှင့် မွေးရာပါတာအိုအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။ ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးနှင့် ကွန်ဖြူးရှပ်ဂိုဏ်းတို့တွင် ကြီးပြင်းခဲ့၏။
အနှစ်ရှစ်ရာအတွင်း ထိုဂိုဏ်းကြီး သုံးဂိုဏ်းထံမှ လေးနက်သော အခြေခံမူများကို ပေါင်းစပ်ကာ သူ့နည်းသူ့ဟန်နှင့် လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ယူသည်။
ထို့နောက် ထောင်ပေါင်းများစွာသော နတ်ဆိုးများစုစည်းလျက် သံသရာတောင်ကို သိမ်းပိုက်ကာ ဘုံကျောင်းကြီး တည်ထောင်ခဲ့သည်။
နောက်ပိုင်းမျိုးဆက်များ၏ အမြင်တွင် အဓိကနတ်ဆိုးဂိုဏ်းသုံးခုထဲမှ တစ်ခုဖြစ်သည် အထိ သံသရာဘုံကျောင်းမှာ ကျော်ကြားလာ၏။
ကောလဟာလများအရ ယွမ်မိုရှင်းသည် အခွင့်အလမ်းတစ်ခုရရှိပြီး ကောင်းကင်ပြာဓား ဟူသော ဓားတစ်လက်ကို သန့်စင်နိုင်ခဲ့သည်။
ထိုဓားသည် အပြာရောင်သက်တံကဲ့သို့ အစွမ်းထက်ပြီး ကောင်းကင်ကိုဖြတ်တောက် ပစ်နိုင်၏။ ထို့ကြောင့် ကောင်းကင်ပြာဟု အမည်ပေးခဲ့ခြင်းပေပင်။
ထိုအချိန်က ကောင်းကင်ပြာ ဟူသည် ကောင်းကင်ဘုံရှိ ဒဏ္ဍာရီဆန်သော နယ်မြေကို ရည်ညွှန်းခဲ့သည်။
သူဖန်တီးသော သံသရာကိုးပါး ဓားသုတ္တန်သည် ကမ္ဘာတစ်ဝှမ်း လူသိများသော ဓားကျမ်းဖြစ်လာသည်။
“ ဒါဆို ... သူပဲဖြစ်ရမယ်။ ”
ယဇ်ပလ္လင်ထိပ်ရှိ ဓားတစ်လက် ကိုင်ဆောင်ထားသော တာအိုဝတ်လုံနှင့် မျောက်ဝံထံ ပြန်ကြည့်ကာ မှတ်ချက် ပေးလိုက်သည်။
“ တာအိုဘာသာ၊ နတ်ဆိုးဝါဒနဲ့ ကွန်ဖြူးရှပ်အမွေကိုဆက်ခံပြီး အဆုံးမှာတော့ ဓားတာအိုအပေါ် လိုက်စားခဲ့တာပဲ ... စိတ်ဝင်စားစရာ ကောင်းတယ်။ ”
တာအိုဂိုဏ်းတစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင်ထူးခြားပြီး အမြင့်မြတ်ဆုံးသော အမွေအနှစ်များရှိသည်။
ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးဂိုဏ်း၊ တာအိုဂိုဏ်း၊ ကွန်ဖြူးရှပ်ဂိုဏ်းနှင့် တစ္ဆေဂိုဏ်း စသည့်ကဲ့သို့ ထိပ်တန်းအင်အားစုများသည် လောက အပေါ်လွှမ်းမိုးနိုင်သော အုတ်မြစ်များရှိ၏။
ယွမ်မိုရှင်းသည် ထိုဂိုဏ်းသုံးဂိုဏ်း၏ အားသာချက်များကို ပေါင်းစပ်ကာ ဓားတာအို ဖန်တီးထား၏။
ထို့ကြောင့် ၎င်း၏ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိသည် မည်မျှစိတ်ဝင်စားစရာ ကောင်းမည်ကို မှန်းဆနိုင်ပေမည်။
အရိုင်းမြေကိုးပါး၌ပင် ထင်ရှားသော ပုဂ္ဂိုလ်အဖြစ်မှတ်ယူနိုင်၏။ တစ်ဖက်လူသည် မြင့်မားသော ရည်မှန်းချက်များရှိသည်။
ခွေးနက်၊မီးငှက်၊သံစားပုရွက်ဆိတ် စသည်တို့ကိုလေးစားခြင်း သင်္ကေတအဖြစ် သူနှင့်အတူ ရေးထွင်းထားသည်။
“ သနားစရာကောင်းလိုက်တာ၊ ဒီလိုရည်မှန်းချက် ကြီးကြီးမားမားရှိပေမယ့် အမှောင်တားမြစ်စွမ်းအားကြောင့် သံသရာ ဘုံကျောင်းဟာ အချိန်မြစ်ကြီးထဲမှာ ပျောက်ကွယ်သွားခဲ့ရပြီး ...
... ဘိုးဘွားကျောင်းဆောင်တောင် အပျက်အစီးမြေဖြစ်နေပြီ အခုအချိန်မှာတော့ မင်းကိုသိတဲ့ လူ သိပ်မရှိတော့ဘူး။ ”
စုရီ ခေါင်းခါကာ ရေရွတ်လိုက်သည်။ အချိန်သည် ကရုဏာကင်းချေသည်။ နှစ်ပေါင်း (၃၀၀၀၀) ကြာမြင့်သောအခါ အတိတ်မှ အရာအားလုံး ကွယ်ပျောက်သွားစေ၏။
စုရီသည် သူ့အကြည့်ကိုလွှဲလိုက်ပြီး ဂူဝင်ပေါက်ထံ လှမ်းမျှော်ကြည့်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာပြီး စမ်းသပ်လှေကား (၁၀၈)ထစ်တွင် ပုံသဏ္ဍာန် တစ်ခုပေါ်လာသည်။
အဆုံးတွင် ၎င်းကခါးထောက်လျက် ပတ်ဝန်းကျင်မြင်ကွင်းများအပေါ် ဝေ့ကြည့်ကာ၊
“ နောက်ဆုံးတော့ ငါလူတိုင်းကို အနိုင်ယူနိုင်ခဲ့ပြီ ... ဒီခံစားချက် အရမ်းမိုက်တယ် ကြီးကျယ်ခမ်းနားတဲ့ အရသာမျိုးပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ထို့နောက် မြေပြင်ပေါ် ထိုင်ချလိုက်ပြီး အသက်ရှုကြပ်ဟန် မျက်နှာအနည်းငယ်မျှပင် ဖြူဖျော့သွားခဲ့သည်။
အဆုံးတွင် (၁၀၈)ထပ်မှ တံခါးစောင့်ကို သတ်ခဲ့သော်ငြားလည်း ပင်ပန်းနွမ်းနယ်လှ၏။ စိတ်လျော့လိုက်ချိန်၌ အရိုး၊ ကြွက်သားနှင့် အရွတ်များ အလူးအလဲ ကိုက်ခဲလာသည်။
“ ဒါဟာ ... တကယ်ကို အံ့သြစရာ ကောင်းပြီး ကျေနပ်စရာ အရမ်းကောင်းလို့လား။ ”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ် လာသောကြောင့် ကျန်းဖူတစ်ယောက် ခေါင်းကို ဆတ်ခနဲလှည့်ကြည့်လိုက်လေသည်။
အရပ်ရှည်ပြီး ထူးကဲသော အသွင်အပြင်မျိုးဖြင့် အပျက်အစီးများထံမှ တစ်စုံတစ်ယောက် လျှောက်လှမ်းလာနေ သည်ကို မြင်လိုက်ရသည်။
အစိမ်းရောင် ၀တ်စုံသည် ကြည်လင်တောက်ပကာ လေထဲတဖျပ်ဖျပ် လွင့်နေသည်။
“ စုရီ ... မင်းဘယ်တုန်းက ရောက်နေတာလဲ။ ”
“ လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ကျန်းဖူတစ်ယောက် အနည်းငယ် မျက်ခုံးပင့်ပြီး စိတ်ရှုပ်သွားကာ အဆုံးတွင် ပျော်ရွှင်မှုများ ရုတ်ချည်းပျောက်ကွယ်သွား၏။
သူ့ကိုယ်သူ လှောင်ပြောင်သရော်ဟန် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး၊
“ မင်းအမြင်မှာ ... ဟာသဖြစ်စေလို့ တောင်းပန်ပါတယ်။ ”
“ ငါ့မှာ ဟာသဖြစ်ဖို့ အချိန်မရှိဘူး ... မင်းရဲ့အကူအညီလိုနေတာ တစ်ခုရှိတယ်။ ”
“ ငါ့အကူအညီ ... ။ ”
ကျန်းဖူက အံ့ဩသွားပြီး၊
( ကူညီပေးရအောင် ငါတို့... တစ်ယောက်နဲ့ တစ်ယောက် အရမ်းရင်းနှီးနေလား။ )
-ဟု ပြန်မေးလိုက်ချင်၏။ သို့သော် ပြုံးရယ်လျက်၊
“ တာအိုစု၊ မင်းရဲ့စကားတွေက တကယ့်ကိုနှိမ့်ချနေတယ်လို့ ခံစားရစေတယ် ငါကူညီနိုင်ရင် တကယ်ပျော်မှာပါ။ ”
“ မင်းကူညီနိုင်ပါတယ် ... ငါအခု အန္တရာယ်များတဲ့နေရာကို ဝင်သွားတော့မှာမို့ ငါ့သူငယ်ချင်းတွေကို ဂရုစိုက်ပေးစေချင်တယ်။ ”
ထိုစကားကြောင့် ကျန်းဖူတစ်ယောက် မျက်ခုံးပင့်လိုက်ပြီး၊
“ မိန်းကလေးရှင်းကျောက်နဲ့ မိန်းကလေးရှစ်ချန်လား။ ”
-ဟု ပြန်မေးလိုက်၏။
“ မှန်တယ် ... အဲဒီကောင်လေး ကောချင်ရောပဲ။ ”
“ ဒီအတွက်တော့ စိတ်ချလို့ရပါတယ် ဒါပေမယ့် ... တာအိုစု၊ မင်းငါ့အပေါ် သံသယ မဝင်ဖူးလား။”
သူတို့နှစ်ဦးကြား ဆက်နွယ်မှုမရှိဘဲ မိတ်ဆွေများကို စောင့်ရှောက်ပေးရန် စုရီမှ တောင်းဆိုနေသဖြင့် စိတ်ရှုပ်သွားစေ၏။
“ မင်း သူတို့ကို ဒုက္ခပေးမှာလား။ ”
စုရီက ပြန်မေးသည်။ ကျန်းဖူက ခေါင်းခါလိုက်ပြီး၊
“ ငါ မလုပ်ဘူး။ ”
“ ဒါကြောင့် ... မင်းကို အကူအညီတောင်းရတာပဲ မင်းငါ့ကို အချည်းနှီး ကူညီခွင့်မပေးပါဘူး ... ငါပြန်လာတဲ့အခါ ကျေးဇူးတင်ကြောင်း လာပြောမယ်။ ”
“ ဒါက ကိစ္စသေးသေးလေးပဲ သိပ်ယဉ်ကျေးနေစရာမလိုဘူး။ ”
“ မင်း ... မငြင်းခင် သေချာစဉ်းစားပါ။ ”
ဤသို့ပြောပြီးနောက် သူသည် အပျက်အစီးများဆီသို့ လှည့်ကြည့်လိုက်ကာ၊
“ ပြီးတော့ ... မင်းနဲ့တခြားသူတွေကို ဒီလှိုဏ်ဂူအနား မချဉ်းကပ်ဖို့ ငါအကြံပေးတယ် အန္တရာယ်တွေက မင်းတို့ရဲ့ခံနိုင်ရည်ထက် ကျော်လွန်နေတယ်။ ”
အသံမှာ လွင့်နေသေးသော်လည်း စုရီပုံရိပ်သည် အပျက်အစီးနယ်မြေ မြေအောက် လှိုဏ်ဂူထဲသို့ ဝင်ရောက်နေပြီဖြစ်၏။
“ အေးလိုက်တာ ... ။ ”
ကျန်းဖူတစ်ယောက် သံသယများဖြင့် လှိုဏ်ဂူသို့ လျှောက်လှမ်းသွားသည်။ သို့သော် လှိုဏ်ဂူအနားရောက်သောအခါ အအေးလှိုင်းက သူ့မျက်နှာကို ရိုက်ခတ်လာ၏။
“ ဒီနေရာက ဘာလဲ။ ”
အမူအရာသည် မသေမချာဖြစ်လာသည်။ ထို့နောက် မှာကြားချက်များအပေါ် သတိရပြီး ချက်ချင်း ပြန်ဆုတ်လိုက်၏။ နောက်ဆုံးတွင် စုံစမ်းလိုသောဆန္ဒကို စွန့်လွှတ်လိုက်ရသည်။ အန္တရာယ်များမည်မှာ သေချာနေ၏။
မဟုတ်သော် ဤစုရီသည် ဝမ်ရှင်းကျောက်တို့ကို စောင့်ရှောက်ရန် သူ့ထံ အကူအညီတောင်းမည် မဟုတ်ချေ။
“ အရင်ဆုံး ငါ့ခွန်အားကို ပြန်ယူရမယ် တခြားသူတွေ ရောက်လာတဲ့အခါ ငါ့စကားကို နားထောင်သည်ဖြစ်စေ ... မထောင်သည်ဖြစ်စေ အရေးမကြီးပါဘူး ... ငါလုပ်စရာရှိတာက ဝမ်ရှင်းကျောက်တို့ကို ဘေးကင်းစေဖို့ပဲ။ ”
အတွေးများစွာဖြင့် ကျန်းဖူတစ်ယောက် အသက်ပြင်းပြင်းရှူကာ အာရုံပျံ့လွင့်နေသော အတွေးအားလုံးကိုဖယ်လျက် ဆိတ်ငြိမ်ရာ အရပ်ကို ရှာကာ တရားထိုင်တော့၏။
“ ဟမ့် ... ဘယ်သူမှမရှိဘူးလား၊ ဒါဆို ကျန်းဖူရော နောက်ဆုံးစမ်းသပ်လှေကားမှာ ကျရှုံးခဲ့တာလား။ ”
များမကြာခင် အဝေးမှ ညည်းညူသံ ထွက်ပေါ်လာသည်။ ထို့နောက် သူမကပင်၊
“ ဒီလိုဆိုရင် ငါချီကျန့်စုက ဒီပြိုင်ပွဲမှာ အနိုင်ရသူလား ... ဟားဟားဟား ကောင်းပြီ ကျန်းဖူရဲ့စကားအတိုင်းဆိုရင် ဒီခံစားချက်က အံ့သြစရာကောင်းပြီး ခမ်းနားလွန်းတယ်။ ”
-ဟု ဆက်လက် ရေရွတ်လိုက်၏။
အဆုံးတွင် (၁၀၈)ထပ်မြောက် လှေကားထစ်တွင်ရပ်လျက် ဆံပင်တိုတိုများကို နားရွက်နောက် သိမ်းလိုက်ကာ ချီကျန့်စုမှ အပြုံးဖြင့် ခါးကျောဆန့်ထုတ်လိုက်သည်။
ဤမြင်ကွင်းကို အဝေးမှ မြင်နေရသော ကျန်းဖူက ထူးဆန်းသောအကြည့်ဖြင့် ပြုံးလိုက် လေသည်။
ဤကောင်မလေးသည် ဂုဏ်ယူရန် အလျင်လိုနေသည်။ စုရီသာမြင်သော် ရယ်စရာ ကောင်းနေပေလိမ့်မည်။
သူမ လုပ်ရပ်များသည် ထိုစဉ်က သူ့ကိုယ်သူပြန်မြင်လာမိ စေတော့၏။ မည်မျှ ရယ်စရာ ကောင်းလိုက်မည်နည်း။ အတွေးဖြင့် မထိန်းနိုင်တော့ချေ။
“ ဟား ဟား ဟား ... ။ ”
***