မင်းဒီမျဉ်းကို ဖြတ်ဝံ့ရင် ... မင်းခေါင်းကို ငါဖြတ်မယ်။
Vol. 40 Ch. 471
“ ဝူး ... ။ ”
နက်ပြာရောင် ရေခဲဝိညာဉ် ယင်စွမ်းအင်များသည် လေစီးကြောင်းကဲ့သို့ တိုးထွက်လာနေသည်။
စုရီပုံသဏ္ဍာန်သည် ရေထဲတွင် ကူးခတ်နေသော ငါးကြီးတစ်ကောင်ကဲ့သို့ ထိုစီးကြောင်းအတိုင်း ပျံသန်းနေ၏။
သူ့အရေပြားသည် လှိုင်းတစ်မျိုးဖြင့် ဖုံးလွှမ်းနေပြီး အေးခဲသောယင်စွမ်းအင်များကို ဟန့်တားပေးထားသည်။
လှိုဏ်ဂူအတွင်းသို့ ဝင်ရောက် လာနိုင်သည်နှင့် ရေခဲဝိညာဉ်ယင်စွမ်းအင်များ ပို၍သိပ်သည်းလာ၏။
ထို့ကြောင့် ဝိညာဉ်စွမ်းအင် လည်ပတ်မှုအပေါ် အလွန်အမင်း အဟန့်အတား ဖြစ်စေပြီး ဆယ်ပေအကွာအဝေးသို့သာ မြင်နိုင်ခဲ့သည်။
ဤအခြေအနေအောက်တွင် မီးလျှံရွှေမျက်လုံးဟုခေါ်သော နည်းစနစ်ကို အသုံးပြုထား၏။
ထို့ကြောင့် သူ့မျက်လုံးများသည် ရွှေအိုရောင်ဖျော့ဖျော့များ တောက်ပနေလျက် ဆန်းကြယ်သော လျှို့ဝှက်အမိန့်ပုံစံများ ရောယှက်နေသည်။
ယင်းကြောင့် မတော်တဆမှုတစ်ခု ဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်မည့် ပေတစ်ရာ အတွင်း မြင်ကွင်းများ မြင်နိုင်စေခဲ့၏။
ပေသုံးထောင်။ ပေငါးထောင်။ ပေရှစ်ထောင်။ ထိုအကွာအဝေးသို့ ရောက်သော အခါတွင် မျက်မှောင်ကြုတ်လိုက်သည်။
ရေခဲဝိညာဉ် ယင်စွမ်းအင်သည် အလွန်လေးလံသော ရေခဲစီးကြောင်းကြီးကဲ့သို့ များစွာသိပ်သည်းလာပြီဖြစ်၏။
သာမာန် ကျင့်ကြံသူများကို ရှေ့မတိုးနိုင်ရန်ရည်ရွယ်သည်။ အတင်းအကြပ် ဝင်ရောက်ခြင်းဖြင့် အေးခဲပြီး သေသည်အထိ ဖြစ်စေနိုင်၏။
သဘာဝ ရတနာ ယင်ဝိညာဉ် သွေးပြန်ကြောဖြစ်လျှင်ပင် ဤမျှပြင်းထန်သော အအေးဓါတ်ကို မထုတ်လွှတ်နိုင်ချေ။
ဆိုလိုသည်မှာ ဤနေရာတွင် စုစည်းနေခဲ့သော ယင်ဝိညာဉ်စွမ်းအင်သည် မွေးရာပါနတ်အဆင့် တစ်စုံတစ်ရာနှင့် ဆက်စပ်နေပုံရ၏။
မွေးရာပါ မြင့်မြတ်သော အရာများသည် ကောင်းကင်နှင့်မြေကြီးမူလမှ မွေးဖွားလာသော ရတနာများဖြစ်သည်။
သူတို့ဖြစ်တည်ရန် ခဲယဉ်းလှပြီး ၎င်းတန်ဖိုးသည် ဧကရာဇ်များအတွက်ပင် သွားရည်ကျစေနိုင်မည်။
ထို့အပြင် ဤတောင်တွင် ရှိနေသော မွေးရာပါနတ်အဆင့် တစ်စုံတစ်ရာနှင့် အလွန် ဆက်စပ်မှု ရှိမည်ဟု သံသယဖြစ်မိ၏။
“ ဒါသာအမှန်ဆိုရင် ဒီမြေအောက်မှာ ဝှက်ထားတဲ့ အန္တရာယ်တွေက ထူးထူးခြားခြား ဖြစ်နေမှာအမှန်ပဲ။ ”
ပေကိုးထောင်သို့ ရောက်ရှိသောအခါ စုရီ၏မျက်ဝန်းများ တောက်ပလာပြီး ပျံသန်းမှု အမြန်နှုန်းကို တိုးလိုက်တော့၏။
အသက်ရှူရန် အချိန်အနည်းငယ်မျှ ကြာသောအခါတွင် မျက်စိရှေ့မှ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားလေသည်။
ဤသည်မှာ မျက်စိတဆုံး အလွန်ကျယ်ပြောသော မြေအောက်ကမ္ဘာကြီး ဖြစ်နေ၏။ ထိုကမ္ဘာကြီးတွင် သင်္ချိုင်းဂူများ ပြည့်ကျပ်နေပြီး သွေးအခိုးအငွေ့များမှာ လေထုအလယ် တဝဲလည်လည်ပေပင်။
ဤနေရာကို မြင်သူတိုင်း ၎င်းတို့သည် ကြီးမားသောမြေအောက်သင်္ချိုင်းထံသို့ ရောက်ရှိ လာသည်ဟု လွဲမှားစွာ ယူဆမိပေမည်။
“ ဒါသင်္ချိုင်းတစ်ခုလား ... ။ ”
စုရီတစ်ယောက် မျက်ခုံးတစ်ချက်ပင့်ကာ ထူထပ်စွာ ပြည့်ကျပ်နေသော သင်္ချိုင်းဂူများထံ ဝေ့ကြည့်လိုက်တော့သည်။
ကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသော တံခါးပေါက်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် အနက်ရောင်မုခ်ပေါက် ရှိနေသည်ကိုလည်း မြင်လိုက်ရသည်။
၎င်းသည် ကောင်းကင်၊ မြေကြီးကြား ဖြန့်ကြားထားသော အမှောင်အလွှာနှင့်တူပြီး စိတ်ဝိညာဉ်ကို မသက်မသာ ဖြစ်စေ၏။
ဝေးလွန်းသောကြောင့် သဲသဲကွဲကွဲ မမြင်နိုင်သလို သဘာဝ တွင်းနက်ကြီးအလား ထင်မှားနိုင်သည်။
အနည်းငယ် စဉ်းစားပြီးနောက် လက်ဖဝါးဖြန့်ကြည့်လိုက်ရာ ရွှေသွေးတစ်စက် ထွက်ပေါ်လာသည်။ ထိုရွှေသွေးသည် တစ်စုံ တစ်ရာကို ခံစားရဟန် အနည်းငယ် တုန်လှုပ်သွား၏။
စုရီက အလျင်စလို မရှိခဲ့ဘဲ အနီးဆုံးသင်္ချိုင်းဂူသို့ လျှောက်လှမ်းသွားကာ အုတ်ဂူရှေ့တွင်ရပ်လျက် ကြည့်သည်။
သင်္ချိုင်းဂူပေါ်တွင် ရှေးခေတ်နတ်ဆိုး ဘာသာစကားများ ရေးထွင်းထားသည်မှာ သိသာထင်ရှားချေ၏။
“ သံသရာဘုံကျောင်းရဲ့ ... နဝမမြောက်မျိုးဆက် အတွင်းတပည့် ဝမ်ရှမိန်။ ”
စုရီမှ ဖတ်ကြည့်လိုက်ရာ ထို့ထက်ပို၍ ထူးခြားချက်မရှိသဖြင့် အဝေးသို့ မျှော်ကြည့်ကာ ဆက်လျှောက်ပြီး အခြားသော သင်္ချိုင်းဂူ တစ်လုံး၏ မည်ကိုဖတ်ကြည့်လိုက်သည်။
“ နဝမမြောက်မျိုးဆက် အတွင်းတပည့် ကျန့်မင်ချုံး ... ။ ”
လက်ရေးသည် တူညီပြီး ရှုပ်ပွနေ၏။ တူညီသော ပုဂ္ဂိုလ်တစ်ဦးထံမှ ဖြစ်ကြောင်း ထင်ရှားချေပြီ။
စုရီက ရှေ့သို့ဆက်လျှောက်သည်။ သူသွားရာ လမ်းတစ်လျှောက် မြင်လိုက်ရသော သင်္ချိုင်းဂူများအားလုံးသည် နဝမမြောက် မျိုးဆက် အတွင်းတပည့်အမည်များဖြစ်၏။
ထို့ကြောင့် သံသယဝင်လာခဲ့သည်။ ဤနေရာတွင် အနည်းဆုံး သင်္ချိုင်းဂူအလုံးပေါင်း ထောင်ချီရှိကာ အားလုံးသည် သတ္တမမျိုးဆက်မှ နဝမမျိုးဆက်အတွင်း မျိုးဆက်သစ်များ ဖြစ်နေချေပြီ။
ထို့အပြင် သင်္ချိုင်းကျောက်စာပေါ်ရှိ လက်ရေးအားလုံးကို တူညီနေ၏။ လူတစ်ဦး တည်းမှ ရေးသားထားလေသည်။
ဆိုလိုသည်မှာ လူတိုင်း မတော်တဆမှု တစ်ခုကြောင့် အတူတကွ သေဆုံးသွားသကဲ့သို့ အဓိပ္ပါယ်ရ၏။
“ သူတို့တွေ ကပ်ဘေးတစ်ခု ကြုံခဲ့ရပုံပဲ။ ”
အတွေးများနေစဉ် အဝေးမှ တိုက်ခိုက်သံများကို ခပ်သဲ့သဲ့မျှ ကြားလိုက်ရလေသည်။ စုရီမျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်း သွား၏။ တစ်စုံတစ်ယောက် သူ့ထက်ဦးစွာ ရောက်ရှိနေပုံပေပင်။
“ ဝှစ် ... ။ ”
ချက်ချင်းပင် သင်္ချိုင်းဂူများကို ဖြတ်ကျော်ပျံသန်းလျက် ဆက်လျှောက်လာစဉ် အုံ့မှိုင်းသော ကမ္ဘာကြီးကို မြင်လာရ၏။
ကောင်းကင်တွင် ကြယ်ရောင်များ လင်းလက်လျက် သွေးအခိုးအငွေ့များစွာသည် ရေတံခွန်ကဲ့သို့ စီးကျနေ၏။
ဤမြင်ကွင်းသည် သံသရာ တောင်တန်းပေါ်မှ မြင်ရသောမြင်ကွင်းနှင့် အလားသဏ္ဍန်တူသည်။
သို့သော် မြေအောက်ကမ္ဘာရှိ ကြယ်တာရာများ အရေအတွက်သည် ပြင်ပ ကမ္ဘာမှ မြင်နေရသည့် ပမာဏထက် များစွာသာလွန်နေ၏။
သွေးအခိုးအငွေ့အတွင်း သေခြင်းစွမ်းအင်များပါရှိကာ အန္တရာယ် မရှိသော်လည်း ခန္ဓာကိုယ်အတွင်း ကျူးကျော် ဝင်ရောက်လာပါက စိတ်ဝိညာဉ်ကို ညစ်ညမ်းစေပေမည်။
ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးသည့် အနက်ရောင်ဝင်ပေါက် တစ်ခုကိုလည်း မြင်နေရ၏။
ထိုအနက်ရောင်မုခ်၏ အောက်ခြေတွင် ကိုးပေမြင့်သော ကြေးဝါတံခါးတစ်ချပ်ရှိသည်။ ကြေးတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အာကာသဝင်္ကပါက ဖုံးအုပ်ထား၏။
“ ဧကရာဇ်တစ်ပါး ဖြစ်နေရင်တောင် ဒီတံခါးအတွက် အာကာသတားမြစ်တံဆိပ်ကို ချိုးဖြတ်နိုင်မယ်မထင်ဘူး။ ”
အာကာသဆုံမှတ်ကို တံခါးအဖြစ် အသုံးပြုထားသဖြင့် မည်သူမဆို တံခါးဝတွင် ရပ်နေရပေမည်။
ထို့နောက် အကြည့်လွှဲပြီး ကြေးတံခါးနှင့်မနီးမဝေး အရပ်ဒေသဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအရပ်တွင် ပေတစ်ထောင်မြင့်သော ဘုံကျောင်းကြီးရှိ၏။ ဘုံကျောင်း အရှေ့တွင် တိုက်ပွဲကြီး ဖြစ်ပွားနေသည်။ အစောပိုင်း ကြားရသောအသံသည် ထိုတိုက်ပွဲမှဖြစ်၏။
အဖြူဝတ်အဘိုးအိုတစ်ဦးသည် သွေးစွန်းနေသောဝတ်လုံဝတ် အမျိုးသားနှင့် ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်သည်။
နှစ်ဦးစလုံးသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ဝိညာဉ် အကြွင်းအကျန်များ ဖြစ်သည်။
အဖြူဝတ်အဖိုးအိုသည် နှင်းဖြူဓားကို ကိုင်ဆောင်လျက် ဓားရေး အလွန်မြင့်မားသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်တွင် သာမန်ထက် သာလွန်နေ၏။
သွေးစွန်းသောအဝတ်အစားဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားက အနက်ရောင် လှံပုစိန်တစ်လက်ကို ကိုင်ဆောင်ထားပြီး အစွမ်းထက်ချေပြီ။
သူတို့၏ တိုက်ပွဲဝင်စွမ်းအားများသည် ဟွမ်ရှောင်ယုကဲ့သို့ လူများအပေါ် ကောင်းစွာ နှိမ်နင်းနိုင်သည်။ သို့သော် သူတို့ပြိုင်ဘက်မှာ ဓားတစ်လက် ဖြစ်နေ၏။
ထိုဓားသည် သုံးပေနှင့် နှစ်လက်မ အရှည်ရှိပြီး ၎င်း၏ကိုယ်ထည်တစ်ခုလုံးသည် အပြာရောင်ဖြစ်သည်။
“ ရွှပ် ... ။ ”
“ ထန် ထန် ... ။ ”
လှုပ်ရှားမှုတိုင်းသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး အလွန်ထက်ရှကာ ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။ ကြောက်မက်ဖွယ် ရေခဲ တာအိုပေပင်။
ဝိညာဉ်ပေါင်းစည်းခြင်း ပြီးပြည့်စုံမှုသို့ ရောက်ရှိနေသည့် ဝိညာဉ်အကြွင်းအကျန် နှစ်ပါး အပေါ် ရင်ဆိုင်နေရသည့်တိုင် နိမ့်ကျခြင်းမရှိချေ။
သို့သော် ဓား၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများစွာရှိပြီး သံချေးများဖြင့် ဖုံးလွှမ်းနေ၏။
အဝေးမှကြည့်သော် ထိုအပြာရောင် ဓားကိုယ်ထည်သည် သံချေးများတက်နေသည့် ကြက်သွေးရောင် အက်ကွဲကြောင်းများ ရှိနေသည်ကို မြင်နိုင်မည်။
“ ဒီဓား တော်တော်ကောင်းတယ်။ ”
ဓားသမားတစ်ယောက် အနေနှင့် ဤဓားသည် မည်မျှမှော်ဆန်သည်ကို မြင်နိုင်၏။ မဟာရှတွင် ဤဓားသည် ထိပ်တန်းအဆင့် ဓားတစ်လက်အဖြစ် မှတ်ယူနိုင်မည်။
သွန်းလုပ်နည်းနှင့် ပါဝင်ပစ္စည်းတိုင်းသည် ထူးခြားသော ဝိညာဉ်ရေးပစ္စည်းများ ဖြစ်သည်။ တစ်ခုတည်းသော အားနည်းချက်သည် ဓားကိုယ်ထည် ပျက်စီးနေခြင်းဖြစ်၏။
“ ရွှပ် ... ။ ”
ရုတ်တရက် ဓားရွေ့လျားသံနှင့်အတူ ငွေရောင်ဓားအလင်းတစ်လက် ပေါ်လာပြီး စုရီထံ ဦးတည်လာချေပြီ။
စုရီက မျက်ဝန်းများ မှေးစင်းသွား၏။ သို့သော် ထိုငွေဓားအလင်းသည် သုံးပေအကွာ၌ အလျားလိုက် ပြောင်းလဲပြန့်ကားသွားပြီး ပျက်ပြယ်သွားချေသည်။
“ ဒီမျဉ်းကိုဖြတ်ဝံ့ရင် မင်းခေါင်းကို ငါဖြတ်မယ်။ ”
အေးစက်ပြီး ထက်ရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ အနက်ဝတ်လုံနှင့် လူငယ်က ဘုံကျောင်းဝတွင်ရပ်ကာ ပြောကြားလိုက်ခြင်း ဖြစ်လေသည်။
သူ့ ဆံပင်များသည် ကောက်ရိုးကဲ့သို့ ရှုပ်ပွနေကာ ရှေးဟောင်း အကြွင်းအကျန်များမှ ကျန့်လင်ကျန်းဖြစ်၏။
မဟာရှတွင် လူသိနည်းသော်လည်း ရှေးခေတ်နတ်ဆိုးများကြား ကြမ်းကြုတ်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
သူနှင့်အတူ မိုရှင်းဇီ၊ ယန်ကျင်းယွင်တို့သည် သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲ၌ မပါဝင်နိုင်ခဲ့ချေ။ ကျင့်ကြံမှုအရ ဝိညာဉ်ထင်ရှားခြင်းအဆင့် နှောင်းပိုင်းသို့ရောက်ရှိနေသည်။
ထို့အတွက်ကြောင့် စိတ်နေစိတ်ထားသည် ရန်လိုခြင်း အပြည့်ရှိနေ၏။
“ ဟားဟားဟား ... အစ်ကိုကျန့် မင်းနဲ့ငါအပြင် နောက်ထပ်တစ်စုံတစ်ယောက် ဒီကိုရောက်လာနိုင်လိမ့်မယ်လို့ ... လုံးဝ မမျှော်လင့်ထားမိဘူး။ ”
မနီးမဝေးတွင် ကြေးဝါအသားအရည်၊ ကျယ်ပြန့်သော မျက်ခုံးမွှေးနှင့် ဆံပင်ရှည်ရှည် လူငယ်တစ်ဦး ထွက်ပေါ်လာပြန်သည်။
ထိုသူသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ကျောပေါ်တွင် ဓားတစ်လက် ပိုးလွယ်ထား၏။
မျက်ဝန်းတစ်စုံသည် ကြယ်တာရာကဲ့သို့ တောက်ပကာ လှုပ်ရှားမှုတိုင်း သိပ်သည်းသော ရောင်ဝါများ ယိုဖိတ်နေသည်။
ဤသည်မှာ ယန်ကျင်းယွင်ဖြစ်၏။ နောက်ခံ၊မူလနှင့် ခွန်အားအရ ဟွမ်ရှောင်ယု၊ ကျန်းဖူတို့ထက် မနိမ့်ကျဘဲ ဓားရူးအဖြစ် သတ်မှတ်ခံထားရသူပေပင်။
***