ဆောင်းဦးပေါက်ရာသီကို မသိသော ပုစဉ်းရင်ကွဲများ။
Vol. 40 Ch. 472
စုရီသည် ရှေးဟောင်းနတ်ဆိုးများနှင့် ခေတ်ပြိုင်ပါရမီရှင်များအပေါ် အာရုံစိုက်ခြင်း မရှိသော်လည်း ယန်ကျင်းယွင်ကိုမူ မှတ်မိနေဆဲဖြစ်၏။
ထိုအချိန်က ပထမဆုံးတွေ့စဉ် တစ်ဖက်လူသည် သူ့ကိုယ်သူ ‘ဓားရူး’အဖြစ် မိတ်ဆက်ခဲ့သည်။
တစ်ဆက်တည်းမှာပင် ဓားတာအို ညွှန်ကြားပေးရန် တောင်းဆိုခဲ့သော်လည်း သူ ငြင်းဆန်ခဲ့၏။ အဆိုပါတုန့်ပြန်မှုသည် ထိုလူကို မပျော်မရွှင်ဖြစ်စေကြောင်း မြင်သာသည်။
ဤတစ်ကြိမ်တွင် ယန်ကျင်းယွင်သည် ဝိညာဉ်ထင်ရှားခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ ဒီကမ္ဘာကြီးမှာ မင်းစိတ်ကူး မယဉ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“ ဟားဟားဟား ... တာအိုစု မင်းအရင်လို မာနကြီးပြီး ယုံကြည်မှုရှိနေတုန်းပဲ ... ကောင်းပြီ အခု ဓားတာအိုမှာ သွန်သင်ချက်ခံယူဖို့ ငါပုံစံက အရည်အချင်း ပြည့်မီတယ်လို့ မင်းထင်လား။ ”
ဤမေးခွန်းတွင် အထေ့အငေါ့များ ပြည့်နှက်နေ၏။ ယင်းသည် လီဟန်ထောင်နှင့် အလွန်ဆင်တူနေသည်။
ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် သူနှင့် ရင်ဆိုင်ရသော အခါတွင် လီဟန်ထောင်သည် သာလွန်သည့် အမူအရာမျိုးပြခဲ့ဖူးသည်။
ယခုကျန့်လင်ကျန်းသည်လည်း ဓားကိုလေထဲခုတ်ပြီး သူ့ရှေ့သုံးပေအကွာ၌ မျဉ်းတစ်ကြောင်း ဆွဲပြနေ၏။
စုရီက ယန်ကျင်းယွင်ထံ စစ်ဆေးပြီး၊
“ လူတစ်ယောက်အနေနဲ့ စိတ်ကူးယဉ် အရမ်းဆန်လွန်းနေတာမကောင်းဘူး ဓားတာအို မှာလည်း အလားတူပါပဲ။”
-ဟု သတိပေးလိုက်၏။
ဤစကား၏ အဓိပ္ပာယ်သည် ပြိုင်ဘက်အဖြစ် မထိုက်တန်သေးကြောင်း ထင်ရှားချေ၏။ ယန်ကျင်းယွင်သည်ပင် အံ့အားသင့်သွားသည်။
ဤလူသည် ဝိညာဉ်တာအိုနှင့် မူလတာအိုနယ်ပယ်ကြား ကွာဟချက် မည်မျှ ကြီးမားသည်ကို အမှန်တကယ် သိပုံမရချေ။
“ ဟား ဟား ဟား ... ပုစဉ်းရင်ကွဲ တစ်ကောင်က ဆောင်းဦးရာသီအကြောင်း မသိနိုင်တာ သဘာဝပါပဲ။ ”
ထို့နောက် စုရီနှင့် ငြင်းခုန်ရန် ပျင်းရိလာဟန်ဖြင့်၊
“ တာအိုစု မင်းလည်းမြင်မှာပါ ဒီဘုံကျောင်းကို ငါနဲ့အစ်ကိုကျင်း သိမ်းပိုက် ထားပြီ မင်းမိုက်မဲတာတွေ မလုပ်ပါနဲ့။ ”
-ဟု ဆိုကာ မြေပြင်ရှိ သုံးပေအကွာ စည်းကိုစိုက်ကြည့်ကာ ပြုံးပြလိုက်တော့၏။
“ ကောင်းပြီ ... ဒါဆို မင်းတို့ကို အရင်လွှတ်လိုက်မယ်။ ”
စုရီမှ ပြောကြားလိုက်လေသည်။ သူ၏မောက်မာသော ကိုယ်ရည်ကိုယ်သွေးဖြင့် အလျှော့ပေးလိမ့်မည်ဟု မမျှော်လင့်ထားသော ယန်ကျင်းယွင်က အံ့အားသင့်သွားပြီး၊
“ တာအိုစု မင်းတကယ် ထက်မြက်ပါပေတယ်။ ”
-ဟု ချီးမွမ်းစကားဆိုတော့၏။
တစ်ဖက်တွင် ကျန့်လင်ကျန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ အေးစက်စက်နှင့် တိတ်တဆိတ် ကြည့်နေသည်။
အဆုံးတွင် အထင်သေးသောအကြည့်ဖြင့် စုရီအပေါ်လျစ်လျူရှုကာ တိုက်ပွဲထံ လှည့်ကြည့် လိုက်တော့၏။
“ မင်းဒီကို ရောက်လာနိုင်တဲ့အတွက် အမှောင်တားမြစ်စွမ်းအားကို ခုခံနိုင်တဲ့ လျှို့ဝှက် ရတနာတစ်ခုရှိတယ် မဟုတ်လား။"
ယန်ကျင်းယွင်က ရုတ်တရက် မေးလိုက်သည်။ စုရီက ခေါင်းရမ်းလျက်၊
“ သံသရာတောင်တန်းပေါ်က အမှောင်တားမြစ်စွမ်းအားတွေ ပျောက်ကွယ် ကုန်ပါပြီ။ ”
-ဟု ပြန်ဖြေလိုက်သည်။
“ ဒါဆိုရင် ဘာလို့ မင်းတစ်ယောက်တည်း ရောက်လာရတာလဲ။ ”
“ ဒီနေရာက အန္တရာယ်များလွန်းတယ် သူတို့နေခဲ့တာ ပညာအရှိဆုံး ဆုံးဖြတ်ချက်ပဲ။ ”
“ ဟား ဟား ဟား ... ဒါဆို မင်းက သေမှာမကြောက်တဲ့ လူမိုက်ပေါ့။ ”
စုရီက ထိုစကားအပေါ် ဂရုမစိုက်ဘဲ သူသိချင်သည်ကို မေးလိုက်သည်။
“ မင်းဘယ်တုန်းက ရောက်နေတာလဲ။ ”
ယန်ကျင်းယွင်တစ်ယောက် ထိုမေးခွန်းကို မျှော်လင့်ထားသကဲ့သို့ ပြုံးပြီး၊
“ ငါနဲ့ အစ်ကိုကျန့်က ... ဒီလျှို့ဝှက် နယ်မြေကို ဝင်ရောက်ပြီး ငါးရက်မြောက်နေ့မှာ ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ရောက်ခဲ့တယ် ခုနစ်ရက်မြောက်နေ့ ဒီတောင်ကို တက်ခဲ့တယ် အခုရောက်နေတာ ငါးရက်ရှိသွားပြီ။ ”
စုရီက ခေါင်းညိတ်ပြပြီး၊
“ ငါနားလည်ပြီ ... မင်းဒီကိုမလာခင် သံသရာတောင်တန်းရဲ့ အခြေအနေအကြောင်း သိခဲ့တယ် ... ဒါကြောင့် မင်းလုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်။ ”
ယန်ကျင်းယွင်က ပြုံးပြီး စကားမဆိုတော့ချေ။ စုရီက အဝေးရှိတိုက်ပွဲကို လှမ်းကြည့်ကာ၊
“ သနားစရာကောင်းလိုက်တာ ... ဘယ်လောက်ပဲ ကြိုးစားနေပါစေ အဲဒါက အချည်းနှီးပဲ။ ”
-ဟု မှတ်ချက်ချလိုက်၏။
ယန်ကျင်းယွင်၏ အပြုံးသည် ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်လျက်၊
“ မင်းဘာကို ဆိုလိုချင်တာလဲ။ ”
-ဟု ပြန်မေးလာသည်။
“ ဒီဓားဟာ မင်းတို့အနိုင်ယူနိုင်တဲ့ အရာမဟုတ်ဘူး။ ”
သူ့စကားဆုံးသည်နှင့် တိုက်ပွဲသည် ရုတ်တရက် ဆိုးရွားသွားခဲ့သည်။ သံချေးတက် နေသော စိမ်းပြာရောင်တာအိုဓားသည် အလင်းများ ရွာချလာ၏။
ဝတ်ရုံဖြူအဘိုးအိုနှင့် သွေးစွန်းနေသော အမျိုးသားတို့သည် အလွန်အမင်း ဖိနှိပ်ခံရကာ တုန်ခါလျက် ချက်ချင်း နောက်ဆုတ်သွားသည်။
အဆုံးတွင် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ကာ ဟန်ချက်ပျက်သွား ချေပြီ။
“ ဟမ့် ... ငါထပ်ပြီး ပျက်ကွက်ခဲ့တယ် ... ။ ”
အဖြူရောင်ဝတ် အဖိုးအိုက ဒေါသနှင့်ညည်းတွားလိုက်သည်။ သွေးစွန်းသော အဝတ်အစားဝတ်ဆင်ထားသည့် အမျိုးသားမှာ အံကြိတ်လိုက်၏။
သူသည် မည်သည့်စကားမျှ မဆိုခဲ့သော်လည်း အမူအရာအရ စိတ်ပျက်နေ သည်ကို မြင်နိုင်၏။ စိမ်းပြာရောင် တာအိုဓားက လှည့်ပတ်လျက် ရုတ်တရက် တိတ်ဆိတ်စွာ လေထုအလယ် ဆိုင်းငံ့သွားလေသည်။
၎င်းသည် အစောင့်တစ်ဦးကဲ့သို့ ဘုံကျောင်းအပေါ် စောင့်ရှောက်နေချေ၏။ မည်သူမျှ ဝင်ခွင့်မရှိချေ။
“ ဦးလေး အဆင်ပြေရဲ့လား။ ”
ယန်ကျင်းယွင်က ရှေ့တိုးသွားပြီး အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသော အဘိုးအို ရှေ့တွင် ရပ်လိုက်သည်။
“ ဟင့်အင်း ... ။ ”
အဖြူဝတ်အဘိုးအိုမှ ခေါင်းယမ်းပြကာ မျက်ဝန်းများ၌ ကူကယ်ရာမဲ့သော အကြည့်များ ပေါ်လာသည်။
“ ကောင်းကင်ပြာဓားဟာ မျောက်ဘုရင်ယွမ်မိုရှင်းရဲ့ဓားပဲ ဆိုးဆိုးရွားရွား ပျက်စီးသွားပေမယ့် သူ့ရဲ့စွမ်းအားတွေက အလွန်ကြောက်စရာကောင်းနေဆဲပါ။ ”
ဤသံချေးတက်နေသော တာအိုဓား၏ ဆောင်ပုဒ်သည် ‘အပြာရောင်နတ်သက်တံကဲ့သို့ အစွမ်းထက်ပြီး ကောင်းကင်ဘုံကို ဖြတ်တောက်နိုင်၏’ ဖြစ်သည်။
အရမ်းပျက်စီးနေသော်လည်း အစွမ်းထက်နေသေးသည်မှာ မဆန်းလှချေ။
“ ဒီဓားရဲ့စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်နေပါပြီ ... တားမြစ်ဝင်္ကပါစွမ်းအားကိုသာ သူ အသုံးမချနိုင်ရင် ငါတို့ရဲ့ ရန်သူ ဖြစ်နိုင်ပါဦးမလား။ ”
သွေးစွန်းနေသော ၀တ်စုံဝတ် အမျိုးသားက ဟစ်အော်လိုက်၏။ ရုတ်တရက် သူအကြည့်များ စုရီထံ ကျရောက်လာပြီး၊
“ ဒီကောင်လေးက ဘယ်သူလဲ။”
-ဟုမေးမြန်းလာသည်။
ကျန့်လင်ကျန်းက၊
“ အရေးမပါတဲ့ လူတစ်ယောက်ပါ။ ”
-ဟု ဖြေကြားလိုက်၏။
သွေးစွန်းနေသော ၀တ်စုံဝတ်အမျိုးသားက မျက်မှောင်ကြုတ်ပြီး၊ ‘ဒီလိုဆိုရင် သူ့ကို ဘာလို့ မသတ်ရတာလဲ’ -ဟု ထပ်မေး၏။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၌ ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသော ဤဝိညာဉ်က လူသတ်ရန် ရည်ရွယ်ချက်များ ပြသလာသည်။
ကျန့်လင်ကျန်းမှ၊
“ သူဟာ အရေးမပါမှတော့ ဂရုစိုက်နေစရာမလိုပါဘူး။ ”
-ဟု တုန့်ပြန်၏။
“ မှားတယ် တာအိုစုက အရေးမပါတဲ့ လူတစ်ယောက်မဟုတ်ဘူး ... ယနေ့ကမ္ဘာပေါ်ရှိ မူလတာအိုနယ်ပယ်မှာ သူက ပြိုင်ဘက်ကင်းပဲ ဟွမ်ရှောင်ယုလို လူကိုတောင် ရိုက်နှက်ထားတာ မမေ့နဲ့ .... ။ ”
အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုနှင့် သွေးစွန်းသောအဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသားတို့ နှစ်ဦးစလုံး မျက်ခုံးပင့်လိုက် ကြလေသည်။
နတ်ဆိုးဟွမ်မျိုးနွယ်မှ တိုက်ရိုက် ဆင်းသက်လာသော ဟွမ်ရှောင်ယုသည် မည်မျှ တန်ခိုးကြီးမားသည်ကို သူတို့အားလုံး ကောင်းကောင်းသိထား၏။
“ ပြီးတော့ လက်ရှိဧကရာဇ်ရှလည်း တာအိုစုကို အရမ်းတန်ဖိုးထားပါတယ် သူသာ ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောက်ရှိလာခဲ့ရင် ကြောက်စရာ ကောင်းလိမ့်မယ်။ ”
ထို့နောက် စုရီကို လှည့်ကြည့်ကာ၊
“ ဒါကြောင့် တာအိုစုကို ဒီနေရာကနေ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး ပေးနေတာ။ ”
-ဟု သတိပေးစကား ပြောကြားလိုက်၏။
စုရီအမူအရာသည် ငြိမ်သက်နေပြီး ထိုစကားများအပေါ် လျစ်လျူရှုလျက်၊
“ စမ်းကြည့်ရအောင် ... ။ ”
-ဟု ပြောကြားလိုက်လေသည်။
လူတိုင်း အံ့ဩသွားကြတော့၏။ ယန်ကျင်းယွင်သည်ပင် မျက်မှောင်ကြုတ်ပြီး၊
“ မင်းဘာကို ဆိုလိုတာလဲ တာအိုစု။ ”
-ဟု ပြန်မေးလာသည်။
“ ဒီဓားကို မင်းတို့အရင်ချေမှုန်းဖို့ အခွင့်အရေးပေးထားတယ် ဒါပေမယ့် မင်းတို့ မလုပ်နိုင်ဘူးမဟုတ်လား ... အခုငါ့အလှည့်ပဲ။ ”
“ ဟမ့် ... မင်းကောင်းကင်ပြာဓားကို အနိုင်ယူချင်နေတာလား မင်းကိုငါပြောခဲ့တယ် အဲဒီမျဉ်းကိုဖြတ်ကျော်ဝံ့ရင် ... မင်းခေါင်းကို ငါဖြတ်မယ်။ ”
သို့သော် အဖြူရောင် ဝတ်ရုံဝတ်အဖိုးအိုက ပြုံးရွှင်သွားပြီး၊
“ စိတ်မဆိုးပါနဲ့ စမ်းကြည့်ပါ။ ”
-ဟု ဝင်ရောက် ပြောကြားလိုက်၏။
စုရီက အရာအားလုံးကို လျစ်လျူရှုပြီး ခပ်လှမ်းလှမ်းရှိ ပေတစ်ထောင် မြင့်မားသော ဘုံကျောင်းသို့ လျှောက်လှမ်းသွားခဲ့သည်။
“ ရွှပ် ... ။ ”
ကျန့်လင်ကျန်းမှ ဓားကိုဆွဲထုတ်ကာ တစ်ကိုယ်လုံး သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပြည့်နှက်လာခဲ့သည်။
“ သူ့ကို လွှတ်လိုက်ပါ ... ။ ”
သွေးစွန်းနေသော အဝတ်အစားဝတ် အမျိုးသားက သေခါနီးလူကိုကြည့်နေသလိုမျိုး စုရီထံလှမ်းကြည့်သည်။
လွန်ခဲ့သည့် ငါးရက်အတွင်း သူတို့အားလုံးသည် တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနှင့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။
ယခုမူ ကြယ်စုစည်းခြင်းအဆင့်မှ တစ်စုံတစ်ဦးသည် လွန်ကဲစွာဖြင့် ဤဓားကို အနိုင်ယူရန် ကြိုးစားနေ၏။ ကျန့်လင်ကျန်းမှ သူ့ဓားကို ပြန်သိမ်းလျက် တိတ်တဆိတ် ကြည့်နေခဲ့သည်။
စုရီတစ်ယောက် ဘုံကျောင်းအနီးသို့ ချဉ်းကပ်လာသည်ကိုမြင်ချိန်၌ ယန်ကျင်းယွင်မှ၊
“ တာအိုစု၊ မင်းကို သတိမပေးမိလို့ ငါ့ကိုအပြစ်မတင်ပါနဲ့ အစ်ကိုကျန့်နဲ့ငါ အတူတူ လုပ်ဆောင်တုန်းကတောင် ...
... ဒီဓားကို အနိုင်မယူနိုင်ဘူး မင်းအခုရပ်လိုက်ရင် ရှင်သန်ဖို့ ... အခွင့်အရေး ရှိပါသေးတယ် မဟုတ်ရင်ကမ္ဘာကြီးရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားမှာကို ငါကြောက်မိတယ် ... ။ ”
ဤသည်မှာ သတိပေးချက်တစ်ခုဟု ထင်ရသော်လည်း အမှန်တွင် လှောင်ပြောင် သရော်မှု တစ်ခုပေပင်။ စုရီက ရပ်လိုက်ကာ လူအုပ်ထံ ပြန်လှည့်ကြည့်ပြီး၊
“ ဒီဓားရဲ့အစွမ်းက တကယ့်ကို ပြင်းထန်လွန်းပါတယ် ... ကံမကောင်းစွာနဲ့ပဲ မင်းသေတာကို မမြင်စေချင်တဲ့အတွက် သူက ထပ်ခါထပ်ခါ တားဆီးနေတာပါ။ ”
-ဟု ပြောကြားလိုက်သည်။
လူတိုင်းအံ့အားသင့်သွားပြီး အဆုံးတွင် မျက်နှာများ ပျက်ယွင်းကုန်တော့၏။
“ စုရီ၊ မင်းဘာကို ဆိုလိုတာလဲ။ ”
“ ငါပြောပြရင်တောင် မင်းနားမလည်ပါဘူး။ ”
စုရီက ခေါင်းရမ်းလျက် ပြန်မဖြေတော့ချေ။ ဤအခိုက်တွင် လေထဲလွင့်မျောနေသော ဓားက စူးရှတောက်ပသော အလင်းတန်းတစ်ခုဖြင့် သတိပေးလာလေသည်။
ဓားရောင်ဝါတွင် ရေခဲနှင့်နှင်းမှုန်များ ပါရှိနေချေပြီ။ ယန်ကျင်းယွင်၊ ကျန့်လင်ကျန်း၊ အဖြူဝတ်အဖိုးအိုနှင့် သွေးစွန်းနေသော ဝတ်လုံဝတ် အမျိုးသားသည် စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြ၏။
သူတို့စိတ်ကူးထဲတွင် ဤစုရီသည် ထိုဓားအလင်းအောက်၌ အမှုန်များအဖြစ်သို့ ပျောက်ကွယ်သွားချေပြီ။
ဤဓားသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း သူတို့ ကောင်းကောင်းသိ၏။ ကြယ်စုစည်းခြင်းအဆင့် မဆိုနှင့် ဝိညာဉ်တာအို နယ်ပယ်သည်ပင် အခက်တွေ့ခဲ့သည်။
သို့သော် စုရီ၏အမူအရာသည် ငြိမ်သက်နေခဲ့ပြီး သူ့ညာလက်ကို ပေါ့ပေါ့ဆဆ ဖြန့်ပြကာ ဓားထံကြည့်လျက်၊
“ မင်းအပေါ် အခွင့်အရေး နည်းနည်းပေးနိုင်တယ် ... မင်းစိတ်ကြိုက် ရွေးချယ်ပါ။ ”
-ဟု ပြောကြားလိုက်တော့၏။
***