← Chapters

ဘယ်လိုလူပြက်လဲ။

Vol. 40 Ch. 473

ဘယ်လိုလူပြက်လဲ။

Vol. 40 Ch. 473

သူ စကားပြောနေစဉ် အကန့်အသတ်မရှိသော ဓားရောင်ဝါတစ်ခု ကောင်းကင်ပြာဓားမှ ထွက်လာသည်။

၎င်းသည် ပဲ့တင်ထပ်လျက် ငရဲဘုံကိုးပါးဓားကိုပင် အနည်းငယ် တုန်လှုပ် သွားစေခဲ့သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် တောက်ပသော ဓားရောင်ဝါများ ကောင်းကင်ပေါ် မြင့်တက် သွားတော့၏။

“ ပြီးသွားပြီ ... ။ ”

ထိုမြင်ကွင်းကြောင့် ယန်ကျင်းယွန်နှင့် အဖွဲ့မှာ မောဟိုက်သွားသည်။ ဓားရောင်ဝါသည် အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းချေ၏။

အဖြူရောင်ဝတ်ရုံ အဘိုးအိုနှင့် သွေးစွန်းနေသည့် အဝတ်အစား ဝတ်ထားသော အမျိုးသားသည် မျက်နှာအနည်းငယ် ပြောင်းလဲသွားသည်။

သူတို့အပေါ်သာ ဤသို့ တိုက်ခိုက်ခဲ့မည်ဆိုသော် ပြင်းထန်စွာ ဒဏ်ရာ ရရှိစေရန် လုံလောက်၏။

“ ရွှီး ... ။ ”

ထို့နောက်တွင် ကောင်းကင်မှ သက်တံအလား ကောင်းကင်ပြာဓားက စုရီဆီသို့ ပျံသန်းလာပြီး ပျော်ရွှင်စွာ အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းတော့သည်။

“ ဝှစ် ... ။ ”

အဆုံး၌ ဓားဖျားသည် အပြင်သို့ညွှန်ကာ စုရီ၏ဆန့်ထားသော ညာဖက်လက်ဖဝါးထဲသို့ ကျရောက်သွားသည်။

အေးစက်သော ဓားအလင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားတန်ခိုးသည် ကောင်းကင်၌ နှင်းမှုန်များကဲ့သို့ တိတ်တဆိတ် လွင့်မျောကျန်ရစ်ခဲ့၏။

လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ ယန်ကျင်းယွင်က မျက်လုံးပြူးလျက် လက်သီးများကို တင်းတင်းဆုပ်ထားလိုက်၏။

“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ... ။ ”

ဤမတိုင်မီ စုရီအပေါ် သေခြင်းတရားကို ရှာဖွေနေသူအဖြစ် ယူဆခဲ့သော်လည်း ရလာဒ် များသည် အံ့သြစရာဖြစ်နေသည်။

ကျန့်လင်ကျန်း မျက်နှာပေါ်တွင် မယုံနိုင်စရာများ ထင်ဟပ်လာ၏။ ဤမတိုင်မီ သေဆုံးသွားမည်ဟု ယူဆခဲ့သည့် စုရီသည် လက်ဖြန့်ကာ ဓားကိုသိမ်းယူသွားသည်။

အဖြူရောင် ဝတ်ရုံဝတ် အဘိုးကြီးနှင့် သွေးရောင်ဝတ်လုံရှင် အမျိုးသားတို့သည် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ အမူအရာများပြောင်းလဲကုန်၏။

“ မင်းက အရမ်းလိမ္မာတယ် ... ဟိုတုန်းကသာဆိုရင် မင်းတောင်းပန်ရင်တောင် မင်းကိုငါ အခွင့်အရေးပေးမှာမဟုတ်ဘူး။ ”

စုရီ၏စကားကြောင့် ကောင်းကင်ပြာ ဓားသည် ရွှင်မြူးပျော်ရွှင်သကဲ့သို့ အနည်းငယ် တုန်ခါပြလေသည်။

“ စုရီ ... ။ ”

ယန်ကျင်းယွင်က မှုန်မှိုင်းသော အမူအရာဖြင့်၊

“ မင်းဘယ်လို လုပ်လိုက်တာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

တခြားသူများသည်လည်း ထိုအဖြေကိုသိချင်သဖြင့် စုရီထံကြည့်ကာ စောင့်မျှော်နေတော့သည်။

လွန်ခဲ့သည့် ငါးရက်အတွင်း သူတို့သည် နည်းလမ်းမျိုးစုံအသုံးပြုကာ ဓားကိုအနိုင်ယူရန် အစွမ်းကုန်ကြိုးစားခဲ့၏။

ယခုမူ ကြယ်စုစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက်သည် လက်ဖြန့်ပြရုံဖြင့် အသိအမှတ်ပြုသွားသည်မှာ အဓိပ္ပါယ်မရှိချေ။

ခြားနားမှုသည် ကြီးမားလွန်းသဖြင့် စိတ်ဓာတ်ကျလောက်အောင် သွေးအန်လုနီးပါး ဖြစ်စေခဲ့သည်။

“ ဒီဓားဟာ ငါစုရီနဲ့သာ ထိုက်တန်လို့ ခံစားခဲ့ရလို့နေမယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

“ ဟမ့် ... ငါတို့မှာ အရည်အချင်းမရှိဘူးလို့ မင်းပြောချင်နေတာလား။”

“ ဒါအမှန်တရားပဲ ... မင်းဘာလို့ ဒေါသဖြစ်နေရတာလဲ။ ”

စုရီက ထိုသို့ပြောပြီးနောက် သူ့မျက်လုံးများသည် ပိတ်ထားသော ကြေးတံခါးထံ ကြည့်နေပြီ ဖြစ်သည်။

ဤကောင်းကင်ပြာဓားသည် ထိုတံခါးကိုဖွင့်ရန်သော့ဖြစ်၏။ ၎င်းမရှိသော် ဧကရာဇ်တစ်ပါးပင် လှည့်ပြန်ရမည်ဖြစ်သည်။

ထိုအခိုက်တွင် သွေးစွန်းနေသော အမျိုးသားသည် ရုတ်တရက် စိတ်လှုပ်ရှား လာပြီး၊

“ ကောင်လေး ... ကောင်းကင်ပြာဓားကိုလွှဲပေးဖို့ ဆန္ဒရှိတယ် ဆိုရင် ဒီဂိတ်ပေါက်ကိုဝင်ဖို့ ...

... အခွင့်အရေး မျှဝေပေးနိုင်တယ် ... မဟုတ်ရင် ဒီနေ့ဒီနေရာက မင်းရဲ့သင်္ချိုင်း ဖြစ်လာလိမ့်မယ်။ ”

သူ့အသံသည် အေးစက်ပြီး ကြောက်စရာကောင်းနေ၏။ ထိုစကားများ ပြောပြီးသည်နှင့် ကျန်သူများသည်လည်း စုရီကိုကြည့်လာကြသည်။

“ မင်းတို့ ငါ့ကိုလုယက်ဖို့ ကြိုးစားနေတာလား။ ”

စုရီမှ ပြန်မေးသည်။

“ အခွင့်အလမ်းအတွက် တိုက်ပွဲက အမြဲတမ်းဒီလိုပါပဲ ... ငါတို့အရင်က မင်းကို အခွင့်အရေး မပေးခဲ့ရင် ဒီဓားကို မင်းဘယ်လိုလုပ် ရမှာလဲ။ ”

ထိုစကားကြောင့် စုရီက ပြုံးပြီး၊

“ မင်းတို့ အရှုံးမပေးချင်ဘူးဆိုတာ ငါသိတယ် ဒါပေမယ့် ... ဒီဓားကို မင်းတို့အနိုင် မယူနိုင်တာမေ့သွားပြီလား ငါဒီဓားနဲ့ သတ်မှာကို မစိုးရိမ်ဘူးလား။ ”

ထိုအချိန်တွင် အဖြူဝတ်အဘိုးအိုက ပြုံးရယ်လျက်၊

“ ကောင်လေး ... ချဲ့ကားမပြောနဲ့ ငါတို့ဒီဓားနဲ့ အကြိမ်ပေါင်းများစွာ တိုက်ဖူးတယ်၊ ဒါကြောင့် ဒီဓားဟာ ဆိုးဆိုးရွားရွား ပျက်စီးပြီး သူ့ရဲ့စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ...

... ဒီဘုံကျောင်းကနေ အဆက်ပြတ်သွားတာနဲ့ ဓားဟာတံခါးပေါ်က တားမြစ်တန်ခိုးကို အသုံးပြုလို့ မရတော့ဘူး ...

... ဒီလိုအခြေအနေမျိုးမှာ မင်း ငါတို့ကို ဒီဓားနဲ့ ခြိမ်းချောက်နိုင်မယ်လို့ ထင်နေသေးရင် အိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်။ ”

သူ့အသံတွင် အထင်အမြင်သေးမှု ပါရှိနေသည်။

“ စုရီ လက်ရှိအခြေအနေကို မင်းမြင်ပြီးမဟုတ်လား မင်းအတွက်ရှင်သန်ဖို့ တစ်ခုတည်းသောနည်းလမ်းက ငါတို့နဲ့ ပူးပေါင်းဖို့ပဲ ... ။ ”

“ မင်းမှားတယ် ... တားမြစ်တံခါးရဲ့ စွမ်းအားကို ငါမရဘူးဆိုရင်တောင် မင်းတို့ကို သတ်တာက ကြက်တွေ၊ ခွေးတွေကို သတ်တာနဲ့ မခြားပါဘူး။ ”

ထို့နောက်တွင် သူ့နောက်ကျောသို့ လက်တစ်ဖက်ပို့ကာ ကျန်လက်တစ်ဖက်သည် ဓားကိုင်လျက်၊

“ မယုံရင် လာစမ်းကြည့်လို့ရတယ်။ ”

-ဟု စုရီက ဖိတ်ခေါ်လိုက်တော့၏။

လူတိုင်း အံ့သြသွားကြသည်။

“ ကြက်တွေ၊ ခွေးတွေကို သတ်တာနဲ့ မခြားဘူးလား ... ဟမ့် ... ငါ့အမြင်အရတော့ မင်းသေချင်နေတာပဲ ... ။ ”

အဆုံးတွင် ကျန့်လင်ကျန်းအသံသည် အေးစက်နေပြီး သည်းမခံနိုင်​တော့ဘဲ ပထမဆုံး တိုက်ခိုက်လာခဲ့၏။

အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အသွင်အပြင်သည် လျှပ်စီးအလား မြန်လာ၏။ သူ့လက်ထဲ ဓားရောက်သည်နှင့် စုရီကို ခုတ်ချလိုက်လေသည်။

“ ရွှပ် ... ။ ”

ကောင်းကင်ပေါ်သို့ ငွေရောင် အလင်းတန်းများ ပျံတက်သွားပြီး နဂါးငွေ့တန်း အလား လွင့်မျောသွားတော့၏။

“ ထန် ... ။ ”

စုရီက ကောင်းကင်ပြာဓားဖြင့် ပိတ်ဆို့လိုက်ပြီး လက်ကောက်ဝတ်ကိုလှည့်ကာ ဓားရောင်ဝါများ ပေါက်ကွဲထွက်လာသည်။

“ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်း။ ”

“ ဘုန်း ... ။ ”

မြေကြီးတုန်ခါစေသော မြည်ဟည်းသံနှင့်အတူ ဒြပ်ငါးပါးနတ်တောင် ငါးလုံးကောင်းကင်မှ ဆင်းသက်လာသည်။

“ ဟမ့် ... ။ ”

ကျန့်လင်ကျန်း၏ အကြည့်များ မှေးစင်းသွားကာ လက်ထဲရှိဓားကို မုန်တိုင်း တစ်စင်းလို ချက်ချင်းပြောင်းလဲ ခတ်ထုတ်လိုက်တော့၏။

သို့သော် ခဏလေးအတွင်းမှာပင် ဒြပ်စင်ငါးပါးနတ်တောင်၏ ဖိအားအောက်တွင် ငွေဓားမုန်တိုင်းသည် စက္ကူတစ်စကဲ့သို့ ကွဲအက်သွားလေသည်။

တစ်ဆက်တည်းမှာပင် ကျန့်လင်ကျန်း ပုံရိပ်သည် ကြောက်မက်ဖွယ် ကောင်းသော ဖိနှိပ်မှုဒဏ်‌ကြောင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့၏။

ထိုမျှကြေကွဲဖွယ်ရာ မြင်ကွင်းသည် ယန်ကျင်းယွင်နှင့် အခြားသူများကို ပါးစပ် အဟောင်းသားဖြစ်သွားစေသည်။

ကျန့်လင်ကျန်းဟူသည် ရှေးခေတ်ဘီလူးများကြားတွင် အထက်တန်းစား တစ်ယောက်ဖြစ်သည်။

ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် ခွန်အားနှင့် အုတ်မြစ်သည် မျိုးဆက်ဟောင်းများကို ချန်ထားခဲ့နိုင်၏။

ကျန့်လင်ကျန်းကိုယ်တိုင်ပင် ဓားတစ်ချက်ဖြင့် ဒူးထောက်နေရသည့် သူ့အဖြစ်ကို အံ့သြနေခဲ့သည်။

အဆုံးမဲ့ အရှက်တရားများ သူ့နှလုံးသားထဲပျံ့နှံ့လာပြီး မျက်နှာဖြူဖျော့ကာ မျက်ဝန်းမှ သွေးများစီးကျလာ၏။

“ ဟမ့် ... ။ ”

အဆုံးတွင် အော်ငေါက်လျက် သွေးသားစွမ်းအင်ကို တောက်လောင်စေကာ လျှို့ဝှက်နည်းစနစ် အသက်သွင်းလိုက်သည်။

သို့သော် မဟာဒြပ်စင်ငါးပါး နတ်တောင်ငါးလုံး၏ ဖိနှိပ်ချုပ်ချယ်မှုအောက်၌ အချည်းနှီးပေပင်။

“ ခရစ် ... ။ ”

ဝတ်ဆင်ထားသည့် အကာအကွယ် အဆောင်ရတနာများ ပေါက်ကွဲကုန်ပြီးနောက် အရေပြားများအက်ကွဲကာ အရိုးများ ကြေမွလာတော့သည်။

“ မင်းသေချင်နေတာပဲ။ ”

သွေးစွန်းသော အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသားက ဒေါသတကြီး ပြေးဝင်တိုက်ခိုက်လာသည်။

သူ့ပုံသဏ္ဍာန်သည် သွေးအလင်းအလား ရွေ့လျားလျက် စုရီကို ပါးရိုက်လိုက်ခြင်း ဖြစ်၏။ ကျင့်ကြံမှုသည် ဝိညာဉ်ပေါင်းစည်းခြင်း ပြီးပြည့်စုံသောအဆင့်တွင် ရှိသည်။

ဝိညာဉ်တစ်ကောင်သာ ဖြစ်သော်လည်း ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းကာ ကျန့်လင်ကျန်းထက် သာလွန်၏။

ထိုအချိန်တွင် စုရီက လှောင်ပြုံး ပြုံးလေသည်။ သူသည် ဟွမ်ရှောင်ယုတို့ကဲ့သို့ နတ်ဆိုးကိုးဦးကိုပင် ဝှက်ဖဲများ မထုတ်ဘဲ သတ်ပစ်နိုင်ခဲ့၏။

ယင်းကြောင့် မဆိုင်းမတွဘဲ ဓားဖြင့်လှမ်းထိုးသည်။ ကောင်းကင်ပြာဓားမှ ပြိုင်ဘက်ကင်းသော ဓားရည်ရွယ်ချက် ပြေးထွက်သွား၏။

“ ဝုန်း ... ။ ”

ပြိုင်ဘက်ကို ထိမိသွားချိန်၌ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြန်၍ ဆုတ်ခွာသွားလေသည်။

စုရီသည်လည်း အနည်းငယ် ယိမ်းယိုင်သွားပြီး သွေးများဗြောင်းဆန်လာကာ၊

“ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ ... ဝိညာဉ်ပေါင်းစည်းခြင်းက တစ်စုံတစ်ဦးကို ရင်ဆိုင်ဖို့ နည်းနည်းခက်ခဲနေတုန်းပဲ။ ”

-ဟု ညည်းညူလိုက်လေသည်။

အဝေးရှိ ယန်ကျင်းယွင်နှင့် အဖြူရောင် ဝတ်ရုံဝတ် အဖိုးအိုတို့နှစ်ယောက်ခမျာ တုန်လှုပ် သွားတော့၏။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

သွေးစွန်းသော အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသားသည်လည်း တစ္ဆေကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။

သူ့လက်ဖဝါးတစ်ဖက်သည် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ မည်သူ့ကိုမဆို အလွယ်တကူသတ်နိုင်၏။

ကြယ်စုစည်းခြင်း အဆင့်ရှိ တစ်စုံတစ်ဦးသည် မည်သို့တားဆီးနိုင်မည်ကို နားမလည် နိုင်တော့ချေ။

“ ဒါနဲ့မင်းက ငါ့ခေါင်းကိုဖြတ်ဖို့ ခြိမ်းခြောက်နေတာလား ဘယ်လိုလူပြက်လဲ။ ”

စုရီက လှောင်ပြုံးဖြင့် ဒူးထောက်နေသော ကျန့်လင်ကျန်းကို ငုံကြည့်ကာ ဓားကိုလွှဲချလိုက် တော့သည်။ ကျန့်လင်ကျန်းတစ်ယောက် ရှောင်ရန် မစွမ်းတော့ချေ။

“ ဂလုန်း လုန်းလုန်း ... ဒုန်း။ ”

ဦးခေါင်းကြီး မြေပြင်ပေါ်သို့ လိမ့်ကျလာသည်။ မသေခင် မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ငြိမ်းချမ်းခြင်း မရှိခဲ့ချေ။

***

All Chapters