မောက်မာသော စာကလေး ... ။
Vol. 40 Ch. 476
ထိုဒေသတွင် ဘေးအန္တရာယ်များ ပြည့်နှက်နေသည့် တားမြစ်ဇုန်များရှိနေသည်မှာ သေချာသည်။ အထက်ပါဇုန်များ၌ မည်သို့သော ကပ်ဘေးများရှိမည်ကို ခန့်မှန်းချက်များသာ ထုတ်နိုင်ခဲ့ကြသည်။
ဤမတိုင်မီ သူ့တွင် ရွေးချယ်စရာ နည်းလမ်းနှစ်ရပ်ရှိသည်။ ပထမနည်းလမ်းမှာ ကြယ်ရောင်စုံကောင်းကင်ထဲသို့ ဝင်ရောက်ပြီး တားမြစ်ဇုန်များကို စူးစမ်းရန်ဖြစ်၏။
ဒုတိယနည်းလမ်းသည် ဒဏ္ဍာရီများ တွင်သာရှိသော လူဝင်စားခြင်း နည်းလမ်းကို ရှာဖွေရန်ပေပင်။ အဆုံးတွင် ဒုတိယ နည်းလမ်းသာ ရွေးချယ်ခဲ့သည်။
ကြယ်ရောင်စုံ ကောင်းကင်ကြီးထဲသို့ မသွားဝံ့သည်မျိုးမဟုတ်ဘဲ သူ့နယ်ပယ်တွင် ချို့ယွင်းချက်များစွာ ရှိနေခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့် လူဝင်စားပြီး ထိုချို့ယွင်းချက်များကို ပြင်ဆင်ရန် နောက်တစ်ကြိမ် လမ်းကြောင်းကို ရွေးခြင်းဖြစ်သည်။
သို့မှသာ ထိုအချိန်တွင် သူသည် ဧကရာဇ်နယ်ပယ် အတားအဆီးများအပေါ် ဖြတ်ကျော်ပြီး မြင့်မားသော လမ်းကြောင်းဆီသို့ စတင်နိုင်ပေမည်။
ခဏအကြာတွင် အလောင်းနောက်ရှိ သင်္ချိုင်းဂူကိုကြည့်ကာ ဤအရာသည် ကြိုတင် ပြင်ဆင်ထားသော သင်္ချိုင်းဂူအဖြစ် ယူဆမိ၏။
ကောင်းကင်မှ ပြုတ်ကျမလာခင် သူ သေဆုံးရလိမ့်မည်ဟု သူ့ကိုယ်သူ ခန့်မှန်းထားပုံ ပေပင်။
အဆုံးတွင် ထိုအရာအပေါ် စိတ်မဝင်စားတော့ဘဲ အမှောင်တားမြစ်စွမ်းအား နှင့်ပတ်သက်သည့် သဲလွန်စများကို ရှာဖွေရန် ဆက်လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက် ပတ်ဝန်းကျင် မှောင်မည်းနေပြီး တားမြစ်စွမ်းအားများမြူကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား ရစ်သိုင်းနေချေပြီ။
တခြားသူများသာဆိုသော် ဖြတ်သန်းဝံ့မည်မဟုတ်ချေ။ စုရီအတွက်မူ လုံးဝ ခြိမ်းခြောက်နိုင်စွမ်းမရှိဘဲ ငရဲဘုံကိုးဓားရောင်ဝါ အနည်းငယ်ကို အသုံးပြုရန်သာ လိုအပ်၏။
မည်သည့်အရပ်သို့ သွားစေကာမူ တိမ်ညိုများကဲ့သို့ မှောင်မိုက်နေသော တားမြစ် စွမ်းအားများ ရှိနေသည်။ နာရီဝက် ကုန်လွန် ပြီးနောက် ရုတ်တရက် ရပ်လိုက်၏။
ရှေ့ဆက်သွားမည့် လမ်းသည် အဆုံးမဲ့အမှောင်အတိဖြစ်သည်။ ကြယ်သေ သစ်ပင်ကြီး၏ အကိုင်းအခက်များက မျက်စိတဆုံး ထိုအမှောင်ထဲ ဝင်ရောက်နေ၏။
“ ဒီတားမြစ်တံခါးအတွင်းကမ္ဘာကြီးက အကန့်အသတ်မဲ့ လေဟာနယ်လိုလွင့်မျော နေတာပဲ။ ”
နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ဤကမ္ဘာကြီးသည် အဆုံးမရှိချေ။ ရှေးဟောင်း ကြယ်သေသစ်ပင်သည် ဤလောကနှင့် မသက်ဆိုင်သည့်အရပ်၌ အမြစ်တွယ် နေပုံရသည်။
ကြီးမားသောကြောင့်သာ ဤကမ္ဘာကြီးအတွင်း ပေါက်ရောက်နေသည်ဟု ထင်မှားနေခဲ့ခြင်းဖြစ်၏။
“ တာအိုစု ... ။ ”
ရုတ်တရက် အော်ခေါ်သံ ထွက်ပေါ် လာရာဆီသို့ လှည့်ကြည့်လိုက်ရာ သစ်ကိုင်းများ ပေါ်တွင် ကွေးကောက်နေသော ပုံရိပ် တစ်ရိပ်ရှိနေသည်။
၎င်းသည် နှင်းကဲ့သို့ဖြူစင်သော အသားအရည်နှင့်ချောမောလှသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
“ သော်ခို ... ။ ”
သို့သော် ကောင်မလေး၏ မျက်နှာသည် ဖြူဖျော့နေပြီးထိုနေရာတွင် ကောက်ကွေးလျက် စိုးရိမ်ထိတ်လန့်နေ၏။ စုရီကို တွေ့လိုက်ချိန်၌ စိတ်လှုပ်ရှား သွားလေသည်။
အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ကိုင်ဆောင်ထားသော ရေနစ်သူကဲ့သို့ ရွှင်မြူးမှု အပြည့်ရှိနေ၏။
“ မင်းဘယ်လို ဒီကိုရောက်နေတာလဲ။ ”
စုရီက အံ့သြသွားသည်။ သံသရာတောင်သို့ ရောက်ရှိပြီးနောက် ထူးဆန်းသော အသံကြားပြီး သူမ ပျောက်ကွယ်သွားသည်ကို ကြားသိထား၏။
အဆုံးတွင်စုရီသည် ထူးဆန်းသော ထိုအသံကြားရပြီးတောက် မြူကိုဓားနှင့်ထိုးကာ ကောချင်အပေါ် ကယ်တင်ပေးခဲ့ရသည်။
သူ့လက်ထဲရှိ ရွှေသွေးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။
ထိုအချိန်က အဆိုပါရွှေသွေးကို မွေးရာပါနတ်အဆင့်တစ်စုံတစ်ရာမှ ဆင်းသက် လာသည်ဟု ကောက်ချက်ချခဲ့သည်။
တစ်နည်းဆိုရသော် ထူးဆန်းစွာ ပျောက်ကွယ်သွားသော သော်ခိုသို့မဟုတ် ကောချင်ကို တိုက်ခိုက်သည့် စွမ်းအားသည် ဤသွေးစက်နှင့် သက်ဆိုင်ပေသည်။
ယခုမူ သော်ခိုသည် ကြယ်သေသစ်ပင်ကြီးတွင် ပြန်ပေါ်လာချေ၏။ စုရီမေးခွန်းကြောင့် သော်ခိုမှ ကြောက်ရွံ့စွာဖြင့်၊
“ ငါ ဘယ်လိုရောက်လာလဲ မသိဘူး အဲဒီတုန်းက မိန်ယန်ပိုင်တို့နဲ့အတူ သွားနေတာ ငါမှတ်မိတယ် ... ရုတ်တရက် အရာအားလုံး ...
... မည်းမှောင်သွားပြီး သတိလစ်သွားတယ် သတိပြန်ရလာတော့ ဒီနတ်ဆိုးကောင်ကြီးထဲမှာ ရှိနေခဲ့တာပဲ။ ”
ကောင်မလေးသည် သိသိသာသာ ထိတ်လန့်နေပြီး အသံများ အဖျားခတ်တုန်ယင် နေတော့၏။
“ မင်းဒဏ်ရာရထားလား။ ”
“ မရဘူး ... ။ ”
“ မင်းဒီမှာ ပိတ်မိနေတဲ့အချိန်မှာ တစ်ခုခုရှာတွေ့ခဲ့သေးလား။ ”
“ မတွေ့ဘူး ... တာအိုစု ငါ့ကို ကယ်နိုင်မလား ကျေးဇူးပြုပြီး ငါဒီကောင်ကြီး ထဲမှာ ပိတ်မိမနေချင်ဘူး ... ။ ”
သူမအသံသည် ရှက်ရွံ့ပြီး တိုးညှင်းကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။
“ အဆင်ပြေပါတယ်။ ”
စုရီက လေထဲ ဓားအလင်းဖြင့် ပစ်ချလိုက်လေသည်။ သော်ခိုတစ်ယောက် သစ်ကိုင်းမှ ပြုကျလာခဲ့၏။
“ ကျေးဇူးတင်ပါတယ် တာအိုစု။”
သော်ခိုက အလွန်စိတ်လှုပ်ရှားကာ ဦးညွှတ်နှုတ်ဆက်၏။ သို့သော် ထိုအခိုက်တွင် စုရီသည် သော်ခိုလည်ပင်းကို ဆွဲကိုင်လိုက်ပြီး လေထဲ မြှောက်တင်လိုက်သည် ။
တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်ဖြင့် သူမညာလက်ကို ဆုပ်ကိုင်လိမ်ချိုးလိုက်ပစ်၏။
“ အား ... ။ ”
သော်ခိုမှ နာကျင်စွာ ညည်းတွားလျက် ပါးလွှာပြီး ထက်ရှသော ငွေရောင်ဆံညှပ်လေး ပြုကျလာ၏။
“ မင်းက ငါ့ကိုအငိုက်ဖမ်း တိုက်ခိုက်ချင်နေတာလား ... နည်းနည်း နုံအနေတုန်းပဲ။ ”
ထိုအချိန်တွင် သော်ခို၏ ချစ်စရာကောင်းသော မျက်နှာ၌ အပြုံးတစ်ပွင့် ပေါ်လာပြီး သူမက၊
“ သေချာလား ... ။ ”
-ဟု ပြန်၍မေးမြန်းလိုက်သည်။
အသံသည် ကြမ်းတမ်းလွန်းပြီး ပြတ်သားချေ၏။ စုရီထံကြည့်နေသည့် မျက်လုံးများတွင် ထူးဆန်းသော အပြာရောင် မီးလျှံများ တောက်ပနေခဲ့သည်။
“ ဟမ့် ... ။ ”
စုရီ၏ အသိစိတ်ပင်လယ်၌ ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကမောက်ကမ ဖြစ်လာချေပြီ။
သို့သော် ခဏလေးအတွင်းမှာပင် ငရဲဘုံကိုးပါးဓား၏ အရှိန်အဝါများ ပျံ့နှံ့လာကာ ကျူးကျော်ဝင်ရောက်လာမှုများ အားလုံးကို ချေမှုန်းပစ်လိုက်သည်။
“ မင်းအရင်က မိန်းကလေးသော်ခို ဝိညာဉ်ကိုကျူးကျော်ဖို့ ဒီလျှို့ဝှက်နည်းစနစ်ကို သုံးခဲ့တာ မဟုတ်လား ...
... ဒီစွမ်းအား မဆိုးဘူး ဧကရာဇ် နယ်ပယ်အောက်က ဘယ်သူမဆို မင်းအပေါ် ဟန့်တားနိုင်မှာ မဟုတ်ဘူး။”
“ ဒါပေမယ့် မင်းကို မအောင်မြင်ဘူး ... ။ ”
သော်ခိုက အလိုမကျဟန်ဖြင့် မယုံနိုင်ဖွယ် ပြန်ကြည့်လာသည်။
“ ငါက မင်းမြင်ဖူးတဲ့ လူတွေနဲ့မတူဘူး။ ”
စကားပြောနေစဉ် အစိမ်းရောင် ဓားပျံတစ်လက် မျက်ခုံးကြားမှ ထွက်ပေါ်လာပြီး သော်ခို၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားလေသည်။
“ ဟမ့် ... ။ ”
ထူးဆန်းသော မီးခိုးရောင် အလင်းတန်းတစ်ခု သော်ခိုဦးခေါင်းအထက်တွင် ရုတ်တရက် လင်းလက်လာပြီး လက်ဖဝါးအရွယ် ငှက်တစ်ကောင် ထွက်ပေါ်လာ၏။
၎င်းသည် မီးခိုးရောင်အတောင်ပံများ တဖျပ်ဖျပ်ခတ်နေပြီး သာမန်စာငှက်တစ်ကောင် ပေပင်။
မျက်လုံးတစ်စုံသည်သာလျှင် ရွှေရောင်လင်းလက်ကာ အနည်းငယ်မျှ ကွဲပြားသော အသွင်မျိုး ရှိနေ၏။
“ ဟားဟားဟား ... မင်းငါ့ကို အဲဒါနဲ့ သတ်နိုင်မယ်လို့ထင်နေလား ... ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”
မီးခိုးရောင်ငှက်က လေထဲတွင် တဖျပ်ဖျပ်ပျံဝဲကာ အဝေးရှိ ကြယ်သေသစ်ပင်၏ အကိုင်းအခက်တစ်ခုပေါ် ဆင်းသက်သွားသည်။
၎င်း၏အမြန်နှုန်းသည် အလွန် လျင်မြန်သောကြောင့် တည်နေရာရွေ့ပြောင်း လိုက်သကဲ့သို့ ထင်မှားစေ၏။
အကွေ့အကောက်များသည့် တောင်တန်းများကဲ့သို့သော အကိုင်းအခက်များ အတွင်း မီးခိုးရောင်ငှက်ခမျာ ပျောက်ကွယ် နေချေပြီ။
စုရီတစ်ယောက် မီးခိုးရောင်ငှက်ထံ လျစ်လျူရှုကာ သော်ခိုထံ ငုံ့ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမ ဒဏ်ရာ မပြင်းထန်ချေ။
သစ်ကိုင်းပေါ်ရှိ မီးခိုးရောင်ငှက်က တစ်ဖက်လူ၏ ယခင်တိုက်ခိုက်မှုသည် သူ့ထံ မရည်ရွယ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။
ယင်းသည် သိမ်းပိုက်ထားသော အမျိုးသမီးကိုသာ ကယ်တင်ရန် ဖြစ်လေသည်။ သူ့အတွက် ရှက်စရာပေပင်။
“ ပြောပါ ... မင်းငါ့ကို ဘာလို့ တိုက်ခိုက်တာလဲ။ ”
စုရီက အေးဆေးစွာ မေးသည်။ မီးခိုးရောင်ငှက်က နှုတ်သီးနှင့် သူ့အမွေးများကို ဖြီးကာ၊
“ ဘာလို့ဖြေရမှာလဲ ... မင်းက ပုရွက်ဆိတ်နဲ့တူတဲ့ ကြယ်စုစည်းခြင်းအဆင့်ပဲ ငါ့ကိုမေးခွန်းထုတ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ ... ထွီ။ ”
-ဟုဆိုလျက် တံတွေးထွေး ပြလိုက်တော့သည်။
စုရီက မျက်ခုံးပင့်လိုက်သည်။ ဤငှက်ကလေးသည် သူ့ထက်ပင် မောက်မာ နေချေ၏။
***