← Chapters

မူလမျိုးစေ့နှင့် အကြောင်းတရား။

Vol. 40 Ch. 478

မူလမျိုးစေ့နှင့် အကြောင်းတရား။

Vol. 40 Ch. 478

“ ဟမ့် ... ပုရွက်ဆိတ်လေး၊ အားချန်က ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာအရ ခံလိုက်တယ်လို့ မင်းပြောချင် နေတာလား မင်းလို ပုရွက်ဆိတ်က မင်းကိုယ်မင်း သိပ်ပြီး တွေးနေတာပဲ။ ”

စုရီက မီးခိုးရောင်ငှက်၏ လှောင်ပြောင်မှုအပေါ် လျစ်လျူရှုကာ လက်ဖဝါး ဖြန့်ပြလိုက်လေသည်။

“ ဝူး ... ။ ”

ကြယ်သေများနှင့် ဖုံးလွှမ်းနေသော ရှေးဟောင်းသစ်ပင်ဆီ ရွှေသွေးစက်က လွင့်ပျံ ပျောက်ကွယ်သွားခဲ့၏။

“ ပြောပါ ... မင်းငါ့ကိုဘာအတွက် ဓားနဲ့ထိုးရအောင် လုပ်ခဲ့တာလဲ။ ”

စုရီက ကြယ်သေသစ်ပင်ကြီးထံ မော့ကြည့်ကာ မေးမြန်းလိုက်တော့သည်။

“ အားချန် ... ဒီလူယုတ်မာကို ဂရုမစိုက်ပါနဲ့၊ သူက ... ။ ”

မီးခိုးရောင်ငှက်၏ စကားမဆုံးခင် မြူမှုန်များကျဆင်းလာပြီး မီးခိုးရောင်ငှက်ကို ညင်သာစွာပွတ်သပ်သော သွယ်လျသည့် လက်တစ်ဖက်အဖြစ် ပြောင်းလဲသွား၏။

“ ရှောင်ချွယ်၊ ငါစကားပြောပါရစေ။ ”

တစ်ချိန်တည်းမှာပင် အေးစက် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာ ခဲ့သည်။ ငှက်ကလေးက တိတ်ဆိတ်သွား၏။

“ ဒီမိုးပြာအရင်းမြစ်ရဲ့ ... အသိစိတ်ဝိညာဉ်အပိုင်းအစလား။ ”

“ တာအိုမိတ်ဆွေ မင်းနားလည်မှု လွဲသွားပါပြီ ရှောင်ချွယ်လိုပဲ ... ငါဟာမိုးပြာမူလ ကနေ မွေးဖွားလာတဲ့ သဘာဝဝိညာဉ်ဖြစ်ပြီး မိုးပြာမူလရဲ့အသိစိတ်ဝိညာဉ် မဟုတ်ပါဘူး။ ”

ထို့နောက် ကြယ်သေသစ်ပင်အထက် ကောင်းကင်တွင် တိမ်စိမ်းများ ရောယှက်ကာ မိန်းကလေးတစ်ဦး၏ စိတ်ကူးယဉ်ဆန်သော ရုပ်သွင်အဖြစ်သို့ ပေါင်းစပ်သွားသည်။

သူမသည် ရှည်လျားပြီး ချောမွေ့သော နှင်းဖြူဆံပင်များဖြင့် တိမ်သဖွယ်၀တ်စုံကြီးကို ၀တ်ဆင်ထား၏။

လှပသောမျက်နှာကို တိမ်တိုက်ထဲတွင် ဝှက်ထားပြီး ဆန်းကြယ်ကာ ရင်သပ်ရှုမောဖွယ် လေထုကို ပေါင်းထည့်ထားသည်။

“ တာအိုမိတ်ဆွေ ... မင်းငါ့ကို အားချန်လို့ခေါ်လို့ရတယ် မင်းပြောသလိုပဲ ငါက တမင်ဒဏ်ရာအရခံပြီး ...

... အဲဒီသွေးစက်ကို ချန်ထားခဲ့တာပါ ငါ့ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ် မင်းနဲ့ တွေ့ချင်ရုံပါပဲ။ ”

ထိုစကားကြောင့် မီးခိုးရောင်ငှက်၏ မျက်လုံးများပြူးသွားသည်။ အားချန် ဒဏ်ရာ ရရသည့် အကြောင်းရင်းမှာ အမှန်တကယ် ရည်ရွယ်ချက်ရှိနေမှန်း သူသိလိုက်၏။

ခဏအကြာတွင် စုရီကို ပြန်မကြည့်ဘဲ မနေနိုင်တော့ချေ။ ကြယ်စုစည်းခြင်းအဆင့်မှ ဤလူငယ်နှင့် ပတ်သက်၍ ထူးဆန်းသည်များ ရှိနေသည်လောဟု တွေးထင်လာ၏။

စုရီက ခေါင်းညိတ်ပြီး စိတ်ဝင်တစားဖြင့်၊

“ ငါဒီကို ရောက်နိုင်တယ်ဆိုတာ မင်းဘယ်လိုသိလဲ။ ”

-ဟုမေးသည်။

“ မင်းမှာ အလွန်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ စွမ်းအား ပိုင်ဆိုင် ထားတယ်ဆိုတာ ငါခံစားနိုင်ပါတယ် ...

... ဒါပေမယ့် ဘယ်လိုစွမ်းအားလဲ ဆိုတာတော့ ငါမဆုံးဖြတ်နိုင်ဘူး အဲဒါကြောင့် လမ်းညွှန်ချက်တစ်ခုအနေနဲ့ ငါ့သွေးစက်ကို အသုံးပြုပြီး စမ်းကြည့်လိုက်တာ။ ”

စုရီက မျက်ခုံးပင့်သွားလေသည်။ ဤမိန်းကလေးသည် ငရဲဘုံကိုးပါးဓားရောင်ဝါ အပေါ် ခံစားမိပုံပေပင်။ မရိုးရှင်းနိုင်။ ထိုအချိန်၌ အားချန်က ခပ်ဖျော့ဖျော့ ပြုံးကာ၊

“ အခုတော့ ငါမမှားဘူးထင်ပါရဲ့ တာအိုမိတ်ဆွေက ကြယ်စုစည်းခြင်း အဆင့်မှာ ရှိပေမယ့် ချိပ်ပိတ်ထားတဲ့စွမ်းအားက ကမ္ဘာပေါ်က တခြားကျင့်ကြံသူတွေ လက်လှမ်းမမီ နိုင်လောက်အောင် ဝေးကွာနေတယ်။ ”

ကျင့်ကြံသူဟုသုံးသော အခါတွင် မူလတာအိုနယ်ပယ်အပေါ် ရည်ညွှန်းသော ကြယ်စုစည်းခြင်းအဆင့်ကို အထူး အလေးပေးပြောကြား၏။

မီး​ခိုးရောင်ငှက်မှ အားချန်စကားများ၏ အဓိပ္ပါယ်ကို သဘာဝကျကျ နားလည်ပြီး၊

“ အားချန် ... ဒီပုရွက်ဆိတ်ရဲ့ အစွမ်းက တကယ်ပဲ ပြင်းထန်သလား။ ”

-ဟု မေးခွန်းထုတ်လိုက်သည်။

သူ့အတွက် ယုံရခက်မှန်း သိသာနေ၏။ စုရီသည် မီးခိုးရောင်ငှက်ကို လျစ်လျူရှုကာ၊

“ အခု ငါရောက်ပြီ မင်းဘာပြောချင်လဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါမင်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ မျှော်လင့်မိပါတယ်။ ”

“ ဆက်​ဆံရေးကောင်းဖို့လား ... မင်းရဲ့ မိုးပြာရင်းမြစ်ကို ပြုပြင်ချင်တယ်လို့ မပြောပါနဲ့ ဒါကပြိုကျခါနီးနေပြီ ကြာကြာခံတော့မှာ မဟုတ်ဘူး နှစ်အနည်းငယ်ကြာရင် လုံးဝကွဲသွားလိမ့်မယ်။ ”

စုရီမှ ကြယ်သေသစ်ပင်ကြီးထံ ကြည့်ကာ တိုက်ရိုက်ပြောကြားလိုက်သည်။

“ မိုက်မဲတဲ့စကားတွေ မပြောနဲ့ ... ။ ”

မီးခိုးရောင်ငှက်က အလွန်ဒေါသထွက်ကာ ကျယ်လောင်စွာ ဟစ်အော်လေသည်။ အားချန်မှ သက်ပြင်းချလျက်၊

“ တာအိုမိတ်ဆွေ ... မင်းပြောသလိုပဲ ကြယ်မုန်တိုင်းရဲ့ ရိုက်ခတ်မှုကို မိုးပြာမူလက တားဆီးထားပေးခဲ့ပေမယ့် အမှောင်တားမြစ် စွမ်းအားရဲ့ တိုက်စားနိုင်စွမ်းကြောင့် ပျက်စီးသွားရပြီ ဒါအမှန်တရားပဲ။ ”

ထိုသို့ပြောပြီးနောက် အားချန်မှ ခေတ္တရပ်လိုက်ကာ၊

“ ဒါပေမယ့် မိုးပြာအရင်းအမြစ်က ဒီလို လုံးဝပျက်စီးသွားမှာ မဟုတ်ပါဘူး ... အဲဒီအစား တာအိုနိယာမတွေအဖြစ် ပျံနှံ့သွားလိမ့်မယ် ဒါက မိုးပြာတိုက်ကြီးအတွက် မကြုံစဖူး ကသောင်းကနင်း ဖြစ်မဲ့ဖြစ်စဉ်ပဲ။ ”

“ ဒါက ပြင်ပကမ္ဘာကြီးမှာ ... မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ စောင့်မျှော် နေကြတဲ့​ ရွှေခေတ်ဆိုတာဖြစ်မယ်။ ”

စုရီက မျက်ခုံးပင့်ကာ ဝင်ပြောသည်။ အားချန်မှ ခေါင်းညိတ်ပြီး၊

“ မှန်တယ် တောက်ပတဲ့ခေတ်လို့လည်း ပြောလို့ရပါတယ် အဲဒီအချိန်မှာ ... ဒီတိုက်ကြီးရဲ့ ကောင်းကင်နဲ့မြေကြီးကြား ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလာပြီး ...

... တာအိုနိယာမတွေ ပြန်ပေါ်လာမယ် ပြီးတော့ သမိုင်းမြစ်ကြီးထဲမှာ မြှုပ်နှံထားတဲ့ ကံကြမ္မာနဲ့ အခွင့်အလမ်းတွေလည်း ပေါ်လာလိမ့်မယ်။ ”

အားချန်၏ လှပပြီး မှုန်ဝါးနေသော မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အမြွက်များ ပေါ်လာခဲ့၏။

“ တကယ်တော့ မိုးပြာမူလသာမရှိရင် ဒီကမ္ဘာကြီးက ရွှေခေတ်ကို ဦးတည်သွားပေမယ့် အဆုံးမှာ ဆုတ်ယုတ်သွားရမှာပါပဲ ...

... နောက်ပြီး ဒီတိုက်ကြီးရဲ့ အာကာသ အတားအဆီးပျက်ပြယ်ပြီး တခြားကမ္ဘာပေါ်က ကျူးကျော်ဝင်ရောက် လာလိမ့်မယ်။ ”

စုရီသည် ရှေးဟောင်းသစ်ပင်ကြီးမှ တွဲလောင်းကျနေသော ကြယ်သေများဆီသို့ လှည့်ကြည့်လိုက်သည်။

“ ကြယ်မုန်တိုင်းတစ်ခု ... ထပ်မံ ဝင်ရောက်လာရင် ဒီသစ်ပင်ကြီးက ခုခံနိုင်စွမ်း မရှိတော့ဘဲ ... လုံးဝပျက်စီးသွားလိမ့်မယ် မဟုတ်လား။ ”

ဤစကားများသည် အားချန်ကို အနည်းငယ်တုန်လှုပ်စေကာ ခေါင်းညိတ်စေ၏။ ထိုအရာသည် အဆိုးရွားဆုံးနှင့် သူမအတွက် ကြောက်စရာကောင်းသော အရာဖြစ်သည်။

“ ဟမ့် ... မဖြစ်နိုင်ပါဘူး ... ဒီကြယ်မုန်တိုင်းဟာ အနှစ် (၃)သောင်းအတွင်း တစ်ကြိမ်မှ ပြန်မလာဘူး ... ဘယ်လိုလုပ် နောက်တစ်ကြိမ် ပြန်လာမှာလဲ။ ”

မီးခိုးရောင်ငှက်က အကြောက်အကန် ငြင်းဆန်လေသည်။ သူသည် မကောင်းမြင်သော ခံစားချက်ရှိသော်လည်း ယခုအချိန်တွင် ထိုအရာကို လက်မခံနိုင်ချေ။

“ အခုတော့ မဖြစ်သေးပါဘူး ... ဒါပေမယ့် အနာဂတ်မှာ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ”

အားချန်စကားကို စုရီမှ ခေါင်းညိတ်ကာ၊

“ မှန်တယ် ... ကမ္ဘာကြီးတစ်ခုလုံးရဲ့ အပြောင်းအလဲတွေဟာ အမြဲတမ်း ကြမ်းကြုတ် လွန်းတယ် အရင်က ... ဒီလိုတိုက်ကြီးတွေ ပျက်စီးခဲ့တာကို ငါမြင်ဖူးတယ်။ ”

-ဟု ထောက်ခံလိုက်၏။ မီးခိုးရောင်ငှက်က ဒေါသတကြီးနှင့်၊

“ မင်း ... ကောင်းတာတစ်ခုခု ပြောလို့မရဘူးလား။ ”

-ဟု ဟစ်အော်လေသည်။ အားချန်က၊

“ ရှောင်ချွယ်၊ တာအိုမိတ်ဆွေပြောတာ မှန်ပါတယ် ငါတို့လုပ်ရမှာက ဒါတွေအားလုံးကို လက်ခံပြီး အမြန်ဆုံးဖြေရှင်းဖို့ပဲ။ ”

မီးခိုးရောင်ငှက်ခမျာ တိတ်ဆိတ်သွားတော့၏။

“ မင်းပြောတာမှန်တယ် ... မင်းဒုက္ခရောက်နေတဲ့အခါ မင်းပြောင်းလဲရမယ် ပြောင်းလဲခြင်းသာ အောင်မြင်မှုလမ်းပဲ ...

... ကြီးမားတဲ့ အဖြစ်အပျက်တွေရဲ့ နောက်မှာ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတွေ အမြဲရှိနေတယ်။ ”

စုရီက ပြောကြားလိုက်သည်။ ချန်အားမှ အသက်ပြင်းပြင်းရှူလျက် စုရီထံ ပြန်ကြည့်ပြီး၊

“ ငါ့မျက်လုံးထဲမှာတော့ ... ဒီမျှော်လင့်ချက်ရောင်ခြည်က မင်းပဲ တာအိုမိတ်ဆွေ။ ”

-ဟု တိုးတိုးလေးပြောလိုက်သည်။

“ ဟမ့် ... သူလား၊ ကြယ်စုစည်းခြင်း အဆင့်က ဧကရာဇ်နယ်ပယ်ကိုတောင် မသိတဲ့ ပုရွက်ဆိတ်ကို ... မင်းအားကိုးနေတာလား အားချန် ... မင်းရူးနေတာလား။ ”

စုရီတစ်ယောက် မထိန်းနိုင်တော့ဘဲ တုန်ခါလာသည်။ ဤစက်ဆုပ်ဖွယ်ကောင်းသော ငှက်ကို အရှင်လတ်လတ် အရေခွံခွာရန် အကြံရလာ၏။

“ ငါ မရူးပါဘူး။ ”

အားချန်၏မျက်နှာသည် တည်တည်ငြိမ်ငြိမ်နှင့် လေးနက်သော အမူအရာများ ပြည့်နှက်လာ၏။

“ တာအိုမိတ်ဆွေရဲ့ စွမ်းအားက အမှောင်တားမြစ်စွမ်းအားကို ချေဖျက်နိုင်တယ် အခုချိန်မှာ ကျင့်ကြံမှုနိမ့်ကျနေပေမယ့် အနာဂတ်မှာ မတူနိုင်ဘူး။ ”

“ မင်းငါ့ကို ... ဒီလိုတွေ ချီးမွမ်းနေစရာ မလိုပါဘူး ငါနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးကို ထူထောင်ချင်တယ်ဆိုရင် မင်းရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပြပါ။ ”

စုရီက ပျင်းရိလာ၏။

“ မင်းကို ကယ်တင်ပေးဖို့ ငါမတောင်းဆိုဝံ့ပါဘူး မိုးပြာအရင်းအမြစ် အတွက် ... မျှော်လင့်ချက်လေးတစ်ခု ချန်ထားခဲ့ချင်တာပါ။ ”

သူမ စကားပြောနေစဉ် လက်ဖဝါးကို ညင်သာစွာ မြှောက်လိုက်သည်။ ကြယ်သေများ ဖုံးလွှမ်းနေသော သစ်ပင်ကြီးသည် ပြင်းစွာ တုန်ခါသွား၏။

ရှေးဟောင်းသစ်ပင်၏ အမြစ်များသည် ပကတိမျက်စိဖြင့် မြင်နိုင်သောတောက်ပသည့် အလင်းတန်းတစ်ခု ထုတ်လွှတ်ပေး၏။

ဤအခိုက်အတန့်တွင် ကောင်းကင်၌ ကြီးမားသော နေမင်းကြီးတစ်စင်း ပေါ်လာပြီး အရပ်ရပ်သို့ ထွန်းလင်းစေခဲ့သည်။

သို့သော် အသက်ရှူချိန် အနည်းငယ်မျှသာကြာပြီး အလင်းရောင်နှင့် မီးတောက်များ အားလုံး ပျောက်ကွယ်သွားကာ ပြန်လည်ငြိမ်သက်သွား၏။ မရှိခဲ့သလိုပေပင်။

အားချန်က ဆံပင်ဖြူများ တဖျပ်ဖျပ်ခတ်နေပြီး လှပမှုန်ဝါးနေသော မျက်နှာအသွင်သည် အားစိုက်ထုတ်မှု အရိပ်အမြွက်ဖြင့် ဖြူဖျော့လာ၏။

သူ့မရှေ့တွင် မီးခိုးရောင် ကျောက်သေတ္တာတစ်လုံး လွင့်မျောနေသည်။ ကျောက်သေတ္တာသည် လက်ဖဝါးအရွယ်မျှသာ ရှိပြီး ရိုးစင်းကာ မထင်ရှားချေ။

သို့သော် ဤအခိုက်တွင် အားချန်သည် လေးနက်တည်ကြည်သော အမူအရာမျိုးကို ထုတ်ပြထားပြီး၊

“ တာအိုမိတ်ဆွေ ဒီသေတ္တာထဲမှာ မိုးပြာအရင်းအမြစ်ကို လို့ခေါ်တဲ့ ... မိုးပြာမျိုးစေ့ ပါရှိတယ်။ ”

-ဟု မိတ်ဆက်ပေး၏။

ထိုအချိန်တွင် မီးခိုးရောင်ငှက်ကလေးက၊

“ အားချန်၊ မင်းအခုမှ တွေ့ဖူးတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ဒီလိုမြင့်မြတ်တဲ့ ရတနာပေးချင်နေတယ်လို့ ငါ့မပြောနဲ့။ ”

-ဟု အော်ဟစ်လာ၏။

အားချန်တစ်ယောက် ရှောင်ချွယ်၏ အထိန်းအအကွပ်မဲ့သော စကားများအပေါ် သည်းမခံနိုင်တော့ သကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်ကာ၊

“ ရှောင်ချွယ် ... ၊ တာအိုမိတ်ဆွေ ဒေါသထွက်သွားရင် ငါမင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတာ မင်းသိထားပါ။”

-ဟု သတိပေးလိုက်သည်။

မီးခိုးရောင်ငှက်က တိတ်ဆိတ်သွား၏။ အားချန်မှ စုရီထံပြန်ကြည့်ကာ၊

“ ရှောင်ချွယ်က ပွင့်ပွင့်လင်းလင်း ပြောတတ်တာမို့ ... ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် တာအိုမိတ်ဆွေ ... ။ ”

စုရီက သူ့ခေါင်းကို မကျေမနပ် ခါယမ်းပြပြီး၊

“ ငှက်သားရဲတစ်ကောင်ကို ငါစိတ်မဝင်စားဘူး။ ”

-ဟု ပြောကြားလိုက်သည်။

မီးခိုးရောင်ငှက်က ဒေါသတကြီးဖြင့်၊

“ မင်း ... ။ ”

-ဟု အတောင်များဖြန့်ကာ တုန့်ပြန်ရန် ပြင်လိုက်သည်။

“ မင်းရဲ့ အကျင့်ဆိုးတွေကို ... ပြုပြင်ပြောင်းလဲပြီး ဘယ်လိုပြုမူနေထိုင်ရမလဲ ဆိုတာ ငါကူညီပေးရမလား။ ”

“ တာအိုမိတ်ဆွေ ... မင်းသာ ရှောင်ချွယ်ရဲ့ အကျင့်ဆိုးတွေအပေါ် ပြုပြင်ပေးနိုင်ရင်တကယ် ကောင်းမှာပဲ။ ”

အားချန်က ဝမ်းသာသွားသည်။ မီးခိုးရောင်ငှက်ခမျာ မျက်လုံးပြူးသွားပြီး၊

“ မိန်းမတွေက မယုံကြည်ရဆုံးဆိုတာ ငါသိတယ်။ ”

-ဟု ဒေါသတကြီးဆိုလျက် ပါးစပ်ပိတ်သွားတော့၏။

“ ဘုန်း ... ။ ”

နေဝင်ချိန် အလင်းတန်းတစ်ခုကဲ့သို့ လက်ဖဝါးတစ်ဖက်သည် မီးခိုးရောင်ငှက်အပေါ် ထိမှန်လျက် ယိမ်းထိုးပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

“ ဖရူး ... ဖရူး ... ။ ”

ထို့ကြောင့် မီးခိုးရောင်ငှက်ခမျာ ပြုတ်မကျစေရန် အတောင်ပံများ မြန်မြန် ခတ်ပြလိုက်ပြီး၊

“ အားချန် ... မင်းငါ့ကို ဘာလို့ရိုက်တာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ရှောင်ချွယ်၊ အခုချိန်ကစပြီး မင်းစကားတစ်ခွန်းမှ မပြောနဲ့ ... ။ ”

အားချန်အသံသည် တည်ငြိမ်ပြီး မထူးခြားလှသော်လည်း မီးခိုးရောင်ငှက်ကို နာခံမှုရှိသွားစေခဲ့သည်။

“ တကယ့်ကို ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပြီ။ ”

ထိုမြင်ကွင်းကို ကြည့်ကာ စုရီမှ ခေါင်းယမ်းပြုံးသည်။ မီးခိုးရောင်ငှက်က စုရီကို စူးရှစွာ စိုက်ကြည့်တော့၏။ သို့သော် အားချန် ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် စကား ထပ်မဆိုတော့ချေ။

“ တာအိုမိတ်ဆွေ၊ ဖြစ်နိုင်ရင် မင်းဒီမိုးပြာမျိုးစေ့ကို ယူလိုက်ပါ။ ”

ထိုအချိန်တွင် အားချန်သည် အသက်ပြင်းပြင်းရှူလျက် မျှော်လင့်ချက် အရိပ်အမြွက်များဖြင့်၊

“ ဒါက မင်းရဲ့ အနာဂတ် ကျင့်ကြံမှုလမ်းအတွက် အတိုင်းအဆမဲ့ အကျိုး ရှိပါလိမ့်မယ် ... ဒါကို မင်းလဲသဘာဝကျကျ နားလည်နိုင်တယ် မဟုတ်လား။ ”

-ဟု ပြောကြားလာသည်။

မီးခိုးရောင်ငှက်၏ မျက်လုံးများသည် အဆက်မပြတ် ပြောင်းလဲပြီး စိတ်မချမ်းသာ နိုင်ကြောင်း ထင်ရှားနေ၏။

စုရီတစ်ယောက် သက်ပြင်းချသည်။ ဤမိုးပြာမျိုးစေ့ကို ကမ္ဘာမူလမျိုးစေ့ဟုလည်း ခေါ်ဆိုနိုင်ပြီး အခွင့်အခါကြုံမှသာ ရနိုင်သော ကံကြမ္မာဖြစ်၏။

အရိုင်းမြေကိုးပါးတွင် ဧကရာဇ်အဆင့် တန်ခိုးရှင်များပင် ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ၎င်းအတွက် တိုက်ပွဲဝင်ကြပေမည်။

သူ့အတွက်မူ ကံကောင်းခြင်းဟု မမြင်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းကို လက်ခံခြင်းသည် အကျိုးဆက်များအတွက်ပါ တပါတည်းခံယူရမည်ဟု နားလည်သည်။

***

All Chapters