တာအိုကံကြမ္မာ ... ။
Vol. 40 Ch. 479
စုရီတစ်ယောက် ခဏမျှစဉ်းစားပြီး ရုတ်တရက်တစ်ခုခုကို သတိရလာကာ၊
“ ငါဒါကို လက်ခံနိုင်ပေမယ့် အခြေအနေတစ်ခုတော့ မင်းသဘောတူရမယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
မီးခိုးရောင်ငှက်မှ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဤသို့ရှားပါးသော အခွင့်အရေးကို အလကားရသည်ကိုပင် ညှိနှိုင်းရန် တွေးဝံ့နေ၏။ ဤကလေး အရမ်းလောဘကြီးပေသည်။
“ ပွင့်ပွင့်လင်းလင်းပြောပါ တာအိုမိတ်ဆွေ ... ။ ”
“ ငါ့ကို ... မင်းရဲ့သွေးပေးပါ မများပါဘူး၊ သုံးစက်ပဲ။ ”
ဤတောင်းဆိုမှုကြောင့် တိတ်ဆိတ်စွာ နားထောင်နေသော မီးခိုးရောင်ငှက်တစ်ကောင် ရုတ်တရက် အမူအရာ ပြောင်းသွားသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ၊
“ ကောင်လေး ... မင်း အရမ်းလွန်လာပြီ။ ”
-ဟု ဝင်ပြောလိုက်၏။
အားချန်သည်လည်း ခဏတာမျှ အံ့အားသင့်သွားပြီး ကြယ်ရောင်စုံ တောက်ပနေ သကဲ့သို့ မျက်ဝန်းများ ဖျတ်ခနဲတောက်ပကာ၊
“ ဒါဆို ငါ့မူလကို မင်းမြင်ပြီပေါ့ ... ။ ”
-ဟု မေးမြန်းလိုက်သည်။
စုရီမှ ခေါင်းညိတ်ကာ၊
“ မှန်တယ် ဒါပေမယ့် ... မင်းကို ငါမက်မောနေရင် ဒီလိုသွေးသုံးစက် တောင်းရုံနဲ့ လွယ်လွယ်ပြီးမယ်များ ထင်နေလား။ ”
-ဟု တုန့်ပြန်၏။
အားချန်မှ ခဏမျှ စဉ်းစားပြီး သူမ လက်ချောင်းထိပ်များကို ပွတ်ဆွဲလိုက်ရာ ရွှေသွေးစက်သုံးစက် လွင့်ထွက်လာ၏။
အားလုံးသည် ရွှေရောင်များ တောက်ပြောင်နေကာကြွယ်ဝပြီး အံ့မခန်း အသက်ဓါတ်များ ပြည့်နှက်နေသည်။
ထိုမြင်ကွင်းကြောင့် မီးခိုးရောင်ငှက်ခမျာ တုန်လှုပ်လျက်၊
“ အားချန် မင်းရဲ့သွေးက ... ။ ”
“ ရှောင်ချွယ် ... ငါစိတ်ပိုင်းဖြတ်လိုက်ပြီ။ ”
ထို့နောက် သွေးသုံးစက်ကို မဟူရာကျောက်စိမ်းပုလင်းထဲ တံဆိပ်ခတ်ပြီး စုရီထံပျံသန်းစေကာ၊
“ ကျေးဇူးပြုပြီး လက်ခံပါ တာအိုမိတ်ဆွေ။ ”
-ဟု ပြောကြားလိုက်တော့၏။
သွေးသုံးစက်မျှသာ ဖြစ်သော်လည်း မိန်းကလေး၏ လှပပြီးဝေဝါးအုံ့ဆိုင်းနေခဲ့သော မျက်နှာသည် ဖြူဖျော့သွားချေပြီ။
စုရီက မဟူရာကျောက်စိမ်းပုလင်းကို ယူနေစဉ် အနည်းငယ် အံ့သြသွားဟန်မျိုးဖြင့် အားချန်ကို ပြန်ကြည့်လိုက်၏။ သူ့အထင် မှန်နေချေပြီ။
“ ကောင်းပြီ ... ဒီမိုးပြာမျိုးစေ့ရဲ့ အကြောင်းအကျိုးကို ငါခံယူမယ်၊ သွေးသုံးစက် ကတော့ မင်းနဲ့ငါကြား ကံကြမ္မာပဲ။ ”
အားချန်က ပြုံးကာ သူ့မျက်လုံးများ ရွှင်လန်းမှုအပြည့်ဖြင့် အနည်းငယ် ဦးညွှတ်ပြီး၊
“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
-ဟု တုန့်ပြန်လိုက်သည်။
သူမ စကားပြောနေစဉ် မိုးပြာမျိုးစေ့ပါရှိသော ကျောက်သေတ္တာငယ်ကို စုရီက သိမ်းယူလိုက်သည်။
မီးခိုးရောင် ငှက်ကလေးသည် ထိုမြင်ကွင်းများထံ အဆုံးတိုင်စိုက်ကြည့်နေခဲ့ပြီး သက်ပြင်းချလိုက်တော့၏။
“ ဒီဖရိုဖရဲတွင်းနက်ကြီး ပျောက်ကွယ်သွားတဲ့အခါ မင်းမှာ သွားစရာ မရှိတော့ရင် ... ငါ့ကိုလာရှာနိုင်တယ် ... မင်းရဲ့ ခွန်အားနဲ့ ရှာတွေ့ဖို့ မခက်ဘူးလို့ ငါယုံကြည်တယ်။ ”
ထိုစကားကို ပြောပြီးနောက် စုရီတစ်ယောက်သော်ခိုကို ကျောပိုးလိုက်ကာ ချက်ချင်း လှည့်ထွက်လာခဲ့သည်။
“ အခွင့်အရေးရရင် ငါမင်းကိုလာရှာပါ့မယ်။ ”
အားချန်က တိုးတိုးလေး ပြောလိုက်သည်။ စုရီမှဂရုမစိုက်တော့ဘဲ မျောက်ဘုရင်ယွမ်မိုရှင်း အလောင်းထံ တစ်ချက်ကြည့်ကာ အုတ်ဂူကိုခွဲဖွင့်ချလိုက်၏။
ထို့နောက် အလောင်းကို မြှုပ်နှံပေးပြီး ကျောက်တုံးကြီးများယူကာ သင်္ချိုင်းဂူအဖြစ် ဖန်တီးပေးလိုက်သည်။
တစ်ဆက်တည်းမှာပင် ယွမ်မိုရှင်းသင်္ချိုင်းဟုလည်း ရေးထိုးပေးလိုက်၏။ တစ်ဖက်လူ၏ ဂုဏ်ကျက်သရေများသည် အလှဆင်ရန် လုံးဝမလိုအပ်ချေ။
သူ့အမည်ကို မြင်ရုံမျှဖြင့် ဤသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရသော လူသည်မည်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်မည်ကို သိအပ်နိုင်၏။
“ ဘရူး ... ။ ”
ထိုစဉ် ကောင်းကင်ပြာဓားက ကျေးဇူးတင်ကြောင်း ဖော်ပြနေသကဲ့သို့ တိုးတိုးလေး မြည်ဟည်းလာသည်။
စုရီက ပြုံးလိုက်သည်။ တစ်ဖက်လူ၏ ကောင်းကင်ပြာဓားကို ယူခဲ့သဖြင့် အလောင်းထံ မြှုပ်နှံပေးခြင်းမျှသာဖြစ်၏။ အပေးအယူပေပင်။ သည့်ထက် မပိုချေ။
ထို့နောက် ထွက်သွားတော့မည် ဖြစ်သော်လည်း ခဏလောက်စဉ်းစားပြီးနောက် ကျောက်စိမ်းပြားထုတ်ကာ တစ်စုံတစ်ခု ရေးထွင်းလိုက်သည်။
ပြီးနောက် အဝေးတွင် ကျန်ရစ်ခဲ့သည့် အားချန်ထံ ပစ်ပေးလိုက်ကာ၊
“ ဒီကျောက်စိမ်းပြားထဲက လျှို့ဝှက်ချက်နည်းစနစ်က မင်းအတွက် အသုံးဝင်နိုင်ပါတယ်။ ”
-ဟု ပြောကြားကာ လှည့်ထွက်လာခဲ့၏။
ကျောက်စိမ်းရောင် ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်ပျံကာ စုရီပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။
“ အနှစ် (၃)သောင်း ကုန်လွန်းပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ငါ့မျှော်လင့်ချက်တွေ ရှင်သန်လာရပြီ ... ။ ”
အားချန်အသံသည် သူမနှလုံးသား အောက်ခြေမှလာသော ခံစားချက်များစွာဖြင့် ပြည့်နှက်နေခဲ့လေသည်။
“ အားချန်၊ ဒီကောင်လေးကို မင်းအရင်က မမြင်ဖူးပါဘူး မင်းမြင်ဖူးရင်တောင် သွေးသုံးစက် မပေးခဲ့သင့်ဘူး ...
... အခုတော့ မိုးပြာမျိုးစေ့ကိုပါ ပေးလိုက်တယ် ဒါရိုးရိုးရှင်းရှင်းပဲ ... မင်းရူးနေပြီ အားချန် ... ။ ”
မီးခိုးရောင်ငှက်မှ မနာလိုစိတ်ဖြင့် မှတ်ချက်ပေးလိုက်သည်။ အားချန်က ပြုံးပြီး မီးခိုးရောင်ငှက်ထံ လျှောက်လှမ်းလျက်ဖြင့်၊
“ ဒါဟာ ... ငါတို့အတွက် ကောင်းမွန်တဲ့ အကျိုးဆောင်မှုတစ်ခုပဲ ... ငှက်ကလေး ဒါကို အခု မင်းနားမလည်နိုင်ပေမယ့် ... အနာဂါတ်မှာ သေချာပေါက် မင်းနားလည်လိမ့်မယ် ... ။ ”
“ ဟမ့် ... အနာဂါတ်မှာလား ... ။ ”
မီးခိုးရောင်ငှက်မှ လှောင်ပြုံးဖြင့်၊
“ မင်း ဒီလိုဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းကို အတိအကျ ငါသိချင်တယ်။ ”
-ဟု မေးမြန်းလိုက်သည်။
“ ကြယ်စုစည်းခြင်း နယ်ပယ်က တစ်စုံတစ်ယောက်က ဒီနေရာကြီးရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေကို မြင်နိုင်ပြီး ... ငါ့ရဲ့မူလကို မြင်နိုင်နေတယ် ... အမှောင်တားမြစ်စွမ်းအား ကိုလည်း မကြောက်ဘူး ...
... အရေးအကြီးဆုံးက သူ့မှာ ငါနားမလည်နိုင်တဲ့ လျှို့ဝှက်စွမ်းအားတစ်ခု ရှိနေတယ် ... ဒါက မိုးပြာမျိုးစေ့ကို ရှင်သန် ကျန်ရစ်စေဖို့ မျှော်လင့်ချက်ပဲ ... ။ ”
“ ဟမ့် ... ဒီကလေးက ကမ္ဘာပေါ်က တခြားကျင့်ကြံသူတွေထက် ထူးခြားတာကို ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် ... အားချန် မင်းသူ့ကို သိပ်အထင်ကြီးနေမိပြီ ...
... မမေ့ပါနဲ့ ... မျောက်ကလေးက နက်နဲနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ ဒါပေမယ့် ကြယ်မုန်တိုင်းကြောင့် ...
... အသတ်ခံရနေတုန်းပဲ ဒါဆိုသူက မျောက်ကလေးထက် ပိုသန်မာနေတယ်လို့ မင်းထင်နေတာလား ... ။ ”
ဤတစ်ကြိမ်တွင် အားချန်သည် သက်ပြင်းချလိုက်ပြီး၊
“ အဲဒီတုန်းက မျောက်ကလေးက အမှောင်တားမြစ်စွမ်းအားရဲ့ တန်ခိုးတော်ကို မခံနိုင်ခဲ့ဘူးလေ။ ”
-ဟု တုန့်ပြန်လိုက်၏။
မီးခိုးရောင်ငှက်သည် ချေပရန် မတတ်နိုင်တော့ဘဲ ခေတ္တတိတ်ဆိတ်သွားသည်။ သို့သော် ခဏအကြာတွင်၊
“ အားချန် သူမင်းကို ဘာပေးခဲ့တာလဲ ကြည့်ရအောင်။ ”
-ဟု စပ်စုတော့၏။
“ မင်းသူ့ကို ... မထီမဲ့မြင်လုပ်ခဲ့ပြီး အခုဘာလို့ သူပေးခဲ့တဲ့အရာကို စိတ်ဝင်စား နေရတာလဲ။ ”
“ ငါ စိတ်ဝင်စားတယ် ဘယ်သူပြောလဲ ဒီကောင်လေးမှာ ရည်ရွယ်ချက် မကောင်းဘူးလို့ သံသယဝင်နေမိတယ် ... ဒီကျောက်စိမ်းပြားမှာ မင်းကိုမေတ္တာစာပါနေရင် ဘယ်လိုလုပ်မလဲ ...
... မင်းလို ကြင်နာတတ်တဲ့ မိန်းကလေးအပေါ် အဲဒီလိုမျိုး လောဘကြီးတဲ့ ကောင်လေးက လှည့်စားနေတာ ရပ်ကြည့်မနေနိုင်ဘူး။ ”
ယခုတိုင် သဘောထားအပေါ် မပြောင်းလဲသေးသော မီးခိုးရောင်ငှက်ငယ်ကို အားချန်မှ ရိုက်ရန် ပြင်လိုက်သည်။
သို့သော် မီးခိုးရောင်ငှက်သည် အတောင်ပံများခတ်လျက် ချက်ချင်းထပျံပြီး၊
“ မင်းဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ ... သံသယဖြစ်နေတာ အပြစ်မဟုတ်ဘူး ကျောက်စိမ်းတုံးကို အရင်ကြည့်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
အားချန်က မီးခိုးရောင်ငှက်၏ စိတ်နေစိတ်ထားအပေါ် နားလည်နေသူဖြစ် သောကြောင့် ၎င်းကိုဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် နတ်အာရုံဖြင့် ကျောက်စိမ်းတုံးကို စူးစမ်းလိုက်၏။ များမကြာခင် လှပမှုန်ဝါးသော သူမမျက်နှာပေါ်၌ အံ့ဩမှု ဖြစ်ပေါ်လာသည်။
“ ဒါ ... ။ ”
သူမ၏ မျက်လုံးများရှိ ကြယ်ရောင် ကောင်းကင်ကြီးမှာ တဖြည်းဖြည်း ကျယ်လာပြီး လက်ချောင်းများ တုန်ရင်လာ၏။
“ ဘာလဲ ... မင်းဘာလို့ အံ့သြနေတာလဲ၊ ငါခန့်မှန်းသလို သူမင်းအပေါ်စိတ်ဝင်စားတာမျိုး ဖြစ်နေတယ်မဟုတ်လား ငါကြည့်ပါရစေ။ ”
မီးခိုးရောင်ငှက်သည် အလျင်အမြန် ရောက်လာရှိပြီး နတ်အာရုံကို ကျောက်စိမ်းတုံး အတွင်း သွန်းလောင်းလိုက်သည်။
“ ဖွီး ... ဖွီး ... ။ ”
ခဏအကြာတွင် လျှပ်စီးသကဲ့သို့ သူ့အတောင်ပံများ တဖွီးဖွီးခတ်ကာ လေထု အလယ် ပြန်ဆုတ်သွားတော့၏။ အားချန်က အသက်ပြင်းပြင်းရှူကာ၊
“ ဒီလိုအမွေမျိုးက ... ဘယ်လောက်ရှားပါးတယ်ဆိုတာ အခု မင်းနားလည်သင့်ပြီ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
ကျောက်စိမ်းပြားအတွင်းတွင် ‘စစ်မှန်သောနတ်ဝိညာဉ်စုစည်းခြင်း မန္တန်ကို ရေးထိုးထားသည်။
ယင်းသည် မွေးရာပါ နတ်ဝိညာဉ်များအတွက် အထူးအသုံးဝင်သော လျှို့ဝှက်နည်းစနစ်ပေပင်။ အားချန်၏ အသိတွင် သူမကဲ့သို့တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုလိုချင်သော် ကမ္ဘာပေါ်ရှိ အမွေများစွာ လေ့လာရန် လိုအပ်သည်။
ဆိုလိုသည်မှာ ယွမ်မိုရှင်းသည် ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ် အယူဝါဒနှင့် တာအိုအယူဝါဒများ၏ အမွေများကိုဆက်ခံပြီး အဆုံး၌ပေါင်းစည်းကာ ဧကရာဇ်အဆင့်သို့ လျှောက်လှမ်းခဲ့ရသည်။
သူမသည်လည်း ဧကရာဇ်ဖြစ်လိုသော ထိုနည်းလည်းကောင်း လျှောက်လှမ်းရပေမည်။ ယခုမူ စုရီပေးသော ‘စစ်မှန်သောနတ်ဝိညာဉ် စုစည်းခြင်း မန္တန်သည် ကံကြမ္မာဖြစ်၏။
ယွမ်မိုရှင်း၏အဆင့်ကို ကျော်လွန်ကာ မွေးရာပါနတ်ဝိညာဉ်အတွက် ပြင်ဆင်ထားသည့် အသင့်လျော်ဆုံး တာအိုကျမ်းဖြစ်သည်။
အလွန်ရှားပါးကာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀၀)၌ ဤသို့လျှို့ဝှက်နည်းစနစ် ရှိသည်ဟု မကြားဖူးချေ။
မဟုတ်သော် ယွမ်မိုရှင်းသည် တပည့်အဖြစ်ခံယူကာ တာအိုဂိုဏ်းအသီးသီးသို့ သွားရောက်မည် မဟုတ်ချေ။
“ ဂလု ... ။ ”
မီးခိုးရောင်ငှက်မှ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး၊
“ အားချန် ... ဒီကောင်လေးရဲ့ ခြေသလုံးကို ပွေ့ဖက်ဖို့ ငါ့အတွက် အရမ်းနောက်ကျနေပြီလို့ မင်းထင်လား။”
-ဟု မေးမြန်းလာတော့သည်။
တားမြစ်တံခါးအပြင်ဘက်တွင် လှိုင်းအတက်အကျများဖြင့် စုရီပုံရိပ်ထွက်ပေါ် လာတော့၏။
ထို့နောက် အလျင်စလို ထွက်ခွာခြင်း မပြုသေးဘဲ ဘုံကျောင်းရှေ့ တင်ပျဉ်ခွေထိုင်ချ လိုက်သည်။ ဆေးပုလင်းကို ထုတ်လျက် သောက်ယူ၏။
နဝမမြောက် ကြယ်အပျက်အစီးမြေသို့ ဝင်ရောက်သောအခါ အမှောင်တားမြစ်စွမ်းအား ကျူးကျော်မှုကို တွန်းလှန်ထားရသည်။
ယင်းသည် စိတ်ဝိညာဉ်စွမ်းအားကို အများအပြား သုံးစွဲခဲ့ရ၏။ သို့သော် ခရီးစဉ်သည် အန္တရာယ်မရှိဘဲ ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့ကာ အကျိုးအမြတ်များ ရရှိလာခဲ့သည်။
အမှောင်တားမြစ်စွမ်အင်၊ မိုးပြာရင်းမြစ်၊ တောက်ပသောကမ္ဘာ စသည်တို့နှင့် ပတ်သက် နေသည့် သံသယများစွာ ရှင်းလင်းကုန်ပြီး ကံကောင်းခြင်းနှစ်ရပ် ရရှိလာ၏။
မိုးပြာမျိုးစေ့သည် မိုးပြာတိုက်ကြီး၏ အသက်စွမ်းအား အရင်းအမြစ်ဖြစ်လေသည်။ ၎င်းအပေါ် ပိုင်ဆိုင်ခြင်းသည် အကျိုးဆက်များ ခံရမည် ဖြစ်သော်လည်း တန်ဖိုးသည်လည်း မနည်းလှချေ။
ဆိုလိုသည်မှာ တစ်နေ့တွင် အာကာသမှ ကြယ်မုန်တိုင်း ထပ်မံဝင်ရောက်လာသောအခါ မိုးပြာတိုက်ကြီး၏ရှင်သန်မှုကို မလွဲမသွေ ဖျက်ဆီးပစ်မည် ဖြစ်သည်။
ထိုအချိန်၌ မိုးပြာမျိုးစေ့ကို သယ်ဆောင်ထားသော သူသည်သဘာဝအတိုင်း ငြိစွန်းသွားပေလိမ့်မည်။
ထိုသို့သောကိစ္စမျိုးသာ အမှန်တကယ် ဖြစ်ခဲ့ပါက အလွန်ကြောက်စရာ ကောင်းသော ဘေးဆိုးကြီးတစ်ခုဖြစ်မည်မှာ သေချာ၏။
ယွမ်မိုရှင်း ကျဆုံးခြင်းသည် ဥပမာပေပင်။ သို့သော် စုရီသည် ထိုအရာအပေါ် စိတ်မပူခဲ့ချေ။ ငရဲဘုံကိုးပါးဓားကို ပိုင်ဆိုင်ထားသောကြောင့် အမှောင်တားမြစ်စွမ်းအားအပေါ် သဘာဝအတိုင်း ချေဖျက်နိုင်၏။
တစ်ခုတည်းသော သတိထားရမည်မှာ ကြယ်မုန်တိုင်းများ ကျရောက်လာသော အခါ၌ မည်မျှ ကြောက်ရွံ့ဖွယ် ကောင်းမည်ကို မသိနိုင်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တွေးတောရန် စောလွန်းနေသေးသည်။ သည့်ပြင် ဤကဲ့သို့ ကြီးမားသော ကပ်ဘေးကြီး ထပ်ဖြစ်လာ နိုင်မည်ဟု မည်သူမျှ မပြောနိုင်ချေ။
အကြောင်းနှင့် အကျိုးကို နှိုင်းယှဉ်လျှင် မိုးပြာမျိုးစေ့အကျိုးကျေးဇူးသည် အမှန်တကယ် တိုင်းတာ၍ မရဟု ပြောနိုင်မည်။
ဤသည်မှာ ဧကရာဇ်အဆင့်ရှိ မည်သူ့ကိုမဆို အိပ်မက်များ မက်စေနိုင်သည့် ‘တာအိုကံကြမ္မာ’ဟုပင် ခေါ်နိုင်လေသည်။
***