လင်းယွမ်၏ အကြံအစည်....
Vol. 31 Ch. 466
" ဒီကမ္ဘာမှာ သက်ရှိအားလုံးရဲ့ ယုံကြည်မှုတွေကို စုဆောင်းထားတဲ့ ပင်မနတ်ဘုရားတွေမှာ သက်တမ်းသဘောတရားတွေ မရှိတာလား။ " လင်းယွမ်က တွေးလိုက်သည်။
ဤကမ္ဘာတွင် ကောင်းကင်နှင့်မြေကြီး၏ ကန့်သတ်ချက်များအောက်တွင် အဆင့်လေးနှင့် အဆင့်ငါးစစ်သည်များက နှစ်နှစ်ရာ အသက်ရှည်ရန် ရုန်းကန်နေရပြီး အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်များက နှစ်တစ်ထောင်ကျော် ရှင်သန်ရန် ခက်ခဲနေကြသည်။ နှစ်တစ်ထောင်က ဤကမ္ဘာမှ သက်ရှိများအတွက် အမြင့်ဆုံးသက်တမ်းကန့်သတ်ချက်ဖြစ်သည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းအဆင့်တွေက နတ်ဘုရားမီးတောက်ကို ထွန်းညှိလိုက်သည်နှင့် သူတို့၏ အသက်အနှစ်သာရက ပြောင်းလဲသွားပြီး နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်းတိုင်အောင် အလွယ်တကူ အသက်ရှင်နိုင်ကြလေသည်။
သူတို့က ပင်မစကြာဝဠာမှ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် နိမ့်ကျသော်လည်း အခြားသက်ရှိများနှင့်ယှဉ်လျှင် အသက်ရှည်သည်ဟု ပြောနိုင်လေသည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းအဆင့်များက ထိုမျှအထိ အသက်ရှင်နိုင်သော်လည်း သူတို့၏ နတ်ဘုရားနိုင်ငံကို မတည်ထောင်နိုင်လျှင် အချိန်တစ်ခုတွင် သေဆုံးနိုင်လေသည်။ အဆင့်ရှစ် နတ်ဘုရားများ သို့မဟုတ် အဆင့်ကိုး နတ်ဘုရားများက နတ်ဘုရားများကြား စစ်ပွဲမရှိသရွေ့ အသက်ကြီးပြီး သေဆုံးသွားသည်ဟု မကြားဖူးပေ။
" တပ်မက်ခြင်းဘုရားကျောင်းကိုတော့ ဖြေရှင်ပြီးသွားပြီ။ ပြန်တာပေါ့။ " လင်းယွမ်က ခန်းမကြီးကို တစ်ချက်ကြည့်ပြီး ထွက်ခွာသွားသည်။
တပ်မက်ခြင်းဘုရားကျောင်းကို ရှင်းလင်းရသည့် အခြားရည်ရွယ်ချက်တစ်ခုမှာ သူတို့၏ လှုပ်ရှားမှုများက အမိန့်ဘုရားကျောင်းကို ဆွဲဆောင်သွားမည်စိုးရိမ်သောကြောင့် ဖြစ်သည်။ အမိန့်ဘုရားကျောင်းက ပင်မနတ်ဘုရား၏ ကျောင်းဖြစ်ပြီး နဝမအလွှာသို့ မရောက်မီ လင်းယွမ်က သူတို့နှင့် ထိတွေ့လိုစိတ်မရှိပေ။
" အလောင်းတွေကို ရှင်းပစ်ရမယ်။ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ နန်းတော်အတွင်းမှ အလောင်းများနှင့် သွေးများက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
မြေအောက်နန်းတော်၏ အထက်တွင် အန်ပူမြို့သာ မရှိလျှင် လင်းယွမ်က နန်းတော်တစ်ခုလုံး ပျောက်ကွယ်သွားရန်ပင် စဉ်းစားပေလိမ့်မည်။
" နောက်ပိုင်းမှာ တစ်ယောက်ယောက် ရောက်လာရင်တောင် တပ်မက်ခြင်းဘုရားကျောင်းက နေရာရွှေ့သွားတယ်လို့ပဲ ထင်လိမ့်မယ်။ "
အန်ပူမြို့တွင် တပ်မက်ခြင်းဘုရားကျောင်းက လျို့ဝှက်ထားလျှင်တောင် လုံးဝ ဖုံးကွယ်နိုင်ခြင်းမရှိပေ။ သူတို့၏ တည်ရှိမှု ပျောက်ကွယ်သွားသည်နှင့် နောက်ပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်လာနိုင်လေသည်။ သို့သော် သူတို့က စုံစမ်းစစ်ဆေးလျှင်တောင် တပ်မက်ခြင်းမိခင်နတ်ဘုရားနှင့် ဘုရားကျောင်းတို့က ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်ကို သိနိုင်မည်မဟုတ်ပေ။
" မှော်ကွန်ရက်.." လင်းယွမ်က ကောင်းကင်နှင့် မြေကြီးအား ဖုံးလွှမ်းထားသော ငွေရောင်စွမ်းအားတစ်ခုကို မှေးမှိန်စွာ ခံစားလိုက်ရသည်။
၎င်းက ပင်မနတ်ဘုရား ၂၄ပါးထဲမှ တစ်ပါးဖြစ်သော မှော်ကွန်ရက်နတ်ဘုရား၏ အခွင့်အာဏာပင် ဖြစ်သည်။ မှော်ကွန်ရက်က လူသားအားလုံးကို ဖုံးလွှမ်းထားပြီး သက်ရှိများက မှော်ကွန်ရက်ကို အသုံးပြုလေ ယုံကြည်မှုစွမ်းအားက ပို၍ ကြီးမားလေ ဖြစ်သည်။
လင်းယွမ်၏ အမြင်တွင် မှော်ကွန်ရက်က ဆက်သွယ်ရေးအတွက်သာမဟုတ်ဘဲ မှော်ကွန်ရက်နတ်ဘုရား၏ မျက်စိများလည်း ဖြစ်သည်။ မှော်ကွန်ရက်မှ ထောက်လှမ်းခံရမှုကိုသာ မစိုးရိမ်ခဲ့လျှင် လင်းယွမ်က မြေအောက်နန်းတော်သို့ ကိုယ်တိုင်လာရန်ပင် မလိုအပ်ပေ။
လုံရှန်မြို့တွင် လင်းယွမ်က သူ၏ မိဘများနှင့် စကားပြောနေခဲ့သည်။ နှစ်တစ်ရာကြာသွားသော်လည်း လုံရှန်ဖန်တို့ ဇနီးမောင်နှံက အသက်ကြီးသည့် လက္ခဏာမပြဘဲ ကောင်းစွာရှင်သန်နေကြသည်။ သဘာဝအတိုင်း လင်းယွမ်က သူတို့ကို ကမ္ဘာစွမ်းအားဖြင့် လျို့ဝှက်စွာ ထောက်ပံ့ပေးထားသောကြောင့်ဖြစ်သည်။
ဤကမ္ဘာ၏ သက်တမ်းအပေါ် ဖိနှိပ်မှုက ပြင်းထန်လှသည်။ သို့သော် ကမ္ဘာစွမ်းအားနှင့် လုံရှန်ဖန်တို့၏ သက်တမ်းကို အမြင့်ဆုံးကန့်သတ်ချက်အထိ တိုးမြှင့်ရန် လင်းယွမ်က ယုံကြည်မှုရှိလေသည်။ ဆိုလိုသည်မှာ အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်များ ရောက်ရှိနိုင်သော သက်တမ်း နှစ်တစ်ထောင်ဖြစ်သည်။
ဤကမ္ဘာ၏ စည်းမျဉ်များအရ ပိုပြီးအသက်ရှည်နိုင်ရန် နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီး အသက်အနှစ်သာရကို ပြောင်းလဲရန် လိုအပ်လေသည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်က ထိုက်ယန်စွမ်းအားများအဖြစ် ပြောင်းလဲပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ လင်းယွမ်က အန်ပူမြို့ရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။
" သား ဘာဖြစ်လို့လဲ။ " လုံရှန်ဖန်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
" ဘာမှမဟုတ်ပါဘူး။ ကိစ္စလေးတစ်ခု ရှင်းလိုက်တာပါ။ "
လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။ တပ်မက်ခြင်းဘုရားကျောင်းကို ဖျက်ဆီးခြင်းဖြင့် အနာဂတ်တွင် လုံရှန်နယ်မြေ၏ ပြဿနာတစ်ခုကို ဖြေရှင်းလိုက်ခြင်းဖြစ်သည်။
သူ၏ မိဘများနှင့် စကားပြောပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းအခန်းသို့ ပြန်လာခဲ့သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့က သူနှင့် မျက်နှာချင်းဆိုင်တွင် ပေါ်လာကြသည်။
သူ၏ အထွတ်အထိပ်ခွန်အားကို ပြန်မရသေးသောကြောင့် လင်းယွမ်က ဘူးသီးခြောက်ကို မယူဆောင်ခဲ့ပေ။ ထို့ကြောင့် မူလစိတ်ဝိညာဉ် နှစ်ခုလုံးက စိတ်ဝိညာဉ်ခန္ဓာအခြေအနေတွင်သာ ရှိနေသေးသည်။
" လက်ရှိကျင့်ကြံမှုအရှိန်က နှေးနေတုန်းပဲ။ ငါ နဝမအလွှာကို အမြန်ပြန်ရောက်ပြီး လေဟာနယ်အလွှာတွေ ပိုပြီး ဖွင့်ဖို့လိုတယ်။ "
လင်းယွမ်က ဖိအားကို ခံစားလိုက်ရသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် သူနှင့် ရှီလန်ကို ဟွမ်ယိက လိုက်ဖမ်းနေဆဲဖြစ်ပြီး လျို့ဝှက်နယ်မြေ၏ အထူးပတ်ဝန်းကျင်ကြောင့်သာ လုံခြုံနေသော်လည်း မတော်တဆမှုများ ဖြစ်ပျက်လာနိုင်လေသည်။
ဖြစ်နိုင်လျှင် လင်းယွမ်က သူ၏ ထိုက်ယန်မူလစိတ်ဝိညာဉ်ကို မဖျက်စီးပစ်ချင်ပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံက အတော်လေး ဆွဲဆောင်နေလေသည်။
" အဋ္ဌမအလွှာကနေ နဝမအလွှာကို ရောက်ဖို့ ငါ့အတွက် စွမ်းအားစုဆောင်းမှုတစ်ခုပဲလိုတယ်။ လုံလောက်တဲ့ စွမ်းအားရှိနေသရွေ့ နဝမအလွှာကို အမြန်ဆုံး ပြန်ရောက်နိုင်တယ်။ "
လင်းယွမ်က ကောင်းကင်ထက်မှ ထာဝရကြယ်များကို ကြည့်လိုက်သည်။ ၎င်းတို့က နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများဖြစ်ပြီး အကန့်အသတ်မရှိသော စွမ်းအားများကို သိုလှောင်ထားသည်။ သို့သော် ယခုအချိန်တွင် လင်းယွမ်က နတ်ဘုရားများကို ဆန့်ကျင်ရန် အဆင်မပြေသေးပေ။
" ငါ အဲ့ဒီဘုရားကျောင်းတွေအပေါ် မှီခိုရမယ့်ပုံပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ဘုရားကျောင်းများက ကမ္ဘာပေါ်မှ နတ်ဘုရားများ၏ ကိုယ်စားလှယ်များဖြစ်ပြီး နတ်ဘုရားများ၏ ယုံကြည်မှုကိုလည်း မြှင့်တင်ပေးသည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများကလည်း ဘုရားကျောင်းများ တည်ထောင်ကြသော်လည်း နတ်ဘုရားများ၏ ဘုရားကျောင်းနှင့်ယှဉ်လျှင် သူတို့က အဆင့်မမီကြပေ။
စစ်မှန်သော နတ်ဘုရားများ၏ ဘုရားကျောင်းများကသာ နတ်ဘုရားများနှင့် ဆက်သွယ်နိုင်ပြီး လိုအပ်လျှင် သူတို့၏ စွမ်းအားကိုယ်ပွားများကို ဆင့်ခေါ်နိုင်လေသည်။
ထိုနတ်ဘုရားကိုယ်ပွားများက နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံမှ စွမ်းအားကို အသုံးမပြုနိုင်သော်လည်း အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းထက် ကျော်လွန်လေသည်။
သို့သော် နတ်ဘုရားကိုယ်ပွားများ၏ ဆင်းသက်မှုကို ထောက်ပံ့နိုင်ရန်အတွက် ကြီးမားသော စွမ်းအားပမာဏကို လိုအပ်လေသည်။ ထို့ကြောင့် ဘုရားကျောင်းတိုင်းက နတ်ဘုရားကိုယ်ပွားကို အချိန်မရွေး ဆင့်ခေါ်နိုင်ရန်အတွက် နတ်ဘုရားသလင်းကျောက်များကို သိုလှောင်ထားကြသည်။
ယုံကြည်မှုအတွက် တိုက်ပွဲများတွင် နတ်ဘုရားများကြား ပဋိပက္ခများ ပေါ်ပေါက်နိုင်ပြီး နတ်ဘုရားကိုယ်ပွားများကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်စေနိုင်လေသည်။
လင်းယွမ်၏ ပစ်မှတ်က ဘုရားကျောင်းအမျိုးမျိုးမှ သိုလှောင်ထားသော နတ်ဘုရား သလင်းကျောက်များ ဖြစ်သည်။ ၎င်းတို့က အလွန်သန့်စင်သော စွမ်းအားများပါဝင်ပြီး ပင်မစကြာဝဠာမှ ထိုက်ဝေသလင်းကျောက်ထက်ပင် ပို၍ သန့်စင်လေသည်။
" အခု မင်းတို့ နတ်ဘုရားသလင်းကျောက်တွေ သွားရှာကြတော့။ " လင်းယွမ်နှင့် မူလစိတ်ဝိညာဉ်တို့က စိတ်အသိတစ်ခုတည်းကို မျှဝေထားကြသောကြောင့် သူ၏ အတွေးများကို သိနိုင်လေသည်။ ထို့အပြင် မူလစိတ်ဝိညာဉ်နှစ်ခုက စိတ်ဝိညာဉ်ပုံစံများ ဖြစ်ကြသောကြောင့် ထိုတာဝန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။
အန်ပူမြို့၏ မြေအောက်နန်းတော်။
ယခုအချိန်တွင် အမိန့်ဘုရားကျောင်းမှ နောက်လိုက်အချို့က ဝင်ပေါက်တွင် ရပ်နေကြသည်။
" ဒီနန်းတော်က တပ်မက်ခြင်းဘုရားကျောင်းရဲ့ အမာခံနေရာတွေထဲက တစ်ခုဖြစ်ရမယ်။ ဒါပေမယ့် သူတို့က ဘာလို့ထွက်သွားကြလဲမသိဘူး။ "
အမိန့်ဘုရားကျောင်း၏ အဖွဲ့ဝင်တစ်ယောက်က မျက်မှောင်ကြုတ်နေသည်။ တက်မက်ခြင်းဘုရားကျောင်းက တစ်ချိန်တုန်းက အင်ပါယာမြို့တော်တွင် နာမည်ကြီးခဲ့လေသည်။ နန်းတွင်းမှ မင်းညီမင်းသားများနှင့် အရာရှိများက ထိုနေရာတွင် ပျော်ပါးကြလေသည်။
နောက်ပိုင်းတွင် အမိန့်ဘုရားကျောင်းမှ နတ်ဘုရားတစ်ပိုင်းက တပ်မက်ခြင်းဘုရားကျောင်းမှာ နောက်ကွယ်တွင် ယုံကြည်မှုများ လျို့ဝှက်စွာ စုဆောင်းနေသည်ကို သိခဲ့ရပြီး သူတို့ကို ပြတ်ပြတ်သားသား သုတ်သင်ရှင်းလင်းခဲ့သည်။
တပ်မက်ခြင်းဘုရားကျောင်း၏ အကြွင်းအကျန်များက မြို့တော်မှ ထွက်ခွာသွားကြပြီး အမိန့်ဘုရားကျောင်းမှ နှစ်ပေါင်းများစွာကြာအောင် ခြေရာခံလိုက်နေခဲ့သည်။ မကြာသေးမီက အန်ပူမြို့၏ လှုပ်ရှားမှုများက အမိန့်ဘုရားကျောင်း၏ အာရုံကို ဆွဲဆောင်မိခဲ့သည်။ အမိန့်ဘုရားကျောင်းက စုံစမ်းစစ်ဆေးရန် ရောက်လာချိန်တွင် တပ်မက်ခြင်းဘုရားကျောင်းက အန်ပူမြို့တွင် မရှိတော့ပေ။
" အားလုံးရှင်းနေပါပြီ။ နန်းတော်ထဲမှာ ဘာခြေရာလက်ရာမှ မရှိပါဘူး။ ဒါက သူတို့ တမင်တကာ ရှင်းလင်းထားတာဖြစ်ရမယ်။ "
" ဖြစ်နိုင်တယ်။ တပ်မက်ခြင်းဘုရားကျောင်းက ဆုတ်ခွာသွားခဲ့တာပဲ။ "
" ဒါပေမယ့်..." အမိန့်ဘုရားကျောင်း၏ အဖွဲ့ဝင်က မျက်မှောင်ကြုတ်နေသည်။ သူက တပ်မက်ခြင်းဘုရားကျောင်း၏ ဆုတ်ခွာမှုကို နားမလည်နိုင်ဖြစ်နေသည်။
" ဒါပေမယ့် ဘာဖြစ်လဲ။ တပ်မက်ခြင်းဘုရားကျောင်းက ထွက်မပြေးဘဲ ငါတို့ဝိုင်းတာခံရမှာလား။ " နောက်တစ်ယောက်က ပြောလိုက်သည်။
" သူတို့က အင်ပါယာရဲ့ တစ်ရာရာမှာ ပုန်းအောင်းနေနိုင်တယ်။ ငါတို့ သေချာစုံစမ်းစစ်ဆေးဖို့လိုတယ်။ "