နတ်ဘုရားများ၏ ဒေါသ...
Vol. 31 Ch. 469
နှစ်ပေါင်းများစွာအတွင်း အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းအဆင့်များက နတ်ဘုရားများနေထိုင်ရာ အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့၏ တည်နေရာကို သိချင်ခဲ့ကြသည်။ သူတို့က လူသားနယ်မြေ၏ တစ်ဝက်ကျော်ကို သွားခဲ့ကြသော်လည်း မတွေ့ခဲ့ကြပေ။
အမှန်တွင် အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့က လူသားနယ်မြေအတွင်း ရှိနေခြင်းမဟုတ်ပေ။ သူတို့က မတူညီသော လေဟာနယ်အလွှာတွင် ရှိနေပြီး လင်းယွမ်က ဆန္ဒရှိသရွေ့ မည်သည့်အချိန်တွင်မဆို ထိုနေရာများသို့ ဝင်ရောက်နိုင်လေသည်။
" ငါ့ရဲ့ လက်ရှိအရှိန်နဲ့ဆို ဘာမတော်မဆမှုမှမရှိဘူးဆိုရင် ငါ့ရဲ့ နေထိုင်ချိန်အကန့်အသတ်ကို မရောက်ခင် လေဟာနယ်အလွှာ သန်းချီကို ဖွင့်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
၎င်းက ပင်မစကြာဝဠာမှ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် များစွာသာလွန်လေသည်။ ထျန်းယုမျိုးနွယ်မှ ဟွမ်ယိက အလွှာသန်းသုံးဆယ်ကျော် ဖွင့်ထားသည်။ သို့သော် သူသုံးစွဲရသော အရင်းအမြစ်များနှင့် အချိန်က ယခုထက် များစွာ ကျော်လွန်လေသည်။
" ငါ နဝမအလွှာရဲ့ အလွှာဆယ်သန်းအဆင့်ကို ရောက်ရင် ဟွမ်ယိကို ကြောက်စရာမလိုတော့ဘူး။ " လင်းယွမ်က ယုံကြည်မှုရှိလေသည်။
လက်ရှိတွင် သူက ဒြပ်စင်ခန္ဓာစွမ်းရည်ကိုလည်း နိုးထပြီးဖြစ်သည်။ ၎င်း၏ ကြောက်စရာကောင်းသောအရာမှာ လင်းယွမ်၏ ခွန်အားအပေါ် မူတည်နေခြင်းဖြစ်သည်။ သီအိုရီအရ လင်းယွမ်က အလွှာဆယ့်နှစ်သို့ ရောက်လျှင် အလွှာဆယ့်နှစ်မှ နိယာမတိုက်ခိုက်မှုများ၏ ကိုးဆယ်ရာခိုက်နှုန်းကို ခုခံနိုင်ပေလိမ့်မည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ.." လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ခံစားလိုက်ရသည်။
ရှီလန်က ဟွမ်ယိ၏ တိုက်ခိုက်မှုအောက်တွင် အသည်းအသန် ထွက်ပြေးနေရဆဲ ဖြစ်သည်။ လင်းယွမ်က ရှီလန်၏ အော်ရာက အနည်းငယ် အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ၎င်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့မှမဟုတ်ဘဲ စိတ်စွမ်းအားဖြစ်သည်။
" ရှီလန်ရေ နောက်ထပ်နှစ်နည်းနည်းလောက် တောင့်ခံထားဦး။ မင်းရဲ့ ကိုယ်ပွားပျက်စီးသွားရင်တောင် ငါက မင်းရဲ့ ရတနာတွေကို ပြန်ယူလာပေးမှာပါ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
အလင်းပင်လယ်၊ ကျယ်ပြောသော နန်းတော်တစ်ခုတွင် အစစ်အမှန်နတ်ဘုရားများ စုဝေးနေကြသည်။ အလင်းပင်လယ်တွင် ပင်မနတ်ဘုရား ၁၂ပါးက စည်းမျဉ်းများကို ချုပ်ကိုင်ထားပြီး အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ကြလေသည်။
ကျန်သော နတ်ဘုရားများက သူတို့၏ စွမ်းအားနှင့် ယုံကြည်မှုအမျိုးအစားအလိုက် အဆင့်သတ်မှတ်ခံရပြီး အဆင့်နိမ့် နတ်ဘုရား၊ အလယ်အဆင့် နတ်ဘုရားနှင့် အဆင့်မြင့် နတ်ဘုရားဟူ၍ ခွဲခြားထားသည်။
ယခုအချိန်တွင် စုဝေးနေကြသော နတ်ဘုရားများက အလယ်အဆင့် နတ်ဘုရားတစ်ပါးနှင့် အဆင့်နိမ့် နတ်ဘုရား ၁၈ပါးတို့ ပါဝင်လေသည်။
" ဒါ မဖြစ်သင့်ဘူး။ လုံးဝ မဖြစ်သင့်ဘူး။ "
" သူတို့က ငါတို့ချီးမြှင့်ထားတဲ့ နတ်ဘုရားသလင်းကျောက်တွေကိုတောင် ခိုးရဲကြတယ်။ "
" လူသားနယ်မြေက မိစ္ဆာနတ်ဘုရားတွေက ငါတို့ နတ်ဘုရားဂုဏ်သိက္ခာကို မေ့လျော့သွားကြတဲ့ပုံပဲ။ "
နတ်ဘုရားများက ဒေါသထွက်နေကြသည်။ အကြောင်းမှ ဤနှစ်များတွင် သူတို့၏ ဘုရားကျောင်းမှ နတ်ဘုရားသလင်းကျောက်များ လုယက်ခံခဲ့ရသောကြောင့် ဖြစ်သည်။
သူတို့၏ ဘုရားကျောင်းမှ ကာကွယ်မှုက ပင်မနတ်ဘုရားများ၏ ဘုရားကျောင်းများနှင့် အဆင့်မတူသော်လည်း လုယက်ရန် မလွယ်ကူပေ။ ထိုသို့လုပ်နိုင်ရန် အနည်းဆုံး နတ်ဘုရားတစ်ပိုင်းအဆင့်ရှိရမည်ဖြစ်ပြီး အလွန်အစွမ်းထက်ရပေလိမ့်မည်။ ထို့အပြင် လုယက်ခံရသူများက သူတို့သာမဟုတ်ဘဲ အခြားအိပ်စက်နေသော နတ်ဘုရားများလည်း ရှိနေသည်။
" အခုဘယ်လိုလုပ်မလဲ။ "
" နတ်ဘုရားသလင်းကျောက်တွေကို ခိုးယူခဲ့တဲ့သူတွေက အရမ်းသတိထားကြတယ်။ ဘာသဲလွန်စမှ မချန်ထားဘူး။ "
" ပြီးတော့ သူတို့က နတ်ဘုရားသလင်းကျောက်တွေကို ခိုးပြီး ဘာလုပ်တာလဲ။ " နတ်ဘုရားတစ်ပါးက သူ၏ သံသယကို ပြောလိုက်သည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများက နတ်ဘုရားသလင်းကျောက်များ ခိုးမည့်အစား ယုံကြည်မှုများ စုဆောင်းရမည်ဖြစ်သည်။
နတ်ဘုရားသလင်းကျောက်များက နတ်ဘုရားများ သူတို့၏ နတ်ဘုရားနိုင်ငံကို အသုံးပြုပြီး ဖန်တီးခဲ့သော စွမ်းအားတစ်ခုသာ ဖြစ်သည်။ ၎င်းက သူတို့၏ ကိုယ်ပွားများ လူသားနယ်မြေသို့ ဆင်းသက်ရန် သို့မဟုတ် နတ်ဘုရားနိုင်ငံများ၏ လုပ်ဆောင်မှုကို ထိန်းသိမ်းရန် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ဘုရားကျောင်းတွေကို လုယက်ရဲတာ ငါတို့ကို ရန်စတာပဲ။ ငါတို့က ချက်ချင်း စုံစမ်းစစ်ဆေးသင့်တယ်။ "
" ဟုတ်တယ်။ ဘယ်သူလုပ်တယ်ဆိုတာ ရှာဖွေရမယ်။ မိလိုကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ပြီး နတ်ဘုရားနိုင်င်ငံမှာ နှစ်ပေါင်းတစ်သောင်းကြာအောင် လောင်ကျွမ်းပစ်မယ်။ "
နတ်ဘုရားများက အေးစက်စွာ ပြောလိုက်ကြသည်။ အလင်းပင်လယ်သို့ ဝင်ရောက်ပြီး နတ်ဘုရားနိုင်ငံများကို တည်ထောင်ပြီးနောက် သူတို့၏ ဂုဏ်သိက္ခာက ထိုမျှအထိ ကျဆင်းမှုမျိုး မရှိခဲ့ပေ။
" ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ငါ့ရဲ့ နောက်လိုက်တွေကို အခြားနတ်ဘုရားတစ်ပိုင်းတွေနဲ့ ပူးပေါင်းခိုင်းလိုက်မယ်။ " အလယ်အဆင့် နတ်ဘုရားက ပြောလိုက်သည်။
ပင်မနတ်ဘုရား ၂၄ပါး၏ ကန့်သတ်ချက်အောက်တွင် နတ်ဘုရားများက လူသားနယ်မြေသို့ ကိုယ်တိုင်ဆင်းသက်ခွင့်မရှိပေ။ နတ်ဘုရားကိုယ်ပွားများကို ထိန်းသိမ်းရန် နတ်ဘုရားသလင်းကျောက်များစွာကို လိုအပ်သောကြောင့် ထိုကဲ့သို့ အချိန်ကုန်မည့် စစ်ဆေးမှုမျိုးကို နတ်ဘုရားကိုယ်ပွားများအပေါ် မှီခို၍ မရပေ။
ထိုကြောင့် ဤကိစ္စကို စုံစမ်းရန်က နတ်ဘုရားတစ်ပိုင်းများကို အသုံးပြုခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
လုံရှန်မြို့၊ မြေအောက်ကျင့်ကြံခြင်းအခန်းတွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ဖြည်းညင်းစွာ တောက်ပလာပြီး ဘူးသီးခြောက်က ပေါ်လာသည်။
ထို့အပြင် ခေါင်းလောင်းသဏ္ဍန် လက်နက်တစ်ခုကလည်း ဂိတ်တံခါးမှတစ်ဆင့် ဘူးသီးခြောက်နှင့်အတူ လင်းယွမ်၏ လက်ထဲတွင် ပေါ်လာသည်။
သူ၏ ခွန်အားက လုံလောက်သွားသည့်အတွက် လင်းယွမ်က ဘူးသီးခြောက်ကို ဤကမ္ဘာသို့ ယူဆောင်ခဲ့လေသည်။ ဘူးသီးခြောက်ထဲမှ အရည်ကို စုပ်ယူခြင်းဖြင့် သူ၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာ၏ အရွယ်အစားကို မြှင့်တင်ပေးနိုင်လေသည်။
၎င်းက သူ၏ သွေးပြန်လည်မွေးဖွားခြင်းနတ်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်လေသည်။ သွေးပြန်လည်မွေးဖွားခြင်းအဆင့်မြင့်လာသည်နှင့် လင်းယွမ်က အစမှပြန်လည်စုပ်ယူရန် မလိုတော့ပေ။
လင်းယွမ်က ဤကမ္ဘာတွင် ဘူးသီးခြောက်ထဲမှ ခြောက်ရောင်မြောက် အပြာရောင်အရည်ကို စုပ်ယူနိုင်လျှင် ပင်မစကြာဝဠာသို့ ပြန်ရောက်သောအခါ ထိုအဆင့်ကို အလွယ်တကူ အောင်မြင်ပေလိမ့်မည်။
ဘူးသီးခြောက်အပြင် ခေါင်းလောင်းလက်နက်က ယွမ်ရှန်ကျင်းပင်ဖြစ်သည်။ ယွမ်ရှန်းကျင်းက ကြောက်မက်ဖွယ်ကောင်းသော ကြီးထွားနိုင်စွမ်းကို ပိုင်ဆိုင်လေသည်။ သို့သော် ၎င်းကို ပျိုးထောင်ရန် အချိန်လိုအပ်လေသည်။ ပင်မစကြာဝဠာတွင် လင်းယွမ်၏ ကျင့်ကြံခြင်းအရှိန်က လျင်မြန်သောကြောင့် ပျိုးထောင်ရန် အချိန်မရှိပေ။
ထိုရတနာနှစ်ခုကို ဆင်းသက်နေသော ကမ္ဘာသို့ ယူဆောင်ခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား နှစ်မျှင်သာကုန်ပြီး လင်းယွမ်အတွက် ပြဿနာမရှိပေ။
နှစ်နှစ် သုံးနှစ်ကြာပြီးနောက် လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။ ယခုအချိန်တွင် အတွင်းကမ္ဘာက အလွန်ကျယ်ဝန်းပြီး မိုင်နှစ်ဘီလီယံနီးပါး ရှိနေသည်။ အတိအကျပြောရလျှင် ၎င်းက မိုင်သန်း ၁၆၆၅သန်း ဖြစ်သည်။
" အပြာရောင်အရည်..." လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်မှ ထွက်ပေါ်လာသော အပြာရောင်အရည်ကို ကြည့်နေသည်။
" ဒီအရည်က ဘယ်လိုဖြစ်လာတာလဲ။ " လင်းယွမ်က ဂရုတစိုက် လေ့လာနေသည်။
သူ၏ လက်ရှိအဆင့်နှင့် တစ်ချက်ကြည့်ရုံနှင့် လေဟာနယ်အလွှာများစွာကို မြင်နိုင်လေသည်။ သို့သော် သူက အပြာရောင်အရည်ကို ထွင်းဖောက်မမြင်နိုင်ပေ။ အဆပေါင်းများစွာ ချဲ့ကြည့်လျှင်တောင် အပြာရောင်အရည်က အပြာရောင်အရည်အဖြစ်သာ ရှိနေသည်။
" ဘာပဲဖြစ်ဖြစ် ငါ့အတွက် အကျိုးရှိနေသရွေ့တော့ ကိစ္စမရှိဘူး။ " လင်းယွမ်က ခဏစဉ်းစားပြီး အပြာရောင်အရည်ကို စတင်စုပ်ယူလိုက်သည်။
ဝုန်း....
အပြာရောင်အရည်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ကြောက်စရာကောင်းသော အပြာရောင်မီးတောက်က လောင်ကျွမ်းလာသည်။ လင်းယွမ်က ခဏလေးသာ ခံနိုင်ရည်ရှိခဲ့ပြီး ပြာအဖြစ် ပြောင်းလဲကာ ပြန်လည်ရှင်သန်လာသည်။
သတိမထားမိလိုက်ခင်မှာပဲ လင်းယွမ်က လုံရှန်မျိုးနွယ်၏ ခေါင်းဆောင်ရာထူးကို ယူထားသည်မှာ နှစ်တစ်ရာ ကြာသွားခဲ့သည်။
ထိုနှစ်တစ်ရာအတွင်း လုံရှန်မျိုးနွယ်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်နှစ်ဆယ်က စီလန်အင်ပါယာ၏ တော်ဝင်မျိုးနွယ်က လုံရှန်မျိုးနွယ်ကို အာရုံစိုက်ခဲ့ပြီး မြို့စားလုံရှန်ကို ဘယ်ရွတ်ဘွဲ့ပေးအပ်ခဲ့သည်။
ဘယ်ရွန်လုံရှန်၏ နယ်မြေက ပို၍ ကျယ်ပြန့်လာပြီး အနီးရှိ မြို့စားနယ်မြေများအပြင် ပတ်ဝန်းကျင်ရှိ နယ်မြေများကို လွှမ်းခြုံထားပြီး မိုင်ငါးဘီလီယံသို့ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကလည်း စီလန်အင်ပါယာတွင် ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့သည်။ အခြားအင်ပါယာများကလည်း ထိုနည်းလမ်းအတိုင်း အသုံးပြုခဲ့ကြသည်။ သူတို့၏ အင်အားကြီးသူများက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အကြိမ်ကြိမ်လေ့လာခဲ့ပြီး အားနည်းချက်မရှိသည်ကို တွေ့ခဲ့ရသည်။ အားနည်ချက်မရှိသော ကျင့်စဉ်တစ်ခုကို မိမိတို့ တိုးတက်ရေးအတွက် ဘာကြောင့် အသုံးမပြုနိုင်ရမှာလဲ။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်က နိုင်ငံပေါင်းများစွာကို ပျံ့နှံ့လာသည်နှင့်အမျှ အင်းအားကြီးသူများစွာက သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ မူလအစဖြစ်သော ဘယ်ရွန်လုံရှန်ကိုလည်း သိလိုစိတ်ဖြစ်ပေါ်ခဲ့ကြသည်။
လုံရှန်နယ်မြေ၏ အပြင်ဘက်တွင် အရိပ်တစ်ခုမှ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ အော်ရာကို ထိန်းချုပ်ထားပြီး မှိုန်းညို့နေသော မျက်လုံးများနှင့် လုံရှန်နယ်မြေကို ကြည့်နေသည်။
နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီး နတ်ဘုရားတစ်ပိုင်းအနေဖြင့် သူက နှစ်ပေါင်းများစွာအတွင်း ဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရပြီး အရာအနည်းငယ်ကသာ သူ၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေနိုင်လေသည်။