လင်းယွမ်၏ ဧည့်သည်များ....
Vol. 31 Ch. 470
" ဘယ်ရွန်လုံရှန် နာမည်အပြည့်အစုံ လုံရှန်ယွမ် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေသူ။ ဒီကျင့်ကြံခြင်းစနစ်က အရမ်းအသေးစိတ်ကျတယ်။ အဆင့်လေး အဆင့်ငါး စစ်သည်တွေ ဖန်တီးနိုင်တာထက်ပိုတယ်။ "
" ဒီဘယ်ရွန်လုံရှန်မှာ ကြီးမားတဲ့ လျို့ဝှက်ချက်တစ်ခုရှိတယ်။ "
ထိုပိန်လှီသော အဘိုးအို၏ ပုံရိပ်က လျင်မြန်စွာ မှေးမှိန်သွားပြီး အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၍ လုံရှန်နယ်မြေထဲသို့ လျို့ဝှက်စွာ ဝင်ရောက်သွားခဲ့သည်။
လုံရှန်ခန်းမ။
လင်းယွမ်က လုံရှန်လင်း၏ အစီရင်ခံစာကို နားထောင်နေသည်။ လုံရှန်မျိုးနွယ်၏ အသေးအဖွဲကိစ္စများကို ယုံကြည်စိတ်ချရသော လက်အောက်ခံ အချို့နှင့် လွှဲပြောင်းပေးထားပြီး လုံရှန်လင်းက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
လင်းယွမ်က အချို့ကိစ္စများကို နားလည်ရန်အတွင် အချိန်အပိုင်းခြားအလိုက် အစီရင်ခံစာများကို နားထောင်ရန်သာ လိုအပ်လေသည်။
ဤကမ္ဘာကြီးတွင် တစ်ယောက်ချင်းစီ၏ ခွန်အားက အာဏာဖွဲ့စည်းပုံများထက် အရေးပါလေသည်။ လင်းယွမ်က သူ၏ အကြွင်းမဲ့ ခွန်အားကို ထိန်းထားနိုင်သရွေ့ ထိုကဲ့သို့ အာဏာပေးထားခြင်းက သူ့ကို ဖယ်ရှားခံရမည်ကို စိုးရိမ်စရာမလိုအပ်ပေ။
ထို့အပြင် လုံရှန်မျိုးနွယ်ဝင်များက လုံရှန်မျိုးနွယ်၏ လက်ရှိဂုဏ်သိက္ခာက လင်းယွမ်ကြောင့် ဖြစ်လာသည်ကို ကောင်းကောင်းနားလည်ကြလေသည်။
လင်းယွမ်သာ မရှိလျှင် လုံရှန်မျိုးနွယ်က အင်ပါယာ၏ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသော မြို့စားအဆင့် အင်အားစုတစ်ခုသာဖြစ်ပြီး ယခုကဲ့သို့ အင်ပါယာ၏ အရှေ့တောင်ပိုင်းဒေသကို လွှမ်းမိုးထားနိုင်သော ဘယ်ရွန်လုံရှန်ဟု ဖြစ်လာမည်မဟုတ်ပေ။
" ခေါင်းဆောင် နှစ်တွေကြာလာတာနဲ့ လုံရှန်မြို့မှာ နေထိုင်တဲ့ အစွမ်းထက် စစ်သည်တွေရဲ့ အရေအတွက်က တိုးလာပါတယ်။ မြို့အတွင်းမှာ အဆင့်လေး၊ အဆင့်ငါးနဲ့ အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်တွေတောင် ပေါ်လာပါတယ်။ " လုံရှန်လင်းက စိတ်လှုပ်ရှားစွာ တင်ပြလိုက်သည်။
လွန်ခဲ့သော ရာစုနှစ်များတွင် လုံရှန်နယ်မြေအတွင်း အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်မပြောနှင့် အဆင့်ငါးစစ်သည်များပင် ပေါ်မလာတတ်ပေ။ အတိတ်တွင် ထိုကဲ့သို့ ပုဂ္ဂိုလ်များက လုံရှန်လင်း၏ စိတ်ကူးယဉ်အတွေးများထဲတွင်သာ ရှိလေသည်။
" ငါသိပြီ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ကျယ်ပြန့်မှုနှင့်အတူ ထိုဖြစ်ရပ်များက ပို၍ များပြားလာပေလိမ့်မည်။ ထိုကဲ့သို့ အစွမ်းထက်သူများက သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ မူလအစကို စိတ်ဝင်စားကြပေလိမ့်မည်။
"ဒါဆို ကျွန်မတို့..." လုံရှန်လင်းက အနည်းငယ် တွေဝေသွားသည်။
" သူတို့ကို စိတ်ပူစရာမလိုဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
စီလန်အင်ပါယာ၏ တားဆီးမှုနှင့် အဆင့်ခုနှစ်အောက် အစွမ်ထက်သူများက ပြဿနာရှာရဲမည်မဟုတ်ပေ။ လူသိရှင်ကြား ဘယ်ရွန်ဘွဲ့ကို ချီးမြှင့်ထားသောကြောင့် စီလန်အင်ပါယာက လုံရှန်မျိုးနွယ်အား ထောက်ပံ့ပေးထားသည်မှာ ထင်ရှားလေသည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများက မကောင်းသော အကြံအစည်များရှိနေလျှင် လင်းယွမ်က အတွေးတစ်ချက်နှင့် သူတို့ကို ဖျက်ဆီးနိုင်လေသည်။
" ကောင်းပါပြီ။ " လုံရှန်လင်းက လေးစားစွာ ပြောလိုက်သည်။
သူမက ဘယ်ရွန်လုံရှန်ကို အလွန်ယုံကြည်လေသည်။ ကောင်းကင်ကြီး ပြိုကျလာလျှင်တောင် သူက ထိန်းထားနိုင်ပေလိမ့်မည်။
လုံရှန်မြို့၏ အပြင်ဘက် အရိပ်များထဲတွင် အော်ရာအချို့က အချင်းချင်း ဆက်သွယ်နေကြသည်။
" မင်းတို့ လူအိုကြီးတွေ ဒီမှာဘာလုပ်နေကြတာလဲ။ "
" မင်းကရော ငါတို့လည်း မင်းလိုပဲပေါ့။ "
" ဟားဟား အဲ့ဒါက ဘယ်ရွန်လုံရှန်ရဲ့ နောက်ကွယ်က လျို့ဝှက်ချက်တွေအတွက်ပဲ။ "
ထိုလူများက နတ်ဘုရားတစ်ပိုင်းအဆင့် သက်ရှိများပင်ဖြစ်သည်။ အမှန်တွင် လူတစ်ယောက်က အဆင့်ခုနှစ်ကို ရောက်ချိန်တွင် ပြင်ပကိစ္စများကို စိတ်ဝင်စားခြင်းမရှိတော့ပေ။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နတ်ဘုရားဖြစ်လာပြီး ပို၍ အစွမ်းထက်လာရန်ဖြစ်သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ထွက်ပေါ်လာမှုက သူတို့ကို မျှော်လင့်ချက်တစ်ခု ရရှိစေခဲ့သည်။ ထိုကျင့်ကြံခြင်းစနစ်၏ ရှုပ်ထွေးမှုက နတ်ဘုရားတစ်ပိုင်းအဆင့်များပင် ဖန်တီးနိုင်မည်မဟုတ်ဟု ခံစားမိခဲ့ကြသည်။
ထို့ကြောင့် ဘယ်ရွန်လုံရှန်က နတ်ဘုရား၏ မျက်နှာသာပေးမှုကို ရရှိခဲ့တာလားဟု သူတို့က သံသယဝင်ခဲ့ကြသည်။ နတ်ဘုရား၏ မျက်နှာသာပေးမှုဆိုသည်မှာ နတ်ဘုရားအဆင့် အခွင့်အလမ်းကို ရည်ညွှန်းခြင်းဖြစ်သည်။ သက်ရှိအများစုအတွက် နတ်ဘုရားများက မသေနိုင်ဟု ထင်ရသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်များက ၎င်းကို ကောင်းကောင်းသိလေသည်။
နတ်ဘုရားများက သေနိုင်လေသည်။ ဥပမာ နတ်ဘုရားများ၏ စစ်ပွဲဖြစ်၏။ ကျဆုံးသွားသော နတ်ဘုရား၏ ကြယ်က ကောင်းကင်မှ ကြွေကျလာပေလိမ့်မည်။
လူတစ်ယောက်က ကံကောင်းစွာဖြင့် ကြွေကျလာသော ကြယ်ထဲသို့ ဝင်နိုင်ခဲ့လျှင် ကျဆုံးသွားသော နတ်ဘုရား၏ ရတနာများကို ပိုင်ဆိုင်နိုင်လေသည်။ ၎င်းက နတ်ဘုရားတစ်ပိုင်းအဆင့်များစွာ ထိုနေရာတွင် စုဝေးနေရသည့်အကြောင်းရင်းဖြစ်သည်။
နတ်ဘုရားအဆင့် အခွင့်အလမ်းများက သူတို့ကို နတ်ဘုရားမဖြစ်စေနိုင်သော်လည်း သူတို့က လျို့ဝှက်ချက်များကို ဖော်ထုတ်ပြီး နတ်ဘုရားရတနာတစ်ခုကို ရရှိခဲ့လျှင် သူတို့က နတ်ဘုရားများအောက်တွင် ပြိုင်ဘက်ကင်းဖြစ်လာပေလိမ့်မည်။
" ဘယ်ရွန်လုံရှန်က တကယ်ပဲ နတ်ဘုရားရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့တာဆိုရင် ငါတို့ အဲ့ဒါကို အညီအမျှ ခွဲယူကြမယ်။ " မီးခိုးရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ပြောလိုက်သည်။
" ငါတို့အားလုံးက အချင်းချင်းတွေပဲ။ အကြမ်းဖက်ဖို့ မလိုဘူး။ "
" မှန်တယ်။ အချိန်ကျရင် ဘယ်ရွန်လုံရှန်ရဲ့ နတ်ဘုရားအဆင့် လျို့ဝှက်ချက်ကို အညီအမျှ ခွဲယူကြမယ်။ "
အခြားသူများက ထို့အတူ ပြောလိုက်ကြသော်လည်း သူတို့၏ စိတ်ထဲတွင် အခြားအစီအစဉ်များ ရှိနေလေသည်။ သာမန်လျို့ဝှက်ချက်များဖြစ်လျှင် ခွဲဝေယူနိုင်လေသည်။ သို့သော် နတ်ဘုရားရတနာတစ်ခုဖြစ်လျှင် ဘယ်လိုခွဲဝေယူကြမှာလဲ။
သို့သော် ဤနေရာတွင် ရှိနေကြသူများက မြေခွေးအိုကြီးများဖြစ်ကြသည်။ အမှန်တကယ် လှုပ်ရှားခဲ့လျှင်တောင် အကျိုးအမြတ်ကို မြင်တွေးပြီးမှသာ ဖြစ်သည်။
" သွားကြမယ်။ ဘယ်ရွန်လုံရှန်ကို ဖမ်းပြီး စိတ်ဝိညာဉ်ရှာဖွေမှုလုပ်လိုက်တာပေါ့။ " အရိပ်ထဲမှ ပိန်လှီသော အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။
" သဘောတူတယ်။ "
" ပြဿနာမရှိဘူး။ "
အားလုံးက ခေါင်းညိမ့်လိုက်ကြသည်။ သူတို့၏ အမြင်တွင် ဘယ်ရွန်လုံရှန်က သေလူတစ်ယောက်သာ ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်များ၏ လုပ်ကြံမှုကို နတ်ဘုရားများမှ လွဲ၍ မည်သူက ခုခံနိုင်မှာလဲ။
လုံရှန်မြို့၏ အပြင်ဘက်တွင် ထိုမျှ လျင်မြန်စွာ ပေါ်လာနိုင်ခြင်းက သာမန်နတ်ဘုရားတစ်ပိုင်းအဆင့်များ မဟုတ်ဘဲ အင်အားကြီးသူများဖြစ်ကြသည်မှာ ထင်ရှားလေသည်။
" သွားစို့။ "
နတ်ဘုရားတစ်ပိုင်းအဆင့် ရှစ်ယောက်က လုံရှန်မြို့ထဲသို့ လျို့ဝှက်စွာ ဝင်ရောက်သွားကြသည်။ သူတို့က ရူးမိုက်သူများမဟုတ်ကြပေ။ သူတို့က လှုပ်ရှားခဲ့လျှင်တောင် အခြားသူများ မသိအေုင် အတတ်နိုင်ဆုံး ထိန်းချုပ်ကြမည်ဖြစ်သည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ရှစ်ယောက်က လုံရှန်ခန်းမထဲသို့ ဝင်ရောက်လာကြသည်။
" အဲ့ဒါ ဘယ်ရွန်လုံရှန်လား။ "
" အသက်တစ်ရာကျော်ပဲရှိတဲ့ ကောင်လေးပေါ့။ "
သူတို့က အရိပ်ထဲတွင် ပုန်းအောင်းနေကြပြီး မလှုပ်ရှားမီ ဂရုတစိုက် လေ့လာနေကြသည်။ ဘယ်ရွန်လုံရှန်က နတ်ဘုရားအခွင့်အလမ်းကို ရရှိခဲ့သောကြောင့် ထူးခြားမှုရှိမရှိ ကြည့်ရပေမည်။
နတ်ဘုရားအခွင့်အလမ်းများတွင် နတ်ဘုရားရတနာများသာမက နတ်ဘုရားတစ်ပိုင်းအဆင့်များကို ဒဏ်ရာရစေနိုင်သော နည်းလမ်းများလည်း ပါနိုင်လေသည်။ ထို့ကြောင့် သူတို့က သတိထားနေကြခြင်းဖြစ်သည်။
" ပြဿနာမရှိဘူး။ "
" ငါ ဘာအန္တရာယ်မှ မခံစားရဘူး။ "
" မှန်တယ်။ ငါလည်း နတ်ဘုရားရဲ့ အငွေ့အသက်ကို မခံစားရဘူး။ "
သူတို့ထဲမှ အနည်းငယ်က စိတ်ပျက်သွားကြသည်။ ဘယ်ရွန်လုံရှန်ရရှိခဲ့သော နတ်ဘုရားအခွင့်အလမ်းက အလွန်သာမန်ဖြစ်နိုင်ပြီး နတ်ဘုရား၏ အငွေ့အသက်ပါဝင်သော ရတနာပင် မရှိနိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ သူတို့က ရောက်လာပြီဖြစ်သောကြောင့် လက်ဗလာနှင့် ပြန်မသွားနိုင်ပေ။
" နေဦး။ " အရိပ်ထဲမှ အဘိုးအို၏ အမူအရာက အနည်းငယ် ပြောင်းလဲနေပြီး အခြားခုနှစ်ယောက်ကို လေးနက်စွာ ကြည့်လိုက်သည်။
" ဘယ်ရွန်လုံရှန်က ဘယ်အဆင့်မှာလဲ။ " သူက မေးလိုက်သည်။
" ဘယ်အဆင့်မှာလဲ။ "
" အဆင့်လေးထင်တယ်။ "
" မဟုတ်ဘူး အဲ့ဒါ အဆင့်ငါး..."
သူတို့က အချင်းချင်း ဆက်သွယ်ပြီး ပြောလိုက်ကြသည်။ နောက်ဆုံးတွင် ဘယ်ရွန်လုံရှန်က သူတို့ရှေ့တွင်ရှိနေပြီး ဘယ်မှထွက်ပြေးနိုင်မည်မဟုတ်ပေ။
" ဘယ်အဆင့်ပဲဖြစ်ဖြစ် မင်းတို့အားလုံး အခု ဘယ်ရွန်လုံရှန်ရဲ့ ခွန်အားကို ခံစားနိုင်ကြလား။ " ပိန်လှီသော အဘိုးအိုက အနည်းငယ် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
သူမေးလိုက်ချိန်တွင် အခြားခုနှစ်ယောက်၏ အမူအရာကလည်း ပြောင်းလဲသွားကြသည်။ အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများအတွက် အဆင့်လေးဖြစ်စေ အဆင့်ငါး ဖြစ်စေ ကွာခြားမှုမရှိပေ။
ယခုအချိန်တွင် သူတို့ရှစ်ယောက်၏ အမြင်တွင် ဘယ်ရွန်လုံရှန်၏ အော်ရာက ဖုံးကွယ်နေပြီး သာမန်လူတစ်ယောက်နှင့် မခြားနားပေ။
" တစ်ခုခု မူမမှန်ဘူး။ " ပိန်လှီသော အဘိုးအိုက မျက်မှောင်ကြုတ်သွားသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်များအနေဖြင့် သူတို့က အန္တရာယ်ကို အာရုံမခံမိကြသော်လည်း တစ်ခုခုမှားနေသည်ကိုတော့ ခံစားနေရသည်။
" ငါလည်း အတူတူပဲ။ "
" ငါတို့ ပြန်ဆုတ်ပြီး ဆွေးနွေးကြမလား။ "
အခြားသူများကလည်း ဆုတ်ခွာရန် ဆွေးနွေးနေကြသည်။ ဘယ်ရွန်လုံရှန်က သူတို့ကို အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ရှစ်ယောက်က ဆုတ်ခွာရန်ပြင်လိုက်ကြချိန်တွင် နူးညံ့သော အသံတစ်သံက သူတို့၏ နားထဲတွင် ထွက်ပေါ်လာသည်။
" ဧည့်သည်တွေ ရောက်လာပြီးမှတော့ ခဏလောက် နေကြပါဦး။ "