← Chapters

#‌မျှော်လင့်မထားသည့် ကယ်တင်သူ#

Vol. 89 Ch. 1251

#‌မျှော်လင့်မထားသည့် ကယ်တင်သူ#

Vol. 89 Ch. 1251

ရှေးဟောင်းနတ်မိုးကြိုးပေါင်းစပ်ခြင်းဟူသည် အလွန်အမင်းမြင့်မားသည့် ထိန်းချုပ်မှုကို လိုအပ်သလို မုဖူရှန်း၏ ခန္ဓာနှင့် ဝိဉာဉ်နှစ်ခုစလုံးကိုလည်း အလွန်အကျွံလိုအပ်သည်။

အရင်က နတ်မိုးကြိုးငါးမျိုးပေါင်းစပ်ခြင်းက ထိုအချိန် မုဖူရှန်း၏ မိုးကြိုးထိန်းချုပ်မှုအတွက် အကန့်အသတ်ပင်။ မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရားနှင့် လေ့ကျင့်မှုအပြီး ယခုအချိန်တွင် သူအတင်းအားထုတ် လုပ်ဆောင်ရသည့်တိုင် ခြောက်မျိုးကို ပေါင်းစပ်နိုင်စွမ်းရှိလာလေပြီ။

ထိုမိုးကြိုးလှံရှည်အထက်တွင် မိုးကြိုးစွမ်းအားက တစ်ကြိမ်ပြီးတစ်ကြိမ် ပေါက်ကွဲနေသည်။

ဒီလှံရှည်ကိုမြင်သောအခါ အစီအရင်အထက်က အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စွမ်းအားရှင်များ၏ အမူအရာများက အနက်ရောင်၀တ်ရုံအောက်တွင် သိသိသာသာ‌ပင် ပြောင်းလဲသွားကြ၏။

စကားပြောစရာမလိုဘဲ တစ်ချိန်တည်းမှာပင် လူတိုင်းလက်တံဆိပ်များကို စတင်ဖန်တီးကြလေရာ အစီအရင်လည်ပတ်နှုန်းက ပို၍မြန်ဆန်စွာတိုးလာသည်။ အလင်းတန်းများပင်လျှင် အတူတကွ စတင်ပေါင်းစပ်လာသည်။

အလွန်အမင်းအားကောင်းသည့် အဖျက်စွမ်းအားက ဖြည်းဖြည်းချင်းပေါ်လာသည်။

အဝေးတစ်နေရာသို့ ဆုတ်ခွာသွားသည့် ကျီရှင်းလည်း ဒီမြင်ကွင်းကိုမြင်ပြီးနောက် သူမ၏အမူအရာက လေးလံလာသည်။ သူမတစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

"ဒါက မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်ရဲ့ စွမ်းအားအားလုံးစုစည်းခြင်းပဲ၊ သူတို့ ဆန်းကြယ်အင်ပါယာအစောင့်တွေကို ဒီအတိုင်းအတာအထိတောင် ဖိအားပေးနိုင်ခဲ့ပြီလား"

သူမ၏အသံက စိုးရိမ်ပူပန်မှုနှင့် ပြည့်နှက်နေသည်။

သူမ ဆန်းကြယ်အင်ပါယာအစောင့်များကို စိုးရိမ်ပူပန်နေတာလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ဆိုတာ မသိရပါ။

တခြားတစ်ဘက်တွင် မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင် ၎င်း၏စွမ်းအားကို စုစည်းနေတာကို ကြည့်ရင်း မုဖူရှန်း၏အမူအရာက အနည်းငယ် တင်းကျပ်နေသည်။ အကယ်၍ ဒီအားကသာ လူရိုင်းနယ်မြေကို အောင်မြင်စွာ ရိုက်ခတ်ပစ်ပါက နယ်မြေခုနှစ်ဆယ်ရာခိုင်နှုန်းခန့်က ပျက်စီးသွားလောက်သည်။

ဒါကိုတွေးမိသောအခါ မုဖူရှန်းထပ်မစောင့်တော့ပါ။ သူညင်သာစွာ တစ်ချက်အော်ဟစ်ပြီး လှံရှည်ကို အထက်က အစီအရင်ထံ ပစ်လွှတ်လိုက်၏။

ရှေးဟောင်းနတ်မိုးကြိုးခြောက်ခုစွမ်းအားတို့ စိမ့်၀င်နေသည့် လှံရှည်နှင့် အချိန်နှင့် အာကာသကို ထိုးဖောက်ကာ ကျယ်လောင်သည့် အသံများကိုသယ်ဆောင်ရင်း လေထဲသို့ ပစ်၀င်သွား၏။

တစ်ချိန်တည်းမှာပင် ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ်တို့က တညီတညွတ်တည်းအော်ဟစ်ရင်း သူ့တို့လက်များကို အားအပြည့်ဖြင့် အောက်သို့ တွန့်ပို့လိုက်ကြသည်။

ဧရာမအလင်းကြီးက မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်စွမ်းအား စုစည်းမှုနှင့်အတူ တောင်ပိုင်းဒေသတစ်ခုလုံးကိုပင် လွှမ်းခြုံပစ်နိုင်သည်အထိ ကြီးမားသော အလင်းတိုင်တစ်ခုအဖြစ် အောက်သို့ ဖိကျလာသည်။

တောင်ပိုင်းဒေသတစ်လျှောက် အဆောက်အအုံများ စတင်ပျက်စီးသွားကြသည်။ တစ်ချို့သေမျိုးများနှင့် နယ်ပယ်နိမ့်ကျသည့် ကျင့်ကြံသူများပင် ဒွာရခုနှစ်ပေါက်က သွေးများစီးကျလာပြီး တိုက်ရိုက် သေလောက်သည်အထိ ထိတ်လန့်သွားကြ၏။

အဆောက်အအုံများပြိုကျသွားစဉ် သဲများပျံသန်းသွားပြီး တောင်များပြိုကျသည်။ လျှို့ဝှက်တာအိုကျောင်းတော်နှင့် တိမ်ပြာဓားဂိုဏ်းတို့၏ တည်နေရာများကသာ လွတ်မြောက်ခဲ့သည်။

တောင်ပိုင်းဒေသ၌ မြေကြီးပေါ်တွင် ပိတ်မိနေကြသူများက ခေါင်းလှည့်ရုံမျှသာ လှည့်နိုင်ပြီး သူတို့၏မျက်လုံးများက မြင်ကွင်းကို မြင်ရရန်အတွက် အားစိုက်ထုတ်နေကြရင်း အားလုံး၏နှလုံးသားများတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေကြ၏။

ပြီးသွားလေပြီ!

သို့သော် စိတ်ပျက်အားငယ်မှု သူတို့နှလုံးသားထဲ မြင့်တက်လာသောအခါ သူတို့ အဖြူ၀တ်လူနှင့် သူ့တပည့်များအကြောင်းကို မတွေးမိဘဲ မနေနိုင်ပေ။

သူတို့ ဒီတစ်ခါရော လူရိုင်းနယ်မြေကို ကယ်တင်နိုင်မှာလား!

ဒီအခိုက်အတန့်၌ အတော်လေးသေးငယ်သည့် လှံရှည်က တောင်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည့် အလင်းတိုင်နှင့် တိုက်မိသည်။

ဒါကတဒင်္ဂလေးသာ ဖြစ်ခဲ့သော်လည်း အဖျက်စွမ်းအင်များက မုန်တိုင်းတစ်စင်းပမာ ပေါက်ကွဲသွားကြသည်။

တိုက်ခိုက်မှုနှစ်ခု၏ ဆုံချက်တွင် အာကာသကပျက်စီးသွားသည်သာမက စတင်စုတ်ပြဲကာပွင့်လာခဲ့သည်။

အထက်တွင် မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်အလင်းတိုင်၏ အော်ရာရှိပြီး အောက်တွင် မိုးကြိုးများစွာ၏ လှိုင်းများရှိသည်။

ဒီမြင်ကွင်းကို မျက်မြင်တွေ့သောအခါ ချွေးစက်များက ရှင်းဟုန်ယီ၏ မျက်နှာပေါ်သို့ စီးကျလာပြီး သူမ၏မျက်လုံးများက မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားနဲ့ ယှဉ်လို့ရတဲ့ တိုက်ခိုက်မှုတစ်ခုကိုတောင် တိုက်ခိုက်ဖို့ စွမ်းရည်ရှိတာလား!

မုဖူရှန်းရဲ့ ပုန်းလျှိုထားတဲ့စွမ်းအားက ဘယ်လောက်ထိ နက်ရှိုင်းတာလဲ!

ဘေးက ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ်တို့တွင်လည်း အင်မတန်လေးနက်သည့် အမူအရာများရှိနေကြ၏။ အကြည့်များ ဖလှယ်ကြပြီးနောက် သူတို့အနည်းငယ် ခေါင်းညိတ်ကာ ထပ်မံအော်ဟစ်ရင်း အားအင်သစ်နှင့်အတူ လက်အစုံကို အောက်သို့တွန်းချလိုက်ကြပြန်သည်။

ကျယ်လောင်သည့်အသံတစ်သံ ပေါက်ကွဲသွားပြန်သည်။

လေဟာနယ်တစ်ခုလုံးက ပြင်းထန်သည့် အလင်းနှင့် လင်း၀င်းနေပုံရပြီး ရှိနေသူများကို အလိုမတူဘဲ အတင်းမျက်လုံးမှိတ်စေသည်။

အသက်ရှူကြိမ်ဆယ်ကြိမ်မျှ ကြာမြင့်သွားသော်လည်း အများကြီးပိုကြာသည်ဟု ခံစားရသည်။

တောက်ပသည့်အလင်းက မှိန်သွားသည်။

အစီအရင်က ကောင်းကင်၌ တည်ရှိနေသေးသော်လည်း လည်ပတ်နေတာရပ်သွားပြီး တောက်ပမှုကလည်း အရင်ကထက် ပိုမှိန်လာသည်။

အလင်းတန်းရော မိုးကြိုးလှံရှည်ပါ ပျောက်ကွယ်သွားကြ၏။

မုဖူရှန်းကလည်း မူလနေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

အောက်ကပြိုကွဲနေသည့်မြေထဲတွင် နောက်ထပ်ကြီးမားသည့်ချောက်တစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ဟိုင်၊ ရှီရှန်းနှင့် မုဖူရှန်းတို့ ချောက်ထဲကနေ တွားတွားတက်လာကြပြီး သူတို့၏ အော်ရာက အနည်းငယ်မှေးမှိန်နေကာ ၀တ်ရုံများက သွေးများနှင့် စိုရွှဲနေသည်။

ရှီရှန်း၏ညာဘက်မျက်ခုံးက ကျုံ့သွားပြီး ပါးစပ်ထောင့်စွန်းက သွေးများကို သုတ်လိုက်၏။

"ဂျူနီယာညီလေးမု၊ မင်းရဲ့အင်္ကျီလက်ထဲမှာ ဝှက်ဖဲတစ်ချို့ရှိသေးတယ်မလား၊ မဟုတ်ဘူးဆိုရင် ငါတို့ အစ်မဟွမ်ချင်းကို လှုပ်ရှားဖို့ပဲ တောင်းဆိုနိုင်တော့မှာ...."

ရှောင်၏နက်ရှိုင်းကာ အရိုးထိရောက်သည့်ဒဏ်ဂာကလည်း လျင်မြန်စွာ ပျောက်ကင်းနေသော်လည်း ယခုလိုပြင်းထန်သည့်ဒဏ်ရာများက သက်သာလာရန်အတွက် အချိန်တစ်ချို့လိုအပ်သည်။

"ငါတို့သာ သွေးကြောကို လောင်ကျွမ်းစေမယ်ဆိုရင် အစီအရင်ကို ချိုးဖျက်နိုင်လောက်တယ်"

"အခုဒီတိုက်ခိုက်မှုအပြီးမှာ မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်က အများကြီး အားနည်းကုန်ခမ်းသွားပုံပဲ...."

မုဖူရှန်းခါးသီးစွာပြုံးသည်။

"အစစ်အမှန်နတ်ဘုရားအဆင့် အဆောင်တစ်ခု၊ ကျွန်တော် တိုက်ပွဲတွေအတွက် နယ်ပယ်များစွာကို ထမင်းစား‌ရေသောက်သလို အလွယ်တကူ ဖြတ်ကျော်ခဲ့ပေမယ့် အခုဒီနယ်ပယ်မှာတော့ အခက်အခဲက နည်းနည်းလေးတင် တိုးလာတာမဟုတ်ဘူး"

"ဒါပေမယ့်......."

မုဖူရှန်း၏ လက်က အဆောင်တစ်ခုကို ထုတ်လိုက်ပြီးနောက် ခက်ထန်စွာပြောသည်။

"အစ်ကိုတို့ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးပြီး အဝေးကို သွားကြပါ"

ရှီရှန်းနှင့် ရှောင်ဟိုင်တို့နှစ်ယောက်စလုံး မုဖူရှန်းကို အံ့ဩစွာကြည့်လိုက်ကြ၏။

တကယ်တမ်းတွင် ဂျူနီယာညီလေးမု၏ အင်္ကျီလက်ထဲတွင် လှည့်ကွက်များရှိနေဆဲပင်။

ဒီတဒင်္ဂမှာပင် ရှင်းဟုန်ယီ အထက်ကနေ အေးစက်စွာပြောသည်။

"နင်ငါနဲ့အတူလာဖို့ ဆန္ဒရှိရှိ သဘောမတူဘူးထင်တယ်"

ဒီစကားကို ပြောပြီး ရှင်းဟုန်ယီ ဆန်းကြယ်အင်ပါယာအစောင့်များအား လှည့်ကြည့်ပြီး အမိန့်ပေးသည်။

"ကျန်နှစ်ယောက်ကိုသတ်ပစ်၊ အဲဒီခန္ဓာကျင့်ကြံသူကိုတော့ အသက်ရှင်ရုံလေးပဲ ထားခဲ့"

သူမ၏သဘောထားကို ဆုံးဖြတ်ထားပြီးဖြစ်လေရာ ရှင်းဟုန်ယီတုံ့ဆိုင်းနေ၍မရပေ။ တုံ့ဆိုင်းမှုက ရှုံးနိမ့်မှုဆီသို့သာ ဦးတည်သွားနိုင်သည်။

ဒါ့အပြင်လုချန်ရှန်း၏ တပည့်များကို ရင်ဆိုင်ရသောအခါ တစ်စက္ကန့်လေးမျှ တုံ့ဆိုင်းခြင်းကနေ မျှော်လင့်မထားသည့် အပြောင်းအလဲများစွာကို ဖြစ်စေနိုင်သည်။

ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ်လုံး ခေါင်းညိတ်ကြသည်။

ထို့နောက် သူတို့ မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်ကို ပြန်လည်အသက်သွင်းသည်။

အလင်းတန်းများက သူတို့သုံးယောက်တည်နေရာကို ပစ်မှတ်ထားရင်း တစ်ဖန်ပြန်လည်စုစည်းလာပြီး ‌ပေါက်ကွဲသွားကြ၏။

မုဖူရှန်း၏မျက်နှာကတင်းမာသွားသည်။

"ပြေး"

ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကလည်း အသက်ပြင်းပြင်းရှုရင်း တစ်ယောက်စီက လက်ထဲတွင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်တစ်ခုစီ ကိုင်ထားသည်။

မုဖူရှန်းကလည်း သူကိုင်ထားသည့် အဆောင်ကိုသုံးရန် ပြင်ဆင်ထားသည်။

သူသုံးတော့မည့်အခိုက် မြေအောက်အနက်ပိုင်းကနေ သေမင်းစွမ်းရည်၏ အဝါရောင်စမ်းရေက ဖြည်းဖြည်းချင်း စတင်တက်လာသည်။

ထို့နောက် ချက်ချင်းဆိုသလို အဝါရောင်၀တ်ရုံ၀တ်ထားသည့် ပုံရိပ်သုံးရိပ်၏ ကိုယ်က မုဖူရှန်းကကျန်သောသူများ အထက်တွင် ပေါ်လာကြသည်။

မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့ ထိတ်လန့်သွားကြပြီး သူတို့လုပ်ရပ်များကို အလိုလိုရပ်လိုက်မိကြ၏။

ရှင်းဟုန်ယီနှင့် ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ်ကလည်း ပဟေဠိဖြစ်နေသည့် အမူအရာများကို ပြသကြသည်။

ဒီတဒင်္ဂ၌ အလင်းတန်းများက အနီးသို့ ချဉ်းကပ်နေလေပြီ။

အဝါရောင်၀တ်ရုံရှင်အဖိုးအိုသုံးဦး သူတို့၏ ပျော့ပျောင်းသောလက်များကို ဆန့်ထုတ်လိုက်ကြ၏။

မြေအောက်သေမင်းစွမ်းအင်စီးကြောင်းများက ထိုးထွက်လာကြပြီး အတားအဆီးတစ်ခု ဖြစ်ပေါ်စေသည်။

အလင်းတန်းများက အတားအဆီးကို ထိမှန်သည်။

အတားအဆီးက မည်သည့်အက်ရာကိုမှ မပြသသလို အနည်းငယ်မျှပင် တုန်ခါသွားခြင်းမရှိပါ။

ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်က စွမ်းအားအများအပြားကုန်ဆုံးသွားသည့်တိုင် အစစ်အမှန်နတ်ဘုရားနယ်ပယ် အစီအရင်တစ်ခုဖြစ်နေဆဲပင်။

ဒီရိုးစင်းစွာထုတ်လွှတ်လိုက်သည့် အတားအဆီးက မလှုပ်မယှက်ပဲ ခံနိုင်ရည်ရှိသည်လား!

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

နောက်အခိုက်အတန့်၌ ညာဘက်က အဝါရောင်၀တ်အဖိုးအိုက အေးစက်နေပုံရပြီး သူ့အင်္ကျီလက်ကို အစီအရင်ထံ လွှဲယမ်းလိုက်၏။

ချက်ချင်းဆိုသလို မြေအောက်သေမင်းစွမ်းအင်က မြှားတစ်ချောင်းအဖြစ် သိပ်သည်းသွားပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့်အတူ မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်ကို ထိုးဖောက်ပစ်သည်။

"မင်းတို့က ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ အမွေခံကို ပစ်မှတ်ထားရဲတာလား၊ ငရဲနတ်ဆိုးဒေသက တကယ်ပဲ အရမ်းရဲတင်းလွန်းနေတာပဲ"

အပိုင်း(1252) coming။

All Chapters