← Chapters

အတူတကွ အိပ်စက်ခြင်း

Vol. 52 Ch. 511

အတူတကွ အိပ်စက်ခြင်း

Vol. 52 Ch. 511

ကျောက်တုံးအိမ်အတွင်း ရောက်သည်နှင့် စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ ဗွက်အိုင်များ ပျောက်ကွယ်သွား၏။ ထို့နောက် စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"ကဲ ဘာမှမရှိတော့ဘူး ခင်ဗျား အိပ်လို့ရပြီ"

"အင်း"

ညတစ္ဆေကလည်း အမိန့်နာခံမှုရှိရှိနှင့်ပင် အိပ်ယာပေါ်တွင် လဲလျောင်းလိုက်၏။

ထို့နောက် စုချန်းလည်း သူ၏ စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေပြန်သည်။

ညတစ္ဆေကား အိပ်ယာပေါ်တွင်သာ လဲလျောင်းနေသော်လည်း မျက်လုံးမှိတ်ထားခြင်းမရှိ။ ထိုအစား သူမက စုချန်း အလုပ်ရှုပ်နေသည်ကို လှမ်းကြည့်နေ၏။

"စုချန်း"

"ဘာလဲဗျ"

အခြား အရည်တမျိုးနှင့် မရောစပ်ခင် စမ်းသပ်စက္ကူပေါ်တွင် သွေးတစက်ကို ဂရုတစိုက်နှင့် အစက်ချရင်း စုချန်းက ပြန်ဖြေလိုက်သည်။

"ကျွန်မ ရှင့်အိပ်ယာပေါ်မှာ အိပ်တော့ ရှင်က ဘယ်မှာအိပ်မှာလဲ"

"ကျုပ် အခု ဟေးစုရဲ့ သွေးဗီဇကို လေ့လာနေတာ ဒီည မအိပ်တော့ဘူး"

"အော်"

ညတစ္ဆေက စိတ်ပျက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။

အတန်ကြာသော် ညတစ္ဆေက မေးလိုက်ပြန်၏။

"စုချန်း"

"အင်း"

"ရှင် ဒီည မအိပ်တော့ မနက်ဖြန် ပင်ပန်းနေမှာပေါ့"

"ကျုပ်တို့အားလုံးဟာ ချီစွမ်းအားပညာရှင်တွေလေဗျာ တညလောက် မအိပ်ရုံနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ"

ထိုအချိန်တွင် စုချန်း၏ စမ်းသပ်စက္ကူသည် ဖောက်ခနဲ အသံမြည်ကာ ပေါက်ကွဲထွက်သွားပြီး မီးခိုးများ အူထွက်လာ၏။ ၎င်းကိုကြည့်ရင်း စုချန်းက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

"ကျုပ် လုပ်တာ မှားသွားပြီ...ကျေးဇူးပြုပြီး စကားမပြောပါနဲ့လားဗျာ ကျုပ် အာရုံစိုက်ထားမှရမယ်"

"အင်း"

ညတစ္ဆေ စိတ်ပျက်သွားဟန်ပေါ်၏။

အတန်ကြာအောင် တွေးတောနေပြီးမှ ညတစ္ဆေက ခေါ်လိုက်ပြန်သည်။

"စုချန်း"

"ခင်ဗျားမှာ ပြောစရာရှိနေရင်လဲ တခါတည်း အပြီးပြောလိုက်ပါတော့လားဗျာ ဒုက္ခပါပဲ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ငြီးတွားလိုက်လေသည်။

"ဘာမှတော့ပြောစရာမရှိဘူး ဒါပေမဲ့ ကျွန်မ အိပ်လို့မရဘူးရှင့် ရှင် ကျွန်မကို ခနတဖြုတ် အဖော်လုပ်ပေးပါလား"

"မလုပ်နိုင်ဘူး ဒီမှာ အလုပ်ရှုပ်နေတယ်"

စုချန်းက အနည်းငယ်မှ စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။

ညတစ္ဆေ နှုတ်ခမ်းစူကာ စုချန်းကား စိတ်ဆိုးမာန်ဆိုးနှင့် လှမ်းကြည့်လိုက်သည်။ သူမ၏ ပါးစပ်မှလည်း အောက်ပါအတိုင်း တဖွဖွ ရေရွတ်နေ၏။

"စမ်းသပ်မှု လွဲချော်ပါစေ...စမ်းသပ်မှု လွဲချော်ပါစေ....."

ထိုအချိန်မှာပင် စုချန်း၏ စမ်းသပ်စက္ကူသည် ကနဦးအတိုင်း မီးခိုးများ အူထွက်လာပြန်သည်။

စုချန်း၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။ ညတစ္ဆေက အရိုးခံအမူအရာနှင့် ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို ဘာမှ ပြောမနေဘူးနော်"

စုချန်းလည်း သူမကို လစ်လျူကာ စမ်းသပ်မှုအပေါ်တွင်သာ အာရုံစိုက်ထားလိုက်၏။

ညတစ္ဆေကား လက်မလျှော့သေး။ အထက်ပါအတိုင်း တဖွဖွ ရေရွတ်လျက်ရှိသည်။

သို့သော် ဤတကြိမ်တွင်ကား စုချန်း ကံကောင်းသွားဟန် ပေါ်သည်။ စမ်းသပ်မှု အောင်မြင်သွား၏။

ဆေးရည်ကြည်ကို စိုက်ကြည့်ရင်း စုချန်း ဝမ်းသာအားရနှင့် ပြောလိုက်သည်။

"သိပ်ကောင်းတယ်...ဒီမယ်ဗျ ခင်ဗျား ကျုပ်ကို အနှောင့်အယှက် မပေးပဲ ခနတဖြုတ်လောက် နေလို့မရဘူးလား ဒီနေ့ ကျုပ်အတော်ကို ကံကောင်းနေတယ် စမ်းသပ်မှုတွေက လျောလျောရှုရှုပဲ ဒီအတိုင်းဆိုရင် ဒီစမ်းသပ်မှုကို သိပ်မကြာခင် ကျုပ် အဆုံးသတ်နိုင်လိမ့်မယ်"

"ရှင် ဒါကို နက်ဖြန်မှ လုပ်လို့မရဘူးလား"

"မနက်ဖြန်ဆိုရင် ကျုပ်တို့ အလျင်လိုနေလိမ့်မယ် ပြီးတော့ ကံတရားက နက်ဖြန်လဲ ကောင်းနေလိမ့်မယ်လို့ မပြောနိုင်ဘူး သံဆိုတာ မအေးခင် ပုံသွင်းရတယ်ဗျ"

စကားဆုံးသည်နှင့် စုချန်းက စမ်းသပ်မှု၏ နောက်တဆင့်ကို လုပ်ဆောင်လိုက်၏။

ညတစ္ဆေ စိတ်အလိုမကျဟန်ဖြင့် နှုတ်ခမ်းစူလိုက်ပြန်သည်။

ထိုအချိန်တွင် ညတစ္ဆေမှာ လုံးဝ အိပ်စက်လိုခြင်း မရှိတော့။ အတန်ကြာသော် သူမသည် အကြံတခု ရလိုက်ဟန်ဖြင့် စုချန်းက သူမအား ခြုံပေးထားသော အပေါ်ဝတ်ရုံကို ဖယ်လိုက်ရာ ဖြူဖွေးချောမွေ့သွယ်လျနေသော သူမ၏ လက်မောင်းသားများ အတိုင်းသား ပေါ်ထွက်လာ၏။

ထိုမြင်ကွင်းကြောင့် စုချန်း၏ လက် ဆတ်ခနဲ တုန်ခါသွားသည်။ သူ့လက်ထဲရှိ ဆေးရည်မှာလည်း ဖိတ်စင်သွားလေသည်။

ညတစ္ဆေကား ထိုမျှနှင့် မပြီးသေး။ သူမ၏ ရင်ဘတ်စည်းကို မသိမသာ ဖြေလျှော့ပြီး ဖြူဖွေးဝင်းမွတ်နေသော ရင်နှစ်မွှာ၏ အပေါ်ပိုင်းဝက်ခန့်ကို လှစ်ဟာပြလိုက်ပြန်၏။

စုချန်း သတိလက်လွတ် ဖြစ်သွားလေပြီ။

သူ့လက်ထဲရှိ ဆေးပုလင်းငယ်မှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။

ထိုအခါ စုချန်းက ညတစ္ဆေကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျား ဘာဖြစ်ချင်နေတာလဲ"

"အိပ်တော့မလို့ အဝတ်တွေ ချွတ်နေတာလေ"

ညတစ္ဆေက ဒေါသတကြီးနှင့်ပင် ပြန်တုံ့ပြန်လိုက်၏။

"ဒါ ရှင့်အတွက် ဘာပြသနာရှိနေလို့လဲ"

စုချန်းက ညတစ္ဆေ၏ မို့မောက်နေသော ရင်အစုံကို ဖြတ်ခနဲလှမ်းကြည့်ပြီး တံတွေးတချက်မြိုချကာ ပြောလိုက်၏။

"ခင်ဗျားရှေ့မှာ တစိမ်းယောကျာ်းလေးတယောက် ရှိနေတယ်လေဗျာ ခင်ဗျား မရှက်ဘူးလား"

"ရှင်က ရှင့်ရဲ့စမ်းသပ်မှုတွေကိုပဲ အာရုံစိုက်နေတာ မဟုတ်ဘူးလား"

ညတစ္ဆေက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။

"ကျွန်မ အင်္ကျီချွတ်တာ ရှင် ဘယ်လိုလုပ် မြင်တာလဲ အိုး ကျွန်မသ်ိပြီ လက်စသတ်တော့ ရှင် တကယ် စမ်းသပ်နေတာ မဟုတ်ဘူး ကျွန်မကို ချောင်းကြည့်နေတာပဲ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် မျက်လုံးအစုံကို မှိတ်ထားလိုက်၏။

"ကောင်းပြီလေ ကျုပ်ကတော့ ခင်ဗျားကို တကယ်ကြောက်သွားပြီ ခင်ဗျား သဘောရှိသာ ချွတ်ပေတော့ စိတ်ပါရင် တကိုယ်လုံးမှာရှိတဲ့ အဝတ်တွေပါ ချွတ်ဗျာ ကျုပ်ကတော့ ကျုပ်အလုပ်ကိုပဲ အာရုံစိုက်ထားတော့မယ် ကျုပ်မှာ ခင်ဗျားကို ကြည့်နေဖို့ အချိန်မရှိဘူး"

စကားဆုံးသည်နှင့် သူက ချာခနဲ နောက်လှည့်ကာ စမ်းသပ်မှုအား ဆက်လက်ဆောင်ရွက်နေလေသည်။

ညတစ္ဆေ၏ မျက်လုံးအစုံမှာကား ဒေါသကြောင့် မီးဝင်းဝင်းတောက်နေ၏။

အတန်ကြာသော ညတစ္ဆေသည် လေထဲသို့ ဝုန်းခနဲ ခုန်ထွက်လိုက်ပြန်၏။

စမ်းသပ်မှုနောက်တဆင့်ရောက်ခါနီးတိုင်း ညတစ္ဆေကြောင့် ကမောက်ကမ ဖြစ်သွားလေရာ ဤတကြိမ်တွင်လည်း စုချန်းက ထိုသို့မဖြစ်စေရန် ညတစ္ဆေကို လှမ်းကြည့်လိုက်ပြန်၏။ ထိုအခါ ညတစ္ဆေတယောက် သူ့နောက်ကျောတွင် ကပ်လျက်မတ်တပ်ရပ်နေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ စုချန်း ထိတ်လန့်တကြားနှင့် နောက်သို့ ဆုတ်လိုက်သည်။

"ခင်ဗျား ဘာလုပ်နေပြန်တာလဲဗျ"

စုချန်း၏ ပုံစံမှာ ရယ်ဖွယ်ရာပင် ကောင်းနေသေး၏။ သူ့ကို ကြည့်ရသည်မှာ ညတစ္ဆေကို အတော်လေး ကြောက်လန့်နေဟန်ပင်။

ညတစ္ဆေ တခစ်ခစ်နှင့် ရယ်မောလိုက်သည်။

"ဘာမှမလုပ်ဘူး ရှင် ဘာတွေများ လုပ်နေသလဲ ကြည့်ချင်လို့ ကျွန်မ စကားလဲ မပြောဘူး ဒီအတိုင်းပဲ ရပ်ကြည့်နေမယ် ဘာလဲ ဒါကိုလဲ ရှင်က ခွင့်မပြုနိုင်ပြန်ဘူးလား"

"ခင်ဗျားမှာ ဆေးပညာအခြေခံမှ မရှိတာ ဒါကို ဘယ်လိုလုပ် နားလည်နိုင်မှာတုန်း"

"ကျွန်မ ကြည့်စမ်းပါရစေအုံးရှင်"

ညတစ္ဆေကား ဇွတ်တရွတ်ပင်။

"ကောင်းပြီလေ ခင်ဗျား ကြည့်ချင်လဲကြည့် ဒါပေမဲ့ ဘာကိုမှ မထိရဘူး စကားလဲ မပြောရဘူးနော်"

စုချန်းလည်း ဘာမှမတတ်နိုင်ပဲ သဘောတူလိုက်ရပြန်သည်။

ထို့နောက် စုချန်းသည် သူ့အလုပ်အား အာရုံစိုက်ကာ ဆက်လုပ်နေပြန်၏။ ညတစ္ဆေလည်း သူ့ဘေးနားတွင် မတ်တပ်ရပ်ကာ စုချန်း အလုပ်လုပ်နေသည်ကို ရပ်ကြည့်နေ၏။

ပြသနာကား ညတစ္ဆေ မတ်တပ်နေသည့်နေရာမှာ စုချန်းနှင့် လွန်စွာ နီးကပ်နေခြင်းပင်။ တချက်တချက်တွင် သူမထံမှ ပျံ့လွင့်လာသည့် ရနံ့များကလည်း စုချန်း၏ နှာဖျားဝတွင် ကလူ၏သို့ မြှု၏သို့ လုပ်နေပြန်ရာ အတော်ပင် နေရထိုင်ရ ခက်ခဲသည့် အနေအထားပင်။

ထိုအခါ စုချန်းလည်း စိတ်ကိုငြိမ်အောင်ထိန်းပြီး ညတစ္ဆေနှင့် ခပ်လှမ်းလှမ်းသို့ ဆုတ်ပေးလိုက်၏။ သို့သော် သူဆုတ်လေလေ ညတစ္ဆေက တိုးလေလေပင် ဖြစ်နေလေရာ နောက်ဆုံးတွင် စုချန်းမှာ ထပ်ဆုတ်ရန် နေရာပင် မကျန်တော့။

စုချန်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်ပြန်သည်။

"ဘယ့်နှယ်ကြောင့် ဒီအထိ တိုးနေရတာတုန်းဗျာ"

ညတစ္ဆေက ခပ်မာမာပင် ပြန်ပြောလိုက်သည်။

"ကြည့်ချင်လို့ပေါ့ရှင် အနီးကပ်မကြည့်ရင် ကျွန်မ ဘယ်လိုလုပ် မြင်ရမှာလဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား မြင်ရရင် ပြီးရောမလားဗျာ"

စုချန်းအတော်ပင် စိတ်ပျက်နေခဲ့လေပြီ။

"မမြင်ရဘူးရှင့် ကျွန်မ မမြင်ရဘူး"

ညတစ္ဆေကလည်း ဇွတ်တရွတ်နိုင်လှ၏။

"ကျုပ် ပြောပြီးပြီနော် ခင်ဗျား ဒါကို ဆက်ကြည့်ချင်ရင် တအားကြီး တိုးမလာနဲ့ စကားမပြောနဲ့ ကျုပ်ကို မနှောင့်ယှက်နဲ့"

ညတစ္ဆေ ခေါင်းကို အထပ်ထပ် အခါခါ ညိတ်ပြလိုက်၏။

ထိုအခါကျမှ စုချန်းလည်း သူ၏ စမ်းသပ်မှုများကို အာရုံစိုက်၍ လုပ်ဆောင်နိုင်တော့၏။ ဤတကြိမ်တွင်တော့ စုချန်းကို ညတစ္ဆေ နှောင့်ယှက်ခြင်းမရှိတော့။ ငြိမ်ငြိမ်သက်သက်ပင် မတ်တပ်ရပ်လျက်ရှိသည်။

သို့သော် စုချန်းကား စိတ်တည်ငြိမ်မှု မရှိတော့လေရာ သူ့စမ်းသပ်မှုများမှာလား ကပေါက်တိကပေါက်ချာသာ ဖြစ်ကုန်တော့၏။ ၎င်းကိုကြည့်ရင်း ညတစ္ဆေ တခစ်ခစ်ရယ်မောနေလေသည်။ စုချန်း တလွဲတချော် ဖြစ်နေခြင်းမှာ သူမ၏ အပြစ် မဟုတ်ဟူသော သဘောပင်။

စုချန်းလည်း သက်ပြင်းတချက်ကို ရှည်လျားစွာချလိုက်ပြီး ညတစ္ဆေကို မျက်နှာလွှဲက ဆက််လက်စမ်းသပ်နေပြန်၏။

အတန်ကြာသော် သူ့ကျောကို တစုံတရာက ပွတ်သပ်နေသကဲ့သို့ စုချန်း ခံစားလိုက်ရပြန်၏။ စုချန်း ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။ လက်စသတ်တော့ ညတစ္ဆေ၏ ဆံစတချို့ သူ့ကျောပေါ် ရောက်နေခြင်းပင်။

စုချန်းလည်း ထိုဆံစများကို ဖယ်လိုက်ပြီး ဆက်လက်စမ်းသပ်နေပြန်သည်။ ထိုအချိန်မှာပင် ထူးဆန်းသော ခံစားချက်တချို့ကို စုချန်း ရလိုက်ပြန်၏။

သူ ဖြတ်ခနဲ နောက်သို့ လှည့်ကြည့်၏။

ထိုအခါ ညတစ္ဆေတယောက် သူ့ ဆံပင်စများ စုချန်း ကျောပေါ် မရောက်ရောက်အောင် လေနှင့် မှုတ်ထုတ်နေကြောင်း စုချန်း တွေ့လိုက်ရလေသည်။

စုချန်း လှည့်လာသည်နှင့် ညတစ္ဆေက သူမပါးစပ်ကို ချက်ချင်းပိတ်လိုက်၏။ သို့သော် သူမ၏ လုပ်ရပ်ကို စုချန်း မြင်သွားမှန်းသိ၍ သူမက အထွန့်တက်လိုက်သည်။

"ကျွန်မ ရှင်ပြောတဲ့အတိုင်း စကားမပြောဘူး ရှင့်အနားလဲ တိုးမလာဘူး ဒါပေမဲ့ ဆံပင်ကို လေနဲ့မမှုတ်ရဘူးလို့တော့ ရှင်မပြောထားဘူးလေ ဟုတ်တယ်မလား"

စုချန်း ဘာပြန်ပြောရမှန်းပင် မသိတော့။

ထိုအထဲတွင်မှ ညတစ္ဆေက ပွစိပွစိ ပြောနေသေး၏။

"ရှင်မှ ကျွန်မကို အဖော်မလုပ်တာ ဒါ ရှင့်အပြစ်ပဲ ကျွန်မကို အဖော်မလုပ်ရင် ကျွန်မကတော့ ရှင့်ကို ဒုက္ခပေးရမှာပဲ"

ညတစ္ဆေ၏အသံက တိုးသော်လည်း စုချန်းကတော့ သဲသဲဲကွဲကွဲပင် ကြားလိုက်ရလေသည်။

စုချန်း လက်လျှော့လိုက်လေပြီ။

"ကောင်းပြီ ကျုပ် လက်လျှော့လိုက်ပြီ ဘာစမ်းသပ်မှုမှ မလုပ်တော့ဘူး အဲဒါဆို ရပြီလား"

စကားဆုံးသည်နှင့် စုချန်းသည် ဆေးပုလင်းကို စားပွဲပေါ်ပစ်ချပြီး အိပ်ယာပေါ်သို့ ခုန်တက်လိုက်၏။

၎င်းကို မြင်သည်နှင့် ညတစ္ဆေက ကမန်းကတန်း ပြောလိုက်သည်။

"ဟေ့ ဘာလုပ်တာလဲ ဒါ ကျွန်မအိပ်ယာရှင့်"

"ကျုပ် အိပ်ယာဗျ ခင်ဗျားကမှ ကျုပ်ကို ဘာမှလုပ်မရအောင် နှောင့်ယှက်နေတော့ ကျုပ် အနားယူတော့မယ်လေ"

"ဒါဆို ကျွန်မက ဘယ်မှာအိပ်ရမှာလဲ"

"ကျုပ် ဘယ်သိမလဲ"

စုချန်းက နံရံကို ​ကျောကပ်ကာ ညတစ္ဆေအတွက် နေရာဖယ်ပေးရင်း ပြောလိုက်သည်။

"ဒီမှာ တယောက်စာတော့ အိပ်လို့ရမယ် ကျုပ်နဲ့ပဲ ကျပ်ကျပ်သပ်သပ် လာအိပ်ပေတော့ ခင်ဗျား အိပ်ချင်ရင်ပြောတာ"

"ဒါ..."

ညတစ္ဆေ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ စုချန်းအား မိုက်မိုက်မဲမဲ နောက်ပြောင်မိရာမှ ကိုယ့်ရှုးကိုယ့်ပတ်မည့်ဟန်ပေတကား။

"ဘာလဲ ခုကျတော့ ခင်ဗျားက သတ္တိမရှိတော့ပြန်ဘူးလား"

"အောင်မယ် ဘာလို့ သတ္တိမရှိရမှာလဲ"

ညတစ္ဆေ စိတ်ထွက်သွားဟန်တူသည်။ ချက်ချင်းဆိုသလို စုချန်း၏ ဘေးနားတွင် ဝင်အိပ်လိုက်၏။

အိပ်ယာပေါ်သို့ ရောက်သည်နှင့် ဘာကြောင့်မှန်းမသိ ညတစ္ဆေ ရင်တုန်ပန်းတုန် ဖြစ်သွားလေသည်။ ထို့နောက် သူမက မေးလိုက်၏။

"ရှင် ကျွန်မကို ဘာမှတော့မလုပ်ပါဘူးနော်"

"ခင်ဗျားက ကျုပ်ကို ဘာမှမလုပ်ဖို့ မျှော်လင့်နေတာလား ဒါမှမဟုတ် တခုခု လုပ်စေချင်နေတာလား"

"အိုး ဘာမှမလုပ်ဖို့ မျှော်လင့်တာပေါ့ရှင့် ကျွန်မတို့က မောင်နှစ်မတွေပဲ မဟုတ်ဘူးလား"

ပြောသာပြောလိုက်ရ၏။ ညတစ္ဆေ၏ နှလုံးသားမှာကား ကြောက်စရာကောင်းလှအောင် တုန်ခါလျက်ရှိလေသည်။

ငါက သူ့ကို ဘာမှမလုပ်စေချင်တာလား...

ဒါမှမဟုတ် တခုခုများ လုပ်စေချင်တာလား...

ဟိုတွေးဒီတွေးနှင့်ပင် ညတစ္ဆေတယောက် တဖြည်းဖြည်းနှင့် အိပ်ပျော်သွားရှာ၏။

ညတစ္ဆေ အိပ်ပျော်သွားသည်နှင့် ကနဦးကပင် အိပ်ပျော်သွားသည်ဟု ထင်ရသော စုချန်း၏ မျက်လုံးအစုံမှာ တဖြည်းဖြည်း ပွင့်လာလေသည်။

ထို့နောက် စုချန်းသည် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေရှာသော ညတစ္ဆေ၏ မျက်နှာကို လှည့်ကြည့်လိုက်၏။ ရှည်လျားကော့ညွတ်နေသော ညတစ္ဆေ၏ မျက်တောင်ရှည်ကြီးများကို မြင်လိုက်ရသောအခါ စုချန်းတယောက် နှလုံးသား၏ ဆန္ဒကို မတွန်းလှန်နိုင်တော့။ ဆိုးခနဲ ဆတ်ခနဲပင် ညတစ္ဆေ၏ ပါးပြင်ကို နမ်းရှိုက်မိတော့သည်။ ထို့နောက် သူသည် တဖက်သို့ ပြန်လှည့်ကာ မျက်လုံးအစုံကို မှိတ်ထားလိုက်၏။

သို့သော် မည်မျှပင် အိပ်ပျော်ရန် ကြိုးစားစေကာမူ ဤညအဖို့တော့ စုချန်းတယောက် အိပ်ပျော်နိုင်တော့မည် မဟုတ်။

***

All Chapters