မူလရည်ရွယ်ချက်များအား ဆုပ်ကိုင်ထားခြင်း
Vol. 52 Ch. 512
ညသည် ပုံမှန်အတိုင်းပင် ကုန်ဆုံးသွား၏။
ညတစ္ဆေ၏ ပုံစံသည် မနက်ခင်းတွင် ထူးဆန်းနေဟန်ရှိ၏။ သို့သော် သိပ်မကြာမီမှာပင် သူမ၏ ပင်ကိုယ်စရိုက် ပြန်ပေါ်လာ၏။ သူမသည် မနေ့က ဘာမှမဖြစ်ခဲ့သည် ဟန်ပန်ဖြင့် လူတိုင်းကို လိုက်လံစကားပြောလျက်ရှိလေသည်။
မနက်စာ စားသောက်ပြီးချိန်တွင် သူတို့အဖွဲ့ ခရီးဆက်ကြပြန်၏။ လမ်းခရီးတလျှောက်တွင် ကောင်းချန်းတလျှောက် သူ့နောက်ကျောကို အငြိုးတကြီး စိုက်ကြည့်လျက်ရှိကြောင်း စုချန်း ခံစားနေရ၏။
စုချန်း ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ကောင်းချန်းကို သူ့စိတ်ထဲက ဖယ်ထုတ်ထားလိုက်သည်။
အထီးကျန်ငန်းနယ်မြေကား ရှယ်လျားကျယ်ပြောလှ၏။ မြင်မြင်သမျှ ဖုန်ဆိုးမြေကြီးသာတည်း။ ရက်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင်တော့ သူတို့၏ မြင်ကွင်းထဲ၌ ချောက်နက်ကျွန်းကို မြင်လာရလေသည်။
ချောက်နက်ကျွန်းအတွင်း ဝင်ရောက်လာသည်နှင့် သစ်ပင်ပန်းမန်များ စိမ်းစိမ်းစိုစို ဖြစ်လာ၏။ လမ်းခရီးတလျှောက်တွင်လည်း ဟိုမှသည်မှ ခရီးသွားများကို တွေ့မြင်လာရသည်။
တနေရာအရောက်တွင်တော့ စုချန်းတို့လူစု၏ ရှေ့မှောက်တွင် သဲမျိုးစိတ်အုပ်စုကြီးတစု ပေါ်ပေါက်လာ၏။ ကျယ်လောင်စွာအော်ဟစ်ပြီး သူတို့ထံ ပြေးဝင်လာသော သဲမျိုးစိတ်ဝင်များကိုကြည့်ရင်း "ငါ့တို့ ဒီကိုရောက်လာပြီပဲ"ဟု လူတိုင်းလိုလို တွေးတောမိကြသည်။
ယခင်ရက်များက သဲမျိုးစိတ်ဝင်တချို့နှင့် တွေ့ခဲ့ရသည်ဆိုသော်ငြား ယခု သူတို့တွေ့ရသည့် အုပ်စုလောက် မများ။ ယခုအုပ်စုတွင်တော့ သဲမျိုးစိတ်ဝင်ရာဂဏန်းခန့် ပါဝင်နေပြီး ထိုအထဲမှ တချို့မှာ အလယ်အလတ်အဆင့် သဲမျိုးစိတ်ဝင်များ ဖြစ်နေကြောင်း သူတို့ တွေ့လိုက်ရ၏။
သဲမျိုးစိတ်ဝင်များ၏ အင်အားကို တိုင်းထွာသည့်နည်းလမ်းမှာကား အတော်ပင် ရိုးရှင်း၏။ ၎င်းတို့နောက်စေ့ရှိ အမွှေးများ ပိုထူလေလေ အနှီ သဲမျိုးစိတ်ဝင်သည် ပို၍ အားကောင်းလေလေပင်။
ရာနှင့်ချီသော သဲမျိုးစိတ်ဝင်များသည် စုချန်းတို့လူစုရှိရာသို့ ပြေးဝင်လာကြ၏။ ရှေ့ဆုံးမှာ ခေါင်းဆောင်လုပ်သူက စုချန်းတို့ရှိရာသို့ ညွှန်ပြပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"တိုက်ကြစမ်း"
သဲမျိုးစိတ်ဝင်များကား စိတ်မြန်ဟန်ပေါ်၏။ အချိန်အနည်းငယ်မှမဆိုင်းပဲ ခရီးရောက်မဆိုက် တိုက်ပွဲကို စတင်ခဲ့ကြလေပြီ။
သဲမျိုးစိတ်ဝင်များသည် ပင်က်ိုယ်ဗီဇအရ အလွန်ကြမ်းတမ်းပြီး ၎င်းတို့ ရောင်းချနေသည့် ကုလားအုတ်မြေခွေးများကို မဝယ်ယူခြင်းသည် ၎င်းတို့ကို ရန်စခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း စုချန်း သိထားပြီးသားပင်။ သို့သော် ဘာမဟုတ်သည့် ကိစ္စလေးနှင့် တိုက်ပွဲကြီးဆင်နွှဲရန် ဆုံးဖြတ်ချက်ချနိုင်သည့် ၎င်းတို့၏ အတွေးအခေါ်ကိုတော့ စုချန်း မအံ့သြပဲမနေနိုင်တော့။ ထိုအခါ သူက မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်သည်။
"ဒါလား သဲမျိုးစိတ် လူသတ်ကောင်မျိုးစိတ်လို့ခေါ်တာ ပိုပြီး သင့်တော်လိမ့်မယ် ထင်တယ်"
ချီမင်းဖန် ရယ်မောလိုက်၏။
"သဲမျိုးစိတ်တွေဟာ ဒီအတိုင်းပဲကွ သွေးဆာတယ် ရက်စက်ကြမ်းကြုတ်တယ် အစွမ်းရောက်တယ် ကဲ ကျုပ်ပြောတာ မင်း ယုံပြီလား"
"ယုံပြီ ဒါကြောင့်မို့ ဖြစ်နိုင်ရင် အနောက်လိုင်နာရဲတိုက်ထဲကို မဝင်ခင် မိုးသခင်ကြီးရဲ့ အင်အားကို ကျုပ် မြင်တွေ့ချင်သေးတယ်ဗျို့"
စုချန်းက ပြန်ပြောလိုက်၏။
ချီမင်းဖန် တဟားဟား ရယ်မောလိုက်သည်။
"ဒီတော့ မင်း ရှာတဲ့ပြသနာကို ကျုပ်ကပဲ ရှင်းပေးရတော့မှာပေါ့လေ ဟုတ်လား"
"မိုးသခင်ကြီးအတွက် ဒါဟာ ပြောပလောက်တဲ့ ပြသနာမျိုး မဟုတ်ပါဘူးဗျာ"
ထိုအချိန်မှာပင် ချီမင်းဖန်က သူ့လက်ချောင်းများကို ဝေ့ယမ်းလိုက်ရာ လေထဲတွင် ထူထဲသိပ်သည်းလှသော မြူခိုးထုကြီး ပေါ်ပေါက်လာပြီး ရေငွေ့များက သဲမျိုးစိတ်များထံ တိုးဝင်သွား၏။ နူးညံပျော့ပြောင်းဟန်ရှိသည့် အနှီရေငွေ့များသည် ရေအမျိုးအစား မူလစွမ်းအင်နှင့် ဖွဲ့စည်းထားခြင်း ဖြစ်လေရာ အထင်သေး၍တော့မရ။ ကောင်းကင်ဘုံမှ စီးဆင်းလာသည့် မြစ်တစင်းသဖွယ် အားကောင်းလှသည်။ ရေငွေ့ ထိမှန်ခြင်းခံလိုက်ရသည့် သဲမျိုးစိတ်ဝင်တိုင်း ပီဘီ သဲမှုန်များသဖွယ် အစိတ်စိတ်အမွှာမွှာ ကွဲကြေကုန်၏။ မည်သည့် သဲမျိုးစိတ်ဝင်မှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမရှိ။ ရာနှင့်ချီသော သဲမျိုးစိတ်များအား ချီမင်းဖန်က တချက်တည်းနှင့် ရှင်းပစ်ခဲ့လေပြီ။
သိပ်မကြာမီ ကောင်းကင်ဘုံမှ ဆင့်ခေါ်လိုက်ဟန်တူသည့် ရေငွေ့များသည် ဘယ်တုန်းကမှ မရှိခဲ့သယောင် မြန်မြန်ဆန်ဆန်ပင် ပြန်လည်ပျောက်ကွယ်သွား၏။
"ခင်ဗျားဟာ မိုးသခင်ကြီးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်ဗျာ"
စုချန်းက တလေးတစားပင် ချီးကျူးလိုက်သည်။
ချီမင်းဖန် ပြုံးလိုက်၏။
"ကျုပ်ရဲ့ လှည့်ကွက်သေးသေးလေး ဆိုပါတော့ကွာ မပြောပလောက်ပါဘူး"
"လှည့်ကွက်သေးသေးလေးသာ ပြောတယ် ခင်ဗျားရဲ့အဆင့်ကို ကြည့်ရတာ အနည်းဆုံး ကြာပန်းသုံးပွင့်အဆင့်မှာ ရှိလိမ့်မယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"
စုချန်းက မေးခွန်းထုတ်လိုက်၏။
ချီမင်းဖန်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကျုပ် ကြာပန်းလေးပွင့်အဆင့်ကို လှမ်းတက်နိုင်ခဲ့ပြီကွ ဒါလဲ မင်း ကျေးဇူးပဲ ဆိုပါတော့"
စုချန်း၏ ကျေးဇူးဟူသည်မှာ ယန်သုံးပါးဆေးအရောင်းအဝယ်ကိစ္စတွင် စုချန်းထံမှ ရရှိခဲ့သည့် မူလကျောက်တုံး မီလျံ၃၀ကို ချီမင်းဖန်က ဆိုလိုခြင်း ဖြစ်သည်။ ထိုငွေကြေးများကြောင့်ပင် အရင်းအမြစ်များစွာ ဝယ်ယူနိုင်ခဲ့ပြီး ချီမင်းဖန်တယောက် ကြာပန်းလေးပွင့်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းပင် မဟုတ်ပါလား။
ချီမင်းဖန်က စကားဆက်လိုက်ပြန်သည်။
"အရင်းအမြစ်ဆိုလို့ မင်းရခဲ့တဲ့ ငွေကြေးပမာဏနဲ့ဆိုရင် မင်းဟာ ဟိုးအရင်ကတည်းက ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာထဲကို ရောက်နေခဲ့သင့်တယ် ခုကျတော့ မင်းက အလယ်အလတ်အလွှာမှာပဲ ရှိနေသေးတယ် ဒါက ဘယ်လိုဖြစ်ရတာတုန်း"
"ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာထဲ ရောက်တော့ကော ကျုပ်က ဘာလုပ်ရမှာတုန်း အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်ဖို့မှ မဖြစ်နိုင်သေးတာ ဒီတဆင့်က အတော်ကို ခက်ခဲနေသေးတယ်ဗျ"
ထိုအခါ ချီမင်းဖန်က အသံတိုးတိုးနှင့် ပြောလိုက်၏။
"မင်းအနေနဲ့ ထိပ်တန်းသွေးဗီဇတချို့ လိုအပ်မယ်ဆိုရင် ကျုပ် လူတချို့ကို သိတယ်ကွ ကျုပ် ကူညီပေးနိုင်တယ်"
သို့သော် ခေါင်းခါပြလိုက်သော စုချန်းကို ကြည့်ပြီး ချက်ချင်းပင် ချီမင်းဖန် သဘောပေါက်လိုက်၏။
"ဘာလဲ မင်းက ခုထိ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ဖို့ မျှော်လင့်နေသေးတာလား ဒီအတိုင်းဆိုရင် မင်းဆရာက အဲဒီနည်းလမ်းကို အရင်ဆုံး ရှာတွေ့ဖို့ လိုနေတာပေါ့"
စုချန်း ပြန်ပြောလိုက်၏။
"မိုးသခင်ကြီး ခင်ဗျား ကျုပ်ကို စကားမအစ်ပါနဲ့ဗျာ ကျုပ် အမှန်အတိုင်းပဲ ပြောလိုက်မယ် ကျုပ်ဆရာက ကျုပ်ကို ဆက်ပြီး မကူညီနိုင်တော့ဘူးဗျ"
"ဟာ ဘယ်လိုဖြစ်ရတာတုန်းကွ"
ထိုအခါ ရှီကိုင်းဟွမ်တယောက် ရွှေရောင်ခံတပ်သို့ စေလွှတ်ခံရသည့်အကြောင်းအား စုချန်းက ချီမင်းဖန်ကို ပြောပြလိုက်လေသည်။
"ဒါကြောင့် ကျုပ်ဆရာက သုတေသနလုပ်ငန်းတွေနဲ့ အချိန်ဖြုန်းမနေနိုင်တော့ဘူး သူ့တာဝန်တွေအားလုံးကို ကျုပ်ဆီ လွှဲအပ်လိုက်ပြီ"
"မင်းဆီကို ဟုတ်လား"
ချီမင်းဖန် အံ့သြသွား၏။
"ဒါပေမဲ့ မင်းဟာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မှ မဟုတ်တာ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါကို ကျုပ် အရင်ကတည်းက ကျုပ်ဆရာရှေ့မှာ ပြောခဲ့ပြီးပြီ သူက ဘာပြန်ပြောသလဲ သိလား"
"ဘာပြန်ပြောလို့လဲ"
"အံ့သြဖွယ်ဖြစ်ရပ်တခုကို ဖန်တီးလိုက်ပါတဲ့ဗျာ"
စုချန်း၏ စကားကြောင့် ချီမင်းဖန် နှုတ်ဆိတ်သွား၏။ အတန်ကြာမှ သူက ပြောလိုက်သည်။
"ဒီအတိုင်းဆိုရင် မင်း အဆင့်တက်ဖို့ အတော်ကို ကြာအုံးမှာပေါ့"
"ကျုပ် ဘဝတလျှောက်ဆုံး အလင်းတုန်ခါခြင်းနယ်ပယ်ကို မရောက်တာမျိုးလဲ ဖြစ်သွားနိုင်တယ်"
"ဒါဆို မင်းဘာဖြစ်လို့ ဒါကြီးကို လက်မလျှော့သေးတာလဲ မင်းမှာ အရင်းအမြစ်ရှိတယ် ပါရမီရှိတယ် ဒါနဲ့ဆို ထိပ်တန်းသွေးဗီဇတမျိုးမျိုးကို ရွေးချယ်ပြီး ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ထိပါ ရောက်သွားနိုင်တယ် နောက်ဆုံးကွာ ဒီထက်မက အဆင့်မြင့်တဲ့ နယ်ပယ်မျိုးကိုပါ မင်းအရည်အချင်းနဲ့ဆို ရောက်သွားနိုင်တယ် မရောက်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ"
မှန်၏။
စုချန်း၏ ညဏ်ရည်ညဏ်သွေး၊ အင်အား၊ သွေးဗီဇဆေးရည်နှင့် ကမ္ဘာဦးသွေးပုံရိပ်တို့ ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံခြင်းနယ်ပယ်ခုနှစ်မျိုးအနက် ဆဌမမြောက်နယ်ပယ်အထိပင် တက်လှမ်းသွားနိုင်ချေရှိ၏။
ထိုအနေအထားသို့သာ ရောက်သွားခဲ့လျင် စုချန်းသည် တလောကလုံး၏ အထွပ်အထိပ် မဟုတ်သေးသည့်တိုင် လူတိုင်းနီးပါးအား အပေါ်စီးမှ ဆက်ဆံနိုင်ပြီ ဖြစ်သည်။
လူအတော်များများအတွက် ထိုအနေအထားမှာ လိုအပ်သည်ထက်ပင် ပိုနေသေးသည်ဟု ဆိုနိုင်၏။ သင်သည် ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်ပါက ကိုယ့်ကိုယ်ကို စကြာဝဋာ၏ အလယ်ဗဟိုဟု ယူဆခြင်းငှာ မသင့်ချေ။ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန် ကြိုးစားခြင်းသည် မမှားသော်လည်း အလွန်အကျွံ ကြိုးစားမိလျင်တော့ ဥပါဒ်သင့်စေတတ်သည် မဟုတ်ပါလား။
စုချန်းလည်း လူထဲမှ လူတယောက်သာ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် ဘဝမျိုးသည် သူ့အတွက် လုံလောက်သည်ထက်ပင် ပိုနေသေး၏။
သို့သော်...
သွေးဗီဇကို အသုံးပြုလိုက်ပါက သူ့ဘဝတလျှောက်လုံး မက်လာခဲ့သည့် အိပ်မက်၊ သူ့ရည်မှန်းချက်များသည် ဘယ်အခြေအနေဆိုက်သွားမည်နည်း။
စုချန်းသည် စုချန်း မဟုတ်တော့ပဲ ဖြစ်သွားပေလိမ့်မည်။ သူပေးခဲ့သော ကတိကဝတ်များသည်လည်း အမှိုက် ဖြစ်သွားပေလိမ့်မည်။
စုချန်းသည် ထိပ်ဆုံးသို့ ရောက်လိုသည့် လောဘကိုသာ ချိုးနှိမ်လျင် ချိုးနှိမ်ပစ်လိမ့်မည်။ ပြောပြီးသားစကားကိုတော့ ပယ်ဖျက်မည့်သူမျိုးမဟုတ်။
တနည်းအားဖြင့် ၎င်းမှာ စုချန်းတယောက် ဘယ်တော့မှ ထိပ်ဆုံးသို့ မရောက်နိုင်တော့ဟူသော သဘောမျိုးကိုလည်း ဆောင်နေ၏။
သို့သော် ဒါသည်ပင်လျင် လူ့ဘဝ၏ အနှစ်သာရ မဟုတ်တုံလော။
လွတ်လပ်စွာ ဆန္ဒပြုခွင့်မရှိလျင် ရွေးချယ်မှုဟူသည် အဘယ်မှာ အဓိပ္ပာယ်ရှိတော့မည်နည်း။ အရှုံးမပေးဖူးလျင် စွန့်လွှတ်အနစ်နာခံခြင်းဟူသည် အဘယ်မှာ အဓိပ္ပာယ်ရှိတော့မည်နည်း။ အန္တရာယ်မှ မရှိလျင် စွန့်စားမှုဟူသည် အဘယ်မှာ အဓိပ္ပာယ်ရှိတော့မည်နည်း။
စုချန်း ရွေးချယ်ထားသော လမ်းကြောင်းသည် ခက်ခဲ၏။ ကြမ်းတမ်း၏။ ရှည်လျား၏။ အန္တရာယ်များနှင့် ရောပြွမ်းနေ၏။ ၎င်းသည်ပင် မိမိ ရွေးချယ်မှုအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးဟု စုချန်း ခံယူထားလေသည်။
မည်သို့ဆိုစေ စုချန်းကတော့ မူလရွေးချယ်ထားသော လမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားပြီးလေပြီ။
ထိုအခါ စုချန်းက ချီမင်းဖန်အား ပြန်ပြောလိုက်၏။
"ကျုပ်အနေနဲ့ ဆိုထားတဲ့ သစ္စာကို မဖောက်ဖျက်ချင်ဘူးဗျ"
"ဒီတော့ မင်း ဒီလမ်းကြောင်းကို ဆက်လျှောက်တယ်ဆိုတာ တမိုးအောက်မှာရှိတဲ့ လူတိုင်းအတွက်ပေါ့ ဟုတ်လား မင်းအနေနဲ့ ထိပ်ဆုံးကလူတယောက် ဖြစ်ချင်လို့ မဟုတ်ဘူးပေါ့"
ချီမင်းဖန်က အံ့သြသင့်သွားဟန်ပင် မေးလိုက်ပြန်သည်။
"ဘာလဲ ကျုပ်လိုလူစားမျိုးက တခြားလူတွေအတွက် စေတနာမထားရဘူးလား"
ချီမင်းဖန် တဟားဟားနှင့် အော်ဟစ်ရယ်မောလိုက်သည်။
"သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းနဲ့ ယန်သုံးပါးဆေးကို အကြောင်းပြုပြီး မူလကျောက်တုံး ဘီလျံနဲ့ချီ ငွေရှာခဲ့တဲ့ မင်းလိုလူစားမျိုးမှာ ဒီလောက် မြင့်မြတ်တဲ့ အိပ်မက်မျိုးရှိနေတာကို ကျုပ် အံ့သြသွားလို့ပါကွာ"
စုချန်းက ချက်ချင်းပင် ပြန်ပြောလိုက်၏။
"ဒါ ဘာဖြစ်သလဲဗျ လူတွေဟာ ကိုယ်အသာရနေပြီဆိုမှ တခြားလူတွေကို ကူညီပြီး အသားယူကြတတ်တာပဲလေ ဒါပေမဲ့ ကျုပ်ကတော့ ဒီလောက် မဆိုးသေးဘူး ကျုပ်ဘဝတခုလုံးကို တမိုးအောက်က လူသားတွေရဲ့ ကံကြမ္မာအတွက် ပုံအပ်ထားတယ် အကျိုးအမြတ် နည်းနည်းပါးပါး ရှာမယ် လူသားတွေရဲ့ ကောင်းကျိုးကိုလဲ ဆောက်ရွက်မယ် ဒီနှစ်ခုကြားမှာ ပဋိပက္ခ ဖြစ်နေစရာမှ မလိုတာပဲ"
"တကယ်လို့ တနေ့ အဲဒီနှစ်ခုကြား ပဋိပက္ခဖြစ်လာရင်ကောကွာ"
စုချန်း ဘာမှပြန်မပြောတော့ပဲ ပါးစပ်ပိတ်ထားလိုက်လေသည်။
***