← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 52 Ch. 513

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 52 Ch. 513

ဆယ့်နှစ်ရက်အကြာခန့် ခရီးနှင်ပြီးနောက် သူတို့လူစုသည် နောက်ဆုံးတွင် ဂဲရစ်ဆန်ရဲတိုက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ကြ၏။

အနောက်လိုင်နာရဲတိုက်သည်လည်း ထိုနေရာမှာပင် တည်ရှိနေပြီး ၎င်းသည် ဂဲရစ်ဆန်ရဲတိုက်ဟူသော အမည်နာမမှ ဆင်းသက်လာခြင်းပင် ဖြစ်သည်။

၎င်းသည် မြို့ပြင်ရှိ တောင်ငယ်လေးတလုံး၏ ထိပ်ဖျားတွင် တည်ရှိ၏။ ခေါင်းဆောင်၏ ရဲတိုက်ဖြစ်ခြင်းကြောင့် အပြင်လူများ ဝင်ထွက်သွားလာခွင့်မရှိ။ ရဲတိုက်အတွင်းမှ သူများသာ နေ့စဥ်လိုလို စားစရာများ အပြင်ထွက်ဝယ်လေ့ရှိလေသည်။

ဂဲရစ်ဆန်ရဲတိုက်သည် ရဲတိုက်အတွင်းရှိသူများအား ဝန်ဆောင်မှုပေးနိုင်ရန် သီးသန့်တည်ဆောက်ထားခြင်းပင်။

ဤနယ်မြေကြီးတခုလုံးကို သဲမျိုးစိတ်များက ပိုင်ဆိုင်ထားသော်လည်း လူသားတယောက်မှ မရှိသည်သည်တော့မဟုတ်။ နေရာအနှံ့တွင် လူသားများကို တွေ့မြင်နေရ၏။ ကုန်သည်များမှာလည်း ၎င်းတို့၏ ကုန်စည်များကို သယ်ဆောင်ကာ ဥဒဟိုသွားလာနေကြလေသည်။

စုချန်းသည် ပြသနာတက်စေနိုင်သည့် တောဆိတ်ကြီးကို စွန့်ပစ်ကာ ကုလားအုတ်မြေခွေးတကောင် ထပ်မံ ဝယ်ယူလိုက်သည်ဖြစ်လေရာ ကျန်လမ်းခရီးတလျှောက်ကို ချောချောမွေ့မွေ့ပင် ဖြတ်သန်းလာနိုင်ခဲ့၏။

ပန်းတိုင်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ သူတို့အားလုံး တနေ့လုံး သက်တောင့်သက်သာပင် အနားယူလိုက်ကြလေသည်။

ညရောက်လာချေပြီ။ အမှောင်မှာ တဖြည်းဖြည်း ကြီးစိုးလာ၏။ သူတို့အားလုံး လှုပ်ရှားရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

သူတို့သည် ကင်းလှဲ့နေသော သဲမျိုးစိတ်များကို ရှောင်ရှားကာ တောင်ခြေသို့ ခပ်မြန်မြန်ပင် ချည်းကပ်လာခဲ့ကြ၏။

"ကဲ ကျန်တာကတော့ မင်းအပိုင်းဖြစ်သွားပြီ"

ချီမင်းဖန်က ဟေးစုအား ပြောလိုက်သည်။

"စိတိမပူပါနဲ့ဗျာ"

ဟေးစုက ဟက်ခနဲ ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူသည် တောင်ပေါ်သို့ ကုပ်ချောင်းကုပ်ချောင်းနှင့် တက်သွားလေ၏။ တချိန်တည်းမှာပင် ချီမင်းဖန်၏ လက်ထဲ၌ မှန်တချပ် ပေါ်လာသည်။ မှန်ထဲတွင် ဟေးစု၏ မျက်နှာအား သူတို့ မြင်တွေ့နေရ၏။

ရဲတိုက်အပြင်ဘက် နံရံဆီသို့ ရောက်သည်နှင့် ဟေးစုသည် ကျောက်တုံးတချို့ကို နံရံဆီသို့ ပစ်ပေါက်လိုက်၏။ ထိုအခါ နံရံတွင် အဝါရောင်လှိုင်းဂယက်တချို့ ပေါ်ပေါက်လာလေသည်။

ရဲတိုက်၏ ခုခံရေးအကာအကွယ်များပေတည်း။

သို့သော် ဟေးစုကား အနည်းငယ်မှ တုံ့ဆိုင်းနေခြင်းမရှိ။ ရုတ်ချည်းဆိုသလိုပင် သူ့လက်စွပ်အတွင်းမှာ ငွေပြားလေးကို ဆွဲထုတ်ပြီး အကာအကွယ်ပေါ်တွင် ကပ်လိုက်၏။ ထိုအခါ ငွေပြား၏ မျက်နှာပြင်ပေါ်တွင် ဆူးချွန်များ ပေါ်ပေါက်လာပြီး အကာအကွယ်ကို စတင်ထိုးဖောက်တော့၏။ သိပ်မကြာမီ အကာအကွယ်ပေါ်တွင် လက်ဆေးဇလုံခန့် အပေါက်တပေါက် ပေါ်ပေါက်လာတော့သည်။

ဟေးစု၏ ကိုယ်ခန္ဓာသည်လည်း ထိုအပေါက်နှင့် လိုက်လျောညီထွေဖြစ်အောင် ရှည်လျားသေးသွယ်လာကာ နောက်ဆုံးတွင် ၎င်းသည် ထိုအပေါက်ကို ဖြတ်ကာ တဖက်ခြမ်းသို့ ဖြတ်သန်းသွားလေ၏။

မျက်နှာတစ်ထောင်သားရဲသွေးဗီဇ၏ အစွမ်းပေတည်း။ ၎င်းသည် ပုံစံကိုသာမက အရွယ်အစားကိုလည်း ပြောင်းလဲနိုင်သည် မဟုတ်ပါလား။

အကာအကွယ်ကို ဖြတ်သန်းပြီးသည်နှင့် ဟေးစုသည် ရဲတိုက်နံရံကို စတင်တွယ်တက်၏။

နံရံထိပ်သို့ ရောက်သည်နှင့် ဟေးစုက တဖက်ခြမ်းကို ခုန်မဆင်းသေးပဲ သလင်းကျောက်တုံးငယ်တတုံးကို ဆွဲထုတ်ကာ မြေပြင်ဆီသို့ ပစ်ချလိုက်ပြန်သည်။

သလင်းကျောက် မြေပြင်ကို ကျရောက်သွားသည်နှင့် ဟိုမှသည်မှ ရွေ့လျားနေသော အပြာရောင်အလင်းတန်းများကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။

ချီမင်းဖန်က အဆိုပါ အပြာရောင်အလင်းတန်းများအား လက်ညိုးထိုးပြီး ပြောလိုက်သည်။

"ဒါ အပြာရောင်အာရုံခံအလင်းတန်းတွေပေါ့ သွားမထိလိုက်နဲ့ ထိတာနဲ့ အချက်ပေးသံတွေ တွေ ပေါ်လာလိမ့်မယ် ရဲတိုက်နံရံက အကာအကွယ်တွေဟာ ပထမအတားအဆီးဆိုရင် ဒီအလင်းတန်းတွေက ဒုတိယအတားအဆီးလို့ ပြောနိုင်တယ် အတော်များများ ဒီမှာပဲ ကျရှုံးသွားလေ့ရှိတယ် ဒါပေမဲ့ ဒီလိုအတားအဆီးတွေက ကျုပ်တို့အတွက်တော့ ဘာမှအသုံးမဝင်တော့ဘူးပေါ့"

ထိုစကားကို ပြောလိုက်ချိန်တွင် ချီမင်းဖန်၏ အမူအရာမှာ အနည်းငယ် ဝင့်ကြွားနေဟန်ရှိ၏။

သူသည် ထိုအပြာရောင်အလင်းတန်းများကို ကနဦးကပင် မြင်တွေ့ပြီးဖြစ်ကြောင်း စုချန်းက ချီမင်းဖန်အား ပြောလိုက်ချင်သည်။ ထိုအလင်းတန်းများသည် စုချန်း၏ အမြင်အာရုံမှ မည်သို့ ပြေးလွတ်နိုင်ပါအံ့နည်း။ သို့သော် စုချန်း၏ ပါးစပ်ဖျားမှ တကယ်တမ်းထွက်လာသည့်စကားမှာကား

"လက်စသတ်တော့ အဲဒီလိုကိုး အမြင်ကျယ်ရပါပေတယ်ဗျာ ခုလို သာမာန် စစ်ဆင်ရေးလေးကနေ ဒီလို ဗဟုသုတမျိုးတွေ တိုးလာလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားဘူး"

ဟု ဖြစ်လေသည်။

"ရှင် ခုထက်ပိုပြီးတောင် အမြင်ကျယ်စရာတွေ ထပ်ကြုံရအုံးမှာရှင့် ကျွန်မတို့အားလုံး ကိုယ့်အလုပ်ကိုယ်ကို ကျွမ်းကျင်ကြတယ်လေ"

"........"

စုချန်း တခွန်းမှာ ပြန်မပြောပဲ ပါးစပ်ပိတ်ထားလိုက်လေသည်။

ထိုအချိန်တွင် ဟေးစုသည် သူ့ရှေ့တည့်တည့်ရှိ သလင်းတုံးဆီသို့ ဦးတည်ကာ အပြာရောင်အလင်းတန်းများကို ရှောင်တိမ်းလျက် ရွေ့လျားနေပြီ ဖြစ်သည်။ အပြာရောင်အလင်းတန်းများကို ဖြတ်သန်းပြီးသည်နှင့် ဟေးစုသည် ဆက်လက်ရွေ့လျားခြင်းမရှိတော့ပဲ ​ သူ့ကိုယ်သူ တောက်တဲ့ကြီးတကောင်အဖြစ် ပြောင်းလဲလိုက်၏။

၎င်းကိုလက်ညိုးထိုးရင်း ချီမင်းဖန်က ဆက်လက်ရှင်းပြလိုက်ပြန်သည်။

"ရဲတိုက်အောက်မှာ ​လူတွေလမ်းလျှောက်တာကို ထောက်လှမ်းနိုင်တဲ့ ပုံစံကွက်တွေ ရှိနေတယ်ကွ အဲဒီပုံစံကွက်တွေက မြေအောက်မှာ ရှိနေတဲ့အတွက် ဖျက်ဆီးဖို့ ရှောင်တိမ်းဖို့ ခက်တယ် ဒါကြောင့် ဟေးစုအနေနဲ့ တောက်တဲ့လို ပုံစံပြောင်းလိုက်ရတာပဲ သဲမျိုးစိတ်တွေဟာ တောက်တဲ့ကြီးတွေကို မွေးထားလေ့ရှိတယ် တခါတလေ သူတို့ကို အစောင့်အနေနဲ့လဲ အသုံးပြုတယ် ဒါကြောင့် ဒီလိုနေရာမှာ တောက်တဲ့တကောင်တွေ့ရင် သဲမျိုးစိတ်တွေက သိပ်ပြီး အရေးစိုက်နေလေ့မရှိဘူး"

ချီမင်းဖန် ပြောသည့်အတိုင်းပင် ဟေးစုသည် အန္တရာယ်များသော ခြံဝင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့လေပြီ။ တကယ်တော့ ဟေးစု အသွင်ပြောင်းထားသည့် တောက်တဲ့အား မြင်သည့်အခါ တခြားတောက်တဲ့များက လုံးဝ မသိကျိုးကျွန်ပြုထားကြသည်တော့ မဟုတ်။ တချို့က ခေါင်းထောင်ကာ ကြည့်ကြ၏။ တချို့က လာရောက်နမ်းရှုကာ လှည့်ထွက်သွားကြလေသည်။

ခြံဝင်းကို ဖြတ်သန်းပြီးသည်နှင့် နောက်ဆုံးတွင် ဟေးစုတယောက် အဆောက်အဦးရှိရာသို့ ရောက်ရှိသွား၏။

ထိုအခါကျမှ ဟေးစုက လူပုံစံ ပြန်ပြောင်းလိုက်ပြီး သူ့မျက်နှာပေါ်မှ တံတွေးများကို သုတ်ပစ်ကာ ပြောလိုက်သည်။

"သေစမ်း ဒီကောင်တွေ သွားရည်တမြားမြားနဲ့ အနံ့ကလဲ ဆိုးလိုက်တာ"

"သူတို့ မင်းကို သဘောကျလို့နေမှာပေါ့ကွ"

ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တချို့က ဟေးစုအား စနောက်လိုက်ကြ၏။

သူတို့အားလုံးတွင် သတ်မှတ်အကွာအဝေး မကျော်လွန်သရွေ့ တယောက်နှင့်တယောက် စကားပြောနိုင်သော ကိရိယာများ ယူဆောင်လာကြသဖြင့် ထိုသို့ စကားပြောနိုင်ကြခြင်းပင်။

"အဲဒီကောင်တွေက အထီးတွေကွ"

ဟေးစုက မကျေမနပ်နှင့် ပြန်ပြောလိုက်သည်။

"အဲဒါကမှ ပိုပြီး ဖြစ်နိုင်သေးတယ် မင်းကိုက အထီးတွေပဲ ဆွဲဆောင်နိုင်တာနေမှာပေါ့"

နောက်တယောက်က ထပ်မံအရွှန်းဖောက်လိုက်ပြန်ရာ လူတိုင်းလိုလို ပွဲကျကုန်တော့၏။

ဟေးစု စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်၏။ ထို့နောက် သူက သူ့ရှေ့ရှိ တံခါးကို သော့ဖြုတ်သည့်နည်းစနစ်တရပ် အသုံးပြုကာ ဖွင့်လိုက်လေသည်။ ရှင်သန်ခြင်းကျောင်းတော် အဖွဲ့သားများကား အနှီ ဒုစရိုက်လုပ်ရပ်များတွင် အထူးပင် ကျင်လည်ဟန်ပေါ်နေ၏။

တံခါးဖွင့်လိုက်သည်နှင့် ဟေးစု၏ ပုံစံမှာ ချက်ချင်းဆိုသလို သဲမျိုးစိတ်ဝင် အစေခံတဦးအဖြစ် ပြောင်းလဲသွားပြန်သည်။

တံခါးပေါက်၏ တဖက်ခြမ်းတွင် မည်သူမှမရှိသည်ကို မြင်သည်နှင့် ဟေးစုသည် မြင်တွေ့နေရသည့် လမ်းအတိုင်း လျှောက်ဝင်သွား၏။

၎င်းကိုကြည့်ရင်း ချီမင်းဖန်က သတိပေးလိုက်သည်။

"မင်းရောက်နေတာ စင်္ကြန်လမ်းပဲ ဘယ်ဘက်မှာရှိတဲ့ တံခါးကိုဖွင့်ပြီး လမ်းအဆုံးထိ လျှောက်သွား ဟောခန်းမထဲကို ရောက်သွားလိမ့်မယ် အရေးကြီးတာက ကူလာအတွက် အစားအစာ ပို့ပေးရမဲ့ အစေခံကို လိုက်ရှာဖို့ပဲ ကူလာ အစာစားချိန် ရောက်တော့မယ်"

"ကျုပ် အခု သူ့ကို လိုက်ရှာနေတယ်"

ချီမင်းဖန် ညွှန်ကြားသည့်အတိုင်း လျှောက်သွားလိုက်ရာ နောက်ဆုံးတွင် ဟေးစုတယောက် ဟောခန်းမဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်သွား၏။ ဟောခန်းမတံခါးကို ဖွင့်လိုက်သည်နှင့် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဟေးစုတယောက် ခေါင်းနပန်းကြီးသွားလေသည်။

အကြောင်းမှာ နေရာအနှံ့အပြားတွင် သဲမျိုးစိတ်ဝင်များရှိနေပြီး တယောက်နှင့်တယောက် ရယ်ရယ်မောမော စကားပြောနေကြသောကြောင့်ပင်။

ဟေးစု ချက်ချင်းဆိုသလိုပင် စင်္ကြန်လမ်းဆီသို့ ပြန်ဆုတ်ပြီး ချီမင်းဖန်အား သတင်းပို့လိုက်သည်။

"သေစမ်း သူတို့ ပွဲလမ်းသဘင်တခု လုပ်နေကြတယ်ဗျ"

"နောက်ပြန်ဆုတ်ခဲ့တော့"

ချီမင်းဖန် ချက်ချင်း အမိန့်ပေးလိုက်၏။

ရဲတိုက်အတွင်းတွင် ပွဲလမ်းသဘင်တခု ရှိနေသည်ဆိုပါက သူတို့၏ မူလအစီအစဥ်နှင့် လွဲချော်နေခဲ့ပြီဟု ဆိုနိုင်၏။ ဤအခြေအနေတွင် လှုပ်ရှားခြင်းမှာ အထူးပင် အန္တရာယ်များပေသည်။ ထို့ကြောင့် ချီမင်းဖန်က ဟေးစုအား နောက်ဆုတ်ရန် အမိန့်ပေးလိုက်ခြင်းပင်။

သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။

ဟေးစု တပ်ဆုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ့အား သဲမျိုးစိတ်ဝင်အရာရှိတဦးက လှမ်းမြင်သွား၏။ ၎င်းက ဟေးစုအား လှမ်းခေါ်လိုက်သည်။

"ဟေ့ မင်း ဒီကိုလာခဲ့စမ်း"

ဟေးစု ပတ်ချာလည် လှည့်ကြည့်လိုက်သည်။ အနီးအနားတွင် သူမှလွဲ၍ တခြားဘယ်သူမှ မရှိ။

ထိုအရာရှိက ထပ်အော်လိုက်ပြန်သည်။

"ဟေ့ မင်းကို ပြောနေတာကွ ဘာအူကြောင်ကြောင်လုပ်နေတာလဲ ရော့ ဒီအစားအသောက်တွေ မြန်မြန်သယ်ခဲ့စမ်း"

ထိုအရာရှိက ​ကောက်ခါငင်ခါပင် အစားအသောက်များထည့်ထားသည့် ကြီးမားသော ပန်းကန်ပြားကြီးတချပ်အား ဟေးစုလက်ထဲသို့ ထည့်ပေးပြီး သူ့နောက်မှ လိုက်ခဲ့ရန် လက်ဟန်ခြေဟန်ပြကာ ထွက်ခွာသွားလေသည်။

ဟေးစုလည်း ဘာမှမတတ်နိုင်ပဲ ၎င်းနောက်မှ လိုက်ပါသွားရလေသည်။

မြင်ကွင်းကြောင့် ချီမင်းဖန် ကိုယ့်ပေါင်ကိုယ် ဖြန်းခနဲ ရိုက်ကာ ငြီးတွားလိုက်၏။

"သေစမ်း ကျုပ်တို့တော့ ဒုက္ခရောက်ပြီဟေ့"

ထိုအချိန်တွင် ဟေးစုသည် အထက်ပါ သဲမျိုးစိတ်ဝင် အရာရှိနှင့်အတူ ဟောခန်းအတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဟောခန်းကား အထက်တန်းကျလှ၏။ ဂီတသံများ ဟိုမှသည်မှ ပျံ့လွင့်နေပြီး သလင်းမီးအိမ်မှအလင်းရောင်များကလည်း ရင်သပ်ရှုမောဖွယ်ရာကောင်းနေ၏။ ဂီတသံနှင့်အတူ သဲမျိုးစိတ်တချို့လည်း ပျော်ရွှင်မြူးထူးစွာ ကခုန်နေကြလေသည်။

သဲမျိုးစိတ်ဝင်အရာရှိနောက်မှလိုက်၍ ဟေးစုသည် လှေကားထစ်များအတိုင်း လိုက်တက်သွား၏။ လှေကားအဆုံးတွင် အခန်းလေးတခန်း ရှိသည်။ အခန်းထဲတွင်တော့ သဲမျိုးစိတ်ဝင်တချို့ စကားပြောဆိုနေကြလေသည်။

"လာနောက်နေတာလားဟ ပေါလ်လဲ ဒီမှာရှိနေတယ်ဟေ့"

ချီမင်းဖန် အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။

အခန်းလေးထဲတွင် အလွန်ကြီးမားလှသော သဲမျိုးစိတ်ဝင်တဦး ရှိနေ၏။

ဝလွန်း၍ ၎င်းကို သဲမျိုးစိတ်ဝင်တဦးဟု သတ်မှတ်ရန်ပင် ခက်နေ၏။ ၎င်း၏ ပုံစံမှာ ဝေလငါးနှင့် တူလှပြီး လူသုံးယောက် ထိုင်နိုင်သည့် ထိုင်ခုံတွင် ၎င်းတယောက်တည်း ထိုင်လျက်ရှိလေသည်။

၎င်း၏ ရှေ့တွင် သဲမျိုးစိတ်ဝင်အကမယ်နှစ်ဦးက ကပြ​ဖျော်ဖြေလျက်ရှိသည်။

၎င်း၏ ဘေးနားတွင်တော့ နောက်ထပ် သဲမျိုးစိတ်ဝင်တဦးနှင့် လူသားနှစ်ဦး ရှိနေ၏။

ထိုလူနှစ်ဦးကို မြင်သောအခါ စုချန်း ရင်ခုန်သွားလေသည်။

အကြောင်းမှာ ထိူအထဲမှတဦးကို သူ မှတ်မိနေသောကြောင့်ပင်။

***

All Chapters