စေ့စပ်ညှိုနှိုင်းခြင်း
Vol. 52 Ch. 514
"မဟူရာကျောက်ရွှေစင်ဟာ မူလကမ္ဘာကြီးမှာ အရည်အသွေးအကောင်းဆုံး သတ္တုပဲဗျ ဘယ်မူလကိရိယာကိုမဆို သူနဲ့လုပ်လိုက်ရင် အင်အားက ဆယ်ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ် ဒါ့အပြင် ဒီသတ္တုဟာ သဲမျိုးစိတ်တွေရဲ့ အရေးကြီးဆုံး အရင်းအမြစ်လဲ ဖြစ်နေတယ် ဒါကို ကျုပ်တို့ အလွယ်တကူနဲ့ အပေးအယူ မလုပ်နိုင်ဘူး"
ပေါလ်က ကင်ထားသည့် သားရဲခြေထောက်ကို အားရပါးရ ကိုက်ဝါးရင်း ပြောလိုက်သည်။ အစားအသောက် စားနေရင်း စကားပြောလိုက်သည့်တိုင် သူ့တွင် ပါးစပ်နှစ်ပေါက်ပါသကဲ့သို့ ထင်ရသည်။ စကားပြောရာတွင် ချောမွေ့နေ၏။
"မဟူရာကျောက်ရွှေဟာ ကောင်းတာတော့မှန်တယ် ဒါပေမဲ့ အကောင်းဆုံးတော့ မဟုတ်သေးဘူး ပြီးတော့ သူ့ရဲ့အရည်အသွေးက ကြံ့ခိုင်မှုကိုပဲ တိုးပွားလာစေတာဖြစ်တယ် အင်အားကို မဟုတ်ဘူး အရေးအကြီးဆုံးအချက်က ဒီမှာရှိတဲ့ မဟူရာကျောက်ရွှေတွေဟာ သိပ်မကြာခင် ကုန်ခန်းသွားတော့မယ်ဆိုတာပဲ"
ကျူးရှန်းယောင် (အလင်းနတ်ဘုရား ဒုတိယတွဲမှာ ကျူးရှန်းယောင်ကို ကျွန်တော် ဇုချန်းညိုလို့ သုံးခဲ့တယ် ဒါ မှားပါတယ် ဒါကြောင့် နောက်အခန်းတွေမှာ ကျူးရှန်းယောင်လို့ပဲ သုံးသွားပါတယ် ဇု မျိုးနွယ်ကိုလဲ ကျူးမျိုးနွယ်လို့ပဲ သုံးစွဲသွားပါမယ် အမှားအတွက် တောင်းပန်ပါတယ် ပုံ..စာရေးသူ) က ပေါလ်၏ စကားထဲမှ ဟာကွက်များ၊ အလိမ်အညာများကို ထောက်ပြလိုက်သည်။
သို့သော် ပေါလ်က စိတ်ဆိုးမည့်နေနေသာသာ အစားပင်မပျက်။ သူက ရယ်မောရင်း ပြောလိုက်၏။
"အိုး ဒါပေမဲ့ ဒီသတ္တုကို မင်းတို့ လိုချင်နေတုန်းပဲမလား"
"ဒါပေမဲ့ ကျုပ်တို့ လိုချင်တယ်ဆိုတိုင်း ခင်ဗျားဘက်က ထိုက်သင့်တာထက် ပိုတောင်းဆိုလို့တော့ မဖြစ်ဘူးလေဗျာ"
ကျူးရှန်းယောင်၏ ဘေးနားရှိလူက ဝင်ပြောလိုက်၏။ ထိုလူမှာ ကျူးပိုင်ယု ဖြစ်သည်။
"ကျုပ်ဖြင့်ဘာမှတောင် မတောင်းရသေးဘူး"
ပေါလ်က ခေါင်းတဆတ်ဆတ်ယမ်းရင်း ပြောလိုက်၏။
"မင်းတို့က ဒီလိုပြောလာပြီဆိုတော့ ကျုပ် စျေးစဖွင့်လိုက်မယ် အဖွင့်စျေးက မူလကျောက်တုံး ၁၀၀မီလျံပဲထားဗျာ"
"မဟူရာကျောက်ရွှေသတ္တုတွင်းက ဒီလောက် အခြေအနေဆိုးနေတာကို ဒီလောက် တောင်းရသလား"
ကျူးရှန်းယောင်က အေးစက်သော လေသံဖြင့် ရယ်မောလိုက်၏။
"ခေါင်းဆောင်ပေါလ် ရှင် တော်တော်ပဲ မွဲတေနေသလား"
"မင်းလေသံကို ဂရုစိုက်စမ်း အပေါစားမိန်းမ"
ပေါလ် ဒေါသတကြီးနှင့် မာန်မဲလိုက်၏။
ကျူးရှန်းယောင်၏ ဘဝတွင် ပထမဆုံးအကြိမ် အပေါစားမိန်းမဟု အခေါ်ခံလိုက်ရခြင်းပင်။
အမှန်တကယ်လည်း သဲမျိုးစိတ်ဝင်များ၏ အမြင်တွင် ကျူးရှန်းယောင်၏ အလှအပမျိုးက ဘောင်မဝင်ချေ။
ပေါလ်က စကားဆက်လိုက်ပြန်သည်။
"ကျုပ်က လူမိုက်မဟုတ်ဘူး မင်းတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှန်း ကျုပ် ကောင်းကောင်း သိထားတယ် မင်းတို့ မဟူရာကျောက်ရွှေသတ္တုတွင်းကို လိုချင်တယ်ဆိုတာ တကယ်မဟုတ်ဘူး အကြောင်းပြချက်သက်သက်ပဲမလား ဒါပေမဲ့ မင်းတို့က ဆွေးနွေးချင်တယ်ဆိုလို့ ကျုပ် ဒီကို တကူးတက လာခဲ့ရတယ် ကျုပ် လက်ခံနိုင်လောက်မဲ့ အဖြေမပေးရင် မင်းတို့ ဒီကနေ အလွယ်တကူ ထွက်သွားလို့ရလိမ့်မယ် မထင်နဲ့ နတ်ဆိုးဧကရာဇ်သွေးဗီဇတော်ဝင်မျိုးနွယ်စုတွေဖြစ်ရင်တောင် ကျုပ်နယ်မြေမှာ မထီမဲ့မြင် လာလုပ်လို့မရဘူးကွ"
ပေါလ်၏ စကားကြောင့် ကျူးရှန်းယောင်နှင့် ကျူးပိုင်ယုတို့ တယောက်မျက်နှာကိုတယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ကျူးရှန်းယောင်က ခေါင်းညိတ်ပြလိုက်ရာ ကျူးပိုင်ယုက စကားစလိုက်၏။
"ကောင်းပြီလေ ခေါင်းဆောင်ပေါလ် ခင်ဗျားဟာ ကျုပ်တို့ ထင်ထားတာထက် ပိုပြီး ညဏ်ကောင်းပါတယ် ခင်ဗျားပြောသလိုပဲ မဟူရာကျောက်ရွှေသတ္တုတွင်းဟာ ကျုပ်တို့ရည်ရွယ်ချက်အမှန်မဟုတ်ပါဘူး ခန်းနေတဲ့ သတ္တုတွင်းကို ဘယ်သူကများ စိတ်ဝင်စားနေပါ့မလဲ မဟုတ်ဘူးလား"
"ဒါဆို ဘာရည်ရွယ်ချက်ကြောင့် မင်းတို့ ဒီကို ရောက်လာသလဲ ကျုပ်ကို အမှန်အတိုင်း ပြောပြပါ"
"ခေါင်းဆောင်လဲ သိပြီးသားဖြစ်မှာပါ ကျုပ်တို့ဟာ လျောင်ယဲ့နိုင်ငံတော်က လာတယ်ဆိုတာ ကျုပ်တို့ဟာ လူသားတွေပဲ ဖြစ်နေပေမဲ့လို့ လောင်စန်းနိုင်ငံနဲ့ ကျုပ်တို့နိုင်ငံဟာ တခြားစီပါဗျာ ပြိုင်ဘက်နိုင်ငံတွေလို့ ပြောရင်လဲ ရတာပေါ့"
ကျိုးပိုင်ယုက ရှင်းပြလိုက်၏။
"ပြီးတော့ ကျုပ်တို့ဟာ လောင်စန်းနိုင်ငံအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ခြေကုပ်စခန်းတခု လိုချင်နေတာ အတော်လေးကို ကြာသွားပြီ တနည်းအားဖြင့် ဒါကို အကြောင်းပြုပြီး ကျုပ်တို့ပိုင်ဆိုင်တဲ့နယ်မြေကို ချဲ့ထွင်နိုင်ဖို့ပဲ ဆိုပါတော့"
"ဒါဆို မင်းတို့က ကျုပ်နယ်မြေကို ခြေကုပ်စခန်း လုပ်ချင်တဲ့သဘောလား"
ပေါလ် ထိတ်လန့်သွား၏။
"အင်အားတိုးချဲ့ဖို့အတွက် ပထမဆုံးအုတ်မြစ် တည်ဆောက်ထားချင်တဲ့သဘောပါ"
ကျိုးရှန်းယောင်က ပြန်ဖြေလိုက်၏။
"ဒီနယ်မြေကို သဲမျိုးစိတ်တွေ ပိုင်ဆိုင်တယ် လောင်စန်းနိုင်ငံက ဒီနေရာကို လက်လှမ်းမမှီဘူး ဒါက ကျွန်မတို့ရဲ့ ပထမဆုံးခြေလှမ်းအတွက် အခြေအနေကောင်းတွေပဲရှင့်"
"ဘာလို့ လောင်စန်းနိုင်ငံမှလဲ ဘာလဲ ခင်ဗျားတို့က လျောင်ယဲ့တနိုင်ငံလုံးကို သိမ်းပိုက်ပြီး အဲဒီမှာ နောက်ထပ် ချဲ့ထွင်စရာ နေရာတောင် မရှိတော့ဘူးလား"
ပေါလ်က ပြောရင်းဆိုရင်း ရယ်မောလိုက်၏။
ပေါလ်၏ လေသံအရ ကျူးရှန်းယောင်၏ အကြောင်းပြချက်ကို လက်မခံနိုင်မှန်း ပေါ်လွင်နေ၏။
ကျူးရှန်းယောင်က ခံစားချက်မရှိသော လေသံနှင့် ပြန်ဖြေလိုက်သည်။
"အဲဒီလို သွားလုပ်ရင် မျိုးနွယ်စုတချို့နဲ့ ထိပ်တိုက်တိုးမလို ဖြစ်နေလို့ပေါ့ရှင်"
"ဘယ်လိုမျိုးနွယ်စုတွေမို့လို့လဲ"
"ခေါင်းဆောင်ပေါလ်အနေနဲ့ ချင်း မု ကျန်း ဆိုတဲ့နာမည်တွေ ကြားဖူးပါသလားရှင်"
"တမိုးအောက်မှာ တော်ဝင်မျိုးနွယ်စုတွေ ဒီလောက်များတာ အကုန်လုံးကို ကျုပ် ဘယ်သိပါ့မလဲ"
"ဒါဆို ရှင်သန်ခြင်းကျောင်းတော်ဆိုတဲ့ နာမည်ကိုကောရှင်"
ထိုနာမည်ကိုကြားသည်နှင့် ပေါလ် ဆတ်ခနဲ ထပ်ရပ်လိုက်သည်။
အပြင်ဘက်တွင်ရှိနေသော စုချန်းနှင့် ချီမင်းဖန်တို့လည်း တယောက်မျက်နှာကို တယောက် ကြည့်မိကြ၏။
ချီမင်းဖန်က ရေရွတ်လိုက်၏။
"ကျူးမျိုးနွယ်သခင်မလေးဟာ ပြသနာကို ဒီအထိ သယ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး"
"ခင်ဗျား သူ့ကို သိလို့လား"
စုချန်း မေးလိုက်၏။
"ဒီဘက်နှစ်ပိုင်းတွေဟာ ကျုပ်တို့အဖွဲ့ဝင်တချို့ဟာ ကျူးမျိုးနွယ်တွေလက်ချက်နဲ့ အသက်ပျောက်ကုန်ကြတာပဲ ကျုပ်က သူတို့ကို မသိပဲနေပါ့မလား ဟာ ဒါနဲ့ မင်းပြောမှသတ်ိရတယ် ဒီကိစ္စဟာ မင်းလက်ချက်မလား"
ချီမင်းဖန်က စုချန်းကို လှမ်းကြည့်ရင်း ပြောလိုက်၏။
"ဒါ ဟိုခွေးမသားမာရန်းချီကြောင့် ဖြစ်ရတာပါဗျာ"
"မင်းပြောတာလဲ မှန်ပါတယ် ဘာပဲပြောပြော ကျုပ်တို့ကို ရန်ပြုဖို့သက်သက်နဲ့ လောင်စန်းနိုင်ငံမှာ အခြေစိုက်စခန်းတခု တည်ဆောက်ချင်တယ်ဆိုတော့ ကျူးမျိုးနွယ်သခင်မလေးက ကျုပ်တို့ကို အတော်လေး မုန်းတီးနေပုံပဲ"
စုချန်းက လွှတ်ခနဲ မေးလိုက်၏။
"သူက ခင်ဗျားတို့နဲ့ တော်ဝင်မျိုးနွယ်စုခြောက်စုကို ရင်ဆိုင်ဖို့ ရင်းနှီးမြုပ်နှံမှုအကြီးကြီး လုပ်ချင်နေတယ်ဆိုတော့ ဒါက ထိုက်ကောထိုက်တန်ရဲ့လား"
"တခါတလေမှာ တော်ဝင်မျိုးနွယ်စုတွေဟာ သိပ်ပြီးခေါင်းမာတယ်ကွ"
လူတိုင်း ရယ်လိုက်ကြသည်။ စုချန်းကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။
ထိုအချိန်တွင် ပေါလ်၏ အသံက ထွက်ပေါ်လာပြန်သည်။
"အမှန်အတိုင်း ဝန်ခံရရင် ကျုပ်ကိုယ်တိုင်လဲ ဒီကောင်တွေကို အတော်မုန်းတာဗျ ဒီကောင်တွေနဲ့ ရင်ဆိုင်ရမှာ အတော်လေး ခက်ခဲတာလဲ ကျုပ် ဝန်ခံရမှာပဲ ဒီ လူသတ်ဓားပြကောင်တွေဟာ လူ့အသက်ကို ကြက်ကလေးတကောင်လောက်တောင် တန်ဖိုးမထားတဲ့ ကောင်တွေ"
"ခေါင်းဆောင်ပေါလ်လဲ သူတို့ကို မကြိုက်ဘူးဆိုတော့ ကျွန်မတို့ အခြေခံအချက်ချင်းတော့ တူနေပြီ ရှင်သန်ခြင်းကျောင်းတော်ဟာ ရှင်နဲ့ကျွန်မတို့ရဲ့ တူညီသော ရန်သူပဲ ကျွန်မတို့ကိုသာ ဒီမှာအခြေချခွင့်ပြုလိုက်မယ်ဆိုရင် ရှင့်အတွက် ပြင်ပက ဝင်လာမဲ့ အန္တရာယ်တွေကိုလဲ ကျွန်မတို့ ကာကွယ်ပေးနိုင်လိမ့်မယ်"
စကားပြောကျွမ်းကျင်သူပီပီ ကျူးရှန်းယောင်က ချိန်သားကိုက်ပင် မိမိအလိုရှိရာကို ဆွဲယူပြောချလိုက်၏။
"ဒီအတွက် မင်းတို့ ဘာပြန်ပေးမလဲ"
"ကျွန်မတို့အနေနဲ့ သဲမျိုးစိတ်တွေကို ကြီးမားတဲ့စီးပွားရေးအခွင့်အလမ်းကြီးတခု ပေးမယ် ကျွန်မတို့ကိုသာ ဒီမှာ အခြေစိုက်ခွင့်ပြုရင် တနှစ်ကို ငါးမီလျံပမာဏထက် မနည်းတဲ့ ကုန်စည်တွေ ဒီနေရာကို ဖြတ်သန်းသွားလာစေရမယ်လို့ ကျွန်မတို့ ကတိပေးနိုင်တယ် အဲဒီကုန်စည်တွေမှာ အစားအသောက် ရေစတဲ့ အသက်ရှင်ဖို့ မရှိမဖြစ် အခြေခံလိုအပ်ချက်တွေအကုန်ပါလာစေရမယ် ကျွန်မတို့က ဒီကုန်စည်တွေကို ရှင်တို့အတွက် အချိုသာဆုံးစျေးနှုန်းနဲ့ ရောင်းချပေးသွားမယ်"
"ငါးမီလျံပဲလား"
"နှစ်စဥ်နှစ်တိုင်းနော်"
ကျူးရှန်းယောင်က အလေးအနက် ထပ်ပြောလိုက်၏။
"ပြီးတော့ ကာလရှည်အပေးအယူ ဖြစ်တယ် ခေါင်းဆောင်ပေါလ် အခွင့်အရေးကို မလွှင့်ပစ်ပါနဲ့"
ပေါလ် ဟက်ခနဲ ရယ်မောလိုက်သည်။
"မင်းတို့လူသားတွေဟာ လှည့်ကွက်လေး နည်းနည်းပါးပါးတော့ လုပ်လိုက်ရမှ ကာလရှည်ဆိုတာ ကျုပ်က ဘယ်လိုလုပ် သိနိုင်မလဲ ရေတိုသာဆိုရင် ဒါကြီးက ကျုပ်တို့အတွက် အပေးအယူကောင်း မဟုတ်ဘူးလေ ပြီးတော့ မင်းတို့ စျေးထပ်မဆစ်တော့ပါဘူးလို့ကော ကျုပ် ဘယ်လိုသိနိုင်မလဲ"
ကျူးရှန်းယောင်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။
"မူလကျောက်တုံးတစ်ရာမီလျံလုံးကို တပြိုင်နက်တည်း ဘယ်သူမှ မပေးနိုင်ဘူးရှင့်"
ထိုစဥ်ရဲတိုက်အပြင်ဘက်ရှိ ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တယောက်က စုချန်းအား လက်ညိုးထိုးရင်း ပြောလိုက်သည်။
"သူ ပေးနိုင်တယ်"
စုချန်း မျက်လုံးပြူးသွား၏။
ထိုအချိန်တွင် ပေါလ်နှင့် ကျူးရှန်းယောင်တို့မှာကား ဆက်လက်ညှိုနှိုင်းလျက်ရှိလေသည်။
တချိန်တည်းမှာပင် ဟေးစုသည် သူ သယ်ဆောင်လာသော စားစရာများကို ခုံပေါ်တွင် ချထားလိုက်ပြီး နောက်ထပ် အမိန့်ကိုငံ့လင့်နေဟန်ဖြင့် ခေါင်းငုံ့ကာ စောင့်ဆိုင်းဟန်ပြုနေ၏။ ၎င်းကို မြင်သော် သဲမျိုးစိတ်ဝင်တဦးက လျှောက်လာပြီး မေးလိုက်သည်။
"မင်း ဘယ်သူလဲ ဘယ်ကလဲ မင်းကို ဒီမှာ တခါမှ မမြင်ဖူးဘူး"
သေစမ်း....
လူတိုင်းလိုလို ကျိန်ဆဲမိကုန်ကြလေသည်။
မမျှော်လင့်ပဲ အမေးခံလိုက်ရသောကြောင့် ဟေးစုလည်း ကြောင်အန်းအန်းဖြစ်သွား၏။ သူက ပြန်ဖြေရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ပေါလ်၏ နောက်ကျောရှိ သဲမျိုးစိတ်ဝင်တဦးက ဟေးစုအား စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့်လာ၏။
အကြည့်တချက်နှင့်ပင် ဟေးစု၏ ကိုယ်တွင်းရှိ မူလစွမ်းအင်များ ကမောက်ကမ ဖြစ်ကုန်၏။ သူ၏ ဟန်ဆောင်ထားသော ပုံစံမှာလည်း မတည်ငြိမ်ပဲ ဖြစ်သွားလေသည်။
ထိုအချိန်မှာပင် ၎င်း သဲမျိုးစိတ်ဝင်၏ မျက်လုံးထဲတွင် စူးရှသော အလင်းရောင်များ တောက်ပလာ၏။
ထို့နောက် ၎င်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီကောင် သူလျှိုပဲ သူ့ကို ဖမ်းကြစမ်း"
***