ရှာဖွေတွေ့ရှိခြင်း
Vol. 52 Ch. 515
လွတ်အောင်သာ ပြေးပေတော့...
သဲမျိုးစိတ်ဝင်၏ ပါးစပ်မှ သူလျှိုဟူသော စကားထွက်လာသည်နှင့် စုချန်းက အထက်ပါအတိုင်း တွေးတောလိုက်ခြင်းပင်။
ဟေးစုကိုယ်တိုင်လည်း အခြေအနေမကောင်းတော့မှန်း သဘောပေါက်ထားပြီးဖြစ်လေရာ သဲမျိုးစိတ်ဝင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ချာခနဲလှည့်ပြီး ခြေကုန်သုတ်တော့သည်။
ဟောခန်းမအတွင်း ရှိရှိသမျှ သဲမျိုးစိတ်ဝင်များသည် အရူးများပမာ ခုန်ပေါက်အော်ဟစ်ပြီး ဟေးစုနောက်သို့ ပြေးလိုက်ကြကုန်၏။ သို့သော် ကျိုးရှန်းယောင်မှာကား မျက်ခုံးပင့်ရုံသာ ပင့်လိုက်သည်။ ကျန်အမူအရာများမှာ အနည်းငယ်မှ ပျက်ယွင်းခြင်းမရှိချေ။ ကျိုးပိုင်ယုကလည်း ကျိုးရှန်းယောင်၏ အမူအရာကို အကဲခတ်ရင်း ခုံတွင် ခပ်တည်တည်သာ ဆက်ထိုင်နေလေသည်။
ပေါလ်ကတော့ ဒေါသတကြီးနှင့် ရေရွတ်လိုက်၏။
"ကြွက်ကလေးတကောင် ရဲတိုက်ထဲကို ဝင်လာသတဲ့လား အဲဒီကြွက်ကို ရအောင်ဖမ်းစမ်းဟေ့ ကျုပ်တို့ သူနဲ့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
များပြားလှသော သဲမျိုးစိတ်များ သူ့အား လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဟေးစုတယောက် အားကုန်ထုတ်ကာ ပြေးနေရရှာ၏။
"ဒီအတိုင်းဆိုရင် သူ ဝေးဝေးမရောက်နိုင်လောက်ဘူး"
ချီမင်းဖန်က ဖြူဖွေးဖျော့တော့သော မျက်နှာနှင့် မှတ်ချက်ချလိုက်သည်။
ချီမင်းဖန်၏ မှတ်ချက်က မှန်ကန်လှသည်။ ယခုအချိန်ထိ ဟေးစု ထွက်ပြေးနေနိုင်သော အကြောင်းရင်းမှာ ထိပ်တန်း သဲမျိုးစိတ်ဝင်များက ၎င်းကို အထင်သေးပြီး ယခုအချိန်ထိ လှုပ်ရှားမှု မပြုသေးသောကြောင့်သာ ဖြစ်သည်။ အကယ်၍ ဟေးစုသာ ရဲတိုက်အပြင်ဘက်သို့ ထွက်ပြေးပါက ၎င်းတို့လည်း သေချာပေါက် လှုပ်ရှားလာလိမ့်မည်သာ။
မှန်သားပြင်ကို စိုက်ကြည့်ရင်း စုချန်း အော်ဟစ်လိုက်၏။
"ဟေးစု ကျုပ်ပြောတာ နားထောင် မင်း တံတိုင်းအပြင်ကို ထွက်ပြေးဖို့ မကြိုးစားနဲ့ မင်း သေချာပေါက် အဖမ်းခံရလိမ့်မယ် တံတိုင်းထဲမှာပဲ နေပြီး အချိန်ဆွဲထားဖို့ ကြိုးစား ကျုပ်တို့ မင်းကို လာကယ်မယ်"
"လာကယ်မယ် ဟုတ်လား မင်း နောက်နေတာလား"
ဟေးစုက မယုံနိုင်ဟန်ဖြင့် ပြန်ပြောလိုက်၏။
"နောက်နေတာ မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ခုကို ကျုပ် ထွက်လာနေပြီ"
စကားဆုံးသည်နှင့် စုချန်းသည် ရဲတိုက်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်၏။
စုချန်း၏ အပြုအမူကို ကြည့်ရင်း ချီမင်းဖန် ကြောင်တောင်တောင် ဖြစ်သွား၏။
"မင်းဘာတွေလျှောက်လုပ်နေတာလဲ ရူးသွားပြီလား ခုနေသွားရင် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲကွ အစီအစဥ် ပျက်စီးသွားပြီ ကျုပ်တို့ ခုချက်ချင်း ဒီနေရာက ထွက်သွားမှဖြစ်မယ်"
"သွားမယ် ဒါပေမဲ့ သူ့ကို အရင်ဆုံး ကယ်မှရမယ်"
စုချန်းကား လှည့်၍ပင်မကြည့်။ ရဲတိုက်ဆီသို့သာ အားသွန်ခွန်စိုက် ပြေးလွှားနေ၏။
မျက်စေ့တမှိတ်အတွင်း စုချန်းတယောက် ရဲတိုက်ဆီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရဲတိုက်နံရံအကာအကွယ်ပေါ်တွင် ဟေးစု ဖောက်ထားသော အပေါက်မှာ ယခုတိုင် ကျန်ရှိနေသေး၏။
သို့သော် အပေါက်မှာ သေးငယ်လွန်းနေ၏။
"မင်း ပထမအဆင့်ကိုတောင် ဖြတ်သွားနိုင်မှာ မဟုတ်ဘူးကွ"
ချီမင်းဖန်က လှမ်းအော်လိုက်၏။
သို့သော် ဆေးရည်တချို့ကို မော့သောက်လိုက်ပြီးနောက် စုချန်း၏ ကိုယ်ခန္ဓာသည် သေးသွယ်ရှည်လျားသွားကြောင်း ချီမင်းဖန် တွေ့မြင်လိုက်ရသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချီမင်းဖန် အံ့သြတကြီးနှင့် ရေရွတ်လိုက်၏။
တကယ်တော့ စုချန်း အသုံးပြုလိုက်သည့် စွမ်းရည်မှာ ဟေးစု၏ သွေးဗီဇစွမ်းရည်ပင် ဖြစ်သည်။
၎င်းစွမ်းရည်ကို စုချန်း မည်သို့မည်ပုံ အသုံးပြုနိုင်သနည်း။ ရက်အနည်းငယ်အတွင်း ဤစွမ်းရည်အား အသုံးပြုနိုင်သည့် နည်းစနစ်ကို စုချန်း ရှာတွေ့သွားလေသလော။
မှန်ပေသည်။ ရက်အနည်းငယ်အတွင်း ဟေးစု၏ စွမ်းရည်အား အသုံးပြုနိုင်မည့်နည်းလမ်းကို စုချန်း အမှန်တကယ်ပင် တွေ့ရှိသွားခဲ့လေသည်။
စုချန်းသည် ရက်အနည်းငယ်မျှ သုတေသနလုပ်ရုံနှင့် ဟေးစု၏ သွေးဗီဇအတွင်းမှ ပုံစံပြောင်းလဲခြင်းမူလပစ္စည်းကို ရှာတွေ့ကာ ၎င်းကို အလွယ်တကူပင် ခွဲထုတ်နိုင်ခဲ့၏။ တခုတည်းသော အားနည်းချက်မှာ သုတေသနသည် မပြည့်စုံသေးခြင်းပင်။ ထို့ကြောင့် စုချန်းအနေနှင့် ဟေးစု၏ စွမ်းရည်အား ယာယီသာ အသုံးပြုနိုင်၏။
သို့သော် ဤမျှနှင့်ပင် လုံလောက်နေခဲ့လေပြီ။
စက္ကန့်ပိုင်းအတွင်းမှာပင် စုချန်းသည် အပေါက်ကျဥ်းမှ ဖြတ်သန်းပြီး ရဲတိုက်နံရံကို တွယ်တက်နေခဲ့လေပြီတည်း။
"သေစမ်း သူ့မှာ အကြားအမြင်သလင်းမှ မရှိတာပဲ ဟိုဖက်ခြမ်းကို ဘယ်လိုဆင်းမလဲ"
ချီမင်းဖန် စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။
မူလအစီအစဥ်အရ ဟေးစုတယောက်တည်းသာ ရဲတိုက်အတွင်း ထိုးဖောက်ဝင်ရောက်ရမည်ဖြစ်သောကြောင့် သူတို့အားလုံးတွင် အကြားအမြင်သလင်းတုံး တစ်တုံးသာ ပါလာ၏။
သိပ်မကြာမီ လူတိုင်းကို မျက်လုံးပြူးသွားစေလောက်သည့် မြင်ကွင်းတခုကို လူတိုင်း မြင်တွေ့လိုက်ရ၏။ ၎င်းမြင်ကွင်းမှာ စုချန်းသည် အပြာရောင်အာရုံခံအလင်းတန်းများ ပြည့်နှက်နေသည့်ကွင်းပြင်အား အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခြင်းပင်တည်း။ မည်သည့် အချက်ပေးသံမှ ပေါ်ထွက်လာခြင်းမရှိခဲ့။
"ဟင် သူက အကြားအမြင်သလင်းနဲ့ အလားသဏ္ဍာန်တူတဲ့ မူလစွမ်းရည်မျိုးလဲ တတ်ကျွမ်းနေတာပဲလား"
တယောက်က အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။
"သူ့ကိုကြည့်ရတာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာကိုမှ မသိတာ မရှိလောက်အောင် နှံ့စပ်ပုံပဲ"
အမှန်တကယ်လည်း စုချန်းသည် ဟိုစပ်စပ် ဒီစပ်စပ်သမားတဦးပင်။ သူသည် မူလစွမ်းရည်အတော်များများကို တတ်ကျွမ်းထား၏။ ဆေးဝါးများဖော်စပ်ခြင်းနှင့် သုတေသနလုပ်ငန်းများကိုလည်း ကျွမ်းကျင်၏။ ထိုမျှသာမကသေး ထူးခြားသော အမြင်အာရုံကို ပေးစွမ်းနိုင်သည့် ပရမတ်မျက်လုံးများကိုပင် ပိုင်ဆိုင်ထားသေးသည်။
လူတိုင်းလိုလိုသည် စုချန်းအား ထူးဆန်းသော သတ္တဝါတကောင်ကဲ့သို့ အံ့သြတကြီးနှင့် ငေးမောကြည့်ရှုနေကြလေသည်။
၎င်းကိုကြည့်ရင်း ကောင်းချန်းက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်၏။
"ဒီကောင် ဟိုဟိုဒီဒီ နှံ့စပ်တော့ကော ဘာအရေးလဲ ခုချိန်ထ်ိ ဟေးစုကို သူ မကယ်နိုင်သေးဘူး ကျုပ်တို့ကော ဒီမှာ ငတုံးတွေလို ထိုင်ပြီး ဘာလုပ်နေတာလဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ အခွင့်ကောင်းယူပြီး ဒီကနေ ကျုပ်တို့ အမြန်ဆုံး တပ်ဆုတ်သင့်တာမဟုတ်ဘူးလား"
"ခနလေး စောင့်ကြည့်ပါအုံး ဒီပြသနာကို ဖြေရှင်းဖို့ စုချန်းမှာ နည်းလမ်းတခုခု ရှိပါလိမ့်မယ်"
ချီမင်းဖန်က ပြန်ပြောလိုက်၏။
ထိုအချိန်တွင် စုချန်းသည် အပြာရောင်အာရုံခံအလင်းတန်းများကို ကျော်ဖြတ်ပြီး မြေအောက်အချက်ပေးစနစ်များ တပ်ဆင်ထားသည့် ကွင်းပြင်ကို ရောက်ရှိသွားပြီ ဖြစ်သည်။ ဤတကြိမ်တွင်တော့ စုချန်းသည် ဟေးစုကဲ့သို့ တောက်တဲ့အဖြစ် အသွင်းပြောင်းလဲခြင်းမပြုပဲ ကွင်းပြင်၏ အလွန်ဆီသို့ သူ့ကိုယ်သူ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးကာ ပို့ဆောင်လိုက်၏။
ကွင်းပြင်၏ အလွန်တွင်တော့ အခန်းငယ်လေး ရှိနေ၏။ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် တောက်တဲ့ကြီးတချို့ စုချန်းထံသို့ ပြေးဝင်လာကြလေသည်။ ၎င်းကို မြင်သည်နှင့် စုချန်းက ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကို သဲမျိုးစိတ်တဦး၏ ပုံစံအဖြစ် ပြောင်းလဲလိုက်ရာ တောက်တဲ့ကြီးများ နောက်ဆုတ်ကုန်ကြလေသည်။
ထိုအခါ အခန်းထဲသို့ စုချန်းတယောက် ခပ်တည်တည်နှင့် လှမ်းဝင်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျုပ် အထဲကို ရောက်ပြီ"
ထိုအခါကျမှ လူတိုင်းလိုလို စိတ်သက်သာရသွားကာ သက်ပြင်းကိုယ်စီ ချမိကြသည်။
ရဲတိုက်အတွင်းရောက်သည်နှင့် စုချန်းက ဟောခန်းမဆီသို့ ဦးတည်လိုက်၏။ သူ့ခြေလှမ်းများက မြန်ဆန်လှသည်။
"ဟေးစု မင်း နည်းနည်းတောင့်ထား ကျုပ် လာနေပြီ"
"ကျုပ် သိပ်ကြာကြာ တောင့်ခံနိုင်တော့မယ် မထင်ဘူး"
"ဒါဆိုရင်လဲ မင်းကိုယ်ပေါ် ပါလာသမျှ ပစ္စည်းတွေကို လက်စွပ်ထဲထည့်ပြီး ဖွက်ထား မင်း ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို သူတို့ သိမသွားစေနဲ့"
စကားဆုံးသည်နှင့် စုချန်းက သူ့လက်စွပ်အတွင်းမှ မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကို ဆွဲထုတ်လိုက်၏။
စုချန်း၏ အစီအစဥ်မှာ ရိုးရှင်းလှသည်။ ဟေးစုအား မိုးကြိုးရေနဂါးယာဥ်၏ အကူအညီနှင့် ကယ်ထုတ်သွားရန်သာ ဖြစ်သည်။ ရဲတိုက်၏ အကာအကွယ်များမှာ ပြင်ပမှ ဝင်ရောက်လာသည်များကိုသာ ကာကွယ်နိုင်ပြီး အထဲမှ အပြင်သို့ ထွက်လျင်တော့ ဘာပြသနာမှ မရှိချေ။ ထို့ပြင် မိုးကြိုးရေနဂါးယာဥ်၏ အမြန်နှုန်းကို သဲမျိုးစိတ်ဝင်များအနေနှင့် လိုက်မီလိမ့်မည်မဟုတ်။
ထိုအစီအစဥ်မှာ အန္တရာယ်များသည်ကတော့ အမှန်ပင်။ သို့သော် လက်ရှိအခြေအနေအရ စုချန်းတွင် ထိုထက်ကောင်းသော အစီအစဥ်လည်း မရှိ။
ဟောခန်းမအတွင်းရောက်သည်နှင့် ဟေးစုတယောက် အခြားတံခါးပေါက်တခုမှ အပြင်သို့ ပြေးထွက်ရန် ကြိုးစားနေကြောင်း စုချန်း တွေ့လိုက်ရသည်။
အခွင့်အရေးတော့ ရချေပြီ။
ထို့နောက် စုချန်းက မိုးကြိုးရေနဂါးယာဥ်ကို ကြီးမားလာစေလိုက်၏။ ထိုအချိန်မှာပင် ဒုတိယအထပ်ဆီမှ လူရိပ်တရိပ် လျင်မြန်စွာ ပြေးလွှားလာကြောင်း စုချန်း တွေ့လိုက်ရသည်။
ပေါလ်၏ နောက်နားတွင် ရပ်နေသော သဲမျိုးစိတ်ဝင်ပေတည်း။ နောက်ဆုံးတွင် ၎င်း၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံရ၏။ ကိုယ်တိုင်ဝင်ရောက်လှူပ်ရှားလာခဲ့လေပြီ။
မျက်စေ့တမှိတ်အတွင်း ၎င်းသည် ဟေးစုရှေ့မှောက်သို့ ရောက်ရှိလာပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဟေးစုအား ဖမ်းဆီးလိုက်၏။
သူ့အနေနှင့် ဟေးစုကို ကယ်ဆယ်ရန် ခြေလှမ်းတချို့စာ နောက်ကျသွားပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်သည်။
အတိအကျ ပြောရလျင် ခြေလှမ်းဆယ်လှမ်းစာခန့် နောက်ကျနေခြင်းပင်။ ထိုခြေလှမ်းဆယ်လှမ်းမှာ အမှန်တကယ်ပင် ဝေးကွာလှ၏။
ထိုအခါ စုချန်းသည် ဟေးစုအား အဓိပ္ပာယ်ပါပါနှင့် စိုက်ကြည့်ပြီး ချက်ချင်းပင် စင်္ကြလမ်းအတွင်းသို့ ပြန်ဆုတ်လိုက်၏။
ထိုအချိန်တွင် သဲမျိုးစိတ်ဝင်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
"ဒီနေရာမှာ တခြားသူလျှိုတွေလဲ ရှိနိုင်တယ် လိုက်ရှာကြစမ်းဟေ့"
အော်ဟစ်သံများနှင့် အတူ သဲမျိုးစိတ်အစောင့်များသည် အသီးသီး လမ်းခွဲကာ လိုက်ရှာကြတော့၏။
အခြေအနေ မကောင်းတော့မှန်း စုချန်း သဘောပေါက်လိုက်သည်။ သူ့ခြေလှမ်းများမှာလည်း ပို၍ သွက်လက်မြန်ဆန်လာ၏။ ထိုစဥ် သဲမျိုးစိတ်ဝင်ခေါင်းဆောင်တဦး၏ အမိန့်ပေးသံ ထွက်ပေါ်လာပြန်သည်။
"ဒီထဲ ဝင်လာတဲ့ကြွက်တွေဟာ ပုံစံပြောင်းနိုင်တယ်ကွ မင်းတို့ အလိမ်မခံရအောင် အချင်းချင်း သေချာစစ်ဆေးကြ"
သေစမ်း...
စုချန်း ကြိတ်၍ ကျိန်ဆဲလိုက်သည်။
ထိုအခိုက်မှာပင် လမ်းလျှောက်လာသော သဲမျိုးစိတ်ဝင်တဦးကို စုချန်း မြင်တွေ့လိုက်ရ၏။
၎င်း၏ပုံစံမှာ သာမာန်သဲမျိုးစိတ်ဝင်မဟုတ်မှန်း သိသာနေ၏။ အဝတ်အစားမှာ အလွန်တောက်ပြောင်နေပြီး ကိုယ်ခန္ဓာမှာ အလွန်ဝ၏။ ပါးစပ်ထဲတွင် မုန့်များ ပြွတ်သိပ်နေအောင် စားနေသည့်တိုင် လက်ထဲတွင် မုန့်ပန်းကန်တချပ်ကို ကိုင်ထားသေး၏။
၎င်းကို မြင်သည်နှင့် စုချန်း၏ မျက်လုံးအစုံမှာ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူက ၎င်းအနီးသို့ လျင်မြန်စွာ ချည်းကပ်ပြီး မေ့မျောသွားအောင် ပြုလိုက်လိုက်ကာ နီးစပ်ရာ ချောင်တချောင်တွင် ဖွက်ထားလိုက်၏။
"ဟေ့ မင်း ဘယ်သူလဲ"
သိပ်မကြာမီ စုချန်း၏ နောက်ကျောမှ မေးမြန်းသံ ထွက်ပေါ်လာ၏။
စုချန်း နောက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူ့ပုံစံမှာလည်း ကနဦး တွေ့ခဲ့သည့် သဲမျိုးစိတ်ဝင်မင်းသား အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲထားပြီး ဖြစ်သည်။
"အိုး မင်းသားလေးယူကိုး"
သဲမျိုးစိတ်ဝင်အစောင့်က အရိုအသေပေးကာ မေးလိုက်သည်။
"ဒါနဲ့ မင်းသားလေးယူက ဒီမှာ ဘာလုပ်နေတာလဲ"
မင်းသားလေးယူ မည်သူမည်ဝါမှန်း စုချန်း မသိ။ ထိုအခါ သူက အစောင့်၏ မေးခွန်းကို ပြန်မဖြေပဲ လက်ထဲရှိ မုန့်ပန်းကန်ကို မြှောက်ပြကာ မုန့်တချို့ကို ဝါးစားပြလိုက်၏။
အစောင့် ရယ်မောလိုက်သည်။
"အိုး မင်းသားလေးယူက ဗိုက်မဝသေးဘူးကိုး ဒါဆိုလဲ အေးအေးဆေးဆေး စားပါဗျာ"
ထို့နောက် အစောင့်သည် ထိုနေရာမှ လှည့်ထွက်သွားလေသည်။
အစောင့်များ မရှိတော့မှန်း သေချာသည်နှင့် စုချန်းသည် မင်းသားလေးယူအား ဖွက်ထားသည့်နေရာမှ ဆွဲထုတ်လိုက်၏။
"စုချန်း မင်း ဘာတွေလုပ်နေတာလဲ ဟေးစု အဖမ်းခံလိုက်ရပြီ မင်း သူ့ကို ကယ်လို့မရတော့ဘူးကွ"
ချီမင်းဖန်၏ အသံ ထွက်ပေါ်လာသည်။
သို့သော် စုချန်းက မကြားဟန်ပြုကာ မင်းသားလေးယူအား သတိလည်လည်လာအောင် လေးငါးချက်ခန့် ရိုက်ပုတ်ပေးလိုက်၏။
သိပ်မကြာမီ မင်းသားလေးယူ သတိရလာလေသည်။ သူ့ကို စီးမိုးကြည့်ရှုနေသော မျက်နှာမှာ သူ့မျက်နှာပင် ဖြစ်ကြောင်း မြင်လိုက်သောအခါ မင်းသားလေးယူ ထိတ်လန့်သွား၏။
"မင်း..မင်း.."
စုချန်းက အေးစက်တင်းမာသော လေသံနှင့် ပြောလိုက်သည်။
"တိတ်စမ်း ကျုပ် မင်းကို မေးခွန်းတချို့မေးမယ် ကောင်းကောင်းဖြေ တခုခု လုပ်ဖို့ကြိုးစားတာနဲ့ မင်း သေရမယ်"
***