စစ်ဆေးခြင်း ၁
Vol. 52 Ch. 517
အပြင်ပန်းသွင်ပြင်လက္ခဏာအရ ကျူးရှန်းယောင်၏ ပုံစံမှာ ယခင်နှင့် များစွာ ကွဲပြားသွားသည်မဟုတ်။ သို့သော် သူမ၏ စိတ်ပိုင်းဆိုင်ရာကတော့ များစွာ ရင့်ကျက်လာပုံရ၏။
အတိတ်ဆီက ကျူးရှန်းယောင်သည် အလွန်ဆွဲဆောင်မှုရှိပြီး ချစ်ဖွယ်ရာကောင်းသောကြောင့် မြင်သူတိုင်း သူမအား ပွေ့ဖက်လိုကြ၏။
ယခု စုချန်း မြင်တွေ့နေရသည့် ကျူးရှန်းယောင်မှာကား အလှတရားအပေါ်တွင် ရင့်ကျက်ထည်ဝါမှု၊ အေးစက်တင်းမာမှုကိုပါ ထည့်ပေါင်းထားသောအခါ ထူးခြားပြီး ကြောက်စရာကောင်းသော အရှိန်အဝါတမျိုးကို ဖော်ဆောင်နေသကဲ့သို့ ရှိလေသည်။
ခပ်လှမ်းလှမ်းမှ မြင်တွေ့ရစဥ်က စုချန်းတယောက် ထိုအချက်ကို သတိမထားမိသေး။ ယခု အနီးကပ်တွေ့လိုက်ရတော့မှ ကျူးရှန်းယောင်တယောက် အတော်ပင် ပြောင်းလဲသွားကြောင်း စုချန်း သိလာ၏။
ကျူးရှန်းယောင်သည် ယခုတိုင် အလွန်စွဲမက်ဖွယ်ကောင်းနေဆဲပင်။ သို့သော် ပျော့ပြောင်းသိမ်မွေ့ခြင်းကား မရှိတော့။ ယခုတိုင် အလွန်လှပနေဆဲပင်။ သို့သော် ချစ်စဖွယ်အမူအရာမျိုးကား ပျောက်ဆုံးနေခဲ့လေပြီ။ ဖြူစင်ရိုးသားမှုကား သူမဆီမှ ဖယ်ကျဥ်သွားခဲ့လေပြီ။
နှင်းမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနေရင်းနှင့်ပင် ဖြူစင်သန့်ရှင်းသည့် လီလီပန်းလေးတပွင့်မှ ဆူးများနှင့်ပြည့်နှက်နေသည့် နှင်းဆီပန်းတပွင့်အဖြစ်သို့ ကျူးရှန်းယောင် ပြောင်းလဲသွားခဲ့ချေပြီတကား။
သူမ၏ မျက်ခုံးများမှာ တွန့်ခေါက်နေပြီး တင်းမာဟန်ရှိ၏။ သူမ၏ မျက်နှာမှာ အေးစက်နေ၏။ ယုတ်စွအဆုံး သူမ၏ မျက်လုံးအစုံမှာပင် အေးစက်နေလေသည်။
ကျူးရှန်းယောင်၏ ၎င်း အမူအရာသည် စုချန်းကိုပင် အတော်လေး တုန်လှူပ်သွားစေ၏။
တကယ်တော့ လှည့်ဖျားနှလုံးသားမြေခွေးသွေးဗီဇပိုင်ရှင်အမျိုးသမီးများသည် ၎င်းတို့၏ ပစ်မှတ်များကို စိတ်ရှုပ်ထွေးသွားစေရန်အလို့ငှာ စွဲမက်ဖွယ်အမူအရာမျိုး ပိုင်ဆိုင်ထားရန် မဖြစ်မနေ လိုအပ်၏။ ထိုအတွက် ၎င်းတို့မျိုးနွယ်စုကလည်း လုံလောက်အောင် လေ့ကျင့်ပေးကြလေ့ရှိသည်။
သို့သော် ကျူးရှန်းယောင်ကျမှ မည်သို့ ဖြစ်ရလေသနည်း။
သူမ၏ အေးစက်တင်းမာလှသော ပုံစံက လူအများကို ဆွဲငင်ညှို့ယူနိုင်ဖို့ဝေးစွ၊ အဝေးသို့ ထွက်ပြေးအောင် မောင်းထုတ်နေသည်နှင့်ပင် တူနေလေသည်။
ဤအမူအရာ၊ ဤပုံစံမျိုးသည် နေ့ချင်းညချင်း ဖြစ်ပေါ်လာသော အမူအရာမျိုးမဟုတ်။ နှစ်ပေါင်းများစွာ အသားကျလာသော အလေ့အထမှ ပေါက်ဖွားလာသော အမူအရာမျိုးသာ ဖြစ်သည်။ ဤသို့ဆိုလျင် ကျူးရှန်းယောင်တယောက် ဘာတွေများ ကြုံတွေ့ခဲ့ရလေသနည်း။
စုချန်းတယောက် ကိုယ့်ကိုယ်ကို ပြန်လည်အာရုံစိုက်ပြီး ခေါင်းကိုငုံ့ကာ ကျူးရှန်းယောင်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ကျုပ်ကို ဘာဖြစ်လို့ခေါ်တာလဲ"
စုချန်း၏ အသံမှာ နှာခေါင်းသံပါနေ၏။ သူ့အမူအရာကလည်း နအူနထိုင်းနိုင်လှ၏။ သို့သော် ၎င်းအမူအရာသည် ကျူးရှန်းယောင်ရှေ့ရောက်တိုင်း မင်းသားလေးယူ ပြုမူတတ်သည့် ပုံစံနှင့် တထပ်တည်း တူညီနေလေသည်။
"လူတချို့ ရဲတိုက်ထဲကို ထိုးဖောက်ဝင်ရောက်လာတယ် ဒါ ကျွန်မတို့နဲ့တော့ မဆိုင်လှဘူး ဒါနဲ့ ကျွန်မ မေးပါရစေအုံး ကျွန်မတို့ ဒီကို ဘာလာလုပ်သလဲဆိုတာ ရှင်များ တယောက်ယောက်ကို ပြောမိသေးလား"
ကျူးရှန်းယောင်၏လေသံမှာ အေးစက်လှသည်။
စုချန်း ကြက်သေသသွား၏။ တချိန်တည်းမှာပင် ယူထျန်းယန်တယောက် ပါးစပ်ဖွာလေ့ရှိသောကြောင့်သာ ကျူးရှန်းယောင် ဤသို့ မေးရခြင်းဖြစ်ကြောင်း သူ တွေးမိလေသည်။
သို့သော်...
အနောက်လိုင်နာရဲတိုက်တွင် ဘာမှမဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ။ ယခု ကျူးရှန်းယောင်တို့ရောက်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် စုချန်းတို့ လူစုကလည်း ရဲတိုက်အတွင်း ဖောက်ဝင်မိ၏။ ၎င်းမှာ တိုက်ဆိုင်မှုပေလော။ သို့တည်းမဟုတ် တခြား အကြံအစည်တခုပေလော။ စိတ်ဝင်စားစရာကောင်းနေ၏။
ကျူးရှန်းယောင်အနေနှင့် ၎င်းကို သံသယမဝင်သည်ကလည်း ထူးဆန်းနေပေသည်။
၎င်းကို သံသယမဝင်သည်ကလည်း ကျူးရှန်းယောင် တယောက်တည်းမဟုတ်။ ပေါလ်ပင်လျင် သံသယဝင်ပုံမရ။ သူ့အနေနှင့် ကျူးရှန်းယောင်၏ ရှင်းလင်းချက်ကို စောင့်စားနေဟန်ပင်။
အထက်ပါအတိုင်း တွေးတောမိသောအခါ စုချန်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်ခါသွား၏။ ထို့နောက် သူက အထစ်ထစ်အငေါ့ငေါ့နိုင်သော လေသံနှင့် ပြောလိုက်သည်။
"ကျုပ်..."
စုချန်းက တမင်တကာပင် စကားကို ထစ်ငေါ့ဟန်ဆောင်ကာ ဆက်မပြောတော့ပဲ ရပ်တန့်ထားလိုက်သည်။ ကျူးရှန်းယောင်က တင်းမာသော လေသံနှင့် မေးခွန်းထုတ်လာ၏။
"ရှင် ကျူးရှန်းလင်ကို ပြောလိုက်ပြီ ဟုတ်တယ်မလား"
ကျူးရှန်းလင် မည်သူမည်ဝါမှန်း စုချန်း မသိ။ သို့သော် သူက အခွင့်အရေးကို လက်လွတ်မခံပဲ ခေါင်းညိတ်ပြလိုက်သည်။
"ရှင် အလကားလူ သူ့ကိုမပြောနဲ့လို့ ကျွန်မ ပြောထားတယ်မလား"
ကျူးရှန်းယောင် ဒေါသတကြီးနှင့် ငေါက်ငန်းလိုက်သည်။
စုချန်း အူကြောင်ကြောင်ပုံစံနှင့် ခေါင်းကိုတဗြင်းဗြင်းကုတ်နေ၏။
"ကျုပ်..."
ထိုစဥ် ကျူးရှန်းယောင်၏ ဘေးရှိ အဖိုးကြီးက ဝင်ပြောလိုက်သည်။
"သခင်မလေး မင်းသားလေးယူရဲ့သွေးဗီဇက မနိုးထသေးဘူးလေ ဒီလိုအနေအထားမှာ ဒုတိယသခင်မလေးရဲ့ စွမ်းရည်နဲ့ဆိုရင် သူ့အနေနဲ့ တောင့်ခံဖို့ မလွယ်လှဘူး"
"တောင့်မခံနိုင်ရင်လဲ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်မကို ပြန်ပြောသင့်တယ် ဒါမှ ကျွန်မအနေနဲ့ ကြိုတင်ပြင်ဆင်ထားလို့ရမှာပေါ့ ခုကျမှ ဘာလုပ်ရတော့မှာလဲ ဆွေးနွေးတာတော့ အဆင်ပြေပါရဲ့ ဒါပေမဲ့ ရဲတိုက်ထဲကို လူတွေဝင်လာတယ် သူက ဘာလုပ်ချင်တာလဲ ကျွန်မရဲ့ အစီအစဥ်ကို ကမောက်ကမဖြစ်အောင် လုပ်ချင်တာလား ပေါလ်ကို လုပ်ကြံပြီး ကျွန်မကို ဒုက္ခပေးချင်တာလား"
ကျူးရှန်းယောင်ကား အတော်လေး ဒေါသထွက်နေဟန်ပင်။
ကျူးရှန်းယောင် ဤမျှ ဒေါသထွက်နေသည်ကို စုချန်း တခါမှ မမြင်ဖူး။
မည်သို့ဆိုစေ ယခင် ကြုံခဲ့ဖူးသည့် ကျူးရှန်းယောင်သည် အတုအယောင်ဆန်ပြီး ယခု ကျူးရှန်းယောင်ကတော့ ပို၍ လူသားဆန်နေသည်ဟု စုချန်း ခံစားလိုက်ရ၏။
စုချန်း စဥ်းစားနေ၏။ အတန်ကြာသော် သူက စိတ်ကူးတခုရလာပြီး ပြောလိုက်သည်။
"သူတို့ခေါင်းဆောင်ကလဲ စိတ်ဆိုးဟန်မပြဘူး ကျုပ်တို့ကိုလဲ မောင်းမထုတ်သေးဘူးဆိုတော့ ဘာပဲပြောပြော တဖက်လူရဲ့ အစီအစဥ် မအောင်မြင်ဘူးဆိုတာ အတိအကျ ပြောနိုင်တယ် ခုချိန်မှာ ကျုပ်တို့လုပ်သင့်တာက ဖမ်းမိထားတဲ့လူကို စစ်ဆေးပြီး သူတို့ရဲ့ နောက်ခြေလှမ်းက ဘာလဲဆိုတာ သိအောင်လုပ်ဖို့ပဲ"
စုချန်း၏ စကားကြောင့် ကျူးရှန်းယောင် အံ့သြသွားဟန်ပေါ်လာ၏။
"ရှင်လဲ တခါတလေကျတော့ ဒီလို အဓိပ္ပာယ်ရှိတဲ့ စကားမျိုး ပြောတတ်သားပဲကိုး"
သူ ထိုသို့ အကြံပေးလိုက်ခြင်းကြောင့် ကျူးရှန်းယောင် သံသယဝင်သွားမည်ကို စုချန်း အနည်းငယ်မှ စိတ်ပူခြင်းမရှိပေ။ သူ့လက်ထဲ ကျရောက်နေသည့်တိုင် သူ့ကို လိမ်ညာရန်ကြိုးစားခဲ့ခြင်းကြောင့် ယူထျန်းယန်သည် ထင်သလောက်မအမှန်း စုချန်း သဘောပေါက်ထားသည် မဟုတ်ပါလား။
သို့သော် အဖိုးကြီးက ဝင်ပြောလိုက်ပြန်၏။
"သခင်မလေး ခေါင်းဆောင်ပေါလ်က တရားခံကို စစ်ဆေးဖို့ ကျုပ်တို့ကို သေချာပေါက် ခွင့်ပြုမှာမဟုတ်ဘူး"
"စိတ်မပူနဲ့ ပေါလ်ကို ကျွန်မပြောမယ် တရားခံက ကျွန်မတို့ကို ပစ်မှတ်ထားလာတာ ဟုတ်မဟုတ် သေချာအောင်လို့ စစ်ဆေးချင်တာ ပြောရင် သူ သဘောတူပါလိမ့်မယ်"
စကားဆုံးသည်နှင့် ကျူးရှန်းယောင်သည် အခန်းထဲမှ ထွက်ခွာသွား၏။
အတန်ကြာသော သူမ ပြန်ရောက်လာလေသည်။ သူမ၏ ပုံစံမှာလည်း မောပန်းနွမ်းနယ်ဟန် ပေါက်နေ၏။ သူမက ပြောလိုက်သည်။
"သူ သဘောတူလိုက်ပြီ"
ပေါလ်သည် လူမိုက်မဟုတ်ပေ။ လက်ရှိအနေအထားရ ကျူးမျိုးနွယ်အနေနှင့် သူ့ကို လုပ်ကြံရန် အကြောင်းမရှိမှန်း သူ ကောင်းကောင်းသဘောပေါက်ထားလေသည်။ တဖန် ကျူးမျိုးနွယ်သာ သူ့ကို လုပ်ကြံရန် ကြိုးစားပါက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့်လောက်ကို စေလွှတ်လိမ့်မည်မဟုတ်။ ထို့ကြောင့် ကျူးမျိုးနွယ်၏ ပြိုင်ဘက်များက ပြသနာရှာရန် ကြိုစားခြင်းသာ ဖြစ်နိုင်သည်ဟူသော ကျူးရှန်းယောင်၏ အကြောင်းပြချက်ကို သူ လက်ခံလိုက်ခြင်းပင်။ တဖက်တွင်လည်း ၎င်းကိုအကြောင်းပြုပြီး သူက ကျူးရှန်းယောင်အား ပြစ်တင်ဝေဖန်ကာ အကျပ်ဆိုက်စေနိုင်ခဲ့သည် မဟုတ်ပါလား။ ငွေညှစ်နိုင်ခဲ့သည် မဟုတ်ပါလား။
"ဒီသူလျှိုကောင်ကြောင့် ကျွန်မ ငွေပိုကုန်သွားပြီ ပေါလ်တောင်းထားတဲ့ ပမာဏအတိုင်း တခါတည်းပေးဖို့ ကျွန်မ သဘောတူခဲ့ရတယ် ဒီသဲမျိုးစိတ်ဝင်တွေဟာ ရေရှည်စီးပွားရေးအမြင်မရှိဘူးပဲ"
ကျူးရှန်းယောင် ဒေါသတကြီးနှင့် ပြောလိုက်၏။
"သူ အကြိမ်ပေါင်းများစွာ အလိမ်ခံဖူးပြီးပြီလေ အမိုက်မဲဆုံးဆိုတဲ့လူတွေတောင် အကြိမ်ပေါင်းများစွာ အလိမ်ခံရပြီးရင် သတိထားစပြုလာတယ် ပေါလ်က ဒီလောက်မှ မမိုက်တာပဲ"
ဟေးစုအား ချိုင်းကြားတွင်ညှပ်ရင်း အခန်းတွင်းသို့ ဝင်လာသည့် ကျူးပိုင်ယုက ရယ်ကာမောကာနှင့် ပြောလိုက်သည်။
ကျူးပိုင်ယု ရောက်ရှိလာပြီဖြစ်၍ စုချန်းကဟခေါင်းကို မသိမသာ ငုံ့ထားလိုက်၏။
"ဆဌမမြောက်ဦးလေး"
ကျူးရှန်းယောင်က လေသံက်ို နှိမ့်ရင်း သတိပေးဟန်ဖြင့် ပြောလိုက်သည်။
"စိတ်မပူနဲ့ ဒီနားမှာ သဲမျိုးစိတ်ဝင်တွေ တယောက်မှမရှိဘူး ကျုပ်တို့ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်"
ထိုစကားကြောင့် စုချန်း ရင်ခုန်သွား၏။
ဟာ...ဘာလဲဟ...
သူတို့မှာ တခြားရည်ရွယ်ချက်များ ရှိနေသလား...
ရှင်သန်ခြင်းကျောင်းတော်ကို တိုက်ခိုက်ဖို့ ချောက်နက်နယ်မြေကို ခြေကုပ်ယူချင်တယ်ဆိုတာ လိမ်ညာနေတာလား...
ကျူးပိုင်ယုသည် ဟေးစုအား ဒူးထောက်ထိုင်ခိုင်းထားပြီး ကျူးရှန်းယောင်၏ ဘေးတွင် ဝင်ထိုင်ကာ စတင်စစ်ဆေးရန် ဟန်ပြင်လိုက်၏။ ကျန်လူများမှာ သူ့နောက်တွင် မတ်တပ်ရပ်နေကြလေသည်။
ထိုအချိန်ထိ စုချန်းကား မတ်တပ်ရပ်လျက်ပင်။ ထိုအခါ ကျူးပိုင်ယုက ငြင်သာသော လေသံနှင့် ပြောလိုက်သည်။
"ထျန်းယန် မင်းလဲ ထိုင်လေကွာ ဘာလဲ မင်းက အစေခံတွေနဲ့အတူ မတ်တပ်ရပ်နေမလို့လား"
စုချန်း ခေါင်းငုံ့ရင်း ပြန်ဖြေလိုက်၏။
"ထျန်းယန် နှုတ်ဖွာပြီး ဒီကို ဘာကြောင့်လာသလဲဆိုတာ ဒုတိယသခင်မလေးကို သွားပြောမိတယ် ဒါကြောင့် ခုလိုကိစ္စတွေ ဖြစ်လာရတာပေါ့ အမှားကြောင့် ထျန်းယန် မထိုင်ရဲပါဘူးခင်ဗျာ"
ကျူးပိုင်ယု ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်၏။
"ဒီကိစ္စ ကျုပ် သိပြီးပါပြီ ဒါ မင်းအမှားမဟုတ်ပါဘူးကွ ထိုင်စမ်းပါ"
"အိုး ဒါဆိုလဲ ထိုင်ပါ့မယ်ခင်ဗျာ"
စုချန်းတယောက် နမော်နမဲ့နိုင်ဟန်ဖြင့် ထိုင်ချလိုက်၏။ ထိုအချိန်မှာပင် သူ့လက်မောင်းအိုးအတွင်းမှ ပစ္စည်းတခု ပြုတ်ကျသွားပြီး ဟေးစု၏ ခြေထောက်နှင့်ထိမှ ထိုပစ္စည်း ရပ်တန့်သွား၏။
၎င်းကို မြင်သည်နှင့် ဟေးစု၏ မျက်လုံးအစုံမှာ အရောင်တောက်သွားလေသည်။
***