စစ်ဆေးခြင်း ၂
Vol. 52 Ch. 518
ဟေးစု၏ ခြေထောက်ရှေ့သို့ ပြုတ်ကျသွားသော အရာမှာ ခရမ်းရောင်ပုတီးစေ့ တစေ့ပင် ဖြစ်သည်။
၎င်းပုတီးစေ့လေး ပြုတ်ကျသွားသည်ကို မြင်သည်နှင့် စုချန်းက မြန်မြန်ဆန်ဆန်ပင်ပြန်လည် ကောက်ယူလိုက်၏။ ထို့နောက် သူက ကျူးရှန်းယောင်ဘက်သို့လှည့်ကာ ဦးညွှတ်ရင်း တောင်းပန်လိုက်သည်။
"မတော်လို့ဗျာ ကျုပ် တောင်းပန်ပါတယ်"
ကျူးရှန်းယောင် က စုချန်းအား မျက်စောင်းထိုးလိုက်၏။
"မိန်းကလေးအသုံးအဆောင်ပစ္စည်းတွေ သိမ်းထားပြီး ရှင်က ဘာလုပ်မလို့လဲ ကဲ ပြန်သာထိုင်နေစမ်းပါရှင်"
ကျိုးပိုင်ယု ရယ်မောလိုက်၏။
"သူက အဲဒါကို မင်းအတွက် ဝယ်ထားတာ ဖြစ်မှာပေါ့ မင်းပုံစံကိုကြည့်ပြီး မပေးရဲတော့တာ ဖြစ်လိမ့်မယ်"
ကျူးရှန်းယောင် မဲ့လိုက်သည်။
"သူ့ဆီက ဒီလို အသုံးမကျတဲ့ပစ္စည်းတွေယူပြီး ကျွန်မက ဘာလုပ်ရမှာလဲ ဆဌမမြောက်ဦးလေး"
ကျူးပိုင်ယု သက်ပြင်းချလိုက်၏။
"တကယ်တမ်းကျတော့ သူပုံစံဟာ ဒီလိုမှ မဟုတ်တာပဲကွာ ဒါပေမဲ့ သူ မင်းရှေ့ရောက်တိုင်း ကြောင်ရှေ့ရောက်တဲ့ ကြွက်ကလေးတကောင်လို ဖြစ်နေတယ် ဒါကို ကြည့်တာနဲ့ သူ မင်းကို တကယ်သဘောကျမှန်း သိသာနေပြီ ဒါကြောင့်မို့လို့သာ မင်းရှေ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပဲ ဖြစ်နေတာပေါ့"
ကျူးရှန်းယောင်က ပြန်ပြောလိုက်၏။
"သူ့မိဘတွေရဲ့ အမိန့်အရ ကျွန်မနောက်ကို သူ ခွေးကလေးတကောင်လို လျှောက်လိုက်နေတာထက်စာရင် တကယ့်ယောကျာ်းတယောက်လို ကျွန်မကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်တာမျိုးကိုပဲ ကျွန်မက ပိုဖြစ်စေချင်တယ်"
"မင်းက ဒီလိုပြောလာတယ်ဆိုတော့ မင်း တကယ် ကြိုက်သင့်တဲ့လူဟာ စုချန်းပဲ ဖြစ်သင့်တယ်"
ကျူးပိုင်ယုက ပြန်ပြောလိုက်ပြန်သည်။
စကားဝိုင်းတွင် မမျှော်လင့်ပဲ မိမိနာမည်ပါလာသောကြောင့် စုချန်း ရင်ခုန်သွား၏။ သို့သော် သူက မသိကျိုးကျွန်ပြုကာ ခုံပေါ်တွင် ဆက်လက်ထိုင်နေလေသည်။
ကျူးပိုင်ယု၏ စကားကြောင်း ကျူးရှန်းယောင် မျက်နှာပျက်သွား၏။
"ဆဌမမြောက်ဦးလေး...ဦးလေးကို ကျွန်မ ဘယ်လောက်ပဲ လေးစား လေးစား ဒီလိုတော့ အရှက်ခွဲဖို့ မသင့်ပါဘူးရှင် စုချန်း ကျွန်မအပေါ် ပြုလုပ်ခဲ့တဲ့ အရာတွေကို ကျွန်မ ဘယ်တော့မှ မေ့မသွားဘူး ကျွန်မ မေ့သွားရင်တောင် သေချာပေါက် ပြန်သတိရလာလိမ့်မယ်"
ထိုစကားကြောင့် စုချန်း အံ့သြသွားလေသည်။
အရာအားလုံးကို သူ ဂရုတစိုက် ဆောင်ရွက်ခဲ့သည်မှာ သေချာ၏။ သို့တိုင်အောင် ကျူးရှန်းယောင်တယောက် သူ့ကို အဘယ်ကြောင့် ဤမျှ မုန်းတီးနေရသနည်း။ ဘယ်နေရာတွင် သူ မှားသွားလေသနည်း။
ထိုအချိန်မှာပင် ကျူးရှန်းယောင်က ဟေးစုအား စတင်မေးမြန်းလိုက်သည်။
"ပြောစမ်း ရှင့်ကို ဘယ်သူ ဒီနေရာ စေလွှတ်လိုက်တာလဲ"
ဟေးစုက ကျူးရှန်းယောင်ကို ကြည့်လိုက်၏။ တဖန် တခြားလူများကို ကြည့်ပြန်၏။ ပြီးနောက် ဦးခေါင်းကိုငုံ့ကာ မပွင့်တပွင့်လေသံနှင့် ပြန်ဖြေလိုက်သည်။
"ဒု...ဒုတိယသခင်မလေးကျူးပါခင်ဗျာ"
"သူမှန်း ကျွန်မ သိပြီးသား ဒီမကောင်းတဲ့မိန်းမဟာ အမြဲတမ်း ဒီလိုပဲ"
ကျူးရှန်းယောင် ဒေါသတကြီးနှင့် ခုံကို ဖြန်းခနဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ပြောစမ်း သူ ဘာရည်ရွယ်ချက်နဲ့ ရှင့်ကို လွှတ်လိုက်တာလဲ"
ဟေးစု မျက်လုံးကလယ်ကလယ်နှင့် ဖြစ်နေရှာ၏။ ထို့နောက် သူက စုချန်းကို ဖြတ်ခနဲ ဝေ့ကြည့်လိုက်သည်။
အစ်ကိုစု...လုပ်ပါအုံး...ဒီမေးခွန်းကို ကျုပ် ဘယ်လိုဖြေလိုက်ရမှာတုန်း...
မှန်၏။ ခရမ်းရောင်ပုတီးစေ့လေးကို မြင်သည်နှင့် သူ့ရှေ့ရှိ လူဝကြီးမှာ စုချန်းမှန်း ဟေးစု သိထားနှင့်ပြီးလေပြီ။ စုချန်း၏ သတ္တ်ိရှိပုံကိုလည်း ဟေးစု တကယ်ပင် အံ့သြမိ၏။ တချိန်တည်းမှာပင် ဟေးစု၏ ရင်ထဲ၌ မျှော်လင့်ချက်မီးတောက်လေး တမြည့်မြည့် တောက်လောင်လာခဲ့လေပြီ။
ကနဦး စုချန်း ပြောခဲ့သည့် စကားကို ကြားလိုက်၍ သူ့ကို ဤနေရာသို့ စေလွှတ်လိုက်သူမှာ ဒုတိယသခင်မလေးကျူးဟု ဟေးစု အဖြေပေးနိုင်ခဲ့၏။ သို့သော် နောက်ထပ် မေးခွန်းများ ထွက်ပေါ်လာချိန်တွင်တော့ ဟေးစု ဘာဖြေလို့ဖြေရမှန်းမသိတော့။
ထိုအချိန်တွင် အခန်းတွင်း၌ ခပ်အုပ်အုပ်အသံတချက် ပေါ်လာ၏။ လူတိုင်း အသံထွက်ပေါ်လာရာကို ငေးကြည့်လိုက်ကြ၏။ အသံရှင်မှာ တခြားသူမဟုတ်။ စုချန်းပင်။ သူ့လက်ထဲရှိ ခရမ်းရောင်ပုတီးစေ့မှာလဲ ကြေမွလျက်ရှိ၏။
လူတိုင်း သူ့ကို ဝိုင်းကြည့်နေခြင်းကြောင့် စုချန်း သူ့လည်ပင်းကို သူ ပွတ်ကာ ကယောင်ကတန်းနှင့် ရေရွတ်လိုက်သည်။
"ပျက်စီးသွားပြီ...ကျုပ်ရဲ့ပုတီးစေ့လေး ပျက်စီးသွားပြီ"
၎င်းကိုကြည့်ရင်း ကျူးရှန်းယောင် အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ထိုအချိန်မှာပင် ဟေးစုက အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလိုက်၏။
"ခင်..ခင်ဗျား...တို့ရဲ့...အ...အစီအစဥ်...ကို...ကို..."
ကျူးပိုင်ယုက ထောက်ပေးလိုက်သည်။
"ခင်ဗျားတို့ရဲ့အစီအစဥ်ကို ပျက်စီးစေဖို့ လို့ မင်းပြောချင်တာလား"
"ဟုတ်...ဟုတ်ပါတယ်ဗျာ"
ဟေးစု ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ပြလိုက်သည်။
သူ့အား စေလွှတ်လိုက်သူမှာ ဒုတိယသခင်မလေးကျူးသာ ဖြစ်ကြောင်း ကျူးရှန်းယောင်တို့ ယုံကြည်သွားစေရန်မှာ စုချန်း၏ အစီအစဥ်ပင် ဖြစ်ကြောင်း ဟေးစု သဘောပေါက်သွားလေပြီ။ ထို့ကြောင့် သူသည်လည်း စုချန်း စီစဥ်သည့်အတိုင်း မီးစဥ်ကြည့်ကရန်သာ ရှိတော့ကြောင်း ဟေးစု ဆုံးဖြတ်လိုက်၏။
ထိုသို့ သဘောပေါက်သွားသည်နှင့် ကျူးရှန်းယောင်က သူတို့၏ အစီအစဥ်အကြောင်း အသေးစိတ်မေးမြန်းလာသောအခါ မည်သို့တုံ့ပြန်ရမည်ကို ဟေးစု သိရှိသွားလေသည်။
"ကျုပ်အနေနဲ့ ရဲတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ခင်ဗျားတို့ရဲ့ အစီအစဥ်ကို ပျက်စီးသွားစေမဲ့ အခွင့်အရေးမျိုး ကြုံလာခဲ့ရင် အရယူခဲ့ဖို့ ဒုတိယသခင်မလေးက ကျုပ်ကို အမိန့်ပေးခဲ့ပါတယ် ပြီးတော့ သူ ထပ်ပြောတာက ဖြစ်နိုင်မယ်ဆိုရင် ပေါလ်ကိုပါ တပါတည်း သတ်ခဲ့ပြီး ခင်ဗျားအပေါ် အပြစ်ပုံချခဲ့ပါတဲ့"
ထိုအချိန်တွင် စုချန်းသည် သူ့မေ့စေ့ကို သူ ပွတ်သပ်လျက်ရှိသည်။
မိမိ လုပ်ဆောင်ချက်ကောင်းမွန်ကြောင်း စုချန်း၏ အမူအရာကို ကြည့်ရင်း ဟေးစု သဘောပေါက်လိုက်၏။
ထိုအခါ သူ့စိတ်မှာ ပို၍ တည်ငြိမ်လာ၏။ သူ့အလိမ်အညာမှာလည်း ပို၍ သရုပ်ပါလာ၏။
"ကျုပ်က ဒုတိယသခင်မလေးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတာပါဗျာ"
"ရှင့်အပြင် တခြား ဘယ်သူတွေ ပါသေးလဲ"
ကျူးရှန်းယောင်၏ မေးခွန်း ဖြစ်သည်။
စုချန်းက ခေါင်းကို မသ်ိမသာ ညိတ်ပြလိုက်ပြန်၏။
စုချန်း၏ ရည်ရွယ်ရင်းကို ဟေးစုကလည်း သဘောပေါက်ထားပြီးဖြစ်လေရာ သူက ပြောလိုက်၏။
"ပါပါတယ် တခြားအဖွဲ့ဝင်တွေ ပါပါသေးတယ် အမှန်က ကျုပ်တို့ ပြိုင်တူလှုပ်ရှားဖို့ စီမံထားတာ လောကြီးပြီး ကျုပ် အရင်ဆုံး ရဲတိုက်ထဲ ဝင်လာမိတယ် ကျုပ်ကို မသတ်ပါနဲ့ဗျာ သူတို့ ထပ်လာရင် သူတို့ကို ဖမ်းမိအောင် ကျုပ် ကူညီပေးနိုင်ပါတယ်"
စုချန်းက သူ့မေးစေ့ကို နောက်တကြိမ် ပွတ်သပ်လိုက်ပြန်၏။
သူတို့၏ လိမ်ညာမှုမှာ ယခုတိုင် အဆင်ပြေနေသေးသည်မဟုတ်ပါလား။
သို့သော် ကျူးရှန်းယောင်က ရုတ်တရက် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။
"မဟုတ်သေးဘူး ဒီလူ လိမ်နေတာပဲ"
ကျူးရှန်းယောင်၏ စကားသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ကျွန်မရဲ့ လှည့်ဖျားနှလုံးသားသွေးဗီဇဟာ စိတ်အာရုံတွေကို ပြုလုပ်ဖန်တီးတဲ့နေရာမှာ အများကြီး အသုံးဝင်တယ် ပြီးတော့ လူတယောက်ရဲ့စိတ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်နေရင် ကျွန်မ အလွယ်တကူ သိနိုင်တယ် ရှင့်အနေနဲ့ ကျွန်မကို လိမ်ညာပြီး ဒီအထဲက ထွက်ပြေးနိုင်မယ် ထင်နေတာလား ပြောစမ်း ရှင်ဘယ်သူလဲ ရှင့်ရဲ့ ရည်မှန်းချက်က ဘာလဲ"
သေစမ်း...
စုချန်း ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။
စိတ်ဝိညာဥ်စွမ်းအင်အား လိုသလို ပြုပြင်ဖန်တီးနိုင်စွမ်းရှိသူသည် တစုံတဦး လိမ်ညာနေခြင်းကို အလွယ်တကူ သိနိုင်စွမ်းရှိသည် မဟုတ်ပါလား။ သို့သော် ထ်ို ထောက်လှမ်းရေးစွမ်းရည်သည် စိတ်ဝိညာဥ်စွမ်းအင်နည်းပါးသူများအပေါ်တွင်သာ သက်ရောက်နိုင်၏။ စုချန်းကဲ့သို့ စိတ်ဝိညာဥ်စွမ်းအား မြင့်မားသူများအပေါ်တွင် ကျူးရှန်းယောင်၏ စွမ်းရည်မှာ သက်ရောက်မှု မရှိနိုင်ပေ။ ဟေးစုသည် စိတ်ဝိညာဥ်စွမ်းအား နည်းပါးလွန်းသူ ဖြစ်နေ၍သာ ၎င်း လိမ်ညာနေခြင်းဖြစ်ကြောင်း ကျူးရှန်းယောင် သ်ိသွားခြင်းပင်။
ထိုအခါ စုချန်းသည် သူ၏ ဘယ်ဖက်လက်မအား ညာဖက်လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ ဟေးစု သူ အချက်ပြသည်က်ို နားလည်နိုင်ခြင်း၊ နားမလည်နိင်ခြင်း ဟူသည်မှာကား ၎င်း၏ ညဏ်ရည်ညဏ်သွေးအပေါ်တွင်သာ မူတည်နေခဲ့လေပြီ။
အတန်ကြာသော် ဟေးစုထံမှ စကားသံ ထွက်ပေါ်လာ၏။
"ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေ ဒါ အမှန်တရားပဲဗျ"
ဟုတ်ပြီ။ ဒါသည်ပင်လျင် စုချန်း လိုချင်သော အချက်ဖြစ်သည်။
ဟေးစု...သူတို့ သေလောက်အောင် နှိပ်စက်ပါစေ ဘယ်တော့မှ ဝန်မခံနဲ့ကွ...
လိမ်ညာခြင်းနှင့် ပြသနာကို ဖြေရှင်း၍မရသည့်နောက်တွင်တော့ နာကျင်မှုကို အံကြိတ်ခံရုံသာ ရှိတော့သည် မဟုတ်ပါလား။ မည်သည့်အခြေအနေသို့ ရောက်စေကာမူ လာရင်းကိစ္စကို သူတို့ ဖော်ထုတ်၍မဖြစ်။
ဟေးစု၏ စကားကြောင့် ကျူးရှန်းယောင်၏ မျက်နှာတွင် ဒေါသထွက်ဟန်ပေါ်လာ၏။
"မင်းကတော့ ကိုယ့်ကိုယ်ကို ပြန်အခက်တွေ့အောင် လုပ်နေတာပဲ...ဟေ့ ကျင်းဝင်"
"ဟုတ်ကဲ့"
ထူးသံနှင့်အတူ ကျောက်ကျင်းဝင်က ရှေ့သို့ထွက်လာပြီး ဟေးစု၏ ကိုယ်ပေါ်တွင် သူ့လက်ချောင်းများကို တင်လိုက်၏။
ကျောက်ကျင်းဝင်၏ လက်ချောင်းများကို ဟေးစုအား ပြင်းထန်စွာ နာကျင်စေဟန်ပေါ်၏။ ၎င်း၏ တကိုယ်လုံး တွန့်လိန်ကွေးကောက်လာပြီး မျက်လုံးအစုံမှာလည်း သူငယ်အိမ်အတွင်းမှ ပြုတ်ကျတော့မယောင် ပြူးကျယ်လာ၏။
အတန်ကြာမှ ကျောက်ကျင်းဝင်က သူ့လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ကျူးရှန်းယောင်၏ မေးခွန်းထုတ်သံ ပေါ်လာပြန်သည်။
"ပြောစမ်း မင်း ဘယ်သူလဲ ဘာရယ်ရွယ်ချက်နဲ့ ဒီကိုလာတာလဲ"
ဟေးစု ခေါင်းမော့ပြီး ရယ်မောလိုက်၏။
"ကျင်းဝင်"
ကျူးရှန်းယောင်နှင့် အချိန်အတော်ကြာ နေထိုင်ဖူးသောကြောင့် ကျူးမျိုးနွယ်စု၏စိတ်ဝိညာဥ်ဆေးကြောသန့်စင်ခြင်း လက်ချောင်းများအကြောင်းကို စုချန်း အတော်လေး နားလည်ထား၏။ ဤလက်ချောင်းများနှင့် နှိပ်စက်ခံရပါက နှိပ်စက်ခံရသူအဖို့ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်များ ပေါ်ပေါက်လာစေသည်အထိ နာကျင်မှုက ဆိုးဝါးလှသည်။
မည်သို့ဆိုစေ ဟေးစုကား ယခုတိုင် တောင့်ခံနိုင်သေး၏။ အကြောင်းမှာ သူ၏ ပင်ကိုယ်ခိုင်မာသော စိတ်ဓာတ်ကြောင့်သာ မဟုတ်ပဲ သူ့တွင် မျှော်လင့်ချက်ရှိနေသောကြောင့်ပင်။
မျှော်လင့်ချက်သည် လူက်ို စိတ်ဓာတ်ခွန်အားများ ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
သို့သော် ဤပုံစံအတိုင်းသာ ဆက်သွားနေပါက သိပ်မကြာမီ ဟေးစုတယောက် အရှုံးပေးသွားဖွယ်ရာ ရှိနေ၏။
၎င်းကို စဥ်းစားမိသည်နှင့် စုချန်းသည် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး အောက်ပါအတိုင်း အော်ဟစ်လိုက်၏။
"ယောင်ယောင် မင်းကိုကျုပ်ချစ်တယ်"
စုချန်း၏ မထင်မှတ်သော လုပ်ရပ်ကြောင့် လူတိုင်း ကြောင်တောင်တောင်ဖြစ်ကုန်၏။
ကျူးရှန်းယောင်ကိုယ်တိုင်လည်း နဝေတိမ်တောင်နှင့် စုချန်းအား လှမ်းကြည့်ပြီး ငေါက်လိုက်သည်။
"ယူထျန်းယန် ရှင် ဘာထကြောင်တာလဲ"
"မင်း ကျုပ်ကို ဘာထင်ထင် ကျုပ်ကတော့ မင်းကို အမြဲပဲ ချစ်ခဲ့တယ် မင်းတယောက်တည်းကိုပဲ ချစ်ခဲ့တယ် မင်းကို ထိခိုက်စေမဲ့ ဘယ်သူ့ကိုမဆို ကျုပ် သည်းမခံနိုင်ဘူး ကျုပ်ဟာ ယောကျာ်းပီသတဲ့ လူတယောက်ဖြစ်ပြီး မင်းကို ကာကွယ်နိုင်စွမ်းအပြည့်ရှိတယ်ဆိုတာ မင်း သိစေရမယ်"
ထို့နောက် သူက ဟေးစုကို လှမ်းဆွဲကာ ထပ်မံ ကြွေးကြော်လိုက်ပြန်သည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ရဲ့ယောင်ယောင်က်ို ဒုက္ခပေးရဲတယ်ဆိုတော့ ကျုပ် မင်းကို ခွင့်မလွှတ်နိုင်ဘူး"
စကားဆုံးသည်နှင့် စုချန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဟေးစုအား အားရပါးရ ထိုးကြိတ်တော့သည်။
စုချန်း၏ လုပ်ရပ်ကြောင့် လူတိုင်း အံ့သြသင့်ကုန်၏။ မည်သူမှလဲ ကြားဝင်ဟန့်တားရဲခြင်းမရှိချေ။
စုချန်း၏ လက်သီးချက်များမှာကား အမှန်တကယ်ပင် အင်အားပြင်းထန်လှပေရာ ဟေးစု၏ တကိုယ်လုံးမှာ သွေးများနှင့် ရဲပဒေါင်းခတ်ကုန်၏။
ဟေးစုအဖို့မှာကား စိတ်ဝိညာဥ်ဆေးကြောသန့်စင်ခြင်းလက်ချောင်းများထက်စာလျင် လက်သီးနှင့် အထိုးခံရခြင်းကမှ များစွာ တော်သေးသည်ဟု အောက်မေ့မိလေသည်။
တချီတွင်တော့ စုချန်းက ဟေးစု၏မျက်နှာအား ခေါင်းနှင့် ပြင်းထန်စွာ တိုက်ချလိုက်လေရာ ဟေးစု၏ အမြင်အာရုံတခုလုံး ပြာရီမှောင်ဝေသွား၏။
ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးအစုံမှ ထူးခြားသော အလင်းရောင်တမျိုး ထွက်ပေါ်လာ၏။ ဟေးစု၏ စိတ်အာရုံသည်လည်း ထိုအလင်းရောင်ထဲသို့ နစ်မြုပ်ပူးဝင်သွားလေသည်။
ဟေးစု၏ ပါးစပ်ထဲမှလည်း အောက်ပါ စကားတို့ကို လွှတ်ခနဲ ပြောလိုက်မိ၏။
"ဒုတိယသခင်မလေး ကျုပ်ကို လုပ်ကြံခိုင်းလိုက်တာ ပေါလ်မဟုတ်ဘူး သခင်မလေးကျူးက်ိုပဲ"
မရှေးမနှောင်းမှာပင် စုချန်း၏ ပြင်းထန်လှသော လက်သီးချက်က ၎င်း၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး ဟေးစုတယောက် လူလောကကြီးနှင့် ခေတ္တ အဆက်အသွယ် ပြတ်သွားလေသည်။
***