← Chapters

အစီအစဉ် ၁

Vol. 52 Ch. 519

အစီအစဉ် ၁

Vol. 52 Ch. 519

ကျူးရှန်းယောင်သည် ပြတင်းပေါက်ဘေးတွင် မတ်တပ်ရပ်ကာ အဝေးဆီသို့ လှမ်းမျှော်ကြည့်ရှုနေ၏။ ဘာကြောင့်မှန်းမသ်ိ အလိုလိုနေရင်း အားအင်ကုန်ခန်းနေသကဲ့သို့ သူမ ခံစားနေရလေသည်။

သူမ၏ နောက်တည့်တည့်တွင် စုချန်းက စကားတခွန်းမှ မပြောပဲ မတ်တပ်ရပ်နေ၏။

သူတို့နှစ်ယောက်လုံး ကျူးရှန်းယောင်၏ အခန်းထဲတွင် ရှိနေကြခြင်းပင်။ အတိအကျ ပြောရလျင် ကျူးရှန်းယောင်အတွက် ပေါလ် ပြင်ဆင်ပေးထားသော အခန်းပင် ဖြစ်လေသည်။

ကျူးရှန်းယောင် သူ့ကို ဘာကြောင့်ခေါ်လာမှန်း စုချန်း မသ်ိ။ ထို့ကြောင့် သူက ပါးစပ်ကိုတင်းတင်းစေ့ကာ စိုးရိမ်ထိတ်လန့်ဟန်ဖြင့် စောင့်ဆိုင်းနေလေသည်။ ထိုအခိုက်အတန့်ဝယ် သူရဲဘောကြောင်ဟန်ရှိသော အမူအရာသည်ပင် စုချန်းအတွက် အကြီးမားဆုံးသော အကာအကွယ် ဖြစ်နေ၏။

အတန်ကြာမှ ကျူးရှန်းယောင်က ဖြေညှင်းစွာ ပြောလိုက်သည်။

"ငယ်ငယ်တုန်းကဆိုရင် ရှန်းလင်နဲ့ကျွန်မဟာ သူငယ်ချင်းကောင်းတွေပဲ ကျွန်မတို့ ငါးအတူတူ ဖမ်းကြတယ် သစ်ပင်ပေါ် အတူတူတက်ပြီး ငှက်သိုက်တွေ ရှာကြတယ် အဲဒီတုန်းကဆိုရင် ရှန်းလင်ရဲ့ စိတ်က သိပ်ပြီးနူးညံတာပဲ တယောက်ယောက်နဲ့များ အငြင်းအခုန်ဖြစ်ပြီဆိုရင် ရှန်းလင်ဟာ ဘာမှမလုပ်တတ်တော့ဘူး ခြေဆောင့်ပြီး ငိုတော့တာပဲရှင့် ကျွန်မကပဲ သူ့ရှေ့က အမြဲတမ်း ရပ်တည်ပေးခဲ့ရတယ် တခါတုန်းကဆိုရင် ကျွန်မ မှတ်မိပါသေးတယ် ဒုတိယဦးလေးရဲ့ သားတယောက်က သူ့ကို အနိုင်ကျင့်တော့ ကျွန်မက အဲဒီကောင်ကို ရိုက်ပုတ်ပြီး ချက်ချင်းပဲ ရှန်းလင်ကို တောင်းပန်စေခဲ့တယ်လေ အဲဒီတုန်းက ရှန်းလင် ပြောခဲ့တာ ကျွန်မ ကောင်းကောင်းမှတ်မိသေးတယ် ဘာတဲ့ ကျွန်မလို အစ်မတယောက်ရှိတာ သူ့အတွက် အင်မတန် ကံကောင်းတာပဲတဲ့လေ"

စုချန်း တခွန်းမှပြန်မပြောပဲ ခေါင်းကိုငုံ့ကာ ငြိမ်ငြိမ်သက်သက်ပင် နားထောင်နေ၏။

ကျူးရှန်းယောင်၏ ပုံစံမှာ အတော်ပင် စိတ်ထိခိုက်နေဟန်ရှိလေသည်။ ဟေးစု၏ အလိမ်အညာက သူမအား အတိုင်းအတာတခုအထိ ထိခိုက်စေမှန်း မြင်သာနေခဲ့လေပြီ။

တကယ်တော့ ထိုခံစားချက်မျိုးသည် မကောင်းလှ။ အမြန်ဆုံး မေ့ပျောက်ပစ်ရန် လိုအပ်၏။ ကျူးရှန်းယောင်တွင် ရင်ဖွင့်ရမည့်သူ၊ နှစ်သိမ့်ဆွေးနွေးပေးမည့်သူ လိုအပ်နေခြင်းပင်။

သို့သော် သူမ ဘာကြောင့် သူ့ကို ရွေးချယ်လိုက်မှန်းကိုတော့ စုချန်း သဘောမပေါက်ချေ။

ကျူးရှန်းယောင်က စကားဆက်လိုက်ပြန်သည်။

"ဒါပေမဲ့ ရှန်းလင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားတွေ ဘယ်တုန်းက ပျောက်ဆုံးသွားလဲဆိုတာတော့ ကျွန်မ မသိတော့ဘူး ကြည့်ရတာ ကျွန်မရဲ့ ဖြစ်တည်မှုကြောင့် သူ့တက်လမ်း ပိတ်နေတယ် မျိုးနွယ်စုအကြီးအကဲနေရာကို မရနိုင်တော့ဘူးလို့ သူ တွေးမိပြီး ကျွန်မကို မုန်းတီးလာဟန်တူပါတယ် အဲဒီနောက်ပိုင်းမှာတော့ သူဟာ ကျွန်မနဲ့ မျက်လုံးချင်းမဆိုင်တော့ဘူး ကျွန်မကလဲ အကြီးပီပီ သူ ကျွန်မစကားကို နားထောင်ရမယ်ရယ်လို့ အတင်းတွန်းအားပေးခဲ့မိတယ် သူ ခုလို ဖြစ်လာရတာ ကျွန်မရဲ့အပြစ်လဲ မကင်းဘူးလို့ ဆိုရမယ်"

ဤနေရာအရောက်တွင် ကျူးရှန်းယောင်၏ လေသံမှာ တဖြည်းဖြည်း လေးနက်လာ၏။

"နဂါးကျောင်းတော်တိုက်ပွဲကတော့ ကျွန်မဘဝကို အများကြီး အထိနာသွားစေခဲ့တယ် ဦးလေးဆယ့်တစ် သေသွားတယ် ကျွန်မမှတ်ညဏ်တွေ ပျောက်ဆုံးသွားတယ် လူတွေအတော်များများကလဲ ကျွန်မကို လိမ်ညာဖို့ ကြိုးစားခဲ့ကြတယ် ကျွန်မတို့မျိုးနွယ်စုဟာလဲ တော်ဝင်မျိုးနွယ်စုခြောက်စုနဲ့ ရှင်သန်ခြင်းကျောင်းတော်ရဲ့ ပဋိပက္ခကြားမှာ ရောထွေးပါဝင်သွားခဲ့တယ်"

ထိုစကားကိုကြားလိုက်သောအခါ စုချန်း ရင်ခုန်စပြုလာ၏။

ကျူးရှန်းယောင်က စကားဆက်လိုက်ပြန်သည်။

"အဲဒီနောက်မှတော့ သူ့အချိန်ရောက်လာပြီလို့ ရှန်းလင်ရဲ့ စိတ်ထဲမှာ ယူဆလိုက်ပုံရတယ် နေရာတိုင်းမှာ သြဇာလွှမ်းမိုးအောင်ကြိုးစားလာတယ် ကျွန်မရဲ့ အဆင့်အတန်းထက် သာအောင် သူ လုပ်လာတယ် တခါတခါ သူ့လုပ်ရပ်တွေက ဘောင်ကျော်လာလွန်းအားကြီးလို့ ကျွန်မလဲ သူ့ကို သင်ခန်းစာ နည်းနည်းပေးလိုက်တယ် ကျွန်မ ဒီလိုလုပ်လိုက်တာ မှားများမှားသွားလား ရှင် ဘယ်လိုထင်သလဲ"

ကျူးရှန်းယောင်တယောက် ရှန်းလင်က်ို မည်သို့မည်ပုံ သင်ခန်းစာပေးလိုက်မှန်း စုချန်း မသိ။ သို့သော် သူက ခေါင်းညိတ်ရင်း ပြောလိုက်၏။

"မင်း သူ့ကို ဘယ်လိုသင်ခန်းစာပဲ ပေးပေး မင်း မှန်ပါတယ်ကွာ"

ထိုစကားကြောင့် ကျူးရှန်းယောင် ဝမ်းသာသွားဟန်မပေါ်။ သူမက သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။

"ရှင် ဒီလိုပဲ ပြောမှာဆိုတာ ကျွန်မသ်ိတယ် ထျန်းယန် ရှင်ဟာ လူကောင်းပါ ရှင့်ပုံစံက ကြည့်မကောင်းဘူး ပြီးတော့ ရှင်ဟာ ပျင်းရိတယ် ဒါဟာလဲ ရှင့်အပြစ်တော့ မဟုတ်ပါဘူးလေ..."

စုချန်း၏ နဖူးပေါ်တွင် ချွေးများသီးလာ၏။ ထို့နောက် သူက အောက်ပါအတိုင်း တွေးလိုက်မိလေသည်။

ယူထျန်းယန်...မင်းကတော့ ကံကောင်းစပြုလာပြီ...စိတ်ပျက်စရာပုံပန်းသွင်ပြင်နဲ့ ပျင်းရိတတ်တဲ့စရိုက်ဟာ မင်းအပြစ်မဟုတ်ဘူးလို့တော့ သူက ပြောလာပြီ...

ကျူးရှန်းယောင်၏ စကားသံက ဆက်လက်ထွက်ပေါ်လာပြန်၏။

"အဲဒီတုန်းက ကျွန်မလွန်သွားမှန်းတော့ ကျွန်မ သိတယ် ဒေါသထွက်နေလို့လဲ ဖြစ်ကောင်းဖြစ်မှာပေါ့ ဒါမှမဟုတ် သူက အတင်းစိန်ခေါ်နေလို့လားပဲ ဘာပဲဖြစ်ဖြစ် သူ့ကို ကျွန်မ အရှက်မခွဲခဲ့သင့်ဘူး"

ကျူးရှန်းယောင် ခေါင်းကို လေးတွဲ့စွာ ခါယမ်းလိုက်၏။

"နောက်တော့ ကျွန်မ မှားသွားပြီဆိုတာ ကျွန်မသိလိုက်တယ် သူ့ကို သွားတောင်းပန်တယ် ဒါပေမဲ့ သူ လက်မခံတော့ဘူးလေ သူ မာနကြီးလွန်းတယ် ဒီနောက်ပိုင်း သူ တခုခု ပြန်လုပ်လိမ့်မယ်ဆိုတာ ကျွန်မသိနေတယ် ဒါပေမဲ့ ဒီလောက် ဆိုးရွားတာကြီးကို လုပ်လိမ့်မယ်လို့တော့ ကျွန်မ မထင်ခဲ့မိဘူး"

ကျူးရှန်းယောင်၏ ပုံစံမှာ ပို၍ စိတ်ဓာတ်ကျဆင်းလာဟန်ရှိ၏။

ကျူးရှန်းယောင် စိတ်ဓာတ်ကျမည်ဆိုလျင်လည်း ကျလောက်စရာပင်။ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းဟူသည် များစွာကွဲပြားခြားနားလှသည် မဟုတ်ပါလား။ အတိတ်ကာလတွင် စုချန်းနှင့် စုခေါ့ကျိတို့သည်လည်း ခိုက်ရန်ဖြစ်ပွားခဲ့ကြ၏။ သို့သော် တယောက်နှင့်တယောက် လုပ်ကြံသတ်ဖြတ်သည့်အဆင့်သို့ မရောက်အောင်တော့ အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ကြလေသည်။

ဟေးစု၏ အလိမ်အညာက ထိချက်ပြင်းလှချေသည်တကား။ ကျူးရှန်းယောင်တယောက် အတော်ပင် အထိနာသွားမှန်း မြင်သာနေ၏။

အချိန်အတန်ကြာသော် ကျူးရှန်းယောင်က ပြောလိုက်၏။

"ထားလိုက်ပါလေ ဒါတွေကို ရှင်နဲ့ပြောနေလို့ အလကားပါပဲ ဘာပဲဖြစ်ဖြစ် ဒီနေ့ ရှင့်လုပ်ရပ်အတွက် ကျွန်မကျေးဇူးတင်ပါတယ် ထျန်းယန် ဒီနေ့လုပ်ရပ်တင်မဟုတ်ဘူး အရာရာတိုင်းအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ထျန်းယန် ရှင်နဲ့ကျွန်မဟာ မတူညီတဲ့ လမ်းကိုလျှောက်လှမ်းနေရတဲ့ လူတွေလိုပဲ ဒါကြောင့် ရှင်သာ ညဏ်ကောင်းရင် အိမ်ပြန်ရောက်တာနဲ့ ကျွန်မတို့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းလိုက်သင့်တယ်..ကျွန်မတို့လဲ သူငယ်ချင်းကောင်းတွေအဖြစ် နေထိုင်သွားနိုင်လိမ့်မယ်"

စုချန်း စဥ်းစားဟန် ပြုလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ် အခွင့်အရေးတခု လိုချင်တယ်"

"အခွင့်အရေး ဟုတ်လား"

ကျူးရှန်းယောင် ကြောင်အန်းအန်း ဖြစ်သွား၏။

"ဟုတ်တယ် အခွင့်အရေး ကျုပ်တို့ လာရင်းကိစ္စ ပြီးတဲ့အထိ မင်း ကျုပ်ကို သဘောကျမလာဘူးဆိုရင် အိမ်​ပြန်ရောက်တာနဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ကျုပ် ဖျက်သိမ်းပေးမယ် ဒီမတိုင်ခင်တော့ ကျုပ်ကိုယ်ကျုပ် သက်သေပြဖို့အခွင့်အရေးတခု လိုချင်တယ် မင်း ပေးနိုင်မလား"

စုချန်းအား အံ့သြတကြီးနှင့် စိုက်ကြည့်ပြီး ကျူးရှန်းယောင်က ပြောလိုက်သည်။

"ရှင် ဒီနေ့ တော်တော်ပြောင်းလဲနေတာပဲ"

စုချန်း ဟန်ဆောင်လိုက်၏။

"လူ....ဆိုတာ...ပြောင်းလဲတတ်တယ်...ကျူးရှန်းယောင် ပြောင်းလဲနိုင်ရင်....ကျုပ်လဲ...ပြောင်းလဲနိုင်တယ်...ကျုပ် တကယ့်ယောကျာ်းစစ်စစ်တယောက် ဖြစ်တယ်ဆိုတာ...မင်းကို သက်သေပြချင်တယ်"

ဤသည်မှာပင် ကျူးရှန်းယောင်အား ကိုင်တွယ်ရန် စုချန်း ကြိုတင်ပြင်ဆင်ထားသည့် နည်းလမ်း ဖြစ်သည်။ ဤနည်းအားဖြင့် ယူထျန်းယန် ယခင်နှင့်မတူကြောင်း သူမ သတိထားမိသွားသည့်တိုင်အောင် သူသည် ကိုယ့်ကိုယ်ကို ပြောင်းလဲရန် ကြိုးစားနေခြင်းကြောင့်သာဖြစ်ကြောင်း သူမ ယူဆသွားပေလိမ့်မည်။ အနည်းဆုံးတော့ သူမအနေနှင့် ယူထျန်းယန်၏ ထူးခြားသော အမူအရာများကို ခပ်မြန်မြန် သံသယဖြစ်ဖွယ်ရာ မရှိတော့။

စုချန်း၏ စကားကိုကြားရသောအခါ ကျူးရှန်းယောင် ရယ်မောလိုက်၏။

"ရှင် တော်တော် သတ္တိရှိလာတာပဲ ဟုတ်ပါတယ်လေ ကျွန်မလဲ ပြောင်းလဲနိုင်တယ် ရှန်းလင်လဲ ပြောင်းလဲနိုင်တယ် ရှင်လဲ ပြောင်းလဲနိုင်တယ် လူတိုင်း ပြောင်းလဲနိုင်တယ် ဒါပေမဲ့ ကောင်းသော ပြောင်းလဲခြင်းမျိုးတော့ ဟုတ်ချင်မှဟုတ်မှာပေါ့"

စုချန်း ပါးစပ်ပိတ်ထားလိုက်၏။

အတန်ကြာမှ ကျူးရှန်းယောင်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ကောင်းပြီလေ ရှင့်သဘောပဲ ဒါပေမဲ့ သိပ်တော့ မျှော်လင့်ချက်မထားနဲ့ ထျန်းယန် ရှင် ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ ကျွန်မအနေနဲ့ ရှင့်အပေါ် ဘာခံစားချက်မှ ရှိလာမယ် မထင်ဘူး ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ ပြောင်းလဲခြင်းက ကောင်းသောပြောင်းလဲခြင်းမျိုး ဖြစ်လာဖို့ကိုတော့ ကျွန်မ မျှော်လင့်ပါတယ်လေ"

"မင်း သေချာပေါက် ကျုပ်ကို ချစ်လာပါလိမ့်မယ်ဗျာ"

အထက်ပါအတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိသော ဟန်ပန်နှင့် ပြောဆိုပြီးသည်နှင့် အခန်းတွင်းမှ စုချန်း ချာခနဲ လှည့်ထွက်လာခဲ့လေသည်။

စုချန်းကိုကြည့်ရင်း ကျူးရှန်းယောင်တယောက် အားရပါးရ ရယ်မောကာ ကျန်နေရစ်၏။

အထက်ပါ မြင်ကွင်းကို ချီမင်းဖန် စောင့်ကြည့်နေမှန်းကိုတော့ ကျူးရှန်းယောင် မသ်ိနိုင်ခဲ့ချေ။

မှန်သားပြင်ပေါ်တွင် ပေါ်နေသော ပုံရိပ်များကို ကြည့်ရင်း ချီမင်းဖန် တဟဲဟဲနှင့် ရယ်မောလိုက်သည်။

"ကျုပ်တို့ရဲ့ မင်းသားလေးစုကတော့ မိန်းမလှလေးရဲ့ နှလုံးသားကို မင်းအတွက် အရယူပေးတော့မဲ့ဟန် ပေါ်နေတယ်ဟေ့"

ထိုသို့ပြောပြီးသည်နှင့် သူက အခန်းထောင့်တွင် ကြိုးနှင့်အတုပ်ခံထားရသော ယူထျန်းယန်ကို လှည့်ကြည့်လိုက်သည်။

ယူထျန်းယန်ကလည်း ချီမင်းဖန်အား ပြူးကြောင်ကြောင်နှင့် ပြန်ကြည့်နေ၏။ သူ့ပုံစံမှာ အလွန်အမင်း ကြောက်လန့်နေဟန် ရှိလေသည်။

________×××__________×××_________

အနောက်လိုင်နာရဲတိုက်၏ မြေအောက်အကျဥ်းခန်းအတွင်းတွင် ဖြစ်သည်။

ဟေးစုတယောက် အခန်းထဲတွင် ထိုင်ရင်း မျက်နှာကျက်အား အဓိပ္ပာယ်ကင်းမဲ့စွာ စိုက်ကြည့်နေ၏။ သူ့မျက်နှာမှာ လူရုပ်မပေါ်တော့သည်အထိ ထိုးကြိတ်ခံထားရ၍ ဖူးဖူးယောင်နေ၏။ သူ့နှာခေါင်းရိုးမှာလည်း စုချန်း၏ လက်ချက်ကြောင့် သွင်သွင်ကျိုးနေလေသည်။ သို့သော် သူသည် ယခုတိုင် ကောင်းစွာ သတိရှိနေသေး၏။

ခနအကြာတွင်တော့ စင်္ကြန်လမ်းဆီမှ ခြေသံသဲ့သဲ့ပေါ်လာပြီး စုချန်း ဝင်လာ၏။ သူ့တဖက်တချက်စီတွင်တော့ သဲမျိုးစိတ်ဝင်အစောင့်နှင့် ကျူးမျိုးနွယ်အစောင့်တို့ ကပ်လျက်ပါလာလေသည်။

အခန်းရှေ့သို့ ရောက်သည်နှင့် စုချန်းက ခြေစုံရပ်ကာ ဟေးစုအား စိုက်ကြည့်လိုက်သည်။ ထိုခနမှာပင် ဟေးစု၏ မျက်လုံးအစုံသည် ပြာခနဲ ဖြစ်သွား၏။ ထို့နောက် သူသည် ပန်းဥယျာဥ်တခုအတွင်းသို့ ရောက်ရှိနေကြောင်း ဟေးစု တွေ့လိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် အရောင်အသွေးစုံလင်သော ပန်းများ ရှိနေ၏။ ကျေးငှက်သာရကာများလည်း တေးဆိုနေကြ၏။

"ဒါ..."

"ဒါ ကျုပ်ရဲ့ ပုံရိပ်ယောင်နယ်မြေပဲ ဒီအထဲ ခင်ဗျား တကြိမ်ရောက်ဖူးပြီးသွားပြီလေ မမှတ်မိဘူးလား"

စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"ဒါ မင်းဖန်တီးထားတဲ့ ပုံရိပ်ယောင်နယ်မြေပေါ့ ဟုတ်လား"

"ဟုတ်တယ် ရန်သူတွေကို ထောင်ချောက်ဆင်လို့ရအောင် ကျုပ် ဖန်တီးထားတာ ဒါကို ခင်ဗျားနဲ့ စကားပြောဖို့ သုံးရလိမ့်မယ်လို့တော့ ကျုပ် ထင်မထားမိခဲ့ဘူး"

"မင်းဘေးနားက အစောင့်တွေက ဒါကို သတိမထားမိဘူးလား"

"ခနတဖြုတ်တော့ ဒီကောင်တွေ သတိမထားမိပါဘူးလေ"

"ကောင်းတာပေါ့ ဒါဆို မင်းရဲ့ အစီအစဥ်က ဘာလဲ ကျုပ်ကို ပြောစမ်းပါအုံး"

"အစီအစဥ်ကို မပြောခင် ခင်ဗျားကို အရင်ဆုံး မေးစရာရှိတယ် ခင်ဗျားအနေနဲ့ လေဟာနယ်လက်စွပ်ထဲမှာ ဝင်ပုန်းနိုင်သလား...."

***

All Chapters