အစီအစဥ် ၂
Vol. 52 Ch. 520
အနောက်လိုင်နာရဲတိုက်၏ အရှေ့ဘက်ခြမ်းတွင် အခန်းတခန်း ရှိနေ၏။ ထိုအခန်းမှာ ကျယ်ဝန်းပြီး အတွင်းပိုင်းကိုလည်း သပ်သပ်ရပ်ရပ် ဖွဲ့စည်းထားလေသည်။
ထိုအခန်းမှာကား စုချန်း၏ အခန်းပေတည်း။
ပြတင်းပေါက်ဆီမှ အပြင်က်ို စုချန်းတယောက် ငေးမောကြည့်ရှုနေ၏။ သူ့ပုံစံမှာ အတွေးနယ်လွန်နေဟန်ရှိသည်။ တကယ်တော့ ချီမင်းဖန်၏ စကားကို သူ နားစွင့်နေခြင်းပင်။
"ကဲ ယူထျန်းယန်နဲ့ ကျူးမျိုးနွယ်စုနဲ့ပတ်သက်ပြီး ဒါ ကျုပ်တို့သိရသမျှ အကုန်ပဲ ကံဆိုးတာက ယူထျန်းယန်ကိုယ်တိုင်လဲ ကျူးမျိုးနွယ်စု ဘာကြောင့် ဒီကိုလာရသလဲ အတိအကျ မသိဘူး ဖြစ်နေတယ် ကျူးရှန်းယောင်က အင်မတန် သံသယကြီးတာကလား ဒါနဲ့ စုချန်း မင်းရဲ့ နောက်ထပ်အစီအစဥ်က ဘာလဲ မင်း ဘာဆက်လုပ်မှာလဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"အရင်ဆုံး ကျုပ်တို့အချင်းချင်း အဆက်အသွယ်လုပ်တာကို အကန့်အသတ်နဲ့ပဲ လုပ်ရမယ် ဒီနေရာမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေ အပြည့်ပဲ ကျုပ်တို့ မကြာခန ဆက်သွယ်ပြောဆိုနေရင် သူတို့ သိပ်မကြာခင် ရိပ်မိသွားနိုင်တယ် ဒါကြောင့် နောက်ပိုင်းမှာ လူတွေ သတိလက်လွန်အဖြစ်ဆုံးအချိန်ဖြစ်တဲ့ မနက်ခင်းပိုင်းလောက်ပဲ တရက်ကိုတကြိမ် ခင်ဗျားနဲ့ ပြောတော့မယ် ကျုပ်ဆီက ဘာသတင်းမှ မကြားရင်လဲ ခင်ဗျား စိတ်မပူနဲ့ လိုက်လဲမရှာနဲ့ ကျုပ်အနေနဲ့ ဟေးစုရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းရှာရအုံးမယ် သူတို့ သူ့ကို မသတ်ဖို့ဆိုတာက သူ့အသက်ဟာ ဒီထက်မက တန်ဖိုးကြီးကြောင်း သူတို့ လက်ခံလာဖို့ လိုတယ် ပြီးတော့ မိုးသခင်ကြီး ခင်ဗျားက ရဲတိုက်အပြင်ကနေပြီး နည်းနည်း လှုပ်လှုပ်ရှားရှား လုပ်ပေးပါ ဒါမှ ဒုတိယသခင်မလေးက ဟေးစုအပြင် တခြားလူတွေပါ စေလွှတ်လိုက်ကြောင်း ကျူးရှန်းယောင် ယုံကြည်လာလိမ့်မယ်"
"လူတယောက်တည်းအတွက် ဒီလောက် အလုပ်ရှုပ်ခံရတာ တန်လို့လားကွာ"
"ဘာလဲ ခင်ဗျားတို့ ရှင်သန်ခြင်းကျောင်းတော်က ကိုယ့်လူတွေရဲ့အသက်ကို တန်ဖိုးမထားကြဘူးလား"
စုချန်း၏ စကားကြောင့် ချီမင်းဖန် ရယ်မောလိုက်၏။
"မဟုတ်ဘူးကွ ကျုပ်တို့အဖွဲ့အစည်းကိုက ရှုံးနိမ့်တာဟာ သေတာနဲ့အတူတူပဲလို့ ယူဆထားတဲ့ သဘောပါ"
"ကျုပ်ကတော့ ဒီလို မယူဆဘူးဗျ ယုတ်စွအဆုံး ကျုပ် ရှုံးနိမ့်နေခဲ့ရင်တောင်မှပေါ့"
စုချန်း၏ စကားကြောင့် ချီမင်းဖန် အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
"ဘာမှမလုပ်ဘူး စောင့်ကြမယ်"
"ဘာကိုစောင့်မှာလဲ"
"ပေါလ် ထွက်ခွာသွားမဲ့အချိန်ကိုပေါ့ဗျာ"
ပေါလ် ဘယ်အချိန် ရဲတိုက်မှ ထွက်ခွာသွားမည်နည်း။ ၎င်းတို့၏ စေ့စပ်ညှိုနှိုင်းမှု အဆုံးသတ်ချိန်တွင် ထွက်ခွာသွားမည်ဟု ယူဆရပေသည်။
နှစ်ရက်ခန့်အကြာတွင် ဖြစ်သည်။
ရဲတိုက်ဒုတိယထပ်ရှိ အခန်းတခန်းတွင် ပေါလ်နှင့် ကျူးရှန်းယောင်သည် အကြိတ်အနယ် ဆွေးနွေးနေကြ၏။
"မူလကျောက်တုံး ဆယ်မီလျံ အနည်းဆုံး မူလကျောက်တုံး ဆယ်မီလျံတော့ ခင်ဗျားတို့ ပေးမှရမယ် ကျုပ်နဲ့ သဘောတူညီမှုရချင်တယ်ဆိုရင်ပေါ့"
ပေါလ်က သူ၏ ကြီးမားဆူဖြိုးလှသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်၏။
ပေါလ်နှင့် မျက်နှာချင်းဆိုင်တွင်တော့ ကျူးရှန်းယောင်၊ ကျူးပိုင်ယုနှင့် စုချန်းတို့ ရှိနေကြလေသည်။
ရက်အတော်ကြာအောင် ဆွေးနွေးပြီးနောက် အနည်းဆုံး ပေးချေရမည့်နှုန်းထားနှင့် ပတ်သက်၍ သဘောတူညီချက်မရသေးသည်မှအပ ကျန်အချက်တော်တော်များများကို သူတို့ သဘောတူညီမှုရခဲ့ပြီး ဖြစ်သည်။
ပေါလ်၏ စကားကြောင့် ကျူးရှန်းယောင်နှင့် ကျူးပိုင်ယုတို့ တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြ၏။ ထို့နောက် ကျူးရှန်းယောင်က ပြောလိုက်သည်။
"ပြသနာမရှိပါဘူး ကျွန်မတို့ ဒီပမာဏကို ပေးချေဖို့ သဘောတူတယ် ဒါပေမဲ ဒီလောက် မူလကျောက်တုံးအများကြီးတော့ ကျွန်မတို့မှာ မပါလာဘူး မျိုးနွယ်စုဆီ ပြန်မှာရမယ် ဒါကလဲ တလလောက်တော့ ကြာမယ်ရှင့်"
"ပြသနာမရှိဘူး"
ပေါလ်က ခေါင်းညိတ်သဘောတူလိုက်သည်။ သူ့အနေနှင့် မည်မျှပင် အမြင်ကျဥ်းမြောင်းသည်ဖြစ်စေ တလမဟုတ်။ တနှစ် စောင့်ဆိုလျင်လည်း စောင့်နိုင်ပေသည်။
"ကောင်းပြီလေ ဒီအတောအတွင်းမှာတော့ ဒီရဲတိုက်မှာပဲ ကျွန်မတို့ အခြေပြုထားချင်တယ် ဒီနေရာက ဝေးလံသီခေါင်ပြီး တိတ်ဆိတ်တယ် ဒီမှာ ခနနေလို့ ရှင့်အတွက် ပြသနာမရှိဘူး ထင်ပါတယ်"
ကျူးရှန်းယောင်က ပြောလိုက်၏။
"ရပါတယ် ကျုပ်တို့ သဘောတူညီချက် ရှိနေသ၍ ဒီမှာ ခင်ဗျားတို့ စိတ်ကြိုက်နေနိုင်တယ်"
ပေါလ်က အနည်းငယ်မှ စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းအချက်ပြလိုက်ရာ သဲမျိုးစိတ်အစေခံတယောက် ချက်ချင်းရောက်လာပြီး သူတို့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။
ထိုအခါ ပေါလ်က ပြောလိုက်၏။
"သူ့နာမည် ကူလာလို့ခေါ်တယ် ရဲတိုက်အစောင့်ခေါင်းဆောင်ပဲ ကျုပ် ဒီမှာ ကြာကြာမနေနိုင်ဘူး ခင်ဗျားတို့ကို ကူလာ ဂရုစိုက်ပေးလိမ့်မယ် ကူလာ မင်းက ဧည့်သည်တော်ကြီးတွေ လိုအပ်တာမှန်သမျှ လုပ်ပေးလိုက်ပါ"
ကူလာက ခေါင်းငုံ့ပြီး ပြောလိုက်သည်။
"အမိန့်အတိုင်းပါခင်ဗျာ"
စုချန်း၏ ရင်ထဲတွင်တော့ ဘာကြောင့်မှန်းမသိ ထူးဆန်းသော ခံစားချက်တရပ် ပေါ်ထွန်းနေ၏။
ထိုနေ့တွင် စေ့စပ်ညှိုနှိုင်းမှု အဆုံးသတ်သွားပြီ ဖြစ်လေရာ ပေါလ်တယောက် သူ့တပည့်လက်သားများကို ခေါ်ကာ အနောက်လိုင်နာရဲတိုက်မှ ထွက်ခွာသွား၏။ ရဲတိုက်သည်လည်း ယခင်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျန်ရစ်ခဲ့လေသည်။
_________×××_________×××_________
တညတွင်တော့ စုချန်းသည် သူ့အခန်းထဲတွင် စိတ်အေးလက်အေးနှင့် အနားယူလျက်ရှိသည်။ ထိုအချိန်မှာပင် အခန်းပြင်မှ တံခါးခေါက်သံတချက်ကို သူ ကြားလိုက်ရသည်။
တံခါးလာခေါက်သူမှာ ကျောင်ကျင်းဝင်ပေတည်း။
"သခင်မလေးက ခင်ဗျားကို ခနလာခဲ့ပါအုံးတဲ့"
ကျူးရှန်းယောင်ကား သူ့အခန်းထဲမှာပင် စုချန်းအား စောင့်ဆိုင်းလျက်ရှိသည်။ သို့သော် အခန်းထဲတွင် သူမ တယောက်တည်းမဟုတ်။ ကျူးပိုင်ယု၊ အိမ်တော်ထိန်းကျူးကျို့၊ ကျောက်ကျင်းဝင်နှင့်တခြားလူများပါ ရှိနေ၏။ ၎င်းတို့အားလုံးလိုလိုသည် ကျူးရှန်းယောင် ယုံကြည်ရသော လက်အောက်ငယ်သားများပင်။
"ဆဌမဦးလေး"
ကျူးရှန်းယောင်က ကျုးပိုင်ယုအား စိုက်ကြည့်ပြီး ခေါ်လိုက်သည်။
ကျူးပိုင်ယု ခေါင်းညိတ်လိုက်၏။
"တခန်းလုံးကို ကျုပ် စစ်ဆေးပြီးပြီ ဒီအထဲမှာ ကျုပ်တို့စကားပြောတာကို ထောက်လှမ်းနိုင်တဲ့ မူလကိရိယာတွေ မရှိဘူး"
"တယောက်ချင်းစီကို စစ်ဆေးကြည့်ပါအုံး ဦးလေး"
ကျူးရှန်းယောင်၏ စကားကြောင့် စုချန်း ရင်ခုန်သွားလေသည်။
တစုံတခုများ သံသယဖြစ်စရာ တွေ့နေခဲ့ပြီလော။
ကံကောင်းသည်မှာ စုချန်းတွင် မည်သည့်မူလကိရိယာမှ ဆောင်ထားခြင်းမရှိ။ ထို့ကြောင့် သူသည် စစ်ဆေးမှုကို အခြားသူများကဲ့သို့ပင် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့၏။
လူတိုင်းအား စိတ်ကျေနပ်အောင် စစ်ဆေးပြီးသည်နှင့် ကျူးရှန်းယောင်က စကားစလိုက်သည်။
"ပေါလ်က မူလကျောက်တုံး ဆယ်မီလျံတောင်းလာတယ်ဆိုတော့ ကျွန်မတို့ ဒါကို အကြောင်းပြုပြီး အချိန်ဆွဲနိုင်ခဲ့တယ် ဒီတလအတွင်းမှာ လာရင်းကိစ္စကို ကျွန်မတို့ အောင်မြင်အောင် ဆောင်ရွက်ရမှာပဲ"
လက်စသတ်တော့ ဒါတွေအားလုံး လှည့်စားမှုပဲကိုး...ဒီအတိုင်းဆိုရင် သူတို့မှာ တခြားရည်မှန်းချက်ရှိနေတာပဲ...
ကျူးရှန်းယောင်၏ စကားကို ကြားလိုက်သည်နှင့် စုချန်း အထက်ပါအတိုင်း တွေးမိလေသည်။
ကျောက်ကျင်းဝင်က ပြောလိုက်ပြန်သည်။
"တလဆိုတာ ခနလေးပဲ ပေါလ်ဟာ ဒီရဲတိုက်ကို အကြာကြီး ပိုင်ဆိုင်ထားခဲ့ပေမဲ့ ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ရှာမတွေ့ခဲ့ဘူး ဒါကြောင့် ဒီရတနာတွေကို အလွယ်တကူ ရှာမတွေ့နိုင်မှန်း သိသာနေတယ်"
ကျောက်ကျင်းဝင်၏ စကားကြောင့် စုချန်း၏ နားထဲတွင် ဗုံးပေါက်သကဲ့သို့ ခံစားလိုက်ရသည်။
တချိန်တည်းမှာပင် ကျူးရှန်းယောင်တို့လူစု ဘာကြောင့် ဤနေရာသို့ ရောက်လာမှန်း စုချန်း ဆက်စပ်မိသွား၏။ ကျူးမျိုးနွယ်စုသည် ရှင်သန်ခြင်းကျောင်းတော်နဲ့ တိုက်ပွဲဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်းအတော်ပင် ကြာသွားခဲ့လေပြီ။ ဤအတောအတွင်းတွင် ဖမ်းဆီရမိသည့် သုံပန်းများကို စစ်ဆေးမေးမြန်းရာမှလည်းကောင်း၊ တခြားသဲလွန်စများကြောင့်သော်လည်း အနောက်လိုင်နာရဲတိုက်တွင် ကက်ပီးယပ်စ်၏ ကြွင်းကျန်ရစ်သော ရတနာများ ရှိနေကြောင်း သူတို့အနေနှင့် တစွန်းတစ သိရှိသွားနိုင်ဖွယ်ရာ ရှိနေသည် မဟုတ်ပါလား။
မည်သို့ဆိုစေ ကျူးရှန်းယောင်၏ အစီအစဥ်သည် ချီမင်းဖန်၏ အစီအစဥ်ထက် များစွာသေသပ်ကြောင်းကိုတော့ စုချန်း ဝန်ခံရပေလိမ့်မည်။ တစုံတယောက်၏ စိတ်က်ို ထိန်းချုပ်ခြင်းဟူသည်မှာ သေချာရေရာသည့် ကိစ္စမဟုတ်။ ရေရှည်တွင် သူတို့၏ အကြံအစည်အားလုံး ဘူးပေါ်သလို ပေါ်သွားနိုင်၏။ ကျူးရှန်းယောင်၏ အစီအစဥ်ကတော့ ပို၍ သေသပ်ပြီး အချိန်အတော်ကြာသည်အထိ အာမခံချက် ရှိပေသည်။
သို့သော် ကျူးရှန်းယောင်တို့အနေနှင့်လည်း ကံက သိပ်မကောင်းလှဟု ဆိုနိုင်သည်။ အကြောင်းမှာ ပေါလ်က သူတို့အား အချိန်တလသာ ပေးခဲ့သည် မဟုတ်ပါလား။
ကျူးရှန်းယောင်က ပြန်ပြောလိုက်၏။
"ဒါကိုတော့ ကျွန်မတို့လဲ ဘာမှမတတ်နိုင်ဘူး တလဆိုတော့လဲ တလပဲပေါ့ ရသမျှအချိန်အတွင်းမှာ လူတိုင်း အားစိုက်ပြီးရှာရမှာပေါ့ မဟုတ်ဘူးလား ဒါနဲ့ ထျန်းယန်"
"အင်း"
မမျှော်လင့်ပဲ သူ့နာမည်ကို အခေါ်ခံလိုက်ရသဖြင့် စုချန်း ကြောင်သွား၏။
ဘာလဲဟ...အစီအစဥ်ထဲမှာ ငါလဲ ပါနေတာလား...
စကားမစခင် ကျူးရှန်းယောင်က သက်ပြင်းချလိုက်သည်။
"ရှင့်ကို ဘာကြောင့် အတင်းခေါ်လာသလဲ ရှင် သိပ်သိချင်ခဲ့တယ် ခု ဒါကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြမယ် ရှင် ကက်ပီးယပ်စ်ကိုတော့ သိတယ်မလား"
"အင်း ကျုပ် နည်းနည်းပါးပါးတော့ သ်ိပါတယ်"
စုချန်းက လေးတွဲ့သော လေသံနှင့် ဖြေလိုက်၏။
မျှော်လင့်ထားသည့်အတိုင်း ကျူးရှန်းယောင်သည် ကက်ပီးယပ်စ်၏ အကြောင်းကို စုချန်းအား ကျကျနနပင် ရှင်းပြနေ၏။ သူမအနေနှင့် ကက်ပီးယပ်စ်နှင့် ပတ်သက်၍ အတော်ပင် လေ့လာထားကြောင်း ယုံမှားသံသယဖြစ်နေစရာ မလိုတော့။ တချို့အကြောင်းအရာများဆိုလျင် စုချန်း ကြားပင်မကြားဖူးချေ။ မည်သို့ဆိုစေ တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများဖြစ်၍ စုချန်းက စိတ်ဝင်တစားနှင့်ပင် နားထောင်နေလိုက်လေသည်။
"ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကက်ပီးယပ်စ် ကြွင်းကျန်ထားရစ်ခဲ့တဲ့ ရတနာတွေကို ရှာဖွေဖို့ပဲ ကျွန်မ ဘာကြောင့် ရှင့်ကို ခေါ်လာခဲ့ရသလဲဆိုတာ ဒီလောက်ဆိုရင် ရှင် သိသင့်ပြီ ကျွန်မပြောတာ ဟုတ်သလား"
ကျူးရှန်းယောင်က စကားကို အထက်ပါ မေးခွန်းနှင့် အဆုံးသတ်လိုက်၏။
***