← Chapters

ရဲတိုက်အား ရှာဖွေခြင်း ၁

Vol. 53 Ch. 521

ရဲတိုက်အား ရှာဖွေခြင်း ၁

Vol. 53 Ch. 521

မျိုးနွယ်စုတိုင်းလိုလိုတွင် ဝှက်ဖဲများ၊ လျှို့ဝှက်နည်းစနစ်များ အသီးသီး ရှိကြကုန်၏။

ထိုနည်းစနစ်များထဲမှ တချို့မှာ မွေးရာပါနည်းစနစ်များ ဖြစ်ကြပြီး တချို့မှာ လေ့ကျင့်ရင်း သင်ယူရင်းနှင့်မှ တတ်ကျွမ်းလာနိုင်သော နည်းစနစ်များ ဖြစ်ကြသည်။

ဝက်နဂါးမျိုးနွယ်စု သို့မဟုတ် ယူမျိုးနွယ်စု။

၎င်းတို့၏ သွေးဗီဇမှာကား အစောပိုင်းအခြေအနေများတွင် မြုံနေသော သဘောရှိသောကြောင့် ငယ်စဥ်နုစဥ် အရွယ်များတွင် ၎င်းတို့သည် အတော်ပင် အားနည်းကြကုန်၏။

ယူမျိုးနွယ်စုများကလည်း ထိုအခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ထားလေရာ ၎င်းကို အစားထိုးနိုင်ရန် တခြားစွမ်းရည်တမျိုးကို ပေါက်ရောက်အောင် လေ့ကျင့်ထားကြလေသည်။

ယူမျိုးနွယ်များ လေ့ကျင့်ထားသော စွမ်းရည်မှာကား ကန့်သတ်မူလပုံစံကွက်များပင်တည်း။

ထို့ကြောင့် ယူမျိုးနွယ်စုဝင်တိုင်းလိုလိုသည် ကန့်သတ်မူလပုံစံကွက်ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြ၏။ ၎င်းတို့အနေနှင့် သွေးဗီဇ မနိုးထလာသေးသရွေ့ ကျင့်ကြံခြင်းလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းရန် မလိုသေးလေရာ မူလပုံစံကွက်များနှင့် ပတ်သက်၍ အချိန်ပေးလေ့ကျင့်နိုင်ကြ၏။ ထို့ကြောင့် သွေးဗီဇ မနိုးထသေးသည့် အချိန်တွင် ကန့်သတ်မူလပုံစံကွက်များသည် ၎င်းတို့ဖြစ်တည်မှုအတွက် အခရာကျနေသည်ဟု ဆိုနိုင်၏။

ကျူးရှန်းယောင်အနေနှင့် လျှို့ဝှက်ခန်းများအား ရှာဖွေမည်ဆိုပါက အနောက်လိုင်နာရဲတိုက်အတွင်းရှိ ကန့်သတ်ချက်မှန်သမျှကို ချိုးဖျက်ကျော်လွှားရန် လိုအပ်နေ၏။ ၎င်းမှာ သူမအား နောက်ကွယ်မှ ပံ့ပိုးကူညီပေးမည့် ကန့်သတ်မူလပုံစံကွက်ဆိုင်ရာ ပညာရှင်တယောက် လိုအပ်နေသည်ဟု ဆိုလိုနေခြင်းပင်။

ထိုအတွက် အသင့်တော်ဆုံးသော လူမှာလည်း ယူထျန်းယန်မှလွဲ၍ တခြားမရှိချေ။

ကျူးရှန်းယောင်သည် စကားဆုံးသည်နှင့် စုချန်းအား စိုက်ကြည့်လိုက်သည်။

စုချန်းကိုယ်တိုင်လည်း ယခုမှ ယူထျန်းယန်ကို ကျူးရှန်းယောင် ဘာကြောင့်ခေါ်လာမှန်း နားလည်သွား၏။

ထိုအခါ သူ ကြိတ်၍ ကျိန်ဆဲမိလေသည်။

သေပြီ...ငါတော့ သေပြီ...

စုချန်းသည် ကန့်သတ်မူလပုံစံကွက်များနှင့်ပတ်သက်၍ ကျွမ်းကျင်သူ မဟုတ်။ ရွှေရေအပျက်အစီးသိုက်အတွင်း ရှိနေစဥ် ကျန့်ဟန်ဖန်းနှင့် တခြားလူများထံမှ မူလပုံစံကွက်များနှင့် ပတ်သက်၍ အတော်အသင့် တီးခေါက်မ်ိခဲ့သော်လည်း ဤပုံစံကွက်များအကြောင်းကို ဆယ်စုနှစ်ချီ လေ့လာခဲ့သော ယူထျန်းယန်နှင့်စာလျင် စုချန်းသည် တကယ့်ငချွတ်လေးမျှသာ။

သို့သော် အခြေအနေက ဤသောင်ဤကမ်းသို့ ဆိုက်လာမှတော့ စုချန်း ဘာတတ်နိုင်တော့မည်နည်း။ ထိုအခါ သူက ပြောလိုက်သည်။

"ကောင်းပြီလေ ကက်ပီးယပ်စ်ရဲ့ ကြွင်းကျန်ရစ်တဲ့ ပစ္စည်းတွေကို ရှာဖွေဖို့ ကျုပ် မင်းကို အတတ်နိုင်ဆုံး ကူညီပါ့မယ်"

"ဒါဆိုရင် ရှင် လုပ်ငန်းစလို့ရပြီ ကျွန်မ ရှင့်ကို ကူညီဖို့ ကျင်းဝင်ကို အဖော်ထည့်လိုက်မယ်"

"ရတယ် မလိုပါဘူးကွာ ကျုပ်တယောက်တည်းဆို လုံလောက်ပါပြီ ကျုပ်နောက်က လူတယောက် လိုက်လာတာ ကျုပ် မကြိုက်ဘူးကွ"

စုချန်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုအတွက် ကျူးရှန်းယောင် အတော်လေး အံ့သြသွား၏။ တကယ်တော့ ပြန်တွေးကြည့်လျင် ၎င်းမှာ အံ့သြစရာတော့မရှိ။ မည်သည့်မျိုးနွယ်စုမဆို ၎င်းတို့၏ လျှို့ဝှက်နည်းစနစ်များကို တပါးသူ မမြင်အောင် ဖုံးကွယ်ထားလေ့ရှိကြသည် မဟုတ်ပါလား။ သို့သော် စုချန်း၏ ခိုင်မာသောလေသံကတော့ ကျူးရှန်းယောင်ကို အမှန်တကယ်ပင် အံ့သြသွားစေလေသည်။ ထိုအခါ သူမက စုချန်းအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ရှင် တကယ်ကို ပြောင်းလဲသွားတာပဲ"

စုချန်းကလည်း ကျူးရှန်းယောင်၏ စကားအား သံယောင်လိုက်ရင်း ပြောလိုက်သည်။

"ကျုပ် ပြောင်းလဲသွားပြီလို့ မင်းကို ပြောထားသားပဲ"

သို့သော် မည်မျှပင် လေးနက်သော အမူအရာပြနေစေကာမူ ဝဖိုင့်ဖိုင့်နိုင်လှသော သဏ္ဍာန်ကြောင့် စုချန်း၏ ပုံစံမှာ ရည်ဖွယ်ရာကောင်းနေ၏။

ကျူးရှန်းယောင်ကတော့ စုချန်းကို အားပေးစကားပြောလိုက်လေသည်။

"ကျွန်မကတော့ ရှင်ပြောတာ ယုံချင်စိတ်ပေါက်လာပြီ"

အခန်းထဲသို့ ပြန်ရောက်သည်နှင့် စုချန်းသည် ဆက်သွယ်ရေးမူလကိရိယာကို ဆွဲထုတ်ပြီး ချီမင်းဖန်ကို ခေါ်လိုက်၏။

"မိုးသခင်ကြီး"

"ဘာဖြစ်တာတုန်းကွ ကျုပ်တို့ မနက်ခင်းပိုင်းတွေမှာပဲ အချင်းချင်း ဆက်သွယ်မယ်လို့ ပြောထားတယ်မလား ကိုယ့်စည်းမျဥ်းကိုယ် ပြန်ချိုးဖောက်ရအောင် ဘာပြသနာတွေများ တက်နေလို့လဲ"

စုချန်း သက်ပြင်းချရင်း သူ သိထားသမျှ အကြောင်းအရာများအား ချီမင်းဖန်က်ို ပြန်ပြောပြလိုက်သည်။

ကျူးမျိုးနွယ်စုလည်း ကက်ပီးယပ်စ်၏ ရတနာများအား လိုက်လံရှာဖွေနေသည်ကို သိလိုက်ရသောအခါ ချီမင်းဖန် မှင်သက်သွား၏။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီသတင်း ဘယ်လိုလုပ် ပေါက်ကြားသွားတာလဲ"

"ဒါကတော့ ခင်ဗျားရဲ့ လူတချိို့ အဖမ်းခံရလို့ပေါ့ဗျာ"

စုချန်းက အဖြေထုတ်ပေးလိုက်သည်။

"မဟုတ်သေးဘူးကွ ဒီသတင်းကို ထိပ်ပိုင်းက လူတွေပဲ သိထားတာ ကျုပ် သိထားသလောက် ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေ ကျူးမျိုးနွယ်စုဆီမှာ အဖမ်းခံရတာ မရှိပါဘူး"

"ဒါဆိုရင်တော့ နောက်ထပ် ဖြစ်နိုင်ဖွယ်ရာ အဖြေက တခုပဲ ရှိတော့တယ်"

ရှင်သန်ခြင်းကျောင်းတော်၏ ထိပ်ပိုင်းမှ တစုံတယောက်သည် ကျူးမျိုးနွယ်စုအား သတင်းအချက်အလက်များ ပို့ပေးနေသည်မှာ ယုံမှားသံသယဖြစ်နေစရာ မလိုတော့။

သို့သော် ၎င်းမှာ စုချန်းနှင့် မဆိုင်လှ။ သူ့အနေနှင့် ထိုပြသနာကို စိတ်ပူနေစရာအကြောင်းလဲမရှိ။ ထိုအခါ သူက ပြောလိုက်၏။

"လောလောဆယ် အဲဒိီကိစ္စကို အသာထားဗျာ ခု အရေးတကြီးလိုအပ်နေတာ ကန့်သတ်မူလပုံစံကွက်ဆိုင်ရာ နည်းစနစ်တွေပဲ ခင်ဗျားအနေနဲ့ ယူထျန်းယန်ကို အမြန်ဆုံး စစ်မေးပြီး သူ သိထားသမျှ နည်းစနစ်တွေကို ကျုပ်ကို ပြောပြပေတော့ ဒါမှ ရဲတိုက်ကို ရှာဖွေတဲ့နေရာမှာ ကျုပ် အသုံးချနိုင်လိမ့်မယ်"

"ဒါက ပြသနာမရှိပါဘူးကွာ ဒါပေမဲ့ သူတို့ကို ကူညီပြီး ရတနာတွေကို ရှာပေးဖို့ မင်းတကယ် စဥ်းစားနေတာလား"

"ဒါက ပိုမကောင်းဘူးလား နောက်ကွယ်ကနေ ကျုပ်တို့ တိတ်တဆိတ်လှုပ်ရှားလို့ ရသွားပြီလေ"

ချီမင်းဖန် ခေတ္တ စဥ်းစားလိုက်၏။ ထို့နောက် သူက ရယ်မောရင်း ပြောလိုက်သည်။

"အင်း မင်းပြောတာ မှန်ပါတယ် ဒီအတိုင်းဆိုရင် ကျုပ်တို့အစီအစဥ်ကလဲ ပိုပြီး ရိုးရှင်းလွယ်ကူသွားပြီ"

ယူထျန်းယန်၏ ပူးပေါင်းမှုကြောင့် နောက်ပိုင်းကိစ္စရပ်များမှာ ပို၍ လွယ်ကူလာ၏။

ယူထျန်းယန်၏ စကားကြောင့် ကန့်သတ်မူလပုံစံများအား တခြားမူလပုံစံများ အသုံးပြုကာ ဖျက်ဆီးပစ်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းမှန်း စုချန်း သိလာ၏။ တချို့မူလပုံစံများသည် ဖုံးကွယ်ထားသော ကန့်သတ်မူလပုံစံများအား ဓာတ်ပြယ်စေရန် အထူးတလည် ဒီဇိုင်းဆွဲထားလေ့ရှိကြလေသည်။

ချီမင်းဖန်သည် ယူထျန်းယန်အား အတင်းအကျပ် စစ်ဆေးမေးမြန်းကာ ၎င်းသိရှိထားသမျှ မူလပုံစံကွက်များအား ရေးချစေ၏။ တကြိမ်တွင်တော့ စုချန်းသည် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် အကြောင်းပြကာ ရဲတိုက်အတွင်းမှ ထွက်၍ ချီမင်းဖန်တို့နှင့် လာရောက်တွေ့ဆုံခဲ့လေသည်။

စုချန်းအား မြင်တွေ့လိုက်ရသောအခါ လူတိုင်းလိုလိုမှာ မအံ့သြပဲ မနေနိုင်ကြတော့။ သူ၏ ယူထျန်းယန်အဖြစ် ပုံစံပြောင်းထားပုံနှင့် သရုပ်ဆောင်ထားပုံမှာ ရင်သပ်ရှုမောစရာကောင်းလောက်အောင် ပြောင်မြောက်နေသည် မဟုတ်ပါလား။

ထို့ပြင် စုချန်း၏ ညီအစ်ကို စိတ်ဓာတ်ကို လူတိုင်း မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ကုန်ကြ၏။ စုချန်းကြောင့်သာ မဟုတ်လျင် ဟေးစုတယောက် မုချ အသတ်ခံရပြီး ဖြစ်ပေလိမ့်မည်။ သူတို့၏ အစီအစဥ်မှာလည်း ဘူးပေါ်သလို ပေါ်ပြီးဖြစ်ပေလိမ့််မည်။

"ကျူးမျိုးနွယ်စုက လူတွေ မင်းအပေါ် နည်းနည်းမှ သံသယမဝင်ကြဘူးလား"

ချီမင်းဖန်က မေးလိုက်၏။

"ခုချိန်မှာ သူတို့ သိပ်ပြီးအလုပ်ရှုပ်နေတယ်လေဗျာ ကိစ္စအသေးအမွှားတွေကို အာရုံမထားနိုင်ဘူးပေါ့ ဒါပေမဲ့ ရေရှည်ဆိုရင်တော့လဲ ကျုပ် သေချာ မပြောနိုင်ဘူး"

စုချန်းက ပြန်ဖြေလိုက်သည်။

"တကယ်လို့များ အယောင်ဆောင်ထားတာ ပေါ်သွားရင် မင်း ဘာဆက်လုပ်မလဲ"

"မီးစဥ်ကြည့်ကရတာပေါ့ဗျာ"

စုချန်းက အလေးအနက်မထားသော ဟန်ပန်နှင့် ပြန်ဖြေလိုက်သည်။

"လောလောဆယ်တော့ ဒီကိစ္စကို စိတ်ပူစရာမလိုသေးဘူး ဟေးစုကို ဖော်ထုတ်နိုင်ခဲ့တဲ့ အစောင့်က ပေါလ်နဲ့ပါသွားတယ် ကျူးပိုင်ယုမှာ ဒီလို စွမ်းရည်မရှိဘူး ဒါကြောင့် ကျုပ်အနေနဲ့ ဆက်ပြီး ဟန်ဆောင်နေလို့ ရသေးတယ် လောလောဆယ် အရေးကြီးနေတာက ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ကျုပ် အမြန်ဆုံး ရှာတွေ့ဖို့ပဲ"

"ရော့ ဒါတွေက ယူထျန်းယန် ချရေးထားတဲ့ မူလပုံစံကွက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဒီအထဲမှာ အမှားမပါဘူးလို့တော့ ကျုပ် သေချာမပြောနိုင်ဘူး ဒီကောင် ယူထျန်းယန်ဟာ အပြင်ပန်းကကြည့်ရင် ငတုံးနဲ့တူပေမဲ့ ညဏ်တော့အတော်လေးကောင်းတယ် ဒီအခြေအနေထိ ရောက်လာမှတော့ ကျုပ်တို့ သူ့ကို အလွယ်တကူ မလွှတ်ပေးတော့မှန်း သူ သဘောပေါက်မှာပဲ"

ချီမင်းဖန်က မူလပုံစံကွက်များအား ရေးသားထားသည့် စာရွက်တထပ်ကြီးကို စုချန်းအား ကမ်းပေးရင်း ပြောလိုက်သည်။

"ခင်ဗျားတို့ သူ့ကို ဘာကြောင့် မလွှတ်ပေးနိုင်ရတာလဲ"

စုချန်းက မေးလိုက်၏။

"သူက ကျုပ်တို့ကို ဘာအန္တရာယ်မှလဲ ပေးတာမဟုတ်ဘူး ကျုပ်တို့ကသာ သူ့ကို အတင်းဖမ်းထားတာ တခြားအကြောင်းပြချက်မရှိရင်လဲ သူ့ကို လွှတ်ပေးလိုက်ပါလား"

"သူ ကျုပ်တို့အကြောင်းကို အများကြီး သိနေပြီကွ"

"ဒါဆိုလဲ သူ့မှတ်ညဏ်တွေကို ဖျက်ဆီးပစ်မှာပေါ့ ကျုပ် လုပ်ပေးနိုင်ပါတယ်"

စုချန်းအား စိုက်ကြည့်ရင်း ချီမင်းဖန် ပြုံးလိုက်၏။

"မင်းဟာ ကျုပ် ထင်တာထက် ကြင်နာတတ်တာပဲကွ"

"ကျုပ်အနေနဲ့ မလိုအပ်ပဲ လူမသတ်ချင်ဘူးဗျ ဘာအကြောင်းမှမရှိရင် ခင်ဗျား သူ့ကို မသတ်ပစ်ပါဘူးလို့ ကျုပ်ကို ကတိပေးစမ်းပါ"

စုချန်းက ချီမင်းဖန်အား လှမ်းကြည့်ရင်း ကတိတောင်းလိုက်၏။

ချီမင်းဖန် ခေါင်းည်ိတ်ပြလိုက်သည်။

ထို့နောက် စုချန်းသည် ရဲတိုက်သို့ ပြန်လာခဲ့၏။

အနောက်လိုင်နာရဲတိုက်အတွင်း ပြန်ရောက်သည်နှင့် စုချန်းသည် မူလပုံစံကွက်တခုကို စတင်တည်ဆောက်တော့၏။ သူ၏လုပ်ဆောင်နေပုံမှာ ကသောင်းကနင်းနိုင်လှသော်လည်း ဘေးနားတွင် တခြားမည်သူမှ မရှိ၍ ပြသနာတော့မရှိလှချေ။

စုချန်း တည်ဆောက်နေသော မူလပုံစံမှာ ရှာဖွေထောက်လှမ်းရေးအမျိုးအစား ပုံစံဖြစ်ပြီး တခြား ကန့်သတ်မူလပုံစံများအား ရှာဖွေနိုင်ရန် ရည်ရွယ်ထား၏။

တကယ်တော့ အနောက်လိုင်နာရဲတိုက်တွင် များပြားလှသော မူလပုံစံကွက်များ ရှိနေ၏။ ထိုအထဲမှ အများစုမှာ ရဲတိုက်နံရံရှိ အကာအကွယ်များ၊ အပြာရောင်အာရုံခံအလင်းတန်းများ စသည့် ကာကွယ်ရေးဆိုင်ရာ ပုံစံကွက်များ ဖြစ်ကြသည်။

ရှာဖွေထောက်လှမ်းရေးမူလပုံစံကွက်အား အသုံးပြုခြင်းအားဖြင့် စုချန်းသည် ရဲတိုက်တခွင်လုံးရှိ အခြား အခြားသော ကာကွယ်ရေးပုံစံအမြောက်အများအား ခြေရာခံမ်ိတော့သည်။

သို့သော် ကံဆိုး၍ပင်လားတော့မသ်ိ။ ကက်ပီးယပ်စ်နှင့် သက်ဆိုင်သည့် မည်သည့်မူလပုံစံကွက်မျိုးကိုမှ ယခုအချိန်ထိ သူ ရှာမတွေ့သေး။

၎င်းမှာ ထူးဆန်းသည့် ကိစ္စတော့မဟုတ်။ ကက်ပီးယပ်စ်၏ ရတနာများသာ ထိုမျှ ရှာရလွယ်နေပါက လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရှာတွေ့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ရှာဖွေထောက်လှမ်းရေးအမျိုးအစား မူလပုံစံက အလုပ်မဖြစ်သည့်အခါ နောက်ထပ် မူလပုံစံတမျိုးကို စုချန်း တည်ဆောက်ပြန်၏။

ဤတကြိမ် သူ တည်ဆောက်လိုက်သော မူလပုံစံမှာ ကန့်သတ်မူလပုံစံကွက်များအား ပစ်မှတ်မထားတော့ပဲ မူလစွမ်းအင်နှင့် မသက်ဆိုင်သော အရာဝတ္တုများ၊ ပုန်းကွယ်နေသော စက်ယန္တရားများအား ပစ်မှတ်ထားလာ၏။ တနည်းအားဖြင့် စုချန်း အသစ်တည်ဆောက်လိုက်သော မူလပုံစံသည် လျှို့ဝှက်တံခါးများ၊ လှိုဏ်ခေါင်းများ၊ နံရံများအကြားရှိ နေရာလွတ်များ စသည်တို့ကို အကန့်အသတ်နှင့် ရှာဖွေထောက်လှမ်းနိုင်သော စွမ်းရည်ရှိလေသည်။

***

All Chapters