ရဲတိုက်အား ရှာဖွေခြင်း ၂
Vol. 53 Ch. 522
လျှို့ဝှက်စက်ယန္တရားများအား ရှာဖွေထောက်လှမ်းပေးနိုင်သည့် မူလပုံစံကွက်၏ ထိရောက်မှုမှာကား အံ့သြစရာပင်။ သို့တိုင်အောင် ကက်ပီးယပ်စ်၏ ရတနာများနှင့် ပတ်သက်၍ ဘာသဲလွန်စမှ မတွေ့ရသည်ကတော့ စိတ်ပျက်စရာကောင်းနေ၏။
စုချန်းသည် ရဲတိုက်၏ ထောင့်တိုင်းလိုလိုကို စေ့စေ့စပ်စပ်နှင့် ရှာဖွေ၏။ တချို့ကျောက်တုံးများကြားထဲတွင်ဆိုလျင် ရူးကြောင်ကြောင် သဲမျိုးစိတ်တချို့ ဖွက်ထားသည့် မူလကျောက်တုံးတချို့ကိုပင် တွေ့ရ၏။ သို့သော် ကက်ပီးယပ်စ်နှင့် ပတ်သက်၍ ဘာသဲလွန်စမှ မတွေ့ရ။
မည်သို့ဆိုစေ စုချန်းဟူသည် တော်ရုံနှင့် စိတ်ဓာတ်ကျတတ်သည့် လူစားမျိုးမဟုတ်။ ထိုအခါ စုချန်းသည် အမျိုးမျိုးအဖုံဖုံသော မူလပုံစံများ ဆက်လက်တည်ဆောက်ကာ ရဲတိုက်အနှံ့တွင် ကြိုးစားပမ်းစားနှင့် ဆက်လက်ရှာဖွေနေလေသည်။
စုချန်း တည်ဆောက်ခဲ့သည့် မူလပုံစံများကိုလည်း ကြည့်ပါအုံး။ မူလစွမ်းအင်လှိုင်းဂယက်များဖန်တီးကာ မူလစွမ်းအင် တုံ့ပြန်မှုကို ထောက်လှမ်းနိုင်သည့် မူလပုံစံကွက်၊ ကမ္ဘာမြေဆွဲအားကို သုံးကာ မြေအောက်အနက်ပေကို တိုင်းတာနိုင်သည့် မူလပုံစံကွက်၊ ရဲတိုက်အား တည်ဆောက်ထားသည့် ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် မူလပုံစံကွက် စသဖြင့် အမျိုးအစား စုံလင်လှသည်။
မည်မျှပင် ကြိုးစားအားထုတ်စေကာမူ စုချန်း၏ အားထုတ်မှုများအားလုံးမှာ အဟောသိကံသာ ဖြစ်သွားကြကုန်၏။ သံသယဖြစ်စရာဟူ၍ စိုးစဥ်းငယ်မျှပင် မတွေ့။
လက်တွေ့စမ်းသပ်ထားပြီးဖြစ်၍ စုချန်း၏ မူလပုံစံကွက်များမှာ အားနည်းချက် မရှိကြောင်း သေချာနေ၏။ ရဲတိုက်တွင် မည်သည့် လျှို့ဝှက်ချက်မှ ရှိမနေ၍သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ ယူထျန်းယန်ကိုယ်တိုင် ဤနေရာတွင် ရှိနေစေကာမူ ထူးမခြားနားဇာတ်ကိုသာ ဆက်၍ ခင်းသွားဖွယ်ရာ ရှိနေပေသည်။
စုချန်း၏ ရှုံးနိမ့်မှုသည် ကျူးမျိုးနွယ်စု၏ အစီအစဥ်ကို အကြီးအကျယ် အထိနာစေ၏။ ထိုအခါ လူတိုင်းလိုလိုသည် စိုးရိမ်ပူပန်လာကြ၏။ ကြောက်ရွံ့လာကြ၏။ စိတ်လှုပ်ရှားလာကြ၏။
နောက်ဆုံးတွင် ကျူးရှန်းယောင်ကိုယ်တိုင်ပင် သည်းမခံနိုင်တော့။ နေ့ရက်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ သူမ၏ ပုံစံမှာ ပို၍ ကြည့်ရဆိုးလာ၏။
"ခုနှစ်ရက်တောင်ရှိသွားပြီ ခုချိန်ထိ ဘာမှရှာမတွေ့သေးဘူး ကျုပ်တို့ အချိန်ဖြုန်းသလို ဖြစ်နေပြီထင်တယ်"
ပါ့လီယွန် စိတ်ပျက်လက်ပျက်နှင့် ငြီးငြူလိုက်သည်။
အရပ်ရှစ်ပေခန့်မြင့်မားပြီး အန်းစီယွမ်ကဲ့သို့ ခေါင်းပြောင်ပြောင်၊ သန်မာထွားကျိုင်းသော ပါ့လီယွန်သည် ယူထျန်းယန်၏ တပည့်လက်သားတဦး ဖြစ်သည်။ ကိုယ်တိုင်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်သော်လည်း ကြံ့ခိုင်သန်စွန်းလှသော ပုံစံကြောင့် ပါ့လီယွန်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့်ပင် ဘက်ပြိုင်နိုင်မည့်ပုံစံ ပေါက်နေ၏။
ယူထျန်းယန် ညဏ်ကောင်းကြောင်း ချီမင်းဖန်နှင့် စုချန်းတို့ တထစ်ချ ပြောနိုင်သည်မှာလည်း ပါ့လီယွန်ကြောင့်ပင် ဖြစ်သည်။ သဘောတရားအရ သခင်ဖြစ်သူ ညဏ်တုံးလျင် တပည့်လက်သားက မုချညဏ်ကောင်းမှသာ ခံသာမည် မဟုတ်ပါလား။ ယခု ပါ့လီယွန်ကား ခွန်အားကိုသာ အားကိုးပြီး ဦးနှောက်နည်းသူ ဖြစ်လေရာ ၎င်း၏ သခင် ယူထျန်းယန်သည် ငတုံးမဟုတ်ကြောင်း သိသာနေ၏။
ထို့အတွက်ကြောင့်လည်း ယူထျန်းယန်အဖြစ် ရက်ပေါင်းအတော်ကြာအောင် စုချန်း ဟန်ဆောင်နေနိုင်ခြင်းပင် ဖြစ်သည်။ စုချန်းနှင့် အနီးကပ်နေရသည့်တိုင် ပါ့လီယွန်ကား ဘာမှ သတိထားမိပုံမရ။ တနေ့ တနေ့ ထိုင်၍သာ ငြီးငြူနေလေသည်။
ကျုးပိုင်ယုက ဖျောင်းဖြလိုက်၏။
"စိတ်ညစ်တယ် စိတ်ပျက်တယ်ဆိုတာ ပြသနာကို မဖြေရှင်းပေးနိုင်ဘူး လီယွန် ကက်ပီးယပ်စ် ဘယ်လိုလူမျိုးလဲ ပြန်တွေးကြည့် သူ ကျန်ရစ်တဲ့ ပစ္စည်းတွေ ရှာရခက်တာ ဘာမှ မထူးဆန်းပါဘူးလေ"
"ဒါပေမဲ့ သူတို့ ဝိညာဥ်မျိုးစိတ်ဝင်တွေကျတော့ ဒီလိုထင်ပုံမရဘူး"
ရှင်သန်ခြင်းကျောင်းတော်မှလည်း ဝိညာဥ်မျိုးစိတ်တချို့အား ဖမ်းမိခဲ့ဖူးသည်များ ရှိ၏။ အနှီ ဝိညာဥ်မျိုးစိတ်များသည်ကား ရတနာများ ရှာရခက်မည်ကို တွေးတောမိပုံမရ။ ရဲတိုက်အတွင်း ဝင်ရောက်နိုင်ပါက ကက်ပီးယပ်စ်၏ ရတနာများကို အလွယ်တကူ ရှာတွေ့နိုင်မည်ဟုသာ ယူဆနေကြလေသည်။
ကျူးရှန်းယောင်၏ အထက်ပါစကားကို ကြားလိုက်ရသောအခါ စုချန်း၏ ဦးနှောက်ထဲတွင် အတွေးတချက် ပေါ်ပေါက်လာ၏။
"ကက်ပီးယပ်စ်ကိုယ်တိုင်လဲ ဝိညာဥ်မျိုးစိတ်ဝင်ပဲလေ ဒီတော့ သူ ချန်ထားရစ်တဲ့ အရာတွေဟာ ဝိညာဥ်မျိုးစိတ်ဝင်တွေအတွက်ပဲ သီးသန့်ချန်ထားရစ်တာမျိုးကော မဖြစ်နိုင်ဘူးလား သူ့ရဲ့ လျှို့ဝှက်အခန်းကိုလဲ ဝ်ိညာဥ်မျိုးစိတ်ဝင်မှပဲ ဖွင့်နိုင်တာမျိုးကော မဖြစ်နိုင်ဘူးလား"
စုချန်း၏ စကားကြောင့် လူတိုင်း၏ မျက်လုံးအစုံတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာ၏။
ကျူးရှန်းယောင်က ဝမ်းသာအားရနှင့် ပြောလိုက်သည်။
"ဒါ သိပ်ဖြစ်နိုင်တယ် သူ ချန်ထားရစ်တဲ့ ပစ္စည်းတွေက ဝိညာဥ်မျိုးစိတ်တွေအတွက်ပဲ သီးသန့်ထားရစ်ခဲ့တာမျိုး ဖြစ်ရမယ် ဒါကြောင့်မို့လို့လဲ ကျွန်မတို့ ပုံမှန် အသုံးပြုနေတဲ့ နည်းလမ်းတွေက အလုပ်မဖြစ်တာပဲ"
ပါ့လီယွန် ကြောင်အန်းအန်း ဖြစ်သွား၏။
"ဒီတော့ ဒီ လျှို့ဝှက်ရတနာတွေကို ကျုပ်တို့ ဘယ်တော့မှ ရှာမတွေ့နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့"
စုချန်း ခေါင်းခါလိုက်သည်။
"ဒီလိုလဲ မဟုတ်သေးဘူး ဝိညာဥ်မျိုးစ်ိတ်ဝင်တွေ ဘာကိုပစ်မှတ်ထားသလဲ ဘာကို အဓိကထား သုံးကြသလဲ ဒါကို သိရင် ကျုပ်တို့ အလုပ်ဖြစ်အောင် လုပ်လို့ ရနိုင်ပါတယ်"
လူတိုင်း တယောက်မျက်နှာကို တယောက်ကြည့်ပြီး လွှတ်ခနဲ ရေရွတ်လိုက်ကြသည်။
"စိတ်ဝိညာဥ်စွမ်းအားပေါ့"
ဝိညာဥ်မျိုးစိတ်များဟူသည် အလွန်နူးညံသိမ်မွေ့သော ကိုယ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြပြီး ၎င်းတို့မျိုးစိတ်၏ အခြေခံမှာ အင်မတန်အားကောင်းသော စိတ်ဝိညာဥ်စွမ်းအင်ဟု ဆိုနိုင်သည်။ လူသားများအနေနှင့် စိတ်ဝိညာဥ်စွမ်းအင်များ အားကောင်းလာအောင် ခက်ခက်ခဲခဲ ကျင့်ကြံရသော်လည်း ဝိညာဥ်မျိုးစိတ်များအဖို့ကား ထိုသို့ ကျင့်ကြံအားထုတ်နေရန် မလ်ိုချေ။
ကက်ပီးယပ်စ်အနေနှင့် ၎င်းကျန်ရစ်ခဲ့သော အမွေအနှစ်များအား ဝိညာဥ်မျိုးစိတ်များသာ ရှာတွေ့နိုင်စေရန် ရည်ရွယ်ခဲ့သည်ဆိုပါက စိတ်ဝိညာဥ်စွမ်းအင်သည် ၎င်းအမွေအနှစ်များကို ရှာတွေ့ရန် တခုတည်းသော နည်းလမ်း ဖြစ်ပေသည်။
၎င်းကိုနားလည်လိုက်သည်နှင့် လူတိုင်းလိုလို ညဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။
ထိုအခါ ကျူးရှန်းယောင်က မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။
"ဒီတော့ ကျွန်မတို့မှာ ဝိညာဥ်မျိုးစိတ်ဝင်တဦးရဲ့ စိတ်ဝိညာဥ်စွမ်းအင်မျိုး ရှိမှ ဒီရတနာတွေကို ရှာတွေ့မယ်ဆိုတဲ့ သဘောပေါ့ ဒါပေမဲ့ အဆင့်နိမ့် ဝိညာဥ်မျိုးစိတ်ဝင်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်လား အလယ်အလတ်လား ဒါမှမဟုတ် ထိပ်တန်းဝိညာဥ်မျိုးစိတ်ဝင်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်လား ဒါကို ဘယ်လိုခွဲခြားမလဲ"
ကျူးပိုင်ယု ခေါင်းခါလိုက်၏။
"ဘာပြောပြော အဆင့်နိမ့်ဝိညာဥ်မျိုးစိတ်ဝင်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ပမာဏမျိုးတောင် ရဖို့ဆိုတာ မလွယ်လှဘူး"
အဆင့်နိမ့်ဝိညာဥ်မျိုးစိတ်ဝင်တဦး၏ စိတ်ဝိညာဥ်မှာ စွမ်းအင်အဆင့်အရ တစ်ထောင်ခန့်အထိ ရှိ၏။ ထိုပမာဏမှာ လူသားများအနေနှင့် အိပ်မက်ပင် မမက်နိုင်လောက်သော ပမာဏ ဖြစ်သည်။ စိတ်ဝိညာဥ်စွမ်းအင်နည်းစနစ်မျိုးကို အထူးတလည် လေ့ကျင့်ထားသော လူသားတချို့သာလျင် ထိုအနေအထားမျိုးကို ရှားရှားပါးပါး ရောက်ရှိနိုင်ကြ၏။
စုချန်းသည် စိတ်ဝိညာဥ်နှင့် ပတ်သက်သည့် နည်းစနစ်အတော်များများကို လေ့ကျင့်ထားပြီး ဝိညာဥ်တည်ငြိမ်ခြင်းဆေးဝါးများကိုလည်း စဥ်ဆက်မပြတ် သောက်သုံးလာခဲ့သူ ဖြစ်လေရာ သူ၏ စိတ်ဝိညာဥ်စွမ်းအင်မှာ ၄၀၀ ပတ်ချာလည်ခန့်တွင် ရှိ၏။ လူသားများထဲတွင်ဆိုလျင် အတော်ပင် အံ့ချီးလောက်သော ပမာဏ ဖြစ်သည်။
သို့သော် စိတ်ဝိညာဥ်စွမ်းအင် ၄၀၀ဟူသော ပမာဏသည်ပင် ၁၀၀၀ဟူသော ပမာဏနှင့် များစွာ ကွာခြားနေသေး၏။
စုချန်းပြီးလျင် စိတ်ဝိညာဥ်စွမ်းအင် အများဆုံးဟု ဆိုနိုင်သူမှာ ကျူးရှန်းယောင်ဖြစ်ပြီး ၁၈၀ ပတ်ချာလည်ခန့်တွင် ရှိ၏။ သို့သော် သူမတွင် စိတ်ဝိညာဥ်စွမ်းအင်ကို နှစ်ဆတိုးလာအောင် စွမ်းဆောင်နိုင်သော နည်းစနစ်နှင့် သွေးဗီဇမျိုးကို ပိုင်ဆိုင်ထား၍ အရေးကြုံလာလျင် စိတ်ဝိညာဥ်စွမ်းအင် ၃၀၀ခန့်ထိ တိုးပွားလာအောင် လုပ်ဆောင်နိုင်၏။ ကျူးပိုင်ယုမှာကား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပင် ဖြစ်နေသော်လည်း စိတ်ဝိညာဥ်နှင့်ပတ်သက်သည့် နည်းစနစ်မျိုးကို လေ့လာသင်ယူထားခြင်းမရှိ၍ ၎င်း၏ စိတ်ဝိညာဥ်စွမ်းအင်မှာ ၁၀၀ခန့်သာ ရှိလေသည်။
ထိုအခါ ကျူးရှန်းယောင်က ပြောလိုက်သည်။
"ဘယ်လိုအခြေအနေမှာမဆို နည်းလမ်းတမျိုးမျိုးကတော့ အမြဲတမ်းရှိပါတယ်လေ ကျွန်မတို့အနေနဲ့ ယာယီအနေနဲ့ စိတ်ဝိညာဥ်စွမ်းအင် တိုးပွားလာအောင် ဆောင်ရွက်နိုင်သားပဲ"
ကျောက်ကျင်းဝင်က ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ စိတ်ဝိညာဥ်ကို သန်မာအားကောင်းလာစေမဲ့ ဆေးဝါးမျိုးတွေကို ကျုပ်တို့ လိုအပ်နေသေးတယ်"
ကျူးရှန်းယောင်က စုချန်းအား ဖြတ်ခနဲ လှမ်းကြည့်ပြီး မေးလိုက်သည်။
"စိတ်ဝိညာဥ်စွမ်းအားကို တိုးပွားလာစေမဲ့ မူလပုံစံကွက်မျိုး ရှင် တည်ဆောက်ပေးနိုင်မလား"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဖြစ်နိုင်ပါတယ် ကျုပ် ကြိုးစားကြည့်မယ်လေ"
"လူတယောက်ရဲ့ စိတ်ဝိညာဥ်စွမ်းအားကို တိုးပွားလာစေတဲ့ မူလကိရိယာမျိုးဆိုရင် ပိုကောင်းမယ်"
ကျူးပိုင်ယုက မှတ်ချက်ပြုလိုက်သည်။
ကျူးရှန်းယောင် မျက်မှောင်ကုတ်သွား၏။
"အထီးကျန်ငန်းခံတပ်နယ်မြေဆိုတာ တစပြင်ကြီးပဲ ဒီလို ကိရိယာမျိုး ရှာရတာ အလွန်ခက်လိမ့်မယ်"
"ဒါဆိုရင်တော့ ဒီလိုကိရိယာမျိုး လောင်စန်းနိုင်ငံမှာ သွားရှာဖို့ပဲ ရှိတော့တယ်"
ကျောက်ကျင်းဝင် သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုစကားကြောင့် လူတိုင်းလိုလို ကျူးပိုင်ယုအား ဖြတ်ခနဲ လှည့်ကြည့်လိုက်ကြ၏။
လောင်စန်းနိုင်ငံနှင့် အထီးကျန်ငန်းခံတပ်အကြား အကွာအဝေးမှာ မနည်းလှ။ ထိုအထဲတွင်တော့ သူတို့လိုအပ်မည့် မူလကိရိယာမျိုးကို တကူးတက လိုက်ရှာရအုံးမည်။ အချိန်ကလည်း ၂၃ရက်သာ ကျန်တော့သည်။ ထို့ကြောင့် သူတို့အားလုံးက အလင်းတုန်ခါခြင်းနယ််ပယ်ပညာရှင်ဖြစ်သော ကျူးပိုင်ယုအား ထိုတာဝန်ကို ယူစေလိုခြင်းပင်။
ကျူးပိုင်ယု သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ ဒါပေမဲ့ ရှန်းလင်ကျတော့ရော..."
သူတို့အားလုံး၏ စိတ်ထဲတွင် ကျူးရှန်းလင်က ကျူးရှန်းယောင်အား ရန်ပြုရန် ကြံစည်နေသည်ဟု တထစ်ချ ယူဆထားကြလေသည်။ ထိုသို့ဖြစ်အောင်လည်း ချီမင်းဖန်က လူလွှတ်၍ အနောက်လိုင်နာရဲတိုက်အား မကြာခန နှောင့်ယှက်ခိုင်းထားသည် မဟုတ်ပါလား။
ဤအနေအထားတွင် ကျူးပိုင်ယု၏ ထွက်ခွာသွားမှုသည် ကျူးရှန်းယောင်အား ပို၍ အန္တရာယ်ကြီးမားစေ၏။ သို့သော် သူတို့၏ လာရင်းကိစ္စ အောင်မြင်စေရန် ကျူးရှန်းယောင်တယောက် အရဲစွန့်ဆုံးဖြတ်လိုက်ရခြင်းပင်။
ဤတချက်ကို ကြည့်ရုံနှင့် စုချန်း ယခု ကြုံတွေ့နေရသည့် ကျူးရှန်းယောင်သည် နဂါးကျောင်းတော်တွင် ကြုံတွေ့ခဲ့ရသည့် ကျူးရှန်းယောင်နှင့် မတူတော့ပဲ များစွာ ရင့်ကျက်သွားခဲ့ပြီမှန်း သိသာနေခဲ့လေပြီ။
ထိုကနေ့ ညနေခင်းမှာပင် ကျူးပိုင်ယုသည် အနောက်လိုင်နာရဲတိုက်မှ ထွက်ခွာသွား၏။ စုချန်းသည်လည်း လိုအပ်သော ပေါင်းစပ်ပစ္စည်းများ ရှာဖွေရန် အကြောင်းပြကာ ရဲတိုက်မှ နောက်တကြိမ် ထွက်လာခဲ့လေသည်။ သူ၏ တကယ့်ရည်ရွယ်ချက်မှာကား တစုံတယောက်၏ စိတ်ဝိညာဥ်စွမ်းအင်အား တိုးပွားလာစေရန် စွမ်းဆောင်နိုင်သည့် မူလပုံစံကွက် တည်ဆောက်နည်းအား ယူထျန်းယန်ထံမှ ညှစ်ထုတ်ရန်သာ ဖြစ်သည်။
ဤခရီးစဥ်တွင် မည်သည့်ရတနာမှ သူတို့ ရှာမတွေ့သေး။ သို့သော် ကန့်သတ်မူလပုံစံကွက်များနှင့် ပတ်သက်၍ စုချန်း၏ စွမ်းရည်မှာကား များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
တဖက်တွင်လည်း ကျူးပိုင်ယု ထွက်ခွာသွားခြင်းသည် စုချန်းအတွက် များစွာ ဝန်ထုပ်ဝန်ပိုးလျော့နည်းသွားစေ၏။ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ဆိုင်ထားသည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ရှိနေခြင်းကြောင့် စုချန်းတယောက် အတော်ပင် သတိထားနေထိုင်နေရသည် မဟုတ်ပါလား။
စိတ်ဝိညာဥ်စွမ်းအားတိုးပွားစေသည့် မူလပုံစံကွက် တည်ဆောက်နေသည်ကို အကြောင်းပြု၍ စိတ်ဝိညာဥ်သန်မာစေသည့် ဆေးဝါးများကိုပါ စုချန်း တပါတည်း ဖော်စပ်ထားလိုက်၏။
ကျူးပိုင်ယု တာဝန်ကျေမည်၊ မကျေမည်ကို မည်သူမှ မပြောနိုင်။ စုချန်းကတော့ အဆိုးဆုံးရလဒ်ကို မျှော်မှန်းကာ ကြိုတင်ပြင်ဆင်ထားခြင်းသာ ဖြစ်လေသည်။
***