သံသယ
Vol. 53 Ch. 523
မနက်မိုးလင်းချေပြီ။ စုချန်းသည် အိပ်ယာမှထကာ မင်းသားလေးယူအဖြစ် ဆက်လက်ဟန်ဆောင်ရန် ပြင်ဆင်ရပြန်သည်။
ထိုစဥ် သဲမျိုးစ်ိတ်ဝင်အစေခံတဦး ရောက်လာ၏။
"မင်းသားလေးယူ သခင်ကူလာက မနက်စာစားဖို့ အဖိတ်ခိုင်းလိုက်ပါတယ်"
"ကောင်းပြီလေ ကျုပ် လာခဲ့မယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
ထမင်းစားခန်းတွင်း ရောက်သည်နှင့် လူစုံနေပြီဖြစ်ကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။
သဲမျိုးစိတ်များကား အစာစားရာတွင် အင်ကင်နာများ၏ အလေ့အထကို ဆက်ခံထားရပုံရသည်။ တခမ်းတနားပင် ပြင်ဆင်စားသာက်လေ့ရှိကြ၏။ ၎င်းတို့၏ အပေါ်တွင်တော့ သလင်းမီးအိမ်များကို ထွန်းညှိထားလေသည်။
လက်ရှိအနေအထားအရ ကူလာမှာ အိမ်ရှင်ဖြစ်နေ၍ သူက စားပွဲထိပ်ရှိ ခုံတွင် ထိုင်၏။ သူ့ဘက်ဖက်တွင်တော့ ကျူးရှန်းယောင် ရှိနေသည်။ ညာဖက်ခုံကတော့ အလွတ် ဖြစ်လေသည်။
စုချန်း ရောက်ရှိလာသည်က်ို မြင်သောအခါ ကူလာက ရယ်မောရင်း ဖိတ်ခေါ်လိုက်သည်။
"မင်းသားလေးယူ ကြွပါ ဒီမှာ လာထိုင်ပါ"
ကူလာ ညွှန်ပြလိုက်သော ထိုင်ခုံမှာ သူ့ညာဖက်ရှိ ထိုင်ခုံအလွတ် ဖြစ်သည်။
တကယ်တော့ ထိုထိုင်ခုံမှာ မူလက ကျူးပိုင်ယု၏ ထိုင်ခုံ ဖြစ်သည်။ ကျူးပိုင်းယုမှာ မနေ့ကပင် ထွက်ခွာသွားပြီဖြစ်၍ ထိုထိုင်ခုံမှာ လွတ်နေ၏။
ကူလာ၏ဖိတ်ခေါ်ချက်ကို ကြားလိုက်ရသောအခါ စုချန်းမှာ တွန့်ဆုတ်ဆုတ်အမူအရာပြုပြီး ကျူးရှန်းယောင်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။
ကျူးရှန်းယောင်က ပြောလိုက်သည်။
"သူက ထိုင်ဆိုရင် ထိုင်လိုက်လေရှင်"
စုချန်းလည်း ငြင်းမနေတော့ပဲ ကူလာ ပေးသောနေရာတွင် ထိုင်ချလိုက်၏။ ထိုထိုင်ခုံမှ ကျူးရှန်းယောင်၏ အလွန်လှပသိမ်မွေ့သော အသွင်အပြင်ကို စုချန်း ကောင်းစွာ မြင်တွေ့နေရသည်။ သူမသည် ယခင်ကဲ့သို့ အထူးတလည် ပြင်ဆင်ထားခြင်းမရှိ။ သို့သော် အိပ်ချင်မူးတူးဟန်ပန်နှင့် နွမ်းလျလျနိုင်သော အမူအရာကြောင့် သူမ၏ ပုံစံမှာ တမျိုးတဖုံ ဆွဲဆောင်မှု ရှိနေ၏။
ကုချိန်းလွှာထက် ပို၍ ချောမောသော မိန်းကလေးတဦးကို ပထမဆုံးအကြိမ်အနေနှင့် စုချန်း မြင်ဖူးလိုက်ခြင်းပင်။ ထိုအခါ သူသည် စိတ်ခံစားချက်ကို မလွန်ဆန်နိုင်တော့ပဲ ကျူးရှန်းယောင်ကို အချိန်အတော်ကြာအောင် ငေးကြည့်နေမိတော့သည်။
၎င်းကို ကြည့်ရင်း ကူလာက ပြုံးလိုက်သည်။
"မင်းသားလေးယူက်ိုကြည့်ရတာ ဒီထိုင်ခုံကို အတော်သဘောကျပုံပဲ ဒါနဲ့ ဆရာကျူးမရှိတာ ကျုပ်ကိုလဲ တယောက်မှ မပြောကြပါလား ဘာကြောင့်ပါလိမ့်"
ကူလာ၏ စကားကြောင့် စုချန်း ရင်ခုန်သွား၏။ ကူလာအနေနှင့် တစုံတရာကို သံသယဝင်နေပုံပင်တကား။
လွန်ခဲ့သော ရက်တချို့တွင် ကက်ပီးယပ်စ်၏ ရတနာများကို အနောက်လိုင်နာရဲတိုက်တခွင်လုံးတွင် စုချန်းတို့ လူသိုက် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ကြ၏။ ထိုသို့ရှာဖွေရာတွင် သဲမျိုးစိတ်ဝင်များ သတိမထားမိအောင် သူတို့အားလုံး အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသော်လည်း တဖက်ကလည်း မျက်စေ့၊နား ကန်းနေကြသူများမဟုတ်။ မလွဲမသွေ သတိထားမိကြမည်ပင်။
ထိုအထဲတွင်မှ ကျူးပိုင်ယု ရုတ်တရက် ပျောက်သွားသောအခါ ကူလာမှာ ပို၍ သံသယဝင်လာပုံရ၏။ ထို့ကြောင့် မနက်စာစားရန် အကြောင်းပြပြီး လူတိုင်းကို ဖိတ်ခေါ်လိုက်ခြင်းပင်။
သို့သော် ကျူးရှန်းယောင်က မှင်သေသေနှင့်ပင် ပြန်ဖြေလိုက်သည်။
"ဒါက ကျူးမျိုးနွယ်စုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါလေ ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတိုင်းကိုတော့ ရှင့်ကို သတင်းပို့နေစရာ မလိုဘူးထင်ပါရဲ့ ဆရာကူ"
ကူလာ ပြုံးလိုက်ပြန်သည်။
"ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်တို့ပိုင်နက်နယ်မြေထဲ ရောက်နေတာလေဗျာ ခင်ဗျားတို့ တည်းခိုနေတာကလဲ ကျုပ်သခင်ပိုင်တဲ့ ရဲတိုက်ထဲမှာ ဒါကြောင့် ကျုပ်ကို နည်းနည်းပါးပါးတော့ ရှင်းပြသင့်တာပေါ့ဗျာ ဒီရက်ပိုင်းမှာ ခင်ဗျားတို့လူတွေ ရဲတိုက်အနှံ့ လျှောက်သွားနေတာ ကျုပ် တွေ့နေရတယ် ဒါပေမဲ့ အနက်ရောင်ရွှေသတ္တုတွင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ မေးတာမကြားရဘူး ဒါက သဘာဝမကျဘူးလေ ကျုပ်ပြောတာ ဟုတ်သလား"
၎င်း၏ စကားကိုထောက်လျင် ကူလာမှာ ညဏ်ရည်မနိမ့်လှကြောင်း သိသာနေ၏။
သို့သော် ကျူးရှန်းယောင်ကား အနည်းငယ်မျှပင်အမူအရာမပျက်။
"အနက်ရောင်ရွှေသတ္တုတွင်းဟာ ကျွန်မတို့ရဲ့ တကယ့်ရည်ရွယ်ချက်မှ မဟုတ်တာပဲ ဒါကို ရှင့်သခင်ကြီးလဲ သိထားပြီးသားပါလေ ဒီရက်ပိုင်းမှာ ကျွန်မတို့လူတွေ ရဲတိုက်အနှံ့ သွားလာနေတာကတော့....ကောင်းပြီလေ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်"
"ကောင်းတာပေါ့ဗျာ အသေးစ်ိတ်ကြားပါရစေ"
ကူလာက သူ့ရှေ့ရှိ အမဲသားကို လှီးဖြတ်ရင်း ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ရဲတိုက်ထဲ ခိုးဝင်လာတဲ့လူကို ဆရာကူလာ မှတ်မိမှာပေါ့"
ကျူးရှန်းယောင်က ရှင်းပြရန် စကားစလိုက်၏။
"မှတ်မိတာပေါ့ အဲဒီလူ ခုထိ အချုပ်ထဲမှာပဲမလား"
"အင်း အဲဒီလူက ကျွန်မညီမ ကျွန်မကို လုပ်ကြံဖို့ လွှတ်လိုက်တဲ့ လူသတ်သမားပဲရှင့် အတိအကျ ပြောရရင် လူသတ်သမားတွေထဲက တယောက်ပဲ ဆိုပါတော့"
"ဒီတော့ ခင်ဗျား ဆိုလိုတာ..."
"ရှင်းပါတယ်ရှင် ကျွန်မ မှန်းတာသာ မမှားဘူးဆိုရင် ဒီကို ကျွန်မညီမရဲ့လူတွေ ရောက်နေပြီဆိုတာ သေချာတယ် ဒါကြောင့် ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ရဲတိုက်အနှံ့မှာ လုံခြုံရေးအစီအမံတချို့ ဆောင်ရွက်နေတာပဲ"
ထိုစကားကို ကြားသောအခါ အင်မတန်ကောင်းမွန်လှသော ဖြေရှင်းချက်ဟု စုချန်း၏ စိတ်ထဲတွင် အသိအမှတ်ပြုမ်ိလေသည်။
အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များနှင့် အနာဂတ်တွင် ဖြစ်လာနိုင်ဖွယ်ရာရှိသည်များကို ချိတ်ဆက်ကာ လိမ်ညာခြင်းသည် အကောင်းဆုံးသော လိမ်ညာနည်းပင် မဟုတ်ပါလား။ ဤသို့ ဖြေနိုင်ရန်အတွက် ကျူးရှန်းယောင်တယောက် ယခင်ကပင် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိသာနေ၏။
ကျူးရှန်းယောင်၏ အဖြေကြောင့် ကူလာ တွေခနဲ ဖြစ်သွား၏။
ကျူးရှန်းယောင်၏ စကားမှာ ယုတ္တရှိပြီး အကြောင်းအကျိုး ခိုင်လုံနေသောကြောင့် သူ့သံသယများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
သို့သော် သူက ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။
"ဒါဆို ဆရာကျူးကရော ဘာကိစ္စကြောင့် ပျောက်နေတာလဲ"
"မြွေတွေ ဘာကြောင့် ကြောက်စရာကောင်းဆနရသလဲဆိုတော့ သူတို့ဟာ အမှောင်ထဲမှာ တချိန်လုံး ပုန်းအောင်းနေလို့ပဲ ရန်သူ့ဘက်က အချိန်အခါမရွေး လာရောက်လုပ်ကြံနိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်မတို့အနေနဲ့ တချိန်လုံး သတိထားနေနိုင်ဖို့ ခက်တယ် ဒီအတွက် အကောင်းဆုံးနည်းလမ်းက သူတို့ကို အမှောင်ထဲက ထွက်လာအောင်လုပ်ဖို့ပဲ"
"ဒါပေမဲ့ ဒီလိုလုပ်တော့ ခင်ဗျားအတွက် ပိုပြီး အန္တရာယ်များမနေဘူးလား"
"ဒါကြောင့်မ်ို့လို့လဲ ရဲတိုက်အနှံ့မှာ ကာကွယ်ရေးအစီအမံတွေ ပိုပြီး ခင်းကျင်းထားနိုင်ဖို့ ကျွန်မလူတွေ အားစိုက်နေရတာပေါ့ရှင်"
ကျူးရှန်းယောင်က မျက်တောင်ပင် မခတ်ပဲ ပြန်ဖြေလိုက်သည်။
ကူလာ ခေတ္တစဥ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါဆိုရင်လဲ ကောင်းပြီလေ ခင်ဗျားတို့ ဒီရဲတိုက်က မသွားသေးသ၍ စိတ်တိုင်းကျ လုပ်ကြပါ တကယ်တော့ မူလကျောက်တုံး ဆယ်မီလျံသာ ရရင် ကျုပ်သခင်က ဒီရဲတိုက်ကိုတောင် ခင်ဗျားတို့ကို အပိုင်ပေးလိုက်မှာဗျ"
ကူလာ၏ စကားကြောင့် ကျူးရှန်းယောင် ပြုံးလိုက်သည်။
ငွေပေးရင် ရဲတိုက်ကို ဝယ်လို့ရမှန်း ကျွန်မ သိပြီးသားပါရှင်...
ပြသနာက ဒီအတွက် ကျွန်မ ငွေတပြားတချပ်မှ မသုံးချင်တာပဲ...
တော်ဝင်မျိုးနွယ်စုတွေမှာ ငွေတွင်းကြီး ရှိနေတယ်များ ရှင် ထင်နေသလား...
မနက်စာစားသောက်ပြီးသည်နှင့် ကူလာ ထွက်ခွာသွား၏။
ကျူးရှန်းယောင်လည်း ထိုင်နေရာမှ ထရပ်ရင်း ပြောလိုက်သည်။
"ထျန်းယန် ရှင် ကျွန်မနောက် လိုက်ခဲ့"
"ကောင်းပါပြီဗျာ"
စုချန်းလည်း အမိန့်နာခံစွာဖြင့် ကျူးရှန်းယောင်နောက်သို့ လိုက်ပါသွားလေသည်။
ကျူးရှန်းယောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စကားတခွန်းမှမပြောပဲ လျှောက်သွား၏။ စုချန်းလည်း ပါးစပ်ပိတ်ကာ လိုက်ပါသွားသည်။
ရဲတိုက်ဝင်ပေါက်အရောက်တွင်တော့ ကျူးရှန်းယောင်က အဝေးကို ငေးကြည့်ကာ ပြောလိုက်သည်။
"ထျန်းယန် ရှင့်အနေနဲ့ မူလပုံစံကွက်တွေ များများလေး တည်ဆောက်ပြီး ရဲတိုက်အနှံ့မှာ ချထားသင့်တယ်"
"မူလပုံစံကွက်တွေ ပိုပြီး တည်ဆောက်ရမယ် ဟုတ်လား"
"ဟုတ်တယ် ခုနက ကျွန်မတို့ ကူလာကို ပြောလိုက်တယ်လေ ရန်သူတွေ အပြင်မှာ ရှိနေတယ်လို့ ဒီအတိုင်း လိုက်မလုပ်ရင် ကူလာ ထပ်ပြီး သံသယဝင်လာနိုင်တယ် ဒါ့အပြင် ရန်သူတွေကလဲ တကယ်ရှိနေတာမလား ကျွန်မဦးလေး မရှိတာ သူတို့အတွက် အခွင့်အရေးကြီးပဲ ဒါကြောင့် သူတို့ အနှေးနဲ့အမြန် တိုက်ခိုက်လာနိုင်တယ် ကျွန်မတို့အနေနဲ့ ဒီအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီ"
ကျူးရှန်းယောင်၏ စကားကြောင့် စုချန်း ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။
သူတပါးကို လိမ်ညာထားရခြင်း၏ အကျိုးဆက်မှာ ထိုအလိမ်အညာကို ထိမ်းသိမ်းထားနိုင်ရန် နောက်ထပ်အလိမ်အညာများ သင် ထပ်မံဖန်တီးပေးနေရခြင်းပင်။
ကျူးရှန်းလင်၏ လုပ်ကြံမှုဟူသည် ဟေးစုအား ကယ်တင်နိုင်ရန် စုချန်း ဖန်တီးလိုက်သော လိမ်ညာမှုမျှသာ ဖြစ်သည်။ ယခုတော့ ထိုလိမ်ညာမှုက စုချန်းကို ထပ်မံ အလုပ်ရှုပ်စေရန် အကြောင်းဖန်လာခဲ့ပေပြီ။
ပြသနာက ကျူးရှန်းလင်၏ လုပ်ကြံသတ်ဖြတ်ရေးသမားများဟူသည် လက်တွေ့တွင် တကယ် ရှိမနေခြင်းပင်။
စုချန်း ထိုင်ငိုချင်စိတ်ပင် ပေါ်လာ၏။
သို့သော် ကျူးရှန်းယောင်၏ တောင်းဆိုချက်အတိုင်း လုပ်ပေးရန်မှအပ စုချန်းတွင် တခြားရွေးချယ်စရာမရှိ။
ထို့ကြောင့် သူ့အနေနှင့် ယူထျန်းယန်ဆီသို့ နောက်တကြိမ်သွားရောက်၍ ကာကွယ်ရေးမူလပုံစံကွက်များ တည်ဆောက်ပုံကို မေးမြန်းရချေအုံးမည်။ ဤနှုန်းထားအတိုင်းသာဆိုလျင် ယူမျိူးနွယ်စု၏ မူလပုံစံတည်ဆောက်ရေးနည်းလမ်းများအားလုံးကို စုချန်းတယောက် သင်ယူသွားနိုင်ဖွယ်ရာ ရှိနေ၏။
"ကောင်းပြီလေ ဒါဆိုလဲ ကျုပ် အပြင်လေးဘာလေးထွက်ပြီး လိုတဲ့ပစ္စည်းလေးတွေ သွားရှာအုံးမယ်"
ထိုအချိန်မှာပင် ရဲတိုက်အပြင်ဘက်ဆီမှ မြင်ကွင်းတခုက စုချန်း၏ အာရုံကို ဖမ်းစားလိုက်သည်။
ထိုမြင်ကွင်းမှာ...
ဖြေးညှင်းစွာ မောင်းနှင်လာသော ရထားလုံးတစီးသည် လမ်းပေါ်ရှိ လူတဦးကို တိုက်မိကာ ဒလိမ့်ခေါက်ကွေး ဖြစ်သွား၏။ ထိုအခါ ရထားလုံးမောင်းလာသူသည် ဝင်တိုက်မိသူနှင့် ခိုက်ရန်ဖြစ်ပွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး စုချန်း၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သတိထား"
ထိုအချိန်မှာပင် မြားတစင်းသည် လေထုကို ခွင်းကာ သူတို့ဆီသို့ ဦးတည်ပျံသန်းလာတော့သည်။
***