← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 53 Ch. 524

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 53 Ch. 524

ရွှီ!!!

ချွန်ထက်နေသော မြားသည် လေထုကို ထိုးခွင်းကာ ကျူးရှန်းယောင်၏ မျက်နှာဆီသို့ ဦးတည်ပျံသန်းလာ၏။

စုချန်းကား မြန်ဆန်လှသည်။ အန္တရာယ်ကြီးမားလှသော အခြေအနေကို မြင်သည်နှင့် သူက ရုတ်ချည်းပင် ကျူးရှန်းယောင်အား ဘေးသို့ တွန်းထုတ်လိုက်သည်။

မြစိမ်းရောင်အဆင်းရှိသော မြားသည် သူမမျက်နှာဘေးမှ ဖြတ်သန်းကာ သူမ၏ ဆံစတချို့အား ဖြတ်တောက်ပျံသန်းသွား၏။

ကျူးရှန်းယောင်ကလည်း မြန်ဆန်လှသည်။ ချက်ချင်းဆိုသလိုပင် နောက်ဘက်သို့ လှိမ့်ထွက်လိုက်၏။ သို့သော် ခြေစုံမရပ်နိုင်သေးခင်မှာပင် ရဲတိုက်တံတိုင်းအခြေဆီမှ လူရိပ်တချို့ ပြေးထွက်လာကြောင်း သူမ မြင်တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ ပြေးလာသူသည် ကျူးရှန်းယောင်အား ဓားနှင့် လှမ်းခုတ်လိုက်၏။ ဓားချက်မှာ ရက်စက်ကြမ်းကြုတ်လှပြီး ကြောက်စရာ အရှိန်အဟုန်ဖြင့် ကျူးရှန်းယောင်ဆီသို့ တိုးဝင်လာသည်။

ကျူးရှန်းယောင်ကလည်း မခေ။ ချက်ချင်းဆိုသလို မြေကြီးကို လက်ဝါးနှင့် ရိုက်ချလိုက်ပြီး ထိုအရှိန်ကို သုံးကာ ဓားချက်ကို ရှောင်တိမ်းလိုက်၏။

တချိန်တည်းမှာပင် နောက်ထပ် လူနှစ်ယောက်ကလည်း ဓားကိုဝင့်ကာ ပြေးဝင်လာကြ၏။ ထိုလူများ၏ ဓားသွားမှာ ဖြူဖွေးသော အလင်းရောင်များ တောက်ပနေ၏။

ကျူးရှန်းယောင် နောက်ဆုတ်ပေးလိုက်သည်။

သူမ၏ လက်အစုံမှ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင် သူမထံမှ စူးရှသော အော်သံတချက် ထွက်ပေါ်လာသည်။ စစ်ကူတောင်းလိုက်ခြင်းပင်။

သို့သော် ကျူးကျော်ဝင်ရောက်လာသူများကလည်း ကျကျနန အစီအစဥ်ချမှတ်လာပုံရ၏။ ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးများက ကျူးရှန်းယောင်၏ ရှေ့နောက်ဝဲယာမှ အကြားအလပ်မရှိအောင် ပိတ်ဆို့ထားကြလေသည်။ သူမအနေနဲ့ ဆုတ်ပြေးစရာ နေရာမရှိတော့။

ထိုအချိန်မှာပင် လူသတ်သမားသုံးဦးသည် ဓားကိုဝင့်ကာ ကျူးရှန်းယောင်အား ခုတ်ပိုင်းလိုက်ကြလေသည်။

အခြေအနေမကောင်းတော့မှန်း ကျူးရှန်းယောင် သဘောပေါက်လိုက်သည်။ ထိုအခိုက်ဝယ် သူမ၏ အမူအရာမှာ လွန်စွာ ဂရုဏာသက်ဖွယ်ရာ ကောင်းလှ၏။ ရက်စက်ကြမ်းကြုတ်ပုံရသော လူသတ်သမားများသည်ပင် သူမ၏ ပုံစံကို မြင်သောအခါ တုန့်ခနဲ ဖြစ်ကုန်ကြသည်။

"လူမိုက်တွေ ဘာကိုတွေဝေနေကြတာတုန်း"

ထူးဆန်းသည့် ခပ်အုပ်အုပ် အသံတသံက လူသတ်သမားများအား တုန်လှုပ်ခြောက်ခြားသွားစေ၏။

သို့သော် ထိုစက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားသည့် အချိန်အတောအတွင်းမှပင် ကျူးရှန်းယောင်က တန်ပြန်တိုက်စစ်ကို စတင်လိုက်သည်။ သူမ၏ လက်အစုံမှ ထွက်ပေါ်လာသော အားလှိုင်းဂယက်များက လူသတ်သမားတဦးအား လွင့်စင်သွားစေ၏။ တဆက်တည်းမှာပင် သူမက နောက်လှည့်ကာ ကျန်လူသတ်သမားတဦးအား လက်ညိုးနှင့် ထိုးချလိုက်၏။ လူသတ်သမားမှာ ဓားကို အသည်းအသည်ဝေ့ယမ်းက သူမ၏ လက်ညိုးတိုက်ကွက်ကို ကာကွယ်လိုက်ရသည်။ထိုအချိန်တွင် တတိယလူသတ်သမား၏ ဓားက သူမဆီသို့ ဦးတည်ဝင်ရောက်လာ၏။ ညှို့ငင်ခြင်းနည်းစနစ်ကို နောက်တကြိမ် အသုံးပြုရန် သူမ စဥ်းစားလိုက်သည်။ ထိုအခိုက်မှာပင် ထူးဆန်းသော အသံတသံက သူမ၏ စိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။

ကျူးရှန်းယောင်ကား အသံကိုသာ ကြားနေရသည်။ အသံရှင် မည်သူမည်ဝါမှန်း မသ်ိနိုင်ပဲ ဖြစ်နေ၏။

စူးရှသော အပ်တချောင်းနှင့် အထိုးခံလိုက်ရသကဲ့သို့ နာကျင်သော ဝေဒနာကို ကျူးရှန်းယောင် ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူမအနေနှင့် ညှို့ငင်ခြင်းနည်းစနစ်ကိုလည်း ဖော်ထုတ်နိုင်စွမ်း မရှိတော့။

လူသတ်သမား၏ ဓားကား ကျူးရှန်းယောင်ဆီသို့ ကျရောက်လာခဲ့လေပြီ။

ကျူးရှန်းယောင် ထိတ်လန့်သွား၏။

ထိုအချိန်မှာပင် အလွန်ဝတုတ်နေသော အရိပ်တရိပ် ပြေးဝင်လာပြီး လူသတ်သမားအား ပြင်းထန်စွာ ဝင်တိုက်လိုက်၏။

"ငါ့ရဲ့ ယောင်ယောင်က်ို မထိနဲ့"

စုချန်း၏ ကြောက်စရာကောင်းလှသော အော်သံပင်။

"ထျန်းယန်"

ကျူးရှန်းယောင် အော်ဟစ်လိုက်သည်။

ရွှီ!!!

နောက်ထပ် မြားတစင်း ကျူးရှန်းယောင်ထံသို့ တိုးဝင်လာပြန်၏။

ထိုအချိန်တွင် ကျူးရှန်းယောင်သည် လေထဲသို့ ခုန်ထွက်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာဆီမှလည်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

မြားသည် ကျူးရှန်းယောင်၏ ရွှေရောင်အလင်းတန်းများအား ထိုးဖောက်နိုင်စွမ်းမရှိပဲ ဘေးသို့ ချော်ထွက်သွားလေသည်။

ထိုအခိုက်မှာပင် နောက်ထပ် ဓားချက်သုံးချက်က ကျူးရှန်းယောင်ထံသို့ တိုးဝင်လာပြန်၏။ ပြင်းထန်လှသော ဓားလှိုင်းများသည် ကျူးရှန်းယောင်၏ ရွှေရောင်အကာအကွယ်ကို အက်ကွဲသွားစေပြီး ရှေ့သို့ ဆက်လက်တိုးဝင်လာ၏။ သူမ လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်ပြန်သည်။

စုချန်၏ အော်သံက ရဲတိုက်အတွင်းရှိ လူများအား သတိပေးလိုက်သလို ဖြစ်သွားပုံရသည်။ ရဲတိုက်အတွင်းမှ ပထမဆုံး ပြေးထွက်လာသူမှာ ကျောက်ကျင်းဝင်ပင် ဖြစ်သည်။ မြင်ကွင်းကို မြင်သည်နှင့် ၎င်း၏ မျက်လုံးများသည် ရဲရဲနီလာပြီး လှံရှည်ကို ဝင့်ကာ ရှေ့သို့ ခုန်ဝင်လာတော့သည်။

ကျောက်ကျင်းဝင်၏ လှံရှည်သည် နဂါးကြီးတကောင်ပမာ လေထဲတွင် လူးလွန့်ကာ ကျူးရှန်းယောင်အား ဦးတည်တိုက်ခိုက်လာသော ဓားချက်များကို ကြားဝင်ခံပေးလိုက်၏။ အုန်းခနဲ မြည်သံနှင့်အတူ အားကောင်းလှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ကျောက်ကျင်းဝင်မှာလည်း အနောက်ဘက်သို့ လွင့်စင်သွား၏။

သို့သော် ထိုခနမှာပင် နောက်ထပ်ဓားတချက် ထပ်မံထွက်ပေါ်လာပြီး ကျူးရှန်းယောင်ထံသို့ ဦးတည်တိုးဝင်သွားပြန်သည်။ လူသတ်သမားများကား ကျူးရှန်းယောင်၏ အသက်ကို မရလျင် နောက်ဆုတ်မည့်ပုံမပေါ်ချေတကား။

ထိုဓားချက်ကား လိုရာပစ်မှတ်ဆီသို့ မရောက်လိုက်ချေ။ အကြောင်းမှာ သဲများဖြင့် ဖန်တီးထားသည့် လက်ကြီးတဖက် ရုတ်ချည်းထွက်ပေါ်လာပြီး ၎င်းဓားချက်အား ပိတ်ဆို့ထားလိုက်ခြင်းကြောင့်ပင်။

သို့သော် အနှီ သဲလက်ကြီးကလည်း ဓားချက်အား ရေရှည်ထိန်းချုပ်ထားနိုင်ပုံမရ။ တဖြည့်ဖြည်းနှင့်အက်ကွဲလာပြီး လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားလေသည်။

"ခုခံရေးအကာအကွယ်တွေကို မြှင့်လိုက်ကြစမ်းဟေ့"

ကူလာ၏ ကျယ်လောင်သော အမိန့်သံ ထွက်ပေါ်လာသည်။

အုန်းခနဲ မြည်သံနှင့်အတူ ပြင်းထန်သော အရှိန်အဟုန်နှင့် ပျံသန်းလာသော နောက်ထပ် မြားတစင်းသည် အကာအကွယ်ကိုသာ ထိမှန်သွား၏။

ထိုအချိန်တွင် ၎င်းတို့၏ လုပ်ကြံမှု မအောင်မြင်နိုင်တော့မှန်း လုပ်ကြံသတ်ဖြတ်ရေးသမားများ သဘောပေါက်သွားပြီဖြစ်သည်။ ထိုအခါ တယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဆုတ်ကြမယ်"

"ဟင်း မင်းတို့က ထွက်ပြေးချင်တယ်ပေါ့လေ"

ကူလာ၏ မျက်နှာပေါ်တွင် ဒေါသဖြစ်နေသည့် အမူအရာများ ပေါ်ပေါက်လာ၏။

တချိန်တည်းမှာပင် သဲလက်ကြီး နောက်တကြိမ် ပေါ်ပေါက်လာပြီး လူသတ်သမားတဦးအား ရစ်ပတ်ထားလိုက်၏။ ကျောက်ကျင်းဝင်ကလည်း လှံတံဖြင့် ကျန်လူသတ်သမားတဦးအား ထိန်းချုပ်ထားလိုက်သည်။

ထိုအချိန်တွင် ကျူးရှန်းယောင်သည် တိုက်ပွဲစည်းဝိုင်းအတွင်းမှ လျင်မြန်စွာ ပြေးထွက်ကာ ယူထျန်းယန်၏ အခြေအနေကို အကဲခတ်လိုက်၏။ ယူထျန်းယန်ကား ဘာမှမဖြစ်။ သို့သော် နဝေတိမ်တောင်အမူအရာနှင့် ရှိလေ၏။ သူ ဝင်တိုက်လိုက်သော လူသတ်သမားမှာကား မရှုမလှ သေပွဲဝင်လျက် ရှိလေပြီ။ အနီးကပ်သာ ကြည့်ရှုလိုက်လျင် လူသတ်သမား၏ ကျောရိုးသည် ရစရာမရှိအောင် ကျိုးပဲ့နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

ထိုအခါကျမှ ကျူးရှန်းယောင် စိတ်သက်သာရသွားလေသည်။

ယူထျန်းယန် ဘာမှမဖြစ်လျင် လုံလောက်ပေပြီ။

အသက်ကို ပဓာနမထားပဲ မိမိ၏ အသက်ကို ဝင်ရောက်ကယ်တင်ခဲ့သော ယူထျန်းယန်အား ကျူးရှန်းယောင် ကျေးဇူးမတင်ပဲ မနေနိုင်တော့။ သူ့အပေါ် သူမ၏ အမြင်မှာလည်း အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ကျန်လူသတ်သမားနှစ်ဦးသည် ရန်သူလက်မှ မလွတ်မြောက်နိုင်တော့မှန်း သဘောပေါက်လိုက်ပြီဖြစ်လေရာ ကိုယ့်ကိုယ်ကို သတ်သေကုန်ကြ၏။

လူသတ်သမားများကား တယောက်မကျန် အသက်ပျောက်သွားခဲ့လေပြီ။

ထိုအခါ ကျောက်ကျင်းဝင်က ကပျာကယာ ပြေးလာရင်း မေးလိုက်သည်။

"သခင်မလေး ဘာမှမဖြစ်ဘူးနော်"

ကျူးရှန်းယောင်ကား အနည်းငယ်မှပင် အမူအရာ မပျက်။ အလွန်စိတ်ဓာတ်ခိုင်မာလှချေသည်တကား။ သူမက ပြန်ပြောလိုက်သည်။

"ကျွန်မ ဘာမှမဖြစ်ဘူး ဒါပေမဲ့ အမေ ပေးလိုက်တဲ့ ရွှေအကာအကွယ်အဆောင်လက်ဖွဲ့ကိုတော့ ထုတ်သုံးလိုက်ရတယ်"

"ကျုပ်အပြစ်ပါပဲသခင်မလေး ကျုပ် သခင်မလေးကို လုံလောက်အောင် ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ဘူး"

ကျောက်ကျင်းဝင်၏ အမူအရာမှာ လွန်စွာ နောင်တရနေဟန် ရှိ၏။

"ထားလိုက်စမ်းပါ ဒါ ရှင့်အပြစ်မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ဒီတခေါက် ကျွန်မအသက်ရှင်တာ ထျန်းယန်ရဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်ရင် ပထမမြားတချက်နဲ့တင် ကျွန်မ သေသွားလောက်တယ်"

"သူဟာလဲ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်ပဲလေသခင်မလေး သွေးဗီဇ မနိုးထသေးတာတောင် သူဟာ သာမာန်လူမဟုတ်ဘူး"

ကျောက်ကျင်းဝင်က နအူနထိုင်းဖြစ်နေသော စုချန်းကို ဖေးကူကာ အလွန်လေးစားသော အမူအရာနှင့် ချီးကျူးလိုက်သည်။

ထိုအချိန်တွင် ကူလာက လမ်းလျှောက်လာရင်း ပြောလိုက်သည်။ သူ့အမူအရာမှာ သုန်သုန်မှုန်မှုန် ဖြစ်နေ၏။

"ခင်ဗျားတို့အားလုံးကို ကျုပ် တောင်းပန်ပါတယ် ခင်ဗျားရဲ့ ညီမဟာ ခင်ဗျားကို အတော်သတ်ချင်နေပုံပဲ လုံခြုံရေးကို ဒီထက်ပိုပြီး ဂရုစိုက်သင့်ပြီထင်တယ်"

"ဆဌမဦးလေး မရှိတာနဲ့ သူတို့ ချက်ချင်းတိုက်ခိုက်လာတာပဲ စောင့်ရတာ စိတ်မရှည်တော့ဘူးဆိုတဲ့ သဘောပေါ့ရှင်"

ကျူးရှန်းယောင်က မှတ်ချက်ပြုလိုက်၏။

ထိုအချိန်တွင် စုချန်းသည် ရှက်ကိုးရှက်ကန်းအမူအရာနှင့် ရှိလေ၏။ သူ့စိတ်ထဲတွင်တော့ အတွေးနယ်ချဲ့လျက်ရှိသည်။

လုပ်ကြံသတ်ဖြတ်မှု.

လုပ်ကြံသတ်ဖြတ်မှုတခု အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့၏။

သူ ကျူးရှန်းယောင်အား ကယ်တင်ခဲ့ရသည်။

ဘာတွေဖြစ်နေသနည်း။

စဥ်းစားရင်းနှင့် စုချန်း ခေါင်းရှုပ်လာ၏။ တခုခု မှားယွင်းနေပြီမှန်း သူ သဘောပေါက်ထားသည် မဟုတ်ပါလား။

သူ့အမူအရာကို မြင်သော် ကျူးရှန်းယောင်က မေးလိုက်သည်။

"ထျန်းယန် ရှင် အဆင်ပြေရဲ့လား"

"​ပြေပါတယ်ကွာ လက်မောင်းက နည်းနည်းနာနေတာ တခုပါပဲ"

​ထိုသို့ ပြောပြီး စုချန်းက သူ၏ ဝတုတ်ပြဲနေသော လက်မောင်းကို လှန်ပြလိုက်၏။ လက်မောင်းတခုလုံးမှာ သွေးများနှင့် ချွေးနစ်လျက်ရှိသည်။

ဒဏ်ရာမှာ အလွန်ပြင်းထန်ဟန်ရှိသော်လည်း တကယ်တော့ အပေါ်ယံဒဏ်ရာမျှသာ ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ကျူးရှန်းယောင်က ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်လိုက်၏။

"ဒါ ကျောက်စိမ်းနဂါးဆေးမှုန့်ပဲ ဘာမှစိတ်မပူနဲ့ နည်းနည်းလိမ်းလိုက်ရုံနဲ့ ချက်ချင်းသက်သာသွားစေရမယ်"

ထို့နောက် သူမက ဆေးမှုန့်တချို့ကို ယူကာ ဒဏ်ရာအား ကိုယ်တိုင်ပင် လိမ်းကျံပေးလိုက်လေသည်။

သူမ၏ လက်ချောင်းများမှာ သွယ်လျနေ၏။ သူမ၏ အထိအတွေ့မှာ ငြင်သာပြီး နူးညံ့လှသည်။ ကျူးရှန်းယောင်၏ လုပ်ရပ်ကြောင့် တကိုယ်လုံး ပျော့ခွေသွားသလို စုချန်း ခံစားလိုက်ရသည်။

သို့သော် ထိုခံစားချက်ကို စုချန်း ချက်ချင်း ထိန်းချုပ်ထားလိုက်သည်။ သူ့နေရာတွင် ယူထျန်းယန်အစစ်သာဆိုပါက ပို၍ ညစ်တီးညစ်ပတ်နိုင်သော အမူအရာမျိုး ပြသလိမ့်မည်ဖြစ်ကြောင်း သူ သိထားသည် မဟုတ်ပါလား။

ဆေးလိမ်းပေးနေရင်းနှင့် ကျူးရှန်းယောင်က ယူထျန်းယန်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ယူထျန်းယန်သည် ပြုံးနေ၏။ အလွန်တရာ နှစ်သိမ့်ကျေနပ်နေဟန်ရှိသော အပြုံး ဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်မှလည်း သွားရေတမြားမြား ကျနေ၏။

ကျူးရှန်းယောင် စိတ်ပျက်သွား၏။ ယူထျန်းယန်အပေါ် အကောင်းမြင်ထားသော စိတ်မှာလည်း ရုတ်ချည်းပင် ပျောက်ကွယ်သွား၏။ ထိုအခါ သူမက မျက်စောင်းထိုးပြီး ဆေးပုလင်းကို စုချန်းလက်ထဲ ဆောင့်ကြီးအောင့်ကြီး ထည့်ပေးရင်း ပြောလိုက်သည်။

"ရော့ ရှင့်ဟာရှင်ပဲ လိမ်းလိုက်တော့"

သူ့အမူအရာမှာ အနည်းငယ် ပိုသွားမှန်း စုချန်း ကောင်းကောင်းသဘောပေါက်လေသည်။

ရှိစေတော့.....

မည်သို့ပင်ဖြစ်စေကာမူ သူသည် ကျူးရှန်းယောင်နှင့် အနီးကပ်မနေလို။

ကျူးရှန်းယောင်က သူ့ကို အမြင်ကတ်နေခြင်းသည် သဘောကျနေခြင်းထက် ပို၍ ကောင်းသည်ဟု စုချန်းက ယူဆထား၏။

သို့သော်...

တခါတရံတွင် အဖြစ်အပျက်များသည် သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်လာတတ်ကြောင်းကိုတော့ ထိုအချိန်က စုချန်း မတွေးမိခဲ့။

***

All Chapters